ငွေလဲကောင်တာ များများထပ်ဖွင့်ပေးပါ

လင်းဝေOctober 6, 20111min2297

အစိုးရအသစ်က ငွေလဲနှုန်းကို တရားဝင်မပြောင်းခင် ပထမခြေလှမ်းအဖြစ်နဲ့ကော၊ အရမ်းစွတ်တက်နေတဲ့ မြန်မာကျပ်ငွေကို ချပြီး ဒေါ်လာဈေးတက်အောင်လုပ်ဖို့ရည်ရွယ်ချက်ပါ အပါလို့ ထင်မြင်သုံးသပ်ရဖွယ်ဖြစ်အောင် ငွေလဲဈေးကွက် ကို ဖွင့်ပေးလိုက်ပြီဆိုတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ သိမ်ဖြူလမ်းမှာ အောက်တိုဘာ (၁)ရက်နေ့ စနေနေ့ကတည်းက စပြီး ဖွင့်ပေးလိုက်ပါတယ်။
ကျွန်တော်ကိုယ်တိုင်တော့ တနလာင်္နေ့၊ အောက်တိုဘာ (၃)ရက်နေ့ မနက်ပိုင်းမှ သွားဖြစ်ခဲ့ပါတယ်။ ကိုယ်ကလည်း မသိတော့ ရောက်တဲ့အချိန်မှာ ၁၂နာရီထိုးဖို့ ၂မိနစ်ပဲလိုတော့တယ်။ ၁၂နာရီပဲဆိုပါစို့။ သိမ်ဖြူလမ်းကောင်တာမှာ ရေးထားတာကလည်း မနက်(၉း၃၀)မှ ညနေ(၄းဝ၀)ထိဖွင့်ပါသည်တဲ့။ နေ့လည်(၁၂းဝ၀)မှ(၁းဝ၀) အထိ ထမင်းစား နားပါသည်တဲ့။ အဲဒီတော့ ကိုယ်ရောက်တဲ့အချိန်မှာ ထမင်းစားနားချိန်လိုဖြစ်နေပါပြီ။ လူတွေကလည်း ကောင်တာတိုင်းမှာ ပြည့်နေတဲ့အတွက် နည်းနည်းတိုးပြီး ရောင်းလို့ရမလားဆိုတော့ ပထမ တစ်ခုက ထမင်းစားပိတ်ပါပြီတဲ့။ နောက်တစ်ခုမှာ လူနည်းနည်းရှင်းလို့ ခပ်တည်တည်ဝင်ထိုင်ပြီး ကိုယ့်ရှေ့ကလူအပြီးမှာ လက်ထဲပါတဲ့ ဒေါ်လာလေးထိုးပေးလိုက်တော့ ထမင်းစားပိတ်ပါပြီလုပ်ပြန်ရော။ ဒါနဲ့ နောက်တစ်ခုကို ဇွဲမလျှော့ပဲ သွားထိုင်နေလိုက်ပြီး ထပ်မေးကြည့်ပါတယ်၊ ကိုယ်ရောင်းလို့ရမလားလို့၊ ကောင်တာက ကောင်လေးက ကိုယ်အပါအဝင် ထိုင်နေတဲ့ သူ ၃ယောက်ပြီးရင် ထမင်းစား ပိတ်ပါမယ်လို့ပြောလာလို့ ဆက်ထိုင်စောင့်လိုက်ပါတယ်။ ကမော္ဘဇ ဘဏ်က ကောင်တာပါ။(မဇ္ဇိမမှာ ပါတဲ့ ဓါတ်ပုံထဲကကောင်လေးပါ၊ သဘောကောင်းပါတယ်)။ တကယ်တမ်းက ကိုယ်က ရောင်းဖို့လည်း တကယ်မရည်ရွယ်ပါဘူး။ တစ်ခုသေချာသိချင်တာက အပြင်ဈေးကွက်မှာတော့ ဒေါ်လာ၁၀ဝတန်ကိုသိပ်ချေးများပါတယ်။ အသစ်ကျပ်ချွတ်မှသာ ဝယ်ပါတယ်။ မျက်နှာထိတယ်၊စွန်းတယ် လို့ အလွယ်ပြောကြတဲ့ မှင်စွန်းတာ၊ခြစ်ရာပါတာ၊မျက်နှာမှာခေါက်ရိုးကျိုးတာ၊နည်းနည်းလေးပွန်းနေတာ(မျက်ခုံးမွှေးလေးပွန်းနေရင်တော မျက်နှာထိထားတယ်ဆိုပဲ) အဲဒါတွေကိုမယူပါဘူး။ ဒီကောင်တာတွေမှာ ယူလားမယူဘူးလား လက်တွေ့စမ်းကြည့်ချင်လို့ပါ။ ပထမ ကောင်တာ ထမင်းစားနားမယ်ဆိုတဲ့နေရာမှာ မေးကြည့်တော့ အစင်း၊ခေါက်ရိုး၊အစွန်း၊အပျက် ပါတာတွေမဝယ်ပါဘူးတဲ့။ ကိုယ့်ကို ဝယ်ပေးမယ်ဆိုတဲ့ ကမော္ဘဇ ကကောင်လေးကိုလည်း လှမ်းမေးကြည့်တော့ တစ်ရွက်နှစ်ရွက်ဆိုရင် ယူပေးပါတယ်တဲ့။ အားလုံးဆိုရင်တော့ မယူပါဘူးတဲ့။ ဘယ်လိုမယူတာလည်း ဘယ်လောက်ထိလက်ခံလည်း သိချင်တော့ ကိုယ့်အလှည့်ရောက်အောင် စောင့်ပြီး ပါလာတဲ့ အရွက်နည်းနည်းပေးလိုက်ပါတယ်။ ကောင်လေးက သေချာကြည့်ပြီး အကို့ဟာ တစ်ရွက်မှ လက်ခံလို့ မရဘူးလို့ပြောပါတယ်။ လဲစရာရှိရင် လဲပေးပါတဲ့။ ကိုယ်လည်း ရပါတယ်၊ မရောင်းတော့ဘူး၊ ကျေးဇူးပဲ ညီလေး ဆိုပြီး ပြန်လာခဲ့ပါတယ်။ စစချင်းနေ့မှာ လူရှင်းတာကိုပြောချင်တာပါ။ အဲသလို ၁၂နာရီထိုးမှ သွားတာကို မေးချင်တာသေချာမေးပြီး ရောင်းလို့ရပါတယ်။
မှတ်ပုံတင်(မှတ်ပုံတင်မပါရင် လိုင်စင်ပေး)၊ ဘာမှ မပါရင် နံပါတ်ပြော နဲ့ လဲလို့ရပါတယ်။ ဒေါ်လာ ၂၀၀ဝအထိ လွပ်လပ်စွာလဲနိုင်ပါတယ်။ ၁ဒေါ်လာ ၈၃ဝကျပ်ပါ။ ရောင်းဈေးက ၈၃၄ပါ။ အပြင်ဈေးကွက်လှမ်းမေးတော့ ၈၂၅နဲ့ဝယ်ပါတယ်တဲ့။ ဒီတရားဝင်ဈေးကွက်က ၈၃ဝဖွင့်တာကို သူတို့က ၈၂၅ပဲဖွင့်တာကိုးလို့ တွေးမိပါသေးတယ်။ အပြင်မှာ လည်း ကောင်တာမှာ လဲရတာ ကန့်သတ်ချက်များတယ်။ စာရင်းပြရတယ်။ ငွေဝင်လမ်းပြောရတယ်ဘာညာနဲ့ ၈၂၅နဲ့ မှိန်းကောက်နေကြတာပါ။ အခုတော့ အဲဒီ ၈၂၅နဲ့ ကောက်နေသူများက ကောင်တာမှာ ၈၃ဝနဲ့ ပြန်လာပြီး ရောင်းနေကြတာပါ။

မနေ့က အောက်တိုဘာ ၅ရက်နေ့မှာ ဒေါ်လာ လာရောင်းတဲ့သူတွေများလွန်းလို့ တိုကင်ပေးပြီး စောင့်ရပါတယ်တဲ့။ ဒီနေ့လည်း ၁ဝနာရီကျော်လောက်သွားတဲ့သူမှာ တိုကင်ကုန်နေပြီဆိုလို့ ရောင်းဖို့ခက်နေပြန်ပါရောတဲ့။ အပြင်က ဈေးကွက်မှာတော့ ၈၂၅နဲ့ ကောက်နေကြတုန်းပါပဲ။

သက်ဆိုင်သူများကို အကြံပေးချင်တာက ငွေကြေးဈေးကွက်ကို အစိုးရက မှန်ကန်စွာ ကွပ်ကဲမှုအောက်မှာ အခြားသူတွေ အမြတ်မထုတ်နိုင်အောင်ထားချင်ရင်တော့ ဒီလို ငွေလဲ ကောင်တာတွေ အခြားနေရာ နောက် ၃ခု ၄ခု လာက်မှာ ထပ်ဖွင့်ပေးစေချင်ပါတယ်။ ဗဟိုဘဏ်ဘေးက ဘဏ်များအသင်း အဆောက်အဦးမှာတို့။ မြေနီကုန်းနားက သင့်တော်မယ့် နေရာမှာတို့ လမ်းမတော် ဘက်မှာတို့ ထပ်ပြီး တိုးချဲ့ဖွင့်သင့်ပါတယ်။ မန္တလေးမှာလည်း တစ်ခုလောက်ဖွင့်သင့်ပါတယ်။ အမြန်ဆုံးစီစဉ်ပြီးဖွင့်ဖို့ ပြင်ရမှာပါ။ မဟုတ်ရင် လူတွေထုံးစံအတိုင်း သူများရောင်းရင် လိုက်ရောင်းနေတော့ supply များပြီး ဈေးက ထပ်တက်ဖို့လည်းမရှိ။ အပြင်က လုပ်စားများလည်း ကောင်တာမှာ ခက်ခဲမှန်းသိတော့ ဈေးနှိမ်ကောက်။ ပြီးရင် ကောင်တာကို ပြန်လာသွင်း။ ဒီတော့ တကယ် လိုအပ်လို့ ရောင်းမယ့်သူများအတွက် လူကြပ်လွန်းတာ၊ အချိန်မပေးနိုင်တာနဲ့ အပြင်မှောင်ခိုဈေးကွက်ပဲဖြစ်နေဦးမှာပါပဲ။(ဒီတစ်ခါတော့ အပြင်က ဈေးနည်းတယ်)။ ဘဏ်တွေကလည်း ၂ကျပ်လျှော့ကောက်ပြီး အမြန်လုပ်ပေးတဲ့ လမ်းကြောင်းတွေ ဘာတွေ ထွင်ပေးသွားနိုင်ပါတယ်။

လုပ်မယ်ဆိုရင်လည်း ထိထိရောက်ရောက် နိုင်နိုင်နင်းနင်း လုပ်စေချင်ပါတယ်။ ဆိုရှယ်လစ်လို့ဆိုတဲ့ မဆလ ရှေးဟောင်းနည်းကို မှိန်းလိုက်ခဲ့တဲ့ နဝတ၊နယက ပုံစံတွေကို ပြောင်းသင့်ပါပြီ။ ဈေးကွက်စီးပွားရေးကို သွားမယ် ပွင့်လင်းလွပ်လပ်သော ဈေးကွက်ကို ဖော်ဆောင်ချင်တယ်ဆိုရင် ဈေးကွက်ရဲ့ သက်ရောက်မှုကို အစိုးရနဲ့ မူဖော်ပေးတဲ့ အာဏာပိုင်တွေက အလျှင်အမြန် တုံ့ပြန်နိုင်စွမ်းရှိရပါမယ်။

7 comments

  • moethidasoe

    October 6, 2011 at 2:28 pm

    အခုမှ စမ်းတုန်း ရှိသေးတယ် များများဖွင့်ရင် များများမှာတတ်တာ
    ဟိုတုန်းကလဲ FEC Exchange Counter ဆိုပြီး လက်ရှိနေရာမှာ လုပ်ခဲ့သေးတယ်လေ .. နောက်တော့
    ဂိုထောင်က ဂိုထောင် ပြန်ဖြစ်သွားတယ်

  • kai

    October 6, 2011 at 3:28 pm

    အင်း..
    နောက်နှစ်ထဲ… ယူအက်စ်ကဝင်လာဖို့ဖြစ်နိုင်ခြေအရမ်းများတယ်….။ တော်တော်ပြင်ဆင်ထားတာပဲ..။
    ဆန်ရှင်လွတ်တာနဲ့..အရင်ဆုံးပြန်ဝင်မှာတွေက.. ရေနံနဲ့ပါတ်သက်တဲ့ ကုမ္ပဏီတွေနဲ့.. ခရက်ဒစ်ယူနီယံ(ဗီဇာ၊မာစတာ၊အေအမ်အိပ်စ်) တွေပါ…။
    ဆိုတော့….
    ဒေါ်လာအရွက်လိုက်… ကက်ရှ်တွေသုံးတာ.. တော်တော်တော့ကျသွားမယ်လို့ထင်တယ်..။
    ပလပ်စတစ်ကဒ်တွေဝင်လာမှာလေ..။
    ကောင်တာတွေ.. သိပ်မလိုလောက်တော့ပါဘူး..။

  • nozomi

    October 6, 2011 at 4:45 pm

    မီဒီယာတွေ မှာ တွေ့တာကတော့ လေဆိပ်၊ဘဏ်၊ဈေးဝယ်စင်တာတွေမှာလဲ ထပ်ဖွင့်မယ် ပြောတယ်
    လောလောဆယ်မှာတော့ မြန်မြန်နဲ့ များများဖွင့်ဘို့လိုတယ်
    သူကြီးပြောတဲ့ ကဒ်တွေဝင်လာလဲ လိုနေဦးမှာပဲ

  • nature

    October 6, 2011 at 7:25 pm

    ဘာပဲဖြစ်ဖြစ်ငွေဈေးကတော့ အကျ နဲနဲ ရပ်သွားသလိုပဲ။

  • MaMa

    October 6, 2011 at 7:53 pm

    သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုပေ့ါ။ ကြိုဆိုပါတယ်။ ရေရှည်ဆက်ထိန်းနိုင်အောင်တော့ ကြိုးစားဖို့လိုမယ်။

  • pooch

    October 6, 2011 at 8:50 pm

    မန်းလေးမှာလည်း ရှိစေချင်တယ် မကြာခင်တော့ ရောက်လာတော့မယ် ထင်ရတာပါပဲ..
    အစလေးတွေတော့ ပြုနေသလိုပါပဲ စောင့်ကြည့်ရမှာပဲလေ..

  • windtalker

    October 8, 2011 at 6:58 pm

    ဒီနေ ့ဂျာနယ်ထဲ ဖတ်ရတာတော့
    1ဒေါ်လာ ဆိုရင် ပေါက်ဈေးထက် ၁၀ဝ လျှော့
    20 ဆိုရင် ၅ဝလျှော့
    50 ဆိုရင် ၂ဝ လျှော ့တယ် တဲ့ဗျို ့

Leave a Reply