ငယ်ငယ်ကတည်းက ကြားသာ ကြားဖူးပြီး …တွေ့ကြုံ … မြင်ဖူးခဲ့ခြင်းမရှိတဲ့… ယုတ္တိမရှိသော ဖြစ်ရပ်တစ်ခု တစ်သက်နှင့်တစ်ကိုယ် ကြုံခွင့်ရလိုက်တာ ကံကောင်းတယ်လို့ ခေါ်မလား ၊ ကံဆိုးတယ်လို့ပဲ သတ်မှတ်ရမလား မဝေခွဲတတ်အောင်ပါပဲ … ။ မမြင်ဖူးတာ ၊ မကြုံဖူးတာ တွေ့ခွင့်ရတာကြောင့် …အမှတ်တရ အဖြစ်ရှိနေခဲ့တာပါ … ။

ကျွန်မငယ်ငယ်က မှင်စာ ခြောက်သံလေး ကြားဖူးခဲ့တဲ့ အကြောင်း ရေးခဲ့ဖူးပါတယ် … ။ http://myanmargazette.net/29674/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

ပထမဆုံး အတွေ့ကြုံအဖြစ် နားနဲ့ ဆက်ဆက်ကြားခဲ့ရသော်လည်း … မျက်မြင်ကိုယ်တွေ့ မြင်ဖူးခဲ့ခြင်းမရှိပါ … ။ ယခုအကြိမ်တွင်တော့ … နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရပါပြီ … ။ ကြုံတွေ့ချိန်မှာ ကြောက်လန့်ရမယ့်အစား … ပျော်စရာ တစ်ခုလို ထင်မှတ်နေခဲ့တာ .. ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြမိပါတယ် ။

%%%%%%%%%%%%

ပြီးခဲ့တဲ့ တပတ်က …ကျွန်မ အဖွားဖြစ်သူအိမ်အလည်ပတ်ရောက်သွားခဲ့ပါတယ် … လူကြီးတွေပဲ ရှိပြီး ကလေး မရှိတဲ့ အိမ်မို့ … အရာရာတိုင်းဟာ တိတ်ဆိတ်နေတာပေါ့ … ။ နေ့ခင်း နေ့လည် အပြင်ထွက်တဲ့လူကလည်း ထွက် ၊ အိမ်ကလည်း ကားသံ လူသံသိပ်မဆူတဲ့ နေရာကြောင့်  …. ကျွန်မအတွက်တော့ … နေ့ခင်းနေ့လည် အိပ်စက်အနားယူလို့ ကောင်းတဲ့ နေရာပါပဲ … ။ (နှောက်ယှက်မဲ့ လူမှ မရှိတာကိုး :roll: )

အဖွားဖြစ်သူက ထမင်းစားပြီး အခန်းထဲဝင် ခဏလှဲနေတုန်း ကျွန်မလည်း အိပ်ချင်လာတာနဲ့ … ဧည့်ခန်းထဲက ဆိုဖာဆက်တီပေါ် ခဏလှဲအိပ်နေတုန်း … မှေးခနဲ အိပ်ပျော်သွားတယ် … အိပ်ပျော်သွားလို့ .. ခဏလေးပဲ ကြာချိန်ရှိသေးတယ် … တီဗွီကြီးရဲ့ ဂွီဂွီ ဂွမ်ဂွမ် အသံကြောင့် နိုးထသွားရပါတော့တယ် … ။ ဆူညံပွက်လောရိုက်နေတဲ့ တီဗွီကြီးလည်း …ပွင့်နေတယ် … MRTV 4 ရုပ်သံလိုင်းလည်း လာနေတာ ကြားရတော့ … အံ့သြသွားတယ် .. အဖွားတော့ ငါအိပ်နေတာကို အနုနည်းနဲ့ လာနှိပ်စက်တယ်အထင်နဲ့ …. အဖွားအခန်းထဲ ပြေးကြည့်တော့လည်း … အိပ်မောကျနေသံကြားရပါတယ် … ။ တစ်ယောက်ယောက်ဝင်လာရအောင်လည်း တံခါးက ပိတ်လျှက်သားပါ … သေချာအောင် အိမ်သာပါမကျန် တခန်းဝင်တခန်းထွက် ဘယ်သူများ အိမ်ထဲရှိမလဲ လိုက်ရှာသေးတယ် … ။ မတွေ့တော့ .. ဒေါသထွက်တာပဲ ရှိတယ် … ကြောက်စိတ်မ၀င်မိပါဘူး … ။ အိပ်ရင်းနဲ့ ရီမုများ ဖိမိသလား ပြန်တွေးတော့လည်း … ရီမုက အဝေးကြီးမှာ …  ။ ကျွန်မလည်း စဉ်းစားရကြပ်လာတာကြောင့် မတွေးပဲ ထပ်အိပ်မယ်ဆိုပြီး … ခုဏကနေရာမှာ လှဲအိပ်လိုက်မိပြန်တယ် …. ။ တီဗွီကိုလည်း ပြန်ပိတ်ထားလိုက်ပါတယ် … ။

မျက်လုံးလေး မှေးစင်းပြီး … သုံးလေး မိနစ်ပဲ ရှိသေးတယ် .. တီဗွီက တစခန်းထလာပြန်ပါရေ …. ။ ကျွန်မတို့ အိမ်သားတွေ တီဗွီဖွင့်လျှင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား ဖွင့်ရမှာ အရမ်းကို ရှက်ပါတယ် ….။ ဒါကြောင့် တစ်ကိုယ်စာပဲ ကြားရုံလောက်လေး ဖွင့်ကြတယ်လေ …. ယခု ပေါ်ထွက်လာတဲ့ တီဗွီအသံက အသံအဆုံးနည်းပါ မြင့်ထားတာပါ …. ။ စိတ်ထဲ သံသယတော့ ၀င်လာပေမဲ့… ကြောက်ရကောင်းမှန်း မသိသေးဘူး … ။ ကျွန်မအိပ်တာကို နှောင့်ယှက်ချင်တာဖြစ်မယ်လို့ တွေးပြီး … စိတ်ထဲ နည်းနည်း အချဉ်ပေါက်လာတာနဲ့ .. ရီမုကို အနားယူပြီူး ပြန်လှဲအိပ်လိုက်ပါတယ် … တီဗွီကိုလည်း ပိန်ထားလိုက်တယ် …. ။

ဒီတစ်ခါတော့ လှဲချပြီးပြီးချင်းပဲ … ဂွီ ဂွီ ဂွမ်ဂွမ်က ကြားရပြန်ပြီ …. ဒေါသကလည်း ထွက်လာပြီမို့..ပါးစပ်ကလည်း နင်ကပဲ ဖွင့်နိုင်မလား ..ငါကပဲ ပိတ်နိုင်မလားလို့ … ပြောလည်းပြော  …လက်ကလည်း ရီမုကို ကိုင်ပြီး … ပြန်ပိတ် … လှဲရုံလေးလှဲရသေး …တစ်ခါ ထပ်ပြန်ဖြစ်ပြန်တာနဲ့ … ပြန်မလှဲတော့ပဲ … ငုတ်တုတ်လေးထိုင် ပြီး … တီဗွီကိုပဲ ကြည့်နေပါတော့တယ် … ကျွန်မ ငုတ်တုတ်ထိုင်နေလို့လား မသိဘူး  …. တီဗွီက ပြန်မပွင့်လာတော့ပါဘူး … ။

ဆယ့်ငါးမိနစ်လောက်နေတော့ … နောက်ဖေးက အိုးသံခွက်သံ ကြားတာကြောင့် … ကြောင်အိမ်ထဲ ထည့်မအုပ်မိပဲ …. ဟင်းလင်းထားခဲ့တဲ့ … ၀က်ခြေထောက်စွပ်ပြုတ် ၀ယ်ထားတဲ့ ပန်းကန်သတိရပြီး အပြေးသွားမိတော့.. ပန်းကန်ကြီးကို မှောက်လို့ပါပဲ …. ။ ကျွန်မ အဖွားအိမ်မှာ ကြောင်မမွေးထားတာ သိပေမယ့်… တီဗွီနဲ့ ဆက်စပ်နေမှန်းတော့ မသိဘူးပေါ့ … ။ ကြောင်မဟုတ်လည်း ကြွက်ဖြစ်မယ်တွေးမိပြီး … ပွစိပွစိရေရွတ်ရင်း  မှောက်နေတဲ့ နေရာနဲ့ …ထည့်ထားတဲ့ ပန်းကန်ကို ဆေးကြော သန့်စင် ရပါတယ် …. ပန်းကန်ဆေးတာတောင် မပြီးသေးဘူး … တီဗွီကြီးတခါ ပြန်ပွင့်နေပြန်ရော … ။ အဲ့ဒီအခါမှ ကျွန်မလည်း …. ကြွက်မှောက်တာမဟုတ်ပဲ တစ်ယောက်ယောက် ၀င်သောင်းကျန်းနေတာ နားလည် မိသွားတော့တယ် … ။  စိတ်ထဲလည်း နည်းနည်း ကြက်သီးထသလို ဖြစ်လာမိတယ် … မတော်လို့… မီးဖိုချောင်က အိုးခွက်တစ်ခုခုနဲ့ လှမ်းပေါက်လျှင် ခေါင်းကွဲနိုင်တာကိုး … ။ ကြက်သီးထပါတယ်ဆိုမှ … ကြောက်စိတ်ပါဝင်လာပြီး … လူတကိုယ်လုံး ပူရှိန်းရှိန်းဖြစ်နေတော့တယ် … နောက်ဖေး မီးဖိုထဲမှာလည်း ဆက်မနေရဲ … ဧည့်ခန်းထဲလည်း ပြန်မထွက်ရဲပဲ …တီဗွီကြီးကလည်း ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား ပြန်မပိတ်ရဲဖြစ်နေတော့တယ် …. ။

တီဗွီသံ ပွက်ပွက်ညံနေတာ ငါးမိနစ်လောက်ရှိမှ အဖွားဖြစ်သူ ထလာပြီး … တီဗွီ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားဖွင့်ထားတာကို လာဆူတော့တယ် … အဖွားအားကိုးနဲ့ မီးဖိုခန်းကထွက် .. တီဗွီသွားပိတ်ပြီး .. ပလပ်ပေါက်ပါ ဆွဲဖြုတ်လိုက်ရတော့တယ် … ။ အဖွားဖြစ်သူကတော့ …ကျွန်မအဖြစ်ကို သိဟန်မတူပဲ … ဒီကလေး တစ်ခါတစ်လေ လာလည်တာတောင် အိမ်ခန်းထဲ ၀င်လိုက် ပြန်ထွက်လိုက် ၊ တီဗွီ ဖွင့်လိုက်ပိတ်လိုက်နဲ့ .. စိတ်ကို မငြိမ်ဘူးဆိုပြီး … ဘလိုင်းချည်း   အသားလွတ်ကောသွားပါသေးတယ် … ။

ကျွန်မပယောဂမပါပဲ ..ပိတ်လိုက်ဖွင့်လိုက်ဖြစ်ရတဲ့တီဗွီကြီးကိုလည်း ဒေါသထွက်ရပါတယ် … ။ ဒါပြင့် မစားရ မသောက်ရ မှောက်သွားတဲ့ ပန်းကန်ကိုလည်း …. အပြစ်တင်မိပါတယ် … ဒီထက်ပိုဆိုးတာတော့ … အဖွားအခန်းထဲ ၀င်လိုက်ထွက်လိုက် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်တယ်ဆိုတဲ့ .. .မမြင်ရတဲ့ ဟိုဒင်းကိုလည်း မုန်းမိပါတယ် … ။ ဘလိုင်းကြီး ကောသွားတဲ့ အဖွားဖြစ်သူကိုလည်း တင်းမိတယ် …. ။ အဖြစ်ပျက်များစွာကို တစ်ဦးတည်းက လုပ်နေခြင်းလား … တခြား တစ်ဦးရော ပါဝင်ပတ်သတ်နေလား ဆိုတာကတော့ … မမြင်ရတဲ့ ဟိုဒင်းတွေမှပဲ သိပါလိမ့်မယ် … ။

ထူပူနေတာနဲ့ ဓါတ်ပုံရိုက်ဖို့ မေ့သွားခဲ့တယ် .. . မှတ်တမ်းသာ တင်ထားလျှင် ဂူးဂဲလ်က ပုံတွေလို အရိပ်များပေါ်မလားလို့လေ :D

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!