ဒီနေ့မနက် … အီးမေးလ်ထဲ ၀င်လာတဲ့ စာလေးတစ်ဆောင်ဖတ်ပြီး … စိတ်မကောင်းဖြစ်မိတယ် … အိမ်ရှင် အမျိုးသမီးက အိမ်ဖော်ကလေးငယ်တစ်ဦးကို အလုပ်လုပ်တာ …စိတ်တိုင်းမကျသဖြင့် နှိပ်စက်ညှင်းပမ်းတာပါ .. ။

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

 

အိမ်ရှင်အမျိုးသမီးက အသက် ၁၀ နှစ်အရွယ် အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး
ရေနွေးပူဖြင့် လောင်းချ . . .

စမ်းချောင်းမြို့နယ် စမ်းချောင်းတောင်ရပ်ကွက် ဦးဖီးလမ်း တိုက်မ ၈ဂ(၃) လွှာ၌ နေထိုင်သူအိမ်ရှင်အမျိုးသမီးက အသက် (၁၀) နှစ်အရွယ်အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့်လောင်းချသည့် ဖြစ်စဉ် စက်တင်ဘာလ ၃၀ ရက်နေ့က
ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ်ရှိ အမှိုးသမီးက အသက်(၁၀) နှစ်အရွယ်ခန့်ရှိ မစန်းစန်းမိုးဆိုသူ အိမ်ကူကလေးငယ်
ကို အိမ်သန့်ရှင်းရေးပြုလုပ်ရာ၌ စိတ်တိုက်ကြခြင်းမရှိ၍ ကလေးငယ်အားမျက်နှာတွင်ဖူးယောင်ဒဏ်ရာများနင့် ဦးခေါင်းနောက်ဘက်တွင်ကွဲ ရှဒဏ်ရာများရရှိသည်အထိ ရိုက်နှက်ခဲ့ပြီး ရေနွေးပူဖြင့် လောင်းချခဲ့ခြင်းဖြစ်သည်။

အဆိုပါကလေးငယ် ရိုက်နှက်ခံနေရကြောင်းကို ပတ်ဝန်းကျင် နေသူများမှ ရပ်ကွက်အုပ်ချုပ်ရေမူးရုံးသို့ ဖုန်းဆက်တိုင်ကြားခြင်းကြောင့်တာဝန်ရှိသူများက ကလေးငယ်နှင့်အိမ်ရှင်အမျိုးသမီးကိုစမ်းချောင်းမြို့နယ်ရဲစခန်းသို့  ခေါ်ဆောင် လာခဲ့ကြောင်းသိရသည်။
ယင်နောက် အဆိုပါကလေးငယ်အား ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ယင်းဆေးရုံမှ ရန်ကုန်ကလေးဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်ရန်လိုအပ်သောကြောင့် စမ်းချောင်းမြို့နယ်ရဲစခန်းမှတာဝန်ရှိသူများမှ ရန်ကုန်ကလေးဆေးရုံကြီးသို့ ပို့ဆောင်ပေး၍ လိုအပ်သည့် ဆေးကုသမူများကို လုပ်ဆောင်စေခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်ကလေးဆေးရုံကြီး တွင်ဆေးကုသမူခံယူနေသည့်မစန်းမိုးမိးက “အိမ်သန့်ရှင်းရေးလုပ်တာ မပီသလို့ဆိုပြီး သမီးကိုရိုက်တယ်၊ ပြီးတော့ ရေနွေးပူနဲ့လောငးတယ်။ အိမ်မှာ သမီးနဲ့ အိမ်ရှင်အစ်မနဲ့နှစ်ယောက်ထဲနေရတာပါ။ ဘရားခန်းနဲ့ တစ်အိမ်းလုံး
ကိုသန့်ရှင်းရးလုပ်ရတယ်။ အရင်ကလည်း အစ်မက စိတ်ဆိုးတိုင်းသမီးကိုရိုက်တယ်” ဟုပြောပြပါသည်။

အဆိုပါကလေးငယ်မှာ ဧရာဝတီတိုင်းဒေသကြီး ၀ါခယ်မမြို့မှလာရောက် လုပ်ကိုင်နေသူဖြစ်ပြီး၊ ဦးဖီးလမ်းရှိ နေအိမ်၌ လုပ်ကိုင်နေ
သည်မှာလေးလခန့်ရှိပြီဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီးအား စမ်းချောင်းမြို့နယ်ရဲစခန်းတွင် (ပ) /
/၃၄၅/၂၀၁၁ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆၊ ကလေးငယ် ဥပဒေပုဒ်မ၆၆
(ဃ)ဖြင့်အမူဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။  Ref; Weekly Eleven Journal

ကိုတင့်

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

ကျွန်မက စိတ်ခံစားမှုအပိုင်းမှာ အရမ်းကို ဆန်းဆစ်တစ်ဗ်ဖြစ်လွန်းလို့ … ဒီသတင်းလေးဖတ်ပြီး ရင်ထဲ မကောင်းပဲ မျက်ရည်ဝဲမိပြန်တ ယ် … ။ တစ်ချို့လူတွေ … ဘ၀ပေး ကုသိုလ်ကံနဲ့ကောင်းလွန်းလို့ … ဒီဘ၀ မနုံမချာနေရပေမဲ့ ..ကိုယ်ချင်းစာတရားခေါင်းပါးကြတာ ဘာလို့များပါလိမ့်နော် … ။ အိမ်ဖော် ၊ အိမ်အကူဆိုတာမျိုးက မိမိတို့ရဲ့ ဝေယျာဝစ္စတွေ ကူညီလုပ်ကိုင်ပေးမယ့် လူမျိုးပါ …. ကျွဲလို ၊ နွားလို အရိုက်နှက်ခံပြီး အလုပ်တွေဝိုင်းလုပ်ပေးဖို့ …. ပိုက်ဆံပေး ၀ယ်ယူထားတဲ့ .. သက်ရှိ သတ္တ၀ါ မဟုတ်ပါဘူး …. ။ မိမိဒေါသ ဖြေပျောက်ဖို့ အတွက် အဖြည့်ခံ ၊ အသားနာခံပြီး … ကြိတ်မှိတ်တွယ်ကပ်နေကြတာမဟုတ်ပါဘူး .. ။  မိမိအိမ်မှာနေပြီး အလုပ်တွေ လုပ်ကိုင်ပေးဖို့ …ရောက်လာတဲ့ လူကို ငါ့လက်ခုတ်ထဲကရေ .. ငါသွန်ချင်သလို သွန် ၊ မှောက်ချင်သလိုမှောက်မယ် ဆိုတဲ့ စိတ်နဲ့ လုပ်ချင်ရာ လုပ်လို့ မရပါဘူး … ။ အိမ်ဖော်လုပ်သူ အမျိုးသမီး အများစုက ဘ၀ခက်ခဲ ဆင်းရဲလွန်းပြီး … အတန်းပညာမတတ်သလို ၊ တစ်ချို့ဆို စာမဖတ်တတ်တဲ့ လူမျိုး ၊ ဗမာလို ကောင်းကောင်း နားမလည်တဲ့ လူမျိုးတောင် ရှိပါသေးတယ် … ။ အလုပ်သမားအားလုံး အတွက် အလုပ်သမား ၀န်ကြီး ဌာနလိုနေရာမျိုး ရှိပါလျှက်နဲ့ … ဗဟုသုတ မပြည့်စုံ ၊ အသိဥာဏ် မပြည့်စုံတဲ့ … အိမ်ဖော်လေးတွေ အတွက်ကတော့ … အရမ်းကို အလှမ်းဝေးနေခဲ့တာပါ … ။ မတရားမှူ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့လျှင်တောင် အိမ်ထဲက အိမ်ပြင် ထွက်ခွင့်မရသူလေးတွေအတွက် ဘယ်နေရာ သွားတိုင်ရမှန်း သိကြမယ် မထင်ဘူး … ။

ကျွန်မတို့ အိမ်မှာ အိမ်ဖော်တွေ များများ ထားခဲ့ဖူးပါတယ် …. နယ်ဘက်မှ သော်လည်းကောင်း ၊ အဖိုးအဖွားတို့ရဲ့ ..ရွာခံလူများမှ လည်းကောင်း ဆက်သွယ်ပေးပို့ လုပ်ကိုင်စေတာပါ … ။ အိမ်ဖော်တွေ မမြဲ လွန်းလို့ ခဏခဏ ပြောင်းထားရပါတယ် … ။ အိမ်ဖော်လို့သာ ခေါ်တာ … မိသားစုနဲ့ အတူ ၀ိုင်းကူလုပ် ၊ ၀ိုင်းကူစား စေခဲ့တာပါ … ။ ပွဲရုံ အလုပ်လုပ်တဲ့ ကျွန်မ အဖိုးနဲ့ အဖွားက … အိမ်ဖော်တွေကိုသာ ယုံယုံကြည်ကြည်နဲ့ အိမ် အပ်ပြီး အလုပ်သွားလုပ်ခဲ့ကြတယ်လေ .. အိမ်ဖော်ဆိုပေမဲ့ .. မိသားစုဝင်တွေလိုပါပဲ … အ၀တ်စား ၀ယ်ပေး ၊ အပျော်ခရီးလည်းခေါ် …. နောက်ဆုံး ရွှေတိုရွှေစလေးတွေပါ ဆင်ပေးတဲ့ အထိ အိမ်ဖော်နဲ့ အိမ်ရှင်ကြားက ဆက်ဆံရေးမျိုးမဟုတ်ဘူး … မိသားစုဝင်တွေ ဆက်ဆံရေးလို ရင်းနှီးခဲ့ပါတယ် … ။ နောက်ပိုင်း သူတို့တွေ …  ရွာပြန်ချင်တယ်ဆိုတာမျိုး … အိမ်ထောင်ပြုချင်တယ်ဆိုတာမျိုး ပြောလာတဲ့အတွက် … သူတို့ သဘောအတိုင်း ပြန်ခိုင်းလိုက်တယ် …။ သဘောကောင်းတဲ့ အိမ်ရှင်တွေနဲ့ တွေ့တော့လည်း.. အိမ်ဖော် မမြဲပါဘူး … ကြက်သွန်လေး … ငရုတ်ကောင်းထုတ်လေးက အစ ငွေကြေး အဆုံး … အိတ်သေးလေးတွေနဲ့ … ခိုးဖွက်ယူထားတတ်ကြတယ် … ခိုးထားသမျှလေး .. လက်ထဲများလာတာနဲ့ … ရွာပြန်လစ်တော့တာပါပဲ … ။ သူများအပေါ် သံသယစိတ်သိပ်မထားတတ်တဲ့ ကျွန်မ အဖိုးနဲ့ အဖွားက နောက်ပိုင်း ပစ္စည်းတွေ ပျောက်စ ပြုလာမှ … အိမ်ဖော်တွေရဲ့ ကိုယ်ကျင့်တရားကို ဆန်းစစ် ကြည့်မိတော့တယ် …. ။ သိပေမဲ့လည်း…. ဖွင့်မပြောတော့ပဲ … ရွာပြန်စေခဲ့တော့တယ် … နောက်ပိုင်း ကျွန်မ အဖေနဲ့ အဒေါ်တွေကပဲ အိမ်ထိန်းတာဝန်ယူကြရတော့တယ် …. ။ အဲ့ဒီအချိန်ကတည်းက အိမ်ဖော် မထားဖြစ်တာ ယခုကျွန်မတို့ လက်ထက်ထိပါပဲ … ။ မှတ်မှတ်ရရ … အိမ်မှာ လာနေတဲ့ အိမ်ဖော် ဆယ့်တစ်ယောက်ထိ ပြောင်းခဲ့ဖူးတယ်တဲ့လေ …  :D

ကျွန်မအဒေါ်ရဲ့ အမျိုးသားဘက်က တော်စပ်တဲ့ ကြီးတော်တော်သူ အိမ်မှာ အိမ်ဖော်ချည်းပဲ ရှစ်ယောယ် ရှိပါတယ် … ။ ရန်ကုန်မြို့ရဲ့ လူကုန်ထံ စီးပွားရေး အသိုင်းဝိုင်းမှာ နာမည်ရနေတဲ့ သူတို့အိမ်ကို သွားလည်ဖို့ … ယောင်လို့ တောင် စိတ်မကူးမိပါဘူး … ။ ကျွန်မတို့နဲ့တော့ .. အမျိုးမှ မတော်တာပဲလေ …။ အမျိုးမတော်ပေမဲ့ …. ကျွန်မအဒေါ် အလည်သွားတဲ့ အခါ … ကျွန်မက အဖော်လိုက်သွားပေးရင်း သူတို့ အိမ်ကြီးကို ရောက်ခဲ့တယ် … ။ တည်ရှိပုံအနေထားနဲ့ ဆောက်ထားတဲ့ တိုက်ပုံစံ ၊ ဥယျဉ် ပန်းမန်တွေကိုကြည့်ပြီး … လူနေအိမ်ထက် .. ဟိုတယ်ဖွင့်လိုက်လျှင်တောင် ပိုက်ဆံ အတော် ၀င်ဦးမယ်လို့ တစ်ယောက်တည်း မှတ်ချက်ချမိခဲ့တယ် …. ။ ရန်ကုန်မြို့က နာမည်ကြီး ဟိုတယ်အတော်များများကို အလုပ်ကိစ္စနဲ့ ခဏခဏ ရောက်ဖြစ်ပေမဲ့ .. .ဒီလို ဟိုတယ်တမျှ လှပလွန်းတဲ့ အိမ်ကို တစ်ခါမှ မရောက်ခဲ့ဖူးဘူးလေ … ။ ခြံထဲမှာ အသုံးပြုထားတဲ့ … ကျောက်ပြား ၊ တံခါး သံပမ်းတွေက အစ ခန်းနား ထည်ဝါလွန်းပါတယ် … ။ ခြံတံခါးကိုလည်း လျှပ်စီး ဆိုလား လွှတ်ထားပါသေးတယ်တဲ့ … တစိမ်းလူ အနားမကပ်နိုင်အောင်ပါတဲ့လေ … ။ (အနားကပ်လျှင် ဓါတ်လိုက်ပါတယ်…ကျင်ရုံအပြင် …  လူတော့ မသေနိုင်ပါဘူးတဲ့)  ထူးခြားတာကတော့ …. အိမ်ဖော်တွေရဲ့ အသွင်ပြင်ပါပဲ …. ။ အားလုံးကို ဆံပင်တိုတိုတွေနဲ့ … ထမီတကွင်း ထက်ခြမ်းခွဲ နှစ်ယောက်စာ ချုပ်စေတာပါပဲ … ။(အပြင်သွားလျှင်တော့ အပြည့်စုံ ၀တ်ဆင်စေပါတယ်)  အခွင့်မရှိပဲ စကားမပြောရသလို …မခေါ်ပဲ အိမ်ထဲမ၀င်ရပါဘူးတဲ့လေ … ။ အလုပ်မရှိလည်း စတန်းဘိုင် ခေါ်လျှင် အသင့်ရှိအောင် … မတ်တပ်ရပ်စောင့်နေကြရပါတယ် … သူတို့ မျက်နှာ အပြုံးရယ်မရှိ အေးစက်မာကြောလှပါတယ် …  ။ သူတို့ စားတဲ့ ထမင်းကိုလည်း အိမ်ရှင်တွေစားသလို ဆန်အမျိုးစား မဟုတ်ပဲ … ဆန်ကြမ်းသာ ၀ယ်ပေးထားပါတယ်တဲ့လေ …(ဆန်ကြမ်းစား မှ တောသူတွေ….၀မ်း … တင်းတိမ်တယ်ဆိုတဲ့ အသံလည်းကြားရပါတယ် … ဟုတ်မဟုတ်တော့ … ကျွန်မလည်း သေချာမသိပါဘူး ) …  ပုံစံသွင်းထားတဲ့ အတိုင်း အံဝင်ခွင်ကျဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ လှုပ်ရှားပုံကို ကြည့်ရတာ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားထဲရောက်နေသလား ထင်မိပါတယ် … ။ အိမ်ဖော်တွေခမျာ ခိုးဖို့ .. ၀ှက်ဖို့ မပြောနဲ့ …မိမိတို့ တာဝန်လစ်ဟင်းမှာကိုတောင် ကြောက်နေရသလိုပါပဲ … ။ အဲ့ဒီအိမ်ထဲရောက်သွားမိမှ .. အဆင့်တန်းခွဲခြားမှူဆိုတာ ဒီလိုပါလား ဆိုတာမျိုး ၊ လူတန်းစား ကွာဟမှူဆိုတာ ဒါကို ခေါ်သလား ဆိုတာမျိုး နားလည်မိတော့တယ် .. ။ ဒီလောက် နေရထိုင်ရ ကြပ်တဲ့ အိမ်ရှင်တွေဆီမှာ အလုပ်သမား မြဲနေတာကတော့ … အလုပ်လုပ်ရလို့ ပင်ပန်းတာပဲ ရှိပြီး တခြား ကိုယ်ထိလက်ရောက် ညှင်းပမ်းနှိပ်စက်တာတွေ မရှိတာရယ် … လုပ်ခလစာကောင်းကောင်းရပြီး ၊ အမိုးကား အသုံးဆောင် ပြည့်ပြည့်စုံစုံရတာရယ်အပြင် … တစ်ခါတစ်လေ အိမ်ရှင် အမျိုးသမီး နိုင်ငံခြား ခရီးစဉ်သွားတဲ့ အခါ အိမ်ဖော်တွေ အလှည့်ကျခေါ်သွားတာတွေကလည်း … ရွာမှာနေလျှင် မရနိုင်တဲ့ အခွင့်ရေးတွေမို့လို့ လူမြဲနေတာပါတဲ့လေ … ။ နယူးရီးယား ၊ သင်္ကြန် ၊ သီတင်းကျွတ်နဲ့ …. နှစ်ကူးလုပ်ချိန်တွေမှာလည်း … မုန့်ဖိုး ရတဲ့ အတွက် အပိုဝင်ငွေ စုမိဆောင်းမိလည်း ဖြစ်တာကြောင့် … သူတို့တွေလည်း အလုပ်ပျော်တယ်ဆိုတာ သိရတယ် … ။

ကျွန်မတို့ လူမျိုးထဲက တစ်ချို့လူတွေ … အရမ်းကို ကြွားဝါချင်ကြတယ် … ။အပျင်းထူကြတယ် …. ။ သူများ အိမ်မှာ အိမ်ဖော်ထားလို့ …ကိုယ်ဂုဏ်ရှိအောင် ခေါ်ထားမယ်ဆိုတာမျိုး …. ၊ကိုယ့်တနိုင်အလုပ်လေးတောင် အလုပ်မလုပ်ချင်ပဲ …သူများကို ခိုင်းစားမယ်ဆိုတာမျိုးနဲ့  တကယ်မလိုအပ်ပဲ အိမ်ဖော်ခေါ်တဲ့ အခါ … အခုလို ပြသနာတွေဖြစ်လာတော့တာပါပဲ … ။ ဆိုလိုချင်တာကတော့ .. ကိုယ်ချင်းစာ စိတ် နဲ့ .. အိမ်ဖော်အပေါ်ထားတဲ့ စိတ်ကွာခြားလို့ပါ … တကယ် အိမ်ဖော်ထားဖို့ .. လိုအပ်နေတဲ့ အမျိုးသမီးတစ်ယောက်က ….  အသေးဖွဲ ကိစ္စလေးတွေကို လစ်လျူ ရှုပြီး … အပြစ်မပြောတတ်ကြသလို … အိမ်ဖော်မပျော်ပဲ ပြန်ပြေးမှာကြောက်လို့ …. ကာယကံနဲ့ပင် မဆိုနဲ့ … နှုတ်နဲ့ တောင် ကြမ်းကြမ်းတမ်းတမ်း မပြောဆိုပဲ .. အလိမ္မာသုံး ဖြေရှင်းတတ်ကြပါတယ် … ။ လူတိုင်း လူတိုင်း မွေးကတည်းက တတ်လာကြတာ မဟုတ်ပါဘူး …. သင်မှ ၊ မြင်မှ ၊ ကြားမှ တတ်လာရတာမျိုးပါ … လေ့ကျင့် သင်ကြားပေးတဲ့ လူရဲ့ စနစ်ကျမှူနဲ့ ပါးနပ်မှုပေါ် မူတည်ပြီး … သင်ကြားခံရသူရဲ့ အရည်သွေး ဆင့်ကဲ တိုးတက်လာတာမျိုးပါ … ။ ကိုယ်ကိုယ်တိုင်က မသင်ပြတတ်ပဲ … ခိုင်းလို့ စိတ်ထဲ မတွေ့တဲ့ အခါ … ကျွဲရိုက် နွားရိုက်လုပ်တတ်တဲ့ နိုင့်ထက်စီးနင်းလုပ်ရပ်မျိုးက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့ လူတွေရဲ့ လုပ်ရပ်မျိုးမို့ ကျွန်မကတော့ … အဲ့ဒီစိတ်ဓါတ်ပိုင်ရှင်တွေကို ရှုံ့ချမိပါတယ် … ။

သူများနိုင်ငံတွေမှာ … အိမ်မှာနေပြီး အိမ်ဖော်လုပ်ရတဲ့ အိမ်ဖော်မရှိပါပဲ .. အိမ်အကူဆိုတာမျိုးပဲ ရှိပါတယ်လို …. သိရတဲ့အခါ … အံ့သြမိပါတယ် … ။ သိချင်စိတ်နဲ့ … ဘာလို့ ညအိပ်ထားတဲ့ အိမ်ဖော်မရှိတာလဲ မေးကြည့်တော့… သူတို့ နိုင်ငံမှာ ဘယ်အလုပ်သမားမဆို … အလုပ်သမား ဥပဒေဆိုတာ ရှိပါတယ်တဲ့လေ … ။ အိမ်အကူတောင်မှ စည်းနဲ့ မျဉ်းနဲ့ … သူတို့ အလုပ်သမား ဥပဒေပြဌာန်းထားတဲ့ ဘောင်အတွင်းကသာ ခိုင်းစေခွင့်ရှိပါတယ် … ။ ကိုယ်ထိလက်ရောက် ပြုမူတာမျိုးမ ရှိသလို … အလုပ်သမားကလည်း … သူ့ဆန္ဒရှိလို့ အလုပ်ထွက်လိုတဲ့အခါ …ကြိုတင်အသိပေးပြီး အေးဆေးစွာ ထွက်ခွင့်ရှိပါတယ်ဆိုတာပါပဲ … ။ အလုပ်သမားဘက်က အလုပ်ရှင်ကို မတရားမှူအတွက် …. တရားပြန်စွဲဆိုလို့ ရသလို ..အလုပ်ချိန်ကိုလည်း ဥပဒေအတိုင်း ပဲ လုပ်ကိုင်စေရပါတယ် .. အကျိုးခံစားခွင့်လည်း ဥပဒေအတိုင်းပါပဲ တဲ့ .. .အိမ်မှာ ဘယ်သူကမှ တစ်လကိုးသတင်း ညအိပ်ညဥ့်နေ အိမ်ဖော်မထားပါဘူးလို့ ..ရှင်းပြပါတယ် … ။ စိတ်ဝင်စားဖို့ ကောင်းတာကတော့.. တရားတဘောင်ဖြစ်တဲ့အခါ … မီးများမီးနိုင် ၊ ရေများရေနိုင်လို မဟုတ်ပဲ … မှန်မှန်ကန်ကန် ဆုံးဖြတ်စေခြင်းပါပဲ … ။ သူများနိုင်ငံမှာ အိမ်အကူဆိုတာ .. ဆားဗစ်ကို ငွေနဲ့လဲတာပါ … လူ့ရဲ့စိတ်နဲ့ ခန္ဓာကိုယ် မပါပါဘူး… ဒီကလူတွေနဲ့ အယူဆ ကွာခြားနေပါရဲ့ … ။

ကဲ …. သူတို့ ဆီမှာတော့ … စည်းတွေ မျဉ်းတွေနဲ့ … အလုပ်သမားတွေအတွက် ကာကွယ်ပေးထားတယ် … ကျွန်မတို့ နိုင်ငံမှာရော  ??? အလုပ်သမား နဲ့ အလုပ်ရှင်ကြားခဏခဏ ပြသနာတွေ ဖြစ်နေခဲ့တာ … ဘယ်တော့များမှ အဆုံးသတ်မှာလဲ … ။ အလုပ်ရှင်ဆိုတဲ့ အသုံးနှုန်းနဲ့တင် မပြည့်တဲ့ အိုးဘောင်ပင်ခတ်သလို အဆင့်တန်း ကွာခြား ဆက်ဆံခံရပြီး … ငွေဝယ်ကျွန်လို အလုပ်လုပ်ရရှာတဲ့ အလုပ်သမားတွေအတွက် …ခံပြင်းမိပါတယ် …။ တိုင်ဖို့ တန်းဖို့ မပြောနဲ့ .. အိမ်ပြင်ဝရံတာတောင် ထွက်ခွင့်မရတဲ့ ဘ၀ … အပြင်ဆိုလို့ … အမှိုက်သွားပစ်ရင်း အမှိုက်ပုံလောက်သာ သိတဲ့ …. အိမ်ဖော်လေးတွေကို … အဝေးကြီးသွားတိုင်ဖို့ မပြောနဲ့ … အနီးနားက ရပ်ကွက်ရုံးလို နေရာမျိုးတောင် သွားတိုင်တတ်မှာ မဟုတ်ပါဘူး …. ။ ကျွန်မတို့နိုင်ငံရဲ့ … လူချမ်းသာ လူတန်းစား တင်မက … အလတ်လတ် လူတန်းစားတွေပါ … ခိုင်းစေ အသုံးပြုနိုင်တဲ့ … အိမ်ဖော်လေးတွေအတွက် …. ဥပဒေတစ်ရပ်ရှိသင့်ပါတယ် … ။ သူများနိုင်ငံမှာလိုမျိုး … အလုပ်သမားတိုင်း မှတ်ပုံတင်ထားရတာမျိုးပေါ့ … ။ မှတ်ပုံတင်ထားခြင်းမရှိပဲ အလုပ်သမား ခန့်အပ်တာမျိုးဆိုလျှင် ပြင်းပြန်ထန်ထန် နှိပ်ကွပ်သင့်ပါတယ် … ။ ဒီလိုမျိုးတွေလုပ်မှ နောက်ပိုင်း သူများ အိမ်မှာ အလုပ်သွားလုပ်နေရတဲ့ အိမ်ဖော်လေးတွေရဲ့ ဘ၀ လုံခြုံမှုရှိမှာပါ … ။

တစ်ချို့ဆိုင်တွေ မှာ မြင်ဖူးပါတယ် … ကလေး အလုပ်သမားလေးတွေ … မရွယ်နဲ့မမျှပဲ အလုပ်လုပ်ကြရရှာတယ် … ။ လုပ်နိုင်တာထက် ပိုမို ခိုင်းစေခြင်းကို … အနိုင်ကျင့် ဗိုလ်ကျခြင်းလို့ ကျွန်မကတော့ ယူဆပါတယ် … ။ ဒီလို နုနယ်တဲ့ အလုပ်သမားလေးတွေနဲ့ .. အသိဥာဏ်မရင့်သန်တဲ့ .. တောသူတောင်သား ၊ အိမ်ဖော်လေးတွေအတွက် … အခိုင်မာ ရပ်တည်ပေးနိုင်မယ့် .. စည်းမျဉ်း ၊စည်းကမ်း လုပ်ဆောင်ချက်တွေ တကယ့်ကို လိုအပ်နေပါပြီ … ။ အောက်ခြေအလုပ်သမား ထိ ဆင်းကြည့်ပြီး … သမာသမတ် လုပ်ဆောင်ပေးမယ့် …အဖွဲ့စည်း မျိုး တကယ့်ကို လိုအပ်နေပါတယ် … ။ အလုပ်သမား လူတန်းစား အပေါ် အချင်းချင်း ခွဲခြား ဆက်ဆံခြင်းတွေ ၊နစ်နာစေခြင်းတွေ … ပပျောက်အောင် လုပ်ဆောင်ပေးနိုင်မယ့် …ဥပဒေမျိုး ပေါ်လာပါစေလို့ ပဲ … ဆုတောင်းမိပါတယ် … ။ ။

အရွယ်နဲ့ မမျှအောင် အလုပ်လုပ်ရတဲ့ ကလေးတွေပုံပါ ... ဂူးလ်ဂဲက ရှာတင်ပေးထားတာပါ ... ။အုတ်ခဲတွေကတော့ ... fake မဟုတ်လောက်ဘူးထင်ပါရဲ့ .. ။

 

 

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!