Steve Jobs

အက်ပဲလ်ကွန်ပြူတာ၊ အိုင်ဖုံး။ အိုင်ပေါ့ဒ်၊ အိုင်ပဒ်၊ အိုင်ကျူးန်းတေးဂီတဆိုက် တို့၏အရှင်သခင် စတိဂျော့ဗ် အသက်၅၆နှစ် (၁၉၅၅-၂၀၁၁) ကွယ်လွန်သွားပါပြီ။ သူသေဆုံးကြောင်းသတင်းကို အက်ပ်ပဲလ်ကုမ္မဏီဆိုက်မှာ ယနေ့ညနေပိုင်းတွင် စာမျက်နှာပြည့် ကြေငြာထုတ်ပြန်ခဲ့ပါသည်။ စတိဂျော့ဗ်သည် အက်ပဲလ်ကွန်ပြူတာကုမ္မဏီကို ၁၉၇၆ခုနှစ်တွင် ငယ်သူငယ်ချင်း Steve Wozniak နှင့်အတူ စတင်တည်ထောင်ခဲ့ပြီး အဲဒီအချိန်က ကမ္ဘာ့ပထမဆုံး တကိုယ်ရည်သုံးကွန်ပြူတာလို့ ပြောနိုင်တဲ့ Apple II ကိုဈေးကွက်တင် ရောင်းချခဲ့သည်။

 

ကွန်ပြူတာတွက်ချက်မှုများ၊ တေးဂီတထုတ်လုပ်မှုရေး၊ ဆက်သွယ်ရေးကဏ္ဍများ တခေတ်ဆန်းသစ်စေခဲ့လို့ ကွန်ပြူတာလောကက သူ့ကို master innovator အဖြစ် လျှပ်စစ်မီးကို တီထွင်ခဲ့သူ သောမတ်စ်အက်ဒီဆင်နဲ့ တတန်းထဲထား သမုတ်ကြပါတယ်။

၂၀၀၄ခုနှစ်တုန်းက ဖြစ်လေ့ဖြစ်ထမရှိတဲ့ ပန်ကရိယ ကင်ဆာရောဂါကနေ နာလန်ထူလာခဲ့ပြီး ၂၀၀၉ခုနှစ်မှာ တခါ အသည်းအစားထိုး ခွဲစိတ်ကုသခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ မနာမကျန်းဖြစ်ပြီးနောက် ဩဂုတ်လ၂၄ရက် နေ့မှာ အက်ပဲလ်ကော်ပိုရေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ်ရာထူးကနေ ဆင်းပေးခဲ့ပါတယ်။ သူ့ရဲ့နှုတ်ထွက်စာ ထဲမှာ “ကုမ္မဏီ CEO ရဲ့ တာဝန်နဲ့ မျှော်လင့်ချက်များကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိနိုင်တော့တဲ့ နေ့ တနေ့ရောက်လာမယ်လို့ ကျနော်အမြဲပြောခဲ့ပါတယ်။” “ဝမ်းနည်းစွာနဲ့ပဲ အဲဒီနေ့ ရောက်လာပါပြီ။”

ကမ္ဘာပေါ်မှာ ထင်ပေါ်အကျော်ကြားဆုံးများထဲက တယောက်ဖြစ်သူ ဂျော့ဗ်ဟာ ကိုယ်ရေးကိုယ်တာဘဝကို ထုတ်ပြောလေ့မရှိဘဲ အင်တာဗျူးများကို ငြင်းပယ်ကာ သူ့ဇနီးနဲ့ခလေးများကို လူမြင်ကွင်းမှ အကာကွယ် ပေးထားခဲ့ပါတယ်။ “ဂျော့ဗ်ဟာ ဘယ်တုံးကမှ မီဒီယာပုဂ္ဂိုလ် မဖြစ်ခဲ့ဘူး” “အက်ပဲလ် တံဆိပ်ပစ္စည်းတွေနဲ့ သက်ဆိုင်မှသာ အင်တာဗျူးလက်ခံတွေ့ဆုံတယ်” သူ့အကြောင်း သိရှိသူတဦးက ပြောပါတယ်။

Laurene Powell နဲ့ ၁၉၉၁ခုနှစ်မှာ ဧည့်ခံပွဲအသေးလေးတခုလုပ်ပြီး လက်ထပ်ခဲ့ပြီး ခလေးသုံးယောက် ရှိပါတယ်။ သူ့အသက် ၂၃နှစ်မှာ အထက်တန်းကျောင်းနေဘက် သူငယ်ချင်း Chris Ann Brennan နဲ့ လက်မထပ်ဘဲ ရတဲ့ ခလေးတဦးရှိတယ် ဝန်ခံခဲ့ပါတယ်။ သူ့သမီး လီဆာဂျော့ဗ်ကို ၁၉၇၈ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ လီဆာရဲ့ မိဘအဖြစ် လက်မခံဘဲ နှစ်ပေါင်းများစွာ ငြင်းပယ်နေခဲ့ပြီး တချိန်မှာဆို သူဟာ ခလေးမရနိုင်သူ (အဖိုမျိုးဥ မထုတ်ပေးနိုင်သူ) အဖြစ် တရားရုံးမှာ ကျန်းကျိမ်ထွက်ဆိုခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ လီဆာကို သူ့သမီးအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

အမအရင်းဖြစ်သူ Mona Simpson ဟာထင်ရှားတဲ့ စာရေးဆရာမ တဦးဖြစ်ပေမဲ့ ဂျော့ဗ်တယောက် အရွယ်ရောက်လာခဲ့ချိန်မှာ မွေးမိဘများကို ရှာဖွေတွေ့ရှိခဲ့ချိန်အထိ တဦးနဲ့တဦး မဆုံတွေ့ခဲ့ကြပါဘူး။ သူတို့ဆက်ဆံရေးနဲ့ ပတ်သက်လို့ အမဖြစ်သူရေးတဲ့စာအုပ်ထဲမှာ သူ့ကို ပုံမှန်သူလိုငါလို တယောက်အဖြစ် ဖော်ပြခဲ့ပါတယ်။
ဂျော့ဗ်နဲ့ပတ်သက်လို့ အခြားပုဂ္ဂိုလ်ရေး အချက်အလက်များလည်း ထွက်ပေါ်လာခဲ့ရာမှာ အဆိုတော့ Joan Baez နဲ့လည်း ချစ်ကျွမ်းဝင်ခဲ့တယ်လို့ ကျောင်းနေဖက် သူငယ်ချင်း Elizabeth Holmes က ပြောပါတယ်။ “The Second Coming of Steve Jobs,” စာအုပ်ထဲမှာ ဂျော့ဗ်ဟာ ဆွဲဆောင်မှုရှိတဲ့ အဆိုတော်တဦးနဲ့ လက်တွဲနိုင်ဖို့ သူစွဲစွဲမြဲမြဲတွဲခဲ့တဲ့ ရည်းစားနဲ့ လမ်းခွဲခဲ့တယ်လို့ လက်ထောက်ချထားပါတယ်။
ဂျော့ဗ်ကျန်းမာရေးနဲ့ အက်ပဲလ်ကျန်းမာရေး

ဂျော့ဗ်ဟာ သူ့အကြောင်းပြောခဲပါတယ်။ ကုမ္မဏီကနေ သုံးကြိမ်တိုင်တိုင် ဆေးခွင့်ယူခဲ့ရပေမဲ့ အသေးစိတ် အချက်အလက်များကို မပြောဆိုခဲ့ပါဘူး။ ၂၀၀၉ခုနှစ်မှာတော့ ဒါရိုက်တာဘုတ်အဖွဲ့က သူ့ကျန်းမာရေးဟာ ကုမ္မဏီရဲ့ကျန်းမာရေးပါပဲဆိုပြီး ပိုမိုပွင့်လင်းမှုရှိရန် မေတ္တာရပ်ခံခဲ့ရပါတယ်။

ဖိုဘီမဂ္ဂဇင်းက ဂျော့ဗ်ကို အသားတင်ပိုင်ဆိုင်မှု ၈.၃ဘီလျံဒေါ်လာရှိသူ ကမ္ဘာမှာ ၁၀၉ဦးမြောက် အချမ်းသာဆုံး ဘီလျံနာအဖြစ် စာရင်းသွင်းထားပါတယ်။
အကဲခတ်များက ဂျော့မရှိစဉ်ကာလမှာ အက်ပဲလ်ကုမ္မဏီဟာ ကောင်းစွာလည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ဂျော့ဆီကနေ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ ရယူနိုင်ခဲ့လို့နဲ့ သူ့လက်ထောက် Tim Cook ဟာ ဂျော့ဗ်ရှိစဉ်ကထဲက စီမံအုပ်ချုပ်မှုပိုင်းကို နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်နိုင်ခဲ့လို့ ဖြစ်ပါတယ်။

၂၀၀၉ခုနှစ် ဇန်နဝါရီလတုန်းက ဂျော့ဗ်ရဲ့ ဒုတိယအကြိမ်မြောက် ဆေးခွင့်ကို ထုတ်ပြန်စဉ် အက်ပဲလ်ရှယ်ယာ ဈေးနှုန်းသည် ၇၈.၂ဒေါ်လာသို့ ကျဆင်းသွားခဲ့ပါတယ်။ မကြာခင်မှာပဲ ရှယ်ယာဈေးနှုန်း ပြန်မြင့်တက်လာပြီး ဝေါလ်စထရိမှာ အအောင်မြင်ဆုံး စတော့ခ်ရှယ်ယာအဖြစ် သရဖူဆောင်းနိုင်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ် နွေရာသီ ကာလတုန်းက တနေ့မှာဆိုရင် အက်ပဲလ်ရှယ်ယာဈေးနှုန်းဟာ ၄၀၀ဒေါ်လာသို့ ရောက်သွားပြီး ကမ္ဘာပေါ်မှာ တန်ဖိုးအများဆုံး စတော့ခ်အဖြစ် တခဏမျှ ရေနံကုမ္မဏီ ExxonMobil ကိုကျော်တက်ခဲ့ဖူးသည်။

ကျနော့်မှီသလောက်တော့ သူ့လိုမျိုး ကုမ္မဏီအတွက် မရှိမဖြစ် လိုအပ်သူ ဘော့စ်မျိုး အလွန်ရှားပါတယ်။ မှတ်မှတ်ရရ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာချုပ် အဲလက်စ်ဖာဂူဆန် အနားယူမယ်လို့ ကြေငြာတုန်းက (၁၉၉၀ နောက်ပိုင်းလောက်တုံးကထင်တယ်) ကလပ်ရှယ်ယာ ဈေးနှုန်းများ ပြုတ်ကျလို့ သူလိုချင်တဲ့ဈေးပေးပြီး ရွှေချထားရတာ ယနေ့အထိပါပဲ။ အခြားသူ့လိုပဲ ဖြစ်နိုင်သူများဆိုရင်တော့ ကမ္ဘာကျော် သူဌေးကြီးဝါရင်ဘူဖေးပါ။ ဒါပေမဲ့သူက ပိုင်ရှင်သူဌေးဖြစ်ပြီး ဂျော့ဗ်နဲ့ ဖာဂူဆန်ကတော့ ဝန်ထမ်းများလို့ ပိုရင်ပိုမှန်ပါမယ်။ (သူတို့လည်း ကုမ္မဏီရှယ်ယာ အတော်များများ ပိုင်ဆိုင်ကြမှာမလွဲပါဘူး)။

စတိဂျော့ဗ် ၂၀၀၅ခုနှစ်တုန်းက စတန်းဖို့ဒ်တက္ကသိုလ်မှာ ပြောခဲ့တဲ့ မိန့်ခွန်းဘာသာပြန်ကို သည်နေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ http://myanmargazette.net/64860/uncategorized-other/copypaste (သဂျီးကတော့ ဂျော့ဗ်ဟာ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်တယ်လို့ဆိုပါတယ်)။ အဲဒီ့မိန့်ခွန်းမှာ သေခြင်းတရားနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို လေ့လာနိုင်ကြပါတယ်။ ဗုဒ္ဓဝါဒရဲ့ အခြေခံဆုံးမချက် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို အပျက်သဘောဆောင်တယ်၊ အဓိပ္ပါယ်မရှိဘူး ဆိုသူများ ဆင်ခြင်နိုင်ဖို့ပါ)။

ပန်းသီးတို့ရဲ့ အရှင်သခင် စတိဂျော့ဗ်တယောက် ကောင်းရာသုဂတိလားပါစေကြောင်းနဲ့ မန္တလေးဂေဇက် အယ်ဒီတာချုပ်ဦးခိုင်၊ တွဲဖက်အယ်ဒီတာချုပ်မဒမ်ခိုင်၊  ဒုတိယအယ်ဒီတာချုပ် သမီးခိုင်၊ လက်ထောက် အယ်ဒီတာချုပ်သားခိုင်၊ တာဝန်ခံအယ်ဒီတာ Mr Kai၊ အယ်ဒီတာအဖွဲ့ဝင် ခိုင်ကိုင်၊ ကိုင်ခိုင်၊ ကိုင်ကိုင်၊ ခိုင်ခိုင်၊ မော်ဒရေတာ ကိုင်ချင်ရာကိုင်၊ ကိုင်ချင်သလိုကိုင်၊ ရုံးအဖွဲ့ဝင် အရမ်းခိုင်၊ သိပ်သိပ်ခိုင် တို့နဲ့ မန်းဂေဇက် ရွာသူရွာသား မိသားစုဝင်များမှ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

(သဂျားကိုစီး သဂျီးကိုယ်စား)

ဂေဇက်ရွာသတင်းထောက်ကြောင်ကြီး :cool:

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး