လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်က မေတ္တာဘာဝနာ အရာတွင် ထင်ရှားကျော်ကြားခဲ့သော ဆရာတော်ကြီးတစ်ပါး မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့ဖူးသည် ။ တန်အလေးချိန် အလွန်ကြီးမားသော ဗုံးကြီးသုံးလုံး လေယဉ်ပျံဖြင့် ကြဲချခဲ့သော်လည်း ဆရာတော့်ကျောင်းဝိုင်းထဲ ကျသည်နှင့် ပန်းကုံးသဖွယ် ဖြစ်သွားကြရသည် ။ တစ်လုံးမှ မကွဲခဲ့ ။
တစ်ဖန် စင်္ကြံလျှောက်နေသော ဆရာတော်ရော စင်္ကြံကျောင်းကိုပါ အဝေးမှ ပစ်လိုက်သော အမြောက်ဆံတစ်ခုက တည့်တည့်စွတ်မှန်ခဲ့သည် ။ အမြောက်ဆံကွဲသံနှင့်အတူ မီးခိုးလုံးကြီးများ ထပြီး စင်္ကြံကျောင်း မီးစွဲလောင်သည် ။ ကျောင်းခန်းတွင်းတစ်ခုလုံးမှာလည်း အမြောက်ဆံမှ ဖြာထွက်လာသည့် သံတိုသံစများက မြင်မကောင်းအောင် စိုက်ဝင်နေကြသည် ။ သို့သော် စင်္ကြံလျှောက်နေသော ဆရာတော်ကိုကား ဘာတစ်ခုမှ မထိမှန်ခဲ့ ။
ထို့သို့သော လက်တွေ့သတင်းများကြောင့် ဒုတိယကမ္ဘာစစ် အတွင်းက အထက်၊ အောက် စစ်ပြေးဒုက္ခသည် သုံးသောင်းကျော်တို့ ဆရာတော်၏ မေတ္တာရိပ်အတွင်းမှာ လပေါင်းများစွာ ခိုလှုံခဲ့ကြရသည် ။

ထိုအချိန်က ဒေါသ၏ လှုံဆော်မှုကြောင့် အဆီးအတားမဲ့ သတ်ချင်တိုင်း သတ်နေကြသော အီတလီနှင့် အဘိဆီးနီယား (ယခု – အီသီယိုးပီးယား) နှစ်နိုင်ငံ၏ စစ်ပွဲကိုလည်း (၅)ရက်အတွင်း ပြီးဆုံးအောင် မေတ္တာဓာတ်ဖြင့် တန့်ရပ်စေခဲ့ဖူးသည် ။ ထိုဆရာတော်ကြီးကား အခြားမဟုတ် ။ ကမ္ဘာ့အံ့ချီးဖွယ်ရာ စေတီတစ် ဆူဖြစ်သည့် သမ္ဗုဒ္ဓေစေတီတော်ကြီးကို တည်ထားကိုးကွယ်တော် မူခဲ့သည့် မုံရွာမြို့ ၊ မိုးညှင်းဆရာတော်ကြီး ပင်ဖြစ်ပေတော့သည် ။

၎င်းဆရာတော်ကြီး၏ ဒဿနသဘောပါသော ထူးထူးခြားခြား သြဝါဒ တစ်ခုက တစ်ဝမ်းတစ်ခါးအတွက် အကုသိုလ်ကို မလုပ်မဖြစ် လုပ်နေကြသော တံငါ ၊ မုဆိုးများအတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့ရသည် ။ ထိုသြဝါဒကား —– ” တစ်ဝမ်းတစ်ခါးတွက် အခြားဘာမှလုပ်မစားတက်လို့ ငါးပဲ ဖမ်းစားရပါတယ် ဘုရား ဆိုရင်လည်း ဖမ်းပါ ။ ငှက်ပဲထောင်စားရပါတယ် ဘုရားဆိုရင်လည်း ထောင်ပါ ။ တားလို့မတော့မယ် အတူတူတော့ ဘုန်းကြီးက အပြစ်ပြောမနေတော့ဘူး ။ သက်သာမယ့် နည်းလမ်းလေးတစ်ခုပဲ ပေးလိုက်တယ် ။ အဲဒါက ငါးဖမ်းတာလည်းဖမ်းပါ ။ ဒါပေမယ့် ငါးဖမ်းရင်း သရဏဂုံသုံးပါရွတ်ဆိုဆောက်တည်ပါ ။ ငှက်ထောင်လည်း ထောင်ပါ ။ ဒါပေမယ့် ငှက်ထောင်ရင်း ဂုဏ်တော်(၉)ပါး ရွတ်ဖတ်သရဇ္ဈာယ်ပါ ။ဘာလို့ ဒီလို တိုက်တွန်းရသလဲ ဆိုရင် အကုသိုလ်ကြားထဲမှာ ကုသိုလ်လေး ညှပ်ပါသွားစေချင်လို့ပဲ ။ အကုသိုလ်က မကောင်းကျိုးပေးမယ် ၊ ကုသိုလ်က ကောင်းကျိုးပေးမယ် ။ မကောင်းကျိုးတွေ ကြားထဲမှာ ကောင်းကျိုးလေးပါသွားတော့ နည်းနည်း သက်သာခွင့် ရသွားတာပေါ့ ။

အဲဒါ တချို့လူတွေက ဘုန်းကြီးကို ဝေဖန်ကြတယ် ။ ” မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဘုန်းကြီးတဲ့ ” သူတို့ဝေဖန်တဲ့စကားကို ဘုန်းကြီး လက်ခံပါတယ် ။ ဘာဖြစ်လို့ လက်ခံရသလဲဆိုတော့ စဉ်းစားကြည့်ပါ ။ မီးစချည်းပဲဆိုရင် ဘယ်မှာလောင်လို့ ပြီးတော့မလဲ ။ ရေမှုတ်လေး တစ်ဖက်ပါတော့ အလောင်သက်သာတာပေါ့ ။ ဒါကြောင့် ဘုန်းကြီးကို မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဘုန်းကြီးလို့ ပြောတဲ့စကားကို ဘုန်းကြီးက ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ် ”။

#ဟုတ်ပါတယ် ဆရာတော်ကြီးပြောတဲ့စကားကိုအလွန်ဘဲနှစ်သက်မိပါတယ်။လူရယ်လို့ဖြစ်လာရင် အမှားပေါင်းမြောက်များစွာရှိသလို ၊အမှန်ပေါင်းမြောက်များစွာရှိပါတယ်။ ကုသိုလ်ရှိသလို၊ အကုသိုလ်လည်းရှိပါတယ်။ မိမိကျင်လည်တဲ့ပတ်ဝန်းကျင်ပေါ်မူတည်ပြီး လုပ်ကိုင်စားသောက်တဲ့အခါ ငါးဖမ်းပြီးအသက်မွေးဝမ်းကြောင်းပြုတဲ့လူကို ငါးဖမ်းတာအကုသိုလ်များလို့မလုပ်ဘူးဆိုရင်လည်း
ဒီလူကဘာကိုအသက်မွေးဝမ်းကြောင်းပြုရမလည်း။အရက်သောက်တာမကောင်းဘူးဆိုတာလူတိုင်းသိနေပေမဲ့ ဘီယာဆိုင်တိုင်းကိုလူပြည့်နေပါတယ်။ အတတ်နိုင်ဆုံးလုံခြုံအောင်ထိန်း
နိုင်ရင်တော့ အကောင်းဆုံးပေါ့။အကြောင်းအမျိုးမျိုးကြောင့် သောက်ဖြစ်ခဲ့ရင်လည်း သရဏဂုံသုံးပါးကိုစိတ်ထဲမှာ မမေ့ရင် မူးမူးရူးရူးရိုင်းရိုင်းစိုင်းစိုင်းမဖြစ်တော့ တစ်ခြားအမှားတွေကို မကြူးလွန်မိရင် မီးစတစ်ဖက်ရေမှူတ်တစ်ဖက်ဖြစ်မိတယ်လို့ထင်ပါတယ်။

 

About chityimhtoo

has written 77 post in this Website..