အပြုံးများ

ကျွန်တော်တို့နေ့စဉ်နဲ့အမျှ ပြုံးနေကြရပါတယ် ။ နေ့စဉ်ပြုံးရာမှာ အပြုံးတုတစ်ကြိမ်တော့ပါစမြဲပါ ။ လူမှုရေး ၊ စီးပွါးရေး ၊ နိုင်ငံရေးကြောင့်အပြုံးတုတွေပြုံးနေကြရတယ် ။ အပြုံးတုတစ်ခုဖန်တီးရတာ အလွန်ပင်ပန်းပါတယ် ။ ရင်ထဲကလာတဲ့အပြုံးကတော့အသက်ဝင်နေပေမယ့် အပြုံးတုတစ်ခုကို အသက်ဝင်အောင်ကြိုးစားရတာ တစ်ကယ်မလွယ်တဲ့ကိစ္စပါ ။ တစ်ဖက်လူကများ ငါ့အပြုံးအစစ်မဟုတ်တာကိုရိပ်မိသွားမလား ။ ငါပြုံးတာနည်းနေသေးလားမသိဘူး ။ ငါပြုံးတာ အိုဗာကြီးဖြစ်သွားပြီလားမသိပါဘူး ။ အဲဒီလိုခံစားချက်တွေနဲ့ဆိုတော့မသက်သာဘူးပေါ့ ။ တစ်ချို့ကျတော့လမ်းတွေ့နုတ်ဆက်ရင် နုတ်ခမ်းတွန့်ရုံးပြုံးပြနုတ်ဆက်ကြတယ် ။ တစ်ချို့ကျတော့လဲ သွားတိုက်ဆေးကြော်ငြာသလို အစွမ်းကုန်ပြုံးပြကြတယ် ။ တစ်ချို့ကြတော့ နုတ်ဆက်တာကို ပြုံးဖြီးဖြီးနဲ့ ဟဲဟဲ … တဲ့ ။ အဲလိုပါပဲ အမျိုးမျိုးအဖုံဖုံလူတွေ သတိမထားမိတာတစ်ခုတော့ရှိတယ် ။ လူတွေရဲ့ ၈၀% လောက်က ကိုယ့်ရဲ့အပြုံးးစစ်ကိုကိုယ် ပြန်မမြင်ဖူးကြဘူး ။ မြင်ဖူးသူတွေကလဲ ဓါတ်ပုံခိုးရိုက်တာတို့ ကိုယ်ကြည်နုူးနေချိန်မှာ ဗွီဒီယိုခိုးရိုက်ခံရတာတို့ အဲဒါမှပြန်မြင်ရတာပါ ။ မှန်ရှေ့မှာထိုင်ပြီးပြုံးကြည့်ရင် အပြုံးတုကိုပဲမြင်ရမှာပါ ။ ဓါတ်ပုံရိုက်တော့လဲ ရိုက်တော့မယ်ပြုံးထားဆိုမှ ကမန်းမတမ်းပြုံးပြရတာ ။ဘယ်မှာလဲအပြုံးစစ် ။ အပြုံးတုတွေနဲ့နေသားကျနေတော့လဲ အပြုံးစစ်ကိုသတိမထားမိကြတော့ဘူး ။ ရှိမှန်းမသိတော့ဘူး ။ အပြုံးစစ်တစ်ခုရှိနိုင်ဖို့ဆိုတာကလဲ ခက်ခဲပါတယ် ။ ကျွန်တော်တို့ရွာသားတွေမှာရော ကိုယ့်ရဲ့အပြုံးစစ်ကိုကိုယ်ပြန်မြင်ဖူးကြပါပြီလား ။ အပြုံးစစ်တွေရှာဖွေတွေ့ရှိနိုင်ကြပါစေ ။ ။

5 comments

  • foewa

    October 6, 2011 at 10:21 pm

    နှလုံးသားအသစ်နဲ့ အပြုံးစစ်စစ်ကိုရှာဖို့ အမုန်းအချစ် တစ်ဝုန်းဝုန်း ဖစ်မှာစိုး ။

  • TTNU

    October 6, 2011 at 11:58 pm

    Smile everywhere you go, it will lighten your load and it will lighten your road.
    ဒါပေမဲ့ အရမ်းပြုံးနေပြန်တော့လည်း မျက်နှာကိုက စပ်ဖြီးဖြီးနဲ့။ မျက်နှာပိုးကို မကျိုးဘူးလို့ အပြောခံရပြန်ရော။
    အပြုံးအမျိုးမျိုးထဲမှာ….လှောင်ပြုံး ။ ခနဲ့ပြုံး ။ ဟန်ဆောင်ပြုံး တို့ကို မုန်းပြီး
    မချိပြုံး ။ ကြေကွဲပြုံး ။ အားနာပြုံး တို့ကို သနားပါသည်။

  • GreeNSheeP

    October 7, 2011 at 12:58 pm

    ရဲတေဇ စာကိုဖတ်ပြီး ခန် ့မှန်းကြည့်တာ ရဲတေဇ က လူငယ်ပဲ ရှိဦးမယ် ထင်တယ်ဗျာ
    အလုပ်အများကြီး လုပ်ကြည့်ပါ
    အပြုံးဆိုတာ ဘာလဲ ဒီထက်အများကြီး ပိုသိလာပါလိမ့်မယ် လို ့
    မချိပြုံးလေး ပြုံးရင်း ကွန်မင့်လိုက်ပါသည်

  • KoNyeinChan

    October 7, 2011 at 5:08 pm

    ဒီမလေးရှားမှာ ရောက်ခဲ့ဘူးတဲ့ဆေးရုံတစ်ခုရဲ့ ဆရာဝန်အခန်းဝတစ်ခုမှာရေးထားတာက
    Kurangkan gula dalam makanan, tambahkan manis dalam senyuman.
    အစားအစာထဲမှာ သကြားကိုလျှော့ပါ, ချိုရွှင်မှုကို အပြုံးထဲမှာ ပိုထည့်ပါ တဲ့………

  • thit min

    October 8, 2011 at 6:32 pm

    ဒီနိုင်ငံမှာတော့စိတ်ပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေပြုံးကိုပြုံးရမဲ့အလုပ်တွေအများစုပါပဲဗျာ။
    စိတ်ညစ်နေပေမဲ့အတင်းကြီးပြုံးနေတဲ့ဘဏ်ဝန်ထမ်းတချို့နဲ့ဆုံဖူးတယ်။အစစ်မဟုတ်တော့
    သိသိသာသာကြီးကိုဖြစ်နေတယ်။ဘာဘဲဖြစ်ဖြစ်မြန်မာပြည်ကတချို့ရုံးကမမများလိုမျက်နှာ
    တင်းတင်းကြီးမဟုတ်ရင်တော်သေးတာပေါ့နော်။

Leave a Reply