“ဖြစ်သင့်တာတွေပြောကြရအောင် အမှတ်တစ်( ရပ်နားခနဲ့မန္တလေး)”

“ဖြစ်သင့်တာလေးတွေပြောကြရအောင် အမှတ်တစ်( ယာဉ်ရပ်နားခနဲ့မန္တလေး)”

မန္တလေးမှာ 78လမ်း၊လမ်း80၊84လမ်း၊26ဘီလမ်း ၊လမ်း30 ၊35အေလမ်း ဆိုတဲ့လမ်းတွေက အဓိကလမ်းမကြီးတွေဖြစ်ကြပါတယ်။
အဲဒီလမ်းမကြီးတွေပေါ်က သတ်မှတ်ထားတဲ့နေရာတွေမှာမော်တော်ကား တို့ ဆိုင်ကယ်တို့ရပ်တယ်ဆိုရင် ယာဉ်ရပ်နားခကောက်ပါတယ်။
အရင်ကတော့ ဆိုင်ကယ်တစ်စီး တစ်ရာကောက်ပါတယ်။
တကယ်ကောက်ခံတာက မန်းလေးစည်ပင်သာယာကပါ။
ဒါပေမယ့် ပုဂ္ဂလိက ကို ကန်ထရိုက်ပြန်ပေးတယ်လို့ ထင်ပါတယ် ရပ်နားခကောက်ခံသူတွေက ဝန်ထမ်းပုံမပေါက်ဘဲ မိုက်ကယ်ပုံပေါက်နေတာများလို့ပါ။
အဲဒီလမ်းမတန်းမှာရှိတဲ့ စားသောက်ဆိုင် မုန့်ဆိုင် ဘဏ် လက်ဖက်ရည်ဆိုင်တွေမှာလာကြတဲ့သူနဲ့
ကောက်ခံသူကြားမှာ ဒီယာဉ်ရပ်နားခ နဲ့ပါတ်သက်ပြီး မကြာခဏစကားများကြရပါတယ်။
အဲဒီအခါမှာ အချို့သော ဘဏ်တွေ နဲ့ ဆိုင်တွေက ယာဉ်ရပ်နားခကို သူ့တို့ဆီလာတဲ့သူ့ဖောက်သည်က မပေးရအောင်ကြိုတင်လို့ ညှိနိုင်းလို့ဆောင်ပေးလို်က်တော့ အဲဒီနေရာအတွက်က ပြဿနာအေးသွားပါတယ်။
(ဆောင်ထားတဲ့ဆိုင်များကလဲ ဆိုင်လာယာဉ်များအတွက်ရပ်နားခပေးဆောင်ရင်မလိုပါဆိုပြီး စာကပ်ထားတတ်ပါတယ်)

ဒါပေမယ့် ယာဉ်ရပ်နားခကို စိုက်မဆောင်တဲ့ဆိုင်အတွက်ကတော့ အဲဒီဆိုင်ကိုလာတဲ့သူနဲ့ကောက်ခံသူကြားမှာပြဿနာကတော့ ဖြစ်မြဲ့ပါဘဲ။
အစကတော့ လမ်းပေါ်မှာမရပ်ဘဲ ဆိုင်ရှေ့က ပလက်ဖောင်းပေါ်ရပ်ရင် မကောက်ပါဘူး။
နောက်တော့ ပလက်ဖောင်းပေါ်ရပ်ရင်လဲကောက်ပါတော့တယ်။
နောက်တစ်ချက် ဆိုင်ကယ်ပေါ်က လူမဆင်းဘူး ကားမဆင်းဘူးဆိုရင်မကောက်ပါဘူး။
အဲတော့ လူနှစ်ယောက်လာတယ်ဆိုရင် တစ်ယောက်က ဆိုင်ကယ်ပေါ်မှာ နေပူမိုးရွာ စောင့်နေပါတော့တယ်။
အမှန်တိုင်းပြောရရင် တော့ ငွေ တစ်ရာ ဖြစ်ဖြစ် နှစ်ရာဖြစ်ဖြစ် ရှာရဖွေရခက်တဲ့ ခေတ်ဆိုတော့
သက်သာနိုင်တဲ့ နည်းလမ်းရှိရင် သက်သာအောင်လုပ်မှာကတော့ ကျနော်တစ်ယောက်ထဲမဟုတ်ဘူး လူတိုင်းပါဘဲ။
(5-10-2011)နေ့ မနက်10နာရီကျော်ကျော်လောက်မှာ လမ်း80 28နဲ့ 29လမ်းကြားက
လမ်းအရှေ့ဘက်တန်းက ဒမ်ဘိုဆိုင်မှာကျနော်တို့ မုန့်ဝင်ဝယ်ပါတယ်.။
ထုံးစံအတို်င်း နှစ်ယောက်လာတော့ ကျနော်က ဆိုင်ကယ်ပေါ်မှာရပ်စောင့်နေခဲ့ပါတယ်။
ကျနော်ရပ်စောင့်နေတဲ့ဘက်က မိုးပြာရောင်ရှပ်အကျီ မီးခိုးရောင် ဘောင်းဘီရှည်(စည်ပင်သာယာအရောင်)ဝတ်ထားပြီး လက်မှာ အခွန်ကောက်ခံသူ ဆိုတဲ့လက်ပါတ်ကို ပါတ်ထားတဲ့ ကောင်လေးတစ်ယောက်က ဝီစီတတွီတွီမူတ်ပြီးလမ်းအနောက်ဘက်ခြမ်းမှာရှိတဲ့သူလိုဝတ်စုံဝတ်ထားတဲ့ ကောင်လေးတွေကို လှမ်းအချက်ပေးနေပါတယ်။

ယာဉ်ရပ်နားခွန်ကောက်နေတဲ့ကောင်လေးပုံ

ငွေကောက်ဘို့ စောင့်နေသူလေး
ငွေကောက်ဘို့စောင့်နေတဲ့သူ ဘဏ်ရှေ့မှာပါ လမ်း80က

ငွေကောက်နေပုံလေးပါ
အခွန်ကောက်နေပုံ

မုန့်ဝယ်လို့ပြီးလို့ သွားမယ်လဲလုပ်ရော အဲဒီကောင်လေးက ယာဉ်ရပ်နားခ 50ကျပ်ဆိုပြီးတောင်းပါတယ်။
ကျနော်က ဆိုင်ကယ်ပေါ်က မဆင်းတဲ့အတွက် မပေးနိုင်ဘူးလို့ပြောတော့ အဲဒီကောင်းလေးက ခင်ဗျားဆိုင်ကယ်က စက်ရပ်ထားလို့ပေးရမယ်တဲ့။
ကျနော်က အရင်ကလဲ လူတစ်ယောက် စောင့်နေရင် မပေးရဘူးလို့ပြောတော့ အခုပေးရတယ်လို့အဲဒီကောင်လေးက ပြန်ပြောပါတယ်။
ငွေငါးဆယ်ကျပ်ဆိုတာထက် သူတု့ိ ပါးစပ်ထဲရှိတာကိုပြောတောင်းတယ်လို့ စိတ်ထဲမှာခံစားရတော့ မပေးနိုင်ဘူးလို့ပြောလိုက်တဲ့အခါ ကျနော့် ဆိုင်ကယ်ရှေ့ဘီးပေါ်ကို ခွရပ်ပြီး မပေးရင် မထွက်ရဘူးဆိုတဲ့လူပါးဝတဲ့ပုံစံနဲ့လာရပ်နေပါတယ်။
(သူတို့ပြောတဲ့ဥပဒေရှိလား မရှိလားဆိုတာကတော့ အသေအချာမသိပါဘူး။
ဒါပေမယ့် အရင်လူတွေတုံးက ဆိုင်ကယ်ပေါ်ကမဆင်းရင် ပေးစရာမလိုဘူး ဆိုတာကို အတိအလင်းကျင့်သုံးခဲ့တော့ ကျနော်ကလဲ ပေးစရာမလိုဘူးလို့ သတ်မှတ်ပါတယ်။)
မှတ်မှတ်ရရ မနှစ်ဆောင်းတွင်းတုံးက လမ်း80 လမ်း30ဒေါင့်က အာရှဖိနပ်ဆိုင်မှဖိနပ်ဝယ် တုံးက
ဖြစ်ခဲ့တာလေးကိုတော့ ပြောချင်ပါသေးတယ်၊
ထုံးစံအတိုင်းကျနော်က ဆိုင်ကပ်ပေါ်က ရပ်စောင့်နေတာပေါ့။
ဒါပေမယ့်လုံချည်ပြင်ဝတ်ချင်တော့ ဆိုင်ကယ်ပေါ်က ခဏဆင်းပြီုးလုံချည်ပြန်ဝတ်၊
ဆိုင်ကယ်ပေါ်ပြန်ထိုင်နေပါတယ်။
ဖိနပ်ဝယ်ပြီးဆိုင်ကယ်လဲ ထွက်မယ်လုပ်ရော ရပ်နားခဆိုလာတောင်းပါတယ်။
ဆိုင်ကယ်ပေါ်မှာလူရှိတယ်လို့ပြောတော့ စောစော ကဆိုင်ကယ်ပေါ်ကဆင်းတယ်လေ၊လို့ပြောတော့ ကျနော်က ခဏလေးလုံခြည်ပြင်ဝတ်တာဘဲ လို့ ပြန်ပြောတော့
အကြာကြီးဆင်းဆင်း ခဏလေးဆင်းဆင်း ဆင်းရင်ကောက်မယ် မဆင်းရင်မကောက်ဘူး လို့ ပြောတာနဲ့
ပေးလိုက်ရပါတယ်။
အဲဒီလို ကြုံဘူးတော့ ဒီနေ့မှာလဲ ပေးစရာမလိုဘူးလို့ ကျနော် ကလည်းယူဆပါတယ်၊
အဲဒီကောင်လေးက ကျနော်တို့လဲ တာဝန်အရခိုင်းလို့လုပ်တာ လို့ ခပ်မာမာပြောတော့
ကျနော်က အဲဒါဆို မင်းကို တာဝန်ပေးတဲ့သူကိုပြော ငါအခုမေးမယ် ဟုတ်ရင်ပေးမယ် မဟုတ်ရင်မပေးဘူး
ဆိုတော့ သူက ဒါတာဝန်ဘဲဆိုတာကို တွင်တွင်ပြောပါတယ်။
သူက ငါးဆယ်ထဲပါလို့ပြောတော့ ငါတို့အရင်က တစ်ရာပေးရတာတို့ နှစ်ရာတန်ပေးလိုက်ရင် မအမ်းဘဲ ယူသွားတာတွေ ကျတော့ ငါတို့က ဘယ်သူ့သွားတောင်းရမလဲမေးတော့ အဲဒါတွေက အရင်ကဟာကျနော်တို့နဲ့မဆိုင်ဘူး
အဲဒါကြောင့်မို့ လူပြောင်းကောက်ခိုင်းတာလို့ပြောပါတယ်။
နောက်တော့ ကျနော့်ဇနီးသည်က ရှက်တော့ ပေးလိုက်ပါ။
ဒါနဲ့ဘဲကျနော်က တစ်ထောင်တန်ထုတ်ပေးတော့ ကျနော်ပိုက်ဆံအိတ်ကိုလှမ်းကြည့်ပြီး ခင်ဗျားထဲပါတဲ့တစ်ရာတန်ပေးလို့တောင်းတော့ ကျနော်ကလဲ ခပ်ရှင်းရှင်းဘဲပြောလိုက်ပါတယ်
မင်းကိုပေးထားတဲ့အမိန့်ထဲမှာ ဘယ်လိုပိုက်ဆံမျုိုးကိုပေးရမယ်လို့ ညွှန်ကြားထားတယ်ဆိုရင်ပေးမယ်
မင်းကလဲ အတိအကျဆိုတော့ ငါ့ဘက်ကလဲ အတိအကျဘဲ မင်းတာဝန်ထမ်းဆောင်တာမှန်ရင် မင်းဘက်က
ပိုက်ဆံပြန်အမ်းနိုင်အောင် ကြိုတင်ပြင်ဆင်ထားလို့ပြန်ပြောလိုက်ပါတယ်။
အမှန်တိုင်းပြောရရင် သူက သာ ကောင်းကောင်းမွန်မွန်တောင်းမယ်ဆိုရင် တစ်ရာပေးရလဲ ပြဿနာမရှိပါဘူး။
50ကျပ်ဆိုတာ စီးကရက်တစ်လိပ် အကြော်တစ်ခုဘိုးဘဲရှိပါတယ်။
အဲတော့မှ သူ့ပိုက်ဆံအိတ်ထဲက အနုတ်တွေကိုထုတ်အမ်းပါတယ်။
အဲဒီထဲမှာ 200တန်အစုတ် ပါလာပါတယ်။

အမ်းပေးတဲ့ ပိုက်ဆံ 200တန်အစုတ်လေးပေါ့
ဒါကကျောဘက်က ပုံ

အခွန်ကောက်တဲ့ကောင်လေးက တာဝန်အရလို့ ပါးစပ်ကပြောပေမယ့် ဝန်ထမ်းဖြစ်တယ်ဆိုတဲ့
သက်သေခံကဒ်ပြားကတော့ မရှိတာဘဲ လား၊ဒါမှမဟုတ်သူကဘဲ မချိတ်ဘဲသိမ်းထားတာလား၊
တရားဝင်ခန့်ထားတဲ့ဝန်ထမ်းမဟုတ်ဘဲ တစ်ဆင့်ပြန်ပြီးနေ့စားနဲ့ ငှားထားတာလားဆိုတာကတော့
ကာယကံရှင်တွေကိုတိုင်ဘဲသိပါမယ်။

ပြီးတော့မှ ကျနော်ကို စည်ပင်သာယာအမှတ်အသားပါတဲ့လက်ခံဖြတ်ပိုင်း ထုတ်ပေးပါတယ်။
သူပေးတဲ့လက်မှတ်ကတော့စည်ပင်သာယာက ထုတ်ပေးတဲ့လက်မှတ်ပါဘဲ။

အဲဒီစာရွက်ရဲ့နောက်ကျောမှာတော့ ဘာကြောင့်ယာဉ်ရပ်နားခကောက်ခံရတယ်ဆိုတဲ့အကြောင်းတော့
အတိအကျရေးပြထားပါတယ်။
(ဒီအတိုင်းမှန်လို့ကတော့ ပေးဆောင်ရမယ်ဆိုတာကိုလဲ သဘောပေါက်ပါတယ်၊
ပေးလဲပေးသင့်ပါတယ်။
ဒါပေမယ့် ပထမအချက်မှာပါတဲ့ ယဉ်ကြောမပိတ်ဆို့ရေးဆိုပေမယ့် အချို့သောနေရာမှာတော့ လမ်းမပေါ်မှာဆိုင်ကယ် ကားရပ်ထားတာက လမ်းပေါ်မှာအတော်လေးနေရာယူထားတာကိုေ တွ့ရပါတယ်၊)
ဒါကတော့သိရှိလိုက်နာရန်ဖြစ်ပြီး ဘယ်လိုအနေအထားဆိုရင်ပေးရမယ် ဘယ်လိုအနေအထားဆိုရင်
ပေးစရာမလိုဘူးဆိုတာကတော့ မပါပါဘူး။
ရှေ့စာမျက်နှာမှာကတော့ အချိန်ဘယ်လောက်ကြာကြာထားရင်ဘယ်လိုပေးဆောင်ရမယ်ဆိုတာကို အတိအကျရေးပေးထားပါတယ်။
ဒါပေမယ့်စည်ပင်သာယာကထုတ်ပေးတဲ့လက်မှတ်မှာ ဖြည့်သွင်းစရာအချက်အလက်တွေကို
စံနစ်တစ်ကျ အတိအကျ အသေအချာ ဖြည့်သွင်းရအောင် ပုံနှိပ်ပေးထားပေမယ့် ကျနော့်လက်ထဲရောက်လာတဲ့စာရွက်ကတော့ ပြီးစလွယ်ဖြည့်ပေးထားတဲ့စာရွက်လေးဘဲရပါတယ်။

ယာဉ်ရပ်နားခ ကောက်ခံတဲ့ဖြတ်ပိုင်း ရှေ့မျက်နှာစာ ပုံတစ်
ရှေ့မျက်နှာစာပုံ 2

ဒါကတော့ငွေလက်ခံဖြတ်ပိုင်းကျောဘက်ကပုံ

ကျနော်က မင်းနာမယ်ရေးပေးဆိုတော့ ဘယ်သူမှန်း ဘယ်ဝါမှန်းမသိရတဲ့လက်မှတ်အတိုလေးထိုးပေးပါတယ်။
ဖြည့်စွက်စရာတွေကို ဘာမှ အတိအကျဖြည့်မထားပါဘူး။
ဒါကိုမြင်ရတော့ မြိုရွာသာယာရေးအတွက် အခွန်ကောက်ခံတဲ့ကိစ္စက ဒီလောက်ပေါ့ပေါ့တန်တန်ရှိသလား၊
အဖြစ်ဘဲလုပ်ရသလားလို့ တွေးမိပါတယ်။
နောက်ဒီအခွန်ကောက်ခံသူဆိုတဲ့ကောင်လေးရေးပေးတဲ့စာရွက်မှာ မှင်ခံ ခံရေးထားတာ မတွေ့ရပါဘူး။
အဲတော့ သူနေ့စဉ်ကောက်ခံလို့ရတဲ့ငွေဘယ်လောက်ရတယ်ဆိုတာ ဘယ်ပုံဘယ်နည်းနဲ့ပြန်လည်လို့ စစ်ဆေးမှာလဲ ၊သူကရော သူကောက်လို့ရတဲ့ငွေမှာ သူများကို ပြန်အမ်းတာ ပိုပါသွားသလို လိုပြီးအမ်းမိ
သလား ဆိုတာကိုဘယ်လိုသိနို်င်မှာလဲ ၊ဒီလိုဟာကွက်ရှိနေမှတော့ သူကောက်ခံလို့ရတဲ့ငွေကို အကုန်အစင်
ပြန်အပ်မယ် မအပ်ဘူးဆိုတာကို ဘယ်လိုသိနို်င်မှာလဲလို့လဲ တွေးကြည့်တော့ အဖြေမရှိပါဘူး၊
နောက်အခုအချိန်မှာ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ ငွေစက္ကူတွေကု ိ အသစ်နဲ့ပြန်လည်ပြီးလဲပေးနေချိန်မှာ
မြို့တော်စည်ပင်သာယာရေးအတွက် အခွန်ကောက်ဘုို့တာဝန်ယူထားတဲ့သူကဘာလို့များ
ငွေစက္ကူအစုတ်တွေကိုပြန်အမ်းပေးနေပါသလဲ။
ငွေစက္ကူအကောင်းကို ပြန်အမ်းနို်င်ဘို့အတွက်ကြိုတင်ပြင်ဆင်လို့မထားဘူးလား။
ကျနော်က အေး အခုခေတ်ပြောင်းသွားပြီး မဟုတ်ရင်တိုင်ရုံဘဲဆိုတော့ မခန့်ပေါက်နဲ့ တိုင်ချင်ရာတိုင်လို့ရတယ်လို့ပြောပါတယ်။
ပြည်သူ့ဝန်ထမ်းအစစ်တစ်ယောက်သာဆိုရင်ဒီလို ပြန်ပြီးပြောမယ်လို့ မထင်ပါဘူး။
ငွေငါးဆယ်ဆိုတာ က တန်ဘိုး မများပေမယ့် အခုလို အကြွေးတောင်းတဲ့ပုံစံနဲ့အတောင်းခံရတာကိုတော့
သိပ်ပြီးနေရာမကျဘူးလို့ထင်ပါတယ်။
နိုင်ငံတော်ကိုစံနစ်သစ် မူသစ်နဲ့ ချီတက်နေချိန်မှာ ဒီလို ကိစ္စမျုိုးတွေက ပြည်သူနဲ့ဝန်ထမ်းကြားမှာ
အထင်အမြင်လွဲစရာဖြစ်လောက်တယ်လို့ လဲထင်မိပါတယ်။
နောက် လိုအပ်တယ်လို့ထင်တာလေးကိုပြောရမယ်ဆိုရင် ဘယ်လိုအနေအထားမျိုးမှာဆိုရင်
ယာဉ်ရပ်နားခပေးဆောင်ရမယ်ဆိုတာ အများမြင်သာတဲ့နေရာမှာ ဆိုင်းဘုတ်ချိတ်လို့ထားမယ်
ဆိုရင် ကျနော်အခုအငြင်းပွားရသလို ငြင်းရခုံရဖြစ်မယ်မထင်ပါဘူး။
ကျနော်ကလည်းအ ရင်တုံးက မပေးခဲ့ရလို့ မပေးနို်င်ဘူးလို့ငြင်းတာပါဘဲ၊။
တိတိကျကျသာ ဖော်ပြထားရင် ပေးသင့်ပေးထိုက်တဲ့ အခွန်အကောက်ကိုပေးမှာ အမှန်ပါဘဲ။
ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လဲ ဒီမြို့မှာ တစ်သက်လုံးနေထိုင်ကြီးပြင်းလာသူတစ်ယောက်ဖြစ်တော့
ကိုယ်နေတဲ့မြို့အတွက်ကောင်းအောင်လုပ်တာကို လက်သင့်ခံရ ပေးဆောင်ရမယ်ဆိုတာ လက်သင့်ခံပါတယ်။
အခုအချိန်မှာကောင်းသောဘက်ကို ဦးတည်လို့ အားလုံးက ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ကျနော်ကြုံသလို
ကြုံရတာမျုးိကတော့ မဖြစ်သင့်တော့ဘူူးလို့ယုံကြည်ပါတယ်။
ဖြစ်သင့်တာလေးကိုပြောရမယ်ဆိုရင်တော့
(1) ဘယ်လိုရပ်ရင် ဘယ်လို အခွန်ပေးဆောင်ရမယ်ဆိုတာ အများမြင်သာတဲ့နေရာမှာ အမြဲတမ်းဆိုင်းဘုတ်ချိတ်ဆွဲထားသင့်ပါတယ်။ (သတင်းစာထဲမှာကြေငြာပြီးသားဆိုရုံနဲ့တော့မလုံလောက်ပါဘူး)
(2) အခွန်ပေးဆောင်ရမယ့်သူကလည်း တိတိကျကျပေးဆောင်သင့်ပါတယ်။
(3) အခွန်ကောက်ခံသူတွေကလဲ တဆင့်ခိုင်းတဲ့သူတွေမဟုတ်ဘဲ ဝန်ထမ်းတွေဖြစ်သင့်သလို
ဝန်ထမ်းကဒ်ပြားကို ရင်ဘတ်မှာ မြင်သာအောင်ချိတ်ဆွဲလို့ထားသင့်ပါတယ်။
(4) အခွန်ပေးဘို့သတ်မှတ်ရာမှာလဲ အကြာကြီး မဟုတ်ဘဲ မိနစ်ပိုင်းလောက်သာရပ်တယ်ဆိုရင်
တော့ မကောက်သင့်ဘူးလို့ယူဆပါတယ်။
(5)နောက်အခွန်ကောက်ခံပြီးလို့ ပြန်ပေးတဲ့အခါမှာ ရေးသွင်းဘို့လိုအပ်တဲ့အချက်အလက်တွေကို
စနစ်တကျ တိတိကျကျ ရေးသွင်းသင့်ပါတယ်။
(လိုအပ်လို့သာ ဘယ်လိုဖြည့်သွင်းရမယ်ဆိုတဲ့ပုံစံတွေချပေးထားတာကိုး)
(6)အခွန်ကောက်ခံရရှိတဲ့ငွေ ကို အပြည့်အဝပြန်လည်ရရှိဘို့အတွက်ကတော့
မှင်ခံတစ်ခုထားပြီး လက်ခံတစ်ခု ကို ယူထားမယ်ဆိုခဲ့ရင်
မရိုးသားတဲ့ဝန်ထမ်းက အကုန်မပေးဘဲ ချန်ပြီးမှ သက်ဆိုင်ရာရုံးကိုအပ်တာတို့၊
အလွန်ကိုမေ့တတ်တဲ့ဝန်ထမ်းက ကောက်ခံရတဲ့ငွေတွေကိုမေ့ပြီးအိမ်ယူသွားတာတို့
ဆိုတာမျိုးတွေကို တားဆီးနိုင်မယ်ဖြစ်ပါတယ်။
(7)အခွန်ကောက်ခံတဲ့ဝန်ထမ်းကိုလည်း ပြန်လည်လို့ အမ်းနိုင်အောင်ငွေစက္ကူအကြွေကိုလည်း
လုံလောက်အောင်ပေးထားသင့်ပါတယ်။ ဒါမှသာ အနုတ်ပေးပါတောင်းရတာတို့ အစုတ်ပေးရင်
မယူဘူးဆိုတဲ့ပြဿနာကင်းမှာပါ။
ဒါကတော့ လစ်ဟာနေတဲ့ ကွက်လပ်သေးသေးလေးကိုထောက်ပြလို့ ဖြည့်ပေးတာဖြစ်ပါတယ်။
တစ်ခါရပ်နား ခငွေက အနည်းဆုံးငါးဆယ်ဆိုပေမယ့် မနက်(6)နာရီကနေညနေ(6)နာရီအတွင်း
မှာ ယာဉ်ရပ်နားခပေးဆောင်ဘို့ သတ်မှတ်ထားတဲ့ နေရာတွေနဲ့ မန်းလေးမြို့မှာ ရှိနေတဲ့ဆိုင်ကယ်
ကားဦးရေနဲ့တွက်ကြည့်မယ်ဆိုရင် တစ်နေ့တစ်နေ့ကိုကောက်ခံလို့ရမယ့်ငွေက မနည်းလောက်ဘူး
လို့ စိတ်တွက် တွက်ကြည့်မိပါတယ်။

ကဲ လက်တွေ့ဆိုတာ သိရအောင် ဓါတ်ပုံနဲ့တကွတင်ပြပေးလိုက်ပါတယ်။
လမ်းမှာရပ်ထားတဲ့ကားတွေ

ဒီဆိုင်မှာ လက်ဖက်ရည်သောက်ရင် ယာဉ်နားခမပေးရဘူး ဒါကြောင့်လူစည်တယ်လေ

ဒီဘဏ်တည့်တည့်မှာရပ်ရင် မပေးရဘူး
ဒါပေမယ့် ဒီပြင်နေရာရပ်မယ်ဆိုရင် အခွန်ကောက်ဘို့ အဆင်သင့်စောင့်နေတယ်လေ။
ဒီနေ့က လူရှင်းတာ ခါတိုင်းနေ့များဆို ဒီနေရာက လမ်းပေါ်မှာဆိုင်ကယ်တွေရောက်နေတာ ဒီပြင်နေရာရပ်ရင်တော့ပေးရမှာ ရပ်နားခ

သူကလဲ ရပ်ရင်ကောက်ဘို့ အဆင်သင့်ပါဘဲ။
တစ်လမ်းမောင်း လမ်းဘေးမှာရပ်ထားတဲ့ဆိုင်ကရောကောက်လားတော့ မသိဘူး

ရပ်ချင်သလိုရပ်ထားတဲ့ကားဂိတ်နားက ကားတွေ
ရပ်ချင်သလိုရပ်ထားတဲ့ကားတွေ တစ်လမ်းမောင်း 82လမ်းမှာပါ

တစ်လမ်းမောင်းပေါ်မှာရပ်ချင်သလိုရပ်တော့လမ်းတွေပိတ်တတ်တဲ့ 82လမ်း 29လမ်းဒေါင့်လေးပါ
တစ်လမ်းမောင်း 82လမ်းနဲ့ 29လမ်းဒေါင့် ကျောက်ဆည်ကားတွေထင်သလိုရပ်တဲ့နေရာ

တစ်လမ်းမောင်း မြိုလည်ခေါင် ဆိုက်ကားတွေတောင်နင်းလို့

ဒါကတော့မြို့လည်ခေါင် လမ်းမ ပေါ် ဦးထုပ်မဆောင်းတဲ့လူလေ။
အော် စည်းကမ်းစည်းကမ်း ……….
ဒီလိုစည်းကမ်းမဲ့သူတွေကို သာ အသေအချာစောင့်ဖမ်းရင် ဝင်ငွေပိုတိုးမယ် စည်းကမ်းလဲရှိလာကြမယ်လေ

ကျောင်းရှေ့မှာတော့ ဆိုင်ကယ်တွေလမ်းပေါ်မှာ ရပ်ထားရတယ်။
ကျောင်ဆင်းချိန်ဆို ဒိနားမှာလမ်းတောင်ပိတ်သွားတတ်ပါတယ်။
ကျောင်းဝင်းထဲမှာထားစရာမရှိတော့ ကျောင်းသားတွေရဲ့ဆိုင်ကယ်ကလမ်းမပေါ်မှာ နေရာသာပေးနိုင်မယ်ဆိုရင်

အခုလိုစည်းမဲ့ကမ်းမဲ့ ရပ်ကြတာကို လဲ ရှင်းသင့် ဦးထုပ်မပါဘဲဆိုင်ကယ်မောင်းတဲ့ကောင်တွေကိုလဲ ဖမ်းသင့်ပါတယ်။
စည်းမဲ့ကမ်းမဲ့နဲ့ဦးထုပ်မဆောင်းတဲ့သူတွေပါ

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(6-10-2011)

33 comments

  • ကောင်းစေချင်ရင် အားလုံးပြင်မှရမယ်လေ။
    ဒါကတော့ ကျနော်ခံယူချက်ပါ။
    တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုတဲ့ စိတ်နဲ့ မဟုတ်ဘဲ ကောင်းစေချင် ပြင်ကြစေချင်တဲ့စိတ်နဲ့
    တိတိကျကျတင်ပေးလိုက်ပါတယ်။
    အင်ထုပြီး ထင်ရာရေးတယ်လို့ မှတ်နေမှာစိုးလို့ ဓါတ်ပုံနဲ့တွဲတင်တာပါ။

  • htoosan

    October 6, 2011 at 2:38 pm

    ကိုပေါက်ရေ .. ကျွန်တော် မကြာခဏတွေးတဲ့ အထဲမှာ Serial No. တောင်မပါဘဲနဲ့ ဘယ်လို များဝင်ငွေထိန်းချူပ်ပါသလဲဆိုတာရယ် ။ တံတားဖြတ်ခ ၊မြို့ဝင်ကြေး အတူတူပါဘဲ ။
    ဒါမှမဟုတ် Taxi သမားတွေ အုံနာကြေးပေးရသလို သူတို့ကို ပုတ်ပြတ်ငါတို့ကို တစ်နေ့ဘယ်လောက်ပေး ပိုတာ မင်းတို့ယူဆိုပြီး ကောက်ခိုင်းသလားလို့…

  • Diamond Key

    October 6, 2011 at 3:36 pm

    ကိုပေါက်ရေ၊ အကြောင်းအရာချင်းတူလို့ ကျွန်တော်ကြုံဖူးတာလေးလည်း ပြောပြပါမယ်။
    ကျွန်တော် ပြီးခဲ့တဲ့လက ၈၃ လမ်း (မန္တလေး) မျိုးသိန်း လျှပ်စစ်ပစ္စည်းဆိုင်ရှေ့မှာ ပစ္စည်းတစ်ခု ဈေးဆင်းမေးပြီး ချက်ချင်း ဆိုင်ကယ်ရှိရာ ပြန်လာတော့ ရပ်နားခကောက်တဲ့သူ (အသက် ၃၅ နှစ်ခန့်၊ အသားညို၊ အနည်းငယ်ဝ) ရောက်လာပြီး ၁၀ဝ ကျပ်တောင်းပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့်မှာလည်း ၅ဝ တန်က မရှိနေပါဘူး။ ကျွန်တော်က ၁၀ဝ တန်ပေးပြီး ချက်ချင်း (တစ်နာရီမပြည့်) ပြန်ထွက်တာမို့ ၅ဝ ပဲပေးရမှာ ဆိုတော့ ၅ဝ တန် ရှိရင် ပေး၊ မဟုတ်ရင်တော့ ၁၀ဝ ပဲလို့ ဆိုပါတယ်။ ကျွန်တော်က အာချောင်ပြီး သတင်းစာထဲမှာကြေညာတာ ၅၀၊ ယူတော့ ၁၀ဝ လို့ ပြောလိုက်တော့ မောင်မင်းကြီးသားက ” တိုင်မလို့လား၊ ဒါ စည်ပင် အခွန်ဌာန လူကြီး ယူထားတဲ့ နေရာ” လို့ ပြောပြီး ထွက်သွားတယ်။
    တကယ်တိုင်ဖို့ဆိုတာက ကျွန်တော်က တနင်္ဂနွေ တစ်ရက်သာ နားရတဲ့သူ ဆိုတော့ မဖြစ်ခဲ့တာပါ။
    ကိုယ်တွေ့လေးမို့ ကြုံတုန်းရင်ဖွင့်တာ။

  • etone

    October 6, 2011 at 3:38 pm

    လေးပေါက်ရေ မှန်တယ်ထင်လို့ကတော့ကွန်ပလိန်း တက်သာတက် 😀
    ဒါနဲ့ အောက်ဆုံးကရေလျှင် လေးပုံမြောက်က လူကြီးက ဘာကြီး ထမ်းထားတာလဲ .. စိတ်ဝင်စားလို့ပါ 😀

    • nature

      October 6, 2011 at 7:32 pm

      etone နဲ့ အကြံတူနေပြီ။ ကျနော်လဲစိတ်ဝင်စားလို့မေးမလို့။ 🙂
      ဆိုင်ကယ်ဦးထုတ်တွေကတော့ဆောင်းသင့်ပါတယ်။ ဒါမှတခုခုဖြစ်ရင် အသက်အန္တရာယ် ကင်းမှာ။

    • Shwe Tike Soe

      October 7, 2011 at 10:19 am

      အာ အစ်မ ရယ် အဲဒါ ဓားသွေး ၊ကတ်ကြေးသွေးတယ် အသယ်လေ….
      အခုထိရှိသေးတယ်…

      • etone

        October 10, 2011 at 3:31 pm

        ရန်ကုန်မှာ ဓါးသွေးတဲ့ လူက စက်ဘီးလေးလိုဟာမျိုးလေးနဲ့ … လှည့်ပြီးသွေးတာ .. လက်နဲ့ သွေးပေးတဲ့ အသည် မတွေ ့ဘူးသေးလို့ပါ … ။

  • kai

    October 6, 2011 at 3:50 pm

    တခြားတော့မသိဘူး.. ကားလမ်းကကောင်းနေသားနဲ့.. ကားရပ်တာစည်းကမ်းမရှိတာတော့ တွေ့ရတယ်..။
    လမ်းမှာ.. ကားရပ်ဖို့.. သွားဖို့.. မျဉ်းတားပေးရင်..နည်းနည်းစံနစ်ကျသွားမယ်လို့ထင်တာပဲ..
    အောက်ကပုံလိုပေါ့..။

  • ရာဇဝင်လူဆိုး

    October 6, 2011 at 4:09 pm

    ဒါမျိုးတွေများများ တင်သင်.တယ်။ ဘယ်နှယ်. ဒီမိုကရေစီ ဆိုတာကြိးပဲလျွှတ်အော်နေကြပြီး အုပ်ချုပ်ပုံက စနစ်မရှိသလို၊ စည်းကမ်းမရှိ။ ..ထင်ရာစိုင်း အစိုးရ (နအဖ) ခေတ်ကအကျင်.တွေက ပျောက်မှမပျောက်သေးပဲကိုး….

  • ကျနော်ကတော့ အရင်ကဖြစ်ခဲ့တာတွေကို ချန်ထားခဲ့တော့။
    အခုပြင်သင့်တာကို ထောက်ပြဘို့လိုအပ်ပါတယ်။
    ကျနော်တို့ကိုယ်တိုင်ကလဲပြင်ဘို့လိုအပ်ပါတယ်။
    အီးတုံးရေ
    အဲဒီလူကြီးက အိမ်တိုင်ယာရောက် ဓါးတို့ကပ်ကြေးတို့သွေးပေးတဲ့လူကြီးပါ။

  • ပေါက်ဖော်

    October 6, 2011 at 6:49 pm

    ရပ်နားခ ကောက်တာဆိုလို ့..
    ယာဉ်ပေါ်က မဆင်းရင် မကောက်ဘူး..နဲနဲ ဆင်းတာနဲ ့ကောက်တယ်.
    ပုဆိုးပြင်ဝင်ခွင့်တောင် မပေးဘူဆိုတော့….မြင်ယောင်ပြီး ရီချင်လာတယ်
    ဟီး..ဟီး..ဟီး..ဟီး…

    ရန်ကုန်မှာတော့ ဆင်းဆင်း..မဆင်းဆင်း ကောက်တယ်ဗျ…
    ပါကင်ထိုးဖို ့လဲ ကြည့်ပေးတယ်.
    ဒါပေမဲ့..စည်းကမ်းတကျတော့ ရပ် ရတာ များပါတယ်.

    မန်းလေးမှာ
    ကားတွေရပ်ထားလိုက်တာ..ကန် ့လန် ့တွေကော..တစ်စောင်းတွေကောပဲ
    ရန်ကုန်မှာ အဲလိုရပ်ရင်..ကားသမားအချင်းချင်းကိုဆဲကြမှာ မြင်ယောင်သေး..
    😳

  • windtalker

    October 6, 2011 at 6:51 pm

    ကိုပေါက်ကွ..
    မန်းတလေးတစင်
    စည်းကမ်းတွင်
    ကမ်းမှန် လမ်းမှန်
    စေဖို ့အသံ
    လုပ်ထား၊လှုပ်ရှား
    မန်းတလေးသား

  • ရွှေဘိုသား

    October 6, 2011 at 6:51 pm

    လေးပေါက်က နည်းနည်းအသက်ကြီးနေလို့ စိတ်ထိန်းတာဖြစ်မယ်
    ကျနော်ဆိုရင်တော. ဆွဲထိုးမိမှာ အမြဲ ဘုကျကျ ဖြစ်တယ်
    ကားသမားတွေနဲ. အဆိုးဆုံးပဲ ကားကို တွယ်တော. အပေါ်တက်စီးခိုင်းတယ် အပေါ်တက်စီးတော.လည်း
    အပေါ်တစ်လာရင် အောက်ဆင်းတွယ်ခိုင်းတယ် တစ်ရက်တော. တွယ်စီးတာကို အပေါ်တက်စီးတဲ.
    ပြုတ်ကျရင် လျော်မပေးဘူးတဲ. အမြင်ကပ်တာနဲ. ခဗျကို ဘယ်သူသ အလျော်တောင်းနေလို.လည်းလို.
    ပြန်မေးပြီး ရန်ဖြစ်ဖူးတယ်

  • parlayar46

    October 6, 2011 at 6:56 pm

    ကိုပေါက်ထောက်ပြတာ ကောင်းပါတယ်..
    ရန်ကုန်သားများလဲ ပြင်သင့်တာတွေကို အဲသလိုထောက်ပြကြပါ။

    မန္တလေး မရောက်တာကြာလို့ ဒီပိုစ့်ထဲကပုံလေးတွေ အလွမ်းပြေကြည့်ရတာတော့ ကျွန်တော့အတွက် အမြတ်ပဲ။
    ကျေးဇူးပဲ ကိုပေါက်ရေ ………..

  • MaMa

    October 6, 2011 at 7:05 pm

    ငွေအကြွေက လုပ်ငန်းလိုင်စင်ပြရင် လုပ်ငန်းသဘာဝကိုကြည့်ပြီး တော်တော်များများ လဲလှယ်ပေးနေပါတယ်။ ဒါပေမယ့်လည်း နဂိုက အရှိန်နဲ့ရတဲ့ ငွေအကြွေကို ပြန်အမ်းတဲ့နေရာမှာ မသုံးပဲ ရောင်းစားကြတာတွေလည်း ရှိနေကြတယ်။ ဒီမှာက custom right ပျောက်ဆုံးနေသလားလို့။

  • hmee

    October 6, 2011 at 8:09 pm

    စည်းကမ်းက လိုက်နာသူလည်း လိုက်နာနိုင်အောင် ထုတ်သင့်သလို လိုက်နာသင့်တဲ့ စည်းကမ်းကို မလိုက်နာရင်လည်း မှန်မှန်ကန်ကန် ထိထိရောက်ရောက် အရေးယူတာ အကောင်းဆုံး။ လေးပေါက်ရေ တခါက ဒီနိုင်ငံသား တယောက်နဲ့ စကားပြောဖြစ်တော့ မှီတို့ဆီမှာ ဆိုင်ကယ်တွေ သိပ်ပေါတဲ့ အကြောင်း ပြောဖြစ်တယ် အဲ့တော့ သူက ဘာပြောလဲဆိုတော့ မင်းတို့ နိုင်ငံက သဌေးပေါ့တဲ့။ ငါတို့ဆီမှာ ကားဝယ်စီးရတာ လွယ်တယ် ဆိုင်ကယ်စီးဖို့ မလွယ်ဘူးတဲ့ အာမခံကြေး ဈေးကြီးလွန်းလို့ပါတဲ့။ ဆိုင်ကယ်စီးတဲ့ လူတိုင်း ဆိုင်ကယ်စီး ဂျာကင်ဝတ်တယ်။ ဦးထုတ်ကလည်း တကယ့် မေးစေ့အထိလုံတဲ့ ဦးထုတ်။ ဒါ လူတိုင်းနီးပါးနော်။ ကားတွေလည်း ပါကင်မှာ ရပ်ရင် ရှကယ် (၂၀) ပဲပေးရတယ်။ ပါကင်လည်း နေရာတိုင်း၊ လမ်းတလမ်းရဲ့ လမ်းထိပ်တိုင်းမှာ ရှိတယ်။ ပါကင်ကြေးကလည်း ဘယ်သူမှ လာမကောက်ဘူး။ ပါကင်ထဲဝင်ရင် ဂိတ်ပေါက်က စက်ကနေ ချလန်ယူခဲ့ ပြန်ထွက်မယ်ဆို စက်ဆီသွား ဝင်ချိန်က ယူခဲ့တဲ့ ချလန်ထည့် ခလုတ်နှိပ်တော့ ကျသင့်ငွေ ပေါ်လာရော အဲ့အတိုင်းထည့်ပေး ငွေရှင်းပြီး ချလန် ပြန်ကျလာမှယူ ဂိတ်ပေါက်က စက်မှာ ထည့်လိုက်မှ ဂိတ်က ပွင့်သွားမှထွက် စကားတလုံး အပို ပြောစရာ မလိုဘူး။ မရပ်ရတဲ့နေရာမှာ ရပ်ရင် လာထား (၅၀၀)။ အဲ့ဒီ(၅၀၀)က နှစ်ပတ်စာ ဈေးဖိုးလောက်အောင် ဈေးကြီးတော့ ကြောက်ပြီး လိုက်နာတာပေါ့။ ဒါက ကားရှေ့မှာ ချလံကပ်သွားတာ ရုံးမှာ သွားဆောင်။ နောက်တခု မရပ်ရတဲ့နေရာ၊ မသန်မစွမ်းနေရာမှာ သွားရပ်ရင် ကားဆွဲတဲ့ကားနဲ့ လာဆွဲသွားတာ လိုက်ရွေးပဲ။ တောင်းပန်လို့ မရဘူး ဈေးညှိလို့မရဘူး ရုံးကိုသွားပြီး ဒဏ်ကြေးဆောင် ပြီးမှ ကားပြန်ရွေး။ ဒါပေမဲ့ ကားပေါ်မှာ လူထိုင်နေရင်တော့ ရတယ် မဖမ်းဘူး။ ဖမ်းတဲ့ကား မမြင်ဘူး ခိုးရပ်မယ် စိတ်မကူးနဲ့ နီးတဲ့လူက ဖုန်းဆက် တိုင်တယ်။ ခဏနေ လာဆွဲသွားရော။ လေးပေါက်ရေ သူများ အိမ်မှာ စည်းကမ်းတကျ ဖြစ်နေတာလေးတွေ မြင်ရတော့ အားကျမိတယ်။ ကိုယ့်အိမ်လေးကိုလည်း ဖြစ်စေချင်တယ်လေ။ လေးပေါက်တို့လို လူတွေက သိအောင်ပြောမှ သိလာပြီး ပြင်နိုင်မှာပါ။ ဒါကြောင့် အမြင်မတော်တာ များများပြောပါနော်။ အရိုက်ခံရရင်တော့ အဲ့တာ သဂျီးအပြစ်။ 🙂

    • hmee

      October 7, 2011 at 3:25 am

      လေးပေါက် မနက်က ပြောတာ ကျန်သွားလို့ ထပ်လာရေးတာ။ ဒဏ်ငွေ (၅၀၀) ကလေ ဒီနေ့ ချလန် အကပ်ခံရတယ်နော် မဆောင်သေးဘူး ရတယ် လတော့မကျော်စေနဲ့။ လာတော့မတောင်းဘူး ဒါပေမဲ့ လတိုင်း အတိုးက တက်တက်သွားတာ။ မဆောင်တာ လကြာလာတာနဲ့ အမျှ ဒဏ်ကြေးက တက်လာတာ။ အဲ..ကားရောင်းမယ်ဆို သေဖို့သာပြင် အတိုးရော အရင်းရော ပေါင်းပြီး ဒဏ်ကြေးဆောင်ပြီးမှ နာမည်လွှဲခွင့်ရတာ။ နာမည်ကတော့ သိတဲ့ အတိုင်း ကိုယ့်ဆီမှာလို မပြောင်းပဲ အသာမှိန်းနေလို့ မရတော့ ဆောင်ရတော့တာပေါ့။ ဒီကားကို မရောင်းဘူး တသက်လုံးစီးမယ်ဆို မဆောင်နဲ့ ရတယ်။ စည်းကမ်းကို မလိုက်နာလို့ မရအောင်ကို အဖက်ဖက်က စဉ်းစားပြီး ချည်ပြီး တုတ်ပြီး လုပ်တာပါ။ ဒါ့ကြောင့်လည်း ဖြစ်မယ် ထင်ပါတယ် အားလုံးဟာ တကယ်ကို သူ့စည်းကမ်းနဲ့သူ သေသပ်နေတာပါပဲ။

    • kai

      October 7, 2011 at 6:19 am

      အမှတ်တရတခုပြောပြမလို့…
      အဲဒီ လမ်းဘေးကားမရပ်ရတာက.. အယ်လ်အေမှာ..အချိန်နဲ့လည်းရှိသေးတယ်..။
      ညနေ..၄နာရီကနေ. ရနာရီအထိမရပ်ရနေရာ.. ၃နာရီခွဲလောက်ရပ်မိပြီး.. ဆိုင်းဘုတ်သေချာမကြည့်လိုက်ပဲ..ထွက်သွားလိုက်တာ..
      ၄နာရီခွဲလည်း ပြန်လာရော..။ ကားကမရှိတော့ဘူး..။
      နေရာမှားရပ်သလား မသေချာလို့..ဟိုဒီလိုက်ရှာပြီး.. မတွေ့မှ..ရဲကို..ဖုံးဆက်.. ကားခိုးခံရပါတယ်တိုင်တာ..။
      ရဲက.. တိုးဆွဲသွားတယ်ပြောမှ.. ကိုယ့်ကားဘယ်သူဆွဲသွားသလည်း.. ဖုံးနဲ့လိုက်မေးရတာ..။

      သိတော့.. အဲဒီနေရာအရောက်..ဘတ်စ်နဲ့သွား.. ပြန်ရွေးရတာလေ…
      အကုန်ပေါင်း.. ၄၅ဝလောက်မြောက်သွားတယ်..။ 😕 👿

  • pooch

    October 6, 2011 at 8:36 pm

    လေးပေါက်ရေ အနော်လည်း အကြွေ ပြသာနာ ခဏခဏတက်လို့ အနုတ်တွေ ဆောင်ရတယ် ပြောရတာမောလို့ အစုတ်တွေလည်း မယူချင်လို့ .. ဒါမျိုးတွေ ပြင်ပြီး သူများနဲ့ တန်းတူ ယှဉ်ဖို့ အ တွက် လုပ်ကြရတော့မှာ..
    သူများနိုင်ငံတွေမှာ ယာဉ်မောင်းလိုင်စင်ရဖို့ အသဲအသန် ကြိုးစားပြီး ဖြေရတယ် ..ယာဉ်စည်းကမ်း ဆိုတာကို မကြေညက်သရွေ့ လိုင်စင်ဆိုတာဝေးလေစွ..
    ဒီမှာဆို လွယ်လွန်းလို့ ပိုက်ဆံသာပေးနိုင်ရင်
    လူတွေလည်း လိုင်စင်မဲ့ ဆိုင်ကယ်တွေလည်း လိုင်စင်မဲ့ တွေ ပေါမှပေါ
    ဆိုင်ကယ်နဲ့ လူတိုက်ပြီး ထွက်ပြေးတာတွေလည်း မကြာခဏဆိုသလို ကြားရတယ်..
    ပြင်ရမဲ့ အရာတွေက များလွန်းလို့ ဘယ်က စလို့ ဘယ်လိုတွေ.. စကြမယ် မသိဘူး… မောတယ်လေးပေါက်ရယ်..

  • padonmar

    October 6, 2011 at 10:27 pm

    မှီရေးသလိုဘဲ အစမှာ စည်းကမ်းကို ဒဏ်ကြေးများများနဲ့ ထိန်းမှ လိုက်နာကြပါလိမ့်မယ်။

  • မန်းလေးမှာဆိုင်ကယ်ဦးထုပ်ကို မဆောင်းကြဘူး။
    မသိတတ်တဲ့ကလေးတို့ ဆံပင်အလှပျက်မှာကြောက်တဲ့မိန်းကလေးတို့ မိုက်ရူးရဲဆန်တဲ့လူငယ်က
    ခွင့်လွှတ်မယ်ဆို လွှတ်လို့ရသေးတယ်။
    သေခါနီးလောက်အရွယ်တွေ သူများကို ဆုံးမပဲ့ပြင်နေရမယ့်လူစားတွေကအစ ဆိုင်ကယ်စီးရင်ဦးထုပ်မဆောင်းကြဘူး၊
    ဒါကိုလဲအခုလို ပုံနဲ့တကွ တင်ပေးမယ်၊
    ခဏတော့ ပုံရအောင်စောင့်ပေးပါနော်.

  • unclegyi1974

    October 9, 2011 at 10:20 pm

    ဆိုင်ကယ်စီးတာဦးထုပ်ဆောင်းထားတာအန္တရာယ်ကင်းတာပ
    ဘတို့ကစည်းကမ်းမထုတ်ခင်ကတည်းကနေပူလို့ကိုယ့်ဖာသာကိုယ်ဆောင်းတာ
    ဘယ်သူမှမခ်ိုင်းရဖူး
    လိုက်ကောက်တဲ့ကောင်လေးတွေကသူတို့ကိုအပြတ်ပေးထားတာများပါတယ်
    စည်ပင်ကလေလံပစ် လေလံအောင်တဲ့သူကပြန်ပြီးအပြတ်ပေးတာများပါတယ်
    ဒါကြောင့်ကာဗွန်မလိုတာပါ
    ဘာပြောပြောလုပ်စားတာကြာလာပြီဆိုတော့အတော်ပြင်ယူရမှာပါ
    ဟိုတုန်းကတည်းကလေလံပစ်ပြီးရင်ကောက်တဲ့သူကကောက်ချင်သလိုကောက်
    တိုင်သူလည်းမရှိနဲ့ဖြစ်ချင်တိုင်းဖြစ်လာတာကြာပြီလေ
    ကောက်မဲ့နေရာတွေမှာဆိုင်ကယ်ဆိုဘယ်လောက် ကားဆိုဘယ်လောက်ဆိုပြီး
    လုူတိုင်းမြင်နိုင်အောင်လုပ်ထားရင်ဆောင်တဲ့သူလည်းကျေနပ်
    ကောက်ရတဲ့သူလည်းစကားများများမပြောရ
    နှစ်ဦးနှစ်ဖက်အဆင်ပြေမယ့်နည်းလို့ထင်ပါတယ်

    ကိုခိုင် ရေမြန်မာမှာပုံထဲကလိုကားရပ်ထားတာတွေမြင်ရဖို့ကအချိန်တခုပေးရအုန်းမှာပါ
    အခုကကားပါကင်ထိုးသူကဘယ်လိုမှဘေးကပ်လို့မရ အကြောင်းကဆိုင်ကယ်တွေကအရင်
    ရပ် နောက်မှကားတွေကရပ် လိုင်းကားကမောင်းရင်းနဲ့လူလာရင်ရောက်တဲ့နေရာတုန်းကနဲ
    ရပ်လမ်းလယ်ကောင်မှာခပ်တည်တည်ပဲ အနောက်ကကားကကြည့်လိုက်
    မောပါတယ်

  • ဒီပိုစ်ကို မန်းလေးတိုင်းဂျာနယ်က လာတောင်းသွားပါတယ်။
    သူတို့ ကစီစစ်ရေးတော့ တင်ရတယ်။
    ဒီတစ်ပါတ်ထဲမှာထည့်ပေးမယ်ပြောတာဘဲ။

    • kai

      October 10, 2011 at 7:13 am

      အင်း..
      ဘာလိုလိုနဲ့.. ကိုပေါက်လည်း.. စစ်ဒဇင်ဂျာနယ်လစ်ကနေ.. ပရိုဂျာနယ်လစ်ဖြစ်နေပြီ..။
      ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါကြောင်း.. 😀

      • MaMa

        October 10, 2011 at 2:33 pm

        မန်ယူက ဖာဂူဆန်လို မန်းဂေဇက်က သဂျီးခိုင် ရဲ့ မောင်းအားတွေကြောင့်လည်း ပါမယ်ထင်တယ် နော်။ 😀

  • ကိုခိုင်ရေ
    အဲလောက်လဲ မဟုတ်သေးပါဘူးဗျာ။
    မန်းလေးတိုင်းဂျာနယ်က တစ်ပါတ်ခြားတစ်ပုဒ် အလုပ်အကိုင်နဲ့ပါတ်သက်တာ
    မန်းတောင်ရိပ်(shade journal)က ပင်တိုင် တစ်ပါတ်တစ်ပုဒ် ပုံနှိပ်ပေးနေတာတော့ကြာပါပြီ။
    အသစ်တော့ရေးပေးခဲ့ပါတယ်။
    ကျနော်ကိုခိုင်တို့ဆို်က်မှာ တင်ပြီးသားထဲ့ သူတို့နှစ်သက်တာလေးတွေကို ပြန်ပုံနှိပ်တာပါ။
    ကိုခိုင် တို့ ရေးခိုင်းတဲ့ မန်းလေးက မုန့်ဆိုင်တွေအကြောင်း မန်းတောင်ရိပ်မှာပြန်ပုံနှိပ်တော့
    လူတော်တော်များများကနှစ်သက်တယ်လို့တော့ ပြန်ကြားရပါတယ်။
    ငွေကြေးတစ်စုံတစ်ရာ ရတာထက် ကိုယ်စိုက်တဲ့ အပင်လေးက ပန်းလေးတွေပွင့်လာသလို
    ကြည်နူးရပါတယ်။

  • thit min

    October 10, 2011 at 8:52 am

    နောက်ဆက်တွဲအကျိုးအမြတ်အနေနဲ့ကတော့လူတော်တော်များသိမယ်။တာဝန်ရှိသူ၊လုပ်ပိုင်ခွင့်ရှင်သူတွေပါသိသွားနိုင်တဲ့
    အခွင့်အရေးပါပဲ။နဲနဲပဲဖြစ်ဖြစ်ပြုပြင်ပေးမယ်ဆိုရင်တဖြေးဖြေးနဲ့ကောင်းလာရမှာပါ။
    အုတ်တချပ်၊သဲတပွင့်လို့ဆိုရင်တောင်ကိုပေါက်ရဲ့စာလေးကသဲကားတစီး၊အုတ်ခဲတပုံထက်ပိုမိုအထောက်အကူဖြစ်တယ်လို့ထင်မြင်မိပါကြောင်း။

  • zoe

    October 10, 2011 at 12:43 pm

    ထိုင်ဝမ် ဟာ ဆိုက်ကယ် အသုံးများတဲ့ နိုင်ငံပါ ။ ဘယ်နေရာဖြစ်ဖြစ်ရပ်နာုး့ခွင့် ဆိုပြီး ကြေး ကောက်တာ မရှိဘူး ။ ရပ်လို့ရတဲ့နေရာ ၊ ရပ်လို့မရတဲ့နေရာ သတ်မှတ်ထား တယ် ။ ရပ်လို့ရတဲ့နေရာ ဆိုရင် နေရာကို မျဉ်းသား ထားတယ် ။ အများအားဖြင့် ပလက်ဖောင်းပေါ်မှာ ။ မရပ်ရတဲ့ နေရာမှာရပ် မိရင်တော့ ကရိန်းကား နဲ့မသွား ပြီး ဆိုက်ကယ် ရုံးမှာ ဒဏ်ဆောင် ပေတော့ ။ လွတ်သွားတဲ့ ဆိုက်ကယ်နေရာ မှာ ဆက်သွယ် ဖို့ ဖုန်းနံပါတ် ရေးထားသေးတယ် ။ ကားလဲ ဒီတိုင်း ပဲ ကရိန်းနဲ့ မမခင် ဓာတ်ပုံအရင်ရိုက်ပြီး မှတ်တမ်းယူ ထားသေးတယ် ။
    ဒီ လို လမ်းဘေး မှာ ဆိုက်ကယ် ရပ်ခွင့် ကို ဘုမသိ ဘမသိ နဲ့ ကိုယ့်ဖာသာ ရိုက်ထား တဲ့ ဘောက်ချာ စာရွက် နဲ့တောင်း လို့ ဘယ်သူမှ ပေးမှာ မဟုတ် ၊ အရိုက်တောင်ခံရအုန်းမယ် လူလိမ်ဆိုပြီးတော့ ။ ထိုင်ဝမ် မှာဆိုက်ကယ် ရှိရင် အခွန်ဆောင်ရတယ် အာမခံ လည်းထားရတယ် ဆိုတော့……

    • zoe

      October 10, 2011 at 4:17 pm

      ပြောဖို့ ကျန်သွားတာ ကားနဲ့ ပါတ်သက် ရင်တော့ လူစည် ကား ရာနေ ရာ မှာအခ မဲ့ ရပ်နိုင်ဖို့ ခက်တယ် ။ Parking-lot မှာ တနာရီ နှစ်ဆယ် ထိုင်ဝမ်ဒေါ်လာ ကနေ တစ်ရာ အထိရှိတယ် ။ လမ်းဘေး ရပ်ရင် ဘောက်ချာ ဖြတ်စက် မှာ ဘောက်ချာ ဖြတ် ပြီး အခ ဆောင်ရ တယ် ။ ဒါမှမဟုတ် သက်ဆိုင်ရာ ဝန်ထမ်း က ဘောက်ချာ ဖြတ်၊ ကားမှန် မြင်သာ တဲ့နေရာ မှာ ကပ်ထား တယ် ။ နောက် မှ ငွေဆောင် ရတာ ။ on the spot လမ်းပေါ် မှာဆောင်၊ ဒီလိုမဟုတ် ဖူး ။

      • zoe

        October 11, 2011 at 11:50 am

        တခုရှိသေးတယ် ဒီမှာဘာကြေး ဆောင်ဆောင် စာတိုက်၊ဘဏ်နဲ့ convenience store မှာဆောင်လို့ရတယ် ။ Convenience store က၂၄နာရီ ဖွင့်တယ် နောက်ပြီး နေရာတိုင်း လိုလိုမှာဖွင့် ထားတော့ ကြေးဆောင်ရ အဆင်ပြေတယ် ။Convenience store မှာပဲ ဆောင်တာများ တယ် ၊ convenience store မှာ ကြေးဆောင်တဲ့ စံနစ် ကအင်မတန် အဆင် ပြေတာပဲ ။ ထိုင်ဝမ် ဟာ convenience store အများဆုံး နိုင်ငံတခုလည်း ဖြစ်တယ် ။

        http://en.wikipedia.org/wiki/Convenience_store
        ………..
        Boasting more than 9,100 convenience stores in an area of 35,980 km² and a population of 23 million, Taiwan has Asia Pacific’s and perhaps the world’s highest density of convenience stores per person: one store per 2,500 people or .000397 stores per person (convenience store – Wikipedia, October 2007). With 4,665 7-Eleven stores, Taiwan also has the world’s highest density of 7-Elevens per person: one store per 4,930 people or .000203 stores per person (International Licensing page of 7-Eleven website)

        . In Taipei, it is not unusual to see two 7-Elevens across the street or several of them within a few hundreds of meters of each other.

        Because they are found everywhere, convenience stores in Taiwan provide services on behalf of financial institutions or government agencies such as collection of city parking fees, utility bills, traffic violation fines, and credit card payments. Eighty percent of urban household shoppers in Taiwan visit a convenience store each week (2005 ACNielsen ShopperTrends)

        .

  • မနေ့ကတောင် နေ့လည်ပိုင်း
    စည်ပင်သာယာက အခွန်ကောက်တဲ့ကောင်လေးက နှစ်ယောက် အမျိုးသမီးကတစ်ယောက်
    82လမ်း ဘုရားသုံးဆူရှေ့မှာ ဒီရပ်နားခနဲ့ဘဲစကားများနေကြပြန်ပါတယ်။

  • Foreign Resident

    October 11, 2011 at 1:34 am

    For your information & consideration,
    မြန်မာပြည်က သိပ်မဆိုးသေးပါဘူး 🙂
    Sydney Central Business District မှာ တရက် ကိစ္စမပြတ်လို့ ကြာသွားတာ
    ကားရပ်ခတင် 60 $ ( ငါးသောင်း ကျပ် ) လောက်ပေးလိုက်ရတယ် 🙁

  • ကျနော်ဆိုလိုတာက အခွန်မဆောင်ချင်တာမဟုတ်ဘူးဗျ။
    ဒီအခွန်ကို ကန်ထရိုက်ကိုပေးထားပြီး ရသလောက်ကောက်ခိုင်းတဲ့အပြင်
    ကောက်တဲ့လူတွေကလဲ ဝန်ထမ်းမဟုတ်တဲ့ အရပ်သား(မိုက်ကယ်ပုံပေါက်နေတဲ့သူလဲပါ။
    ဘာလူမူ့ရေးမှမသိတဲ့ကလေးလဲပါ)ဆိုတော့ အဆင်မပြေလို့ ပြောရတာပါ။
    တနည်းပြောရရင် သူတို့က အခွန်ကောက်တဲ့နေရာမှာ အပြန်အလှန်လေးစားမူ့မရှိလို့ပြောရတာပါဗျာ။

Leave a Reply