“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၈)”(တောင်တောင် ညောင်ညောင်ဟဲက တောင်ကြီး)

“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၈)”

စက်တင်ဘာလ နောက်ဆုံးအပါတ်ထဲမှာတောင်ကြီးဘက်ကို ခရီးထွက်ဘို့အကြောင်းဖန်လာပါတယ်။
အဲတာနဲ့တောင်ကြီးကားဘယ်အချိန်ထွက်လဲဆိုတာကို 32လမ်းက ကားလက်မှတ်ရောင်းတဲ့နေရာမှာသွားပြီးမေးတော့ အိပ်စ်ပရက်စ် အမြန်ကားကြီးတွေရှိတယ်။ညမှာဘဲထွက်တယ်လို့ဆိုပါတယ်။
“ရန်ကြီးအောင်”ဆိုတဲ့ကားမှာ မှ ကိုယ်ထို်င်ချင်တဲ့နေရာရလုို့ ဝယ်လိုက်ပါတယ်။
ကားခကတော့ တစ်ယောက်ခြောက်ထောင့်ငါးရာ။
ကျွဲဆယ်ကန်ကားကို သွားစီးချင်ရင် ငါးနာရီခွဲအရောက်သွား။
ဂိတ်ကလိုက်ပို့မယ်ကားနဲ့လိုက်မယ်ဆိုရင်လေးနာရီလောက် 32လမ်း 82လမ်းကဒီ ဂိတ်ကိုရောက်အောင်လာလို့မှာပါတယ်။

ကျနော်ခရီးသွားရင် အများအားဖြင့်ရှေ့ပိုင်းက ခုံမှာထို်င်လေ့ရှိပါတယ်။
ဓါတ်ပုံရိုက်ချင်တယ်ဆိုရင်အဆင်ပြေအောင်လို့ပါ။
တစ်ခါမှမရောက်ဘူးသေးတဲ့မြို့ကိုသွားရမယ်ဆိုတော့ ဘယ်လိုဘဲပြောပြော စိတ်လှုပ်ယှားပါတယ်။

အဲဒါနဲ့တောင်ကြီးမှာနေတဲ့မိတ်ဆွေကို လှမ်းမေးရပါတယ်။
သန့်လဲ့သန့် ဈေးလဲသက်သာ သွားလို့လွယ်ကူတဲ့ တည်းခိုခန်းကို တည်းချင်ပါတယ်ပေါ့။
အမှန်ကတော့ တောင်ကြီးရောက်ရင် ဘယ်ကိုပို့လို့ တက်စီသမားကို တန်းပြောချင်တာလဲပါ ပါတယ်။
ဟိုရောက်မှ ဘယ်ကိုသွားရမယ်မှန်းမသိရင်ပိုခက်မှာစိုးလို့ပါ။
တောင်ကြီးကမိတ်ဆွေက ကျနော်တည်းဘို့တည်းခိုခန်းနာမယ်ကိုပြောပေးပါတယ်။
သူကလာကြိုရမလားမေးတော့ မနက်လေးနာရီလောက်ရောက်မယ်ဆိုတာကိုသိထားတော့ သူအလုပ်ရှုပ်မှာရယ်
အားနာတာရယ်ကြောင့် လာမကြိုနဲ့လို့ပြောပြီး မနက်ရောက်မှဖုန်းဆက်လိုက်မယ်လို့ဘဲပြောလိုက်ပါတယ်။
ဒါနဲ့ဘဲတောင်ကြီးသွားမယ့်နေ့ရောက်တော့ ညနေငါးနာရီခွဲအရောက်လာပါလို့ လက်မှတ်မှာရေးထားတဲ့အတိုင်း ကျွဲဆည်ကန်ကားကွင်းကိုအရောက်သွားကားရပ်ထားတဲ့နေရာကိုလိုက်ရှာ
တွေ့တာနဲ့ စပယ်ယာက တက်တက်ဆိုတာနဲ့ ကားပေါ်တက် ချက်ခြင်းထွက်မယ်မှတ်လို့
အချိန်မှန်သားလို့ ချီးမွမ်းမယ်ကြံပါတယ် ရေးထားတာက ခြောက်နာရီတကယ်ထွက်တော့ 6း15ပါ။
မြန်မာတွေအချိန်အတိအကျလုပ်တတ်ဘို့ လိုပါသေးတယ်လို့ဘဲ စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။
(တိုက်တိုက်ဆိုင်ဆိုင်ပြောရရင်ကျနော်ခရီးထွက်တဲ့နေ့က 2009ခုနှစ်တုံးက ဆေးရုံတက်ရတဲ့ရက်နဲ့တစ်ရက်ထဲပါဘဲ)

စက်တင်ဘာလဆိုပေမယ့်လဲ နေဝင်တာမြန်ပါတယ်။
ကားထွက်လို့ခဏလဲနေရော အမှောင်ထုက လွှမ်းသွားတော့ လမ်းဘေးတစ်လျှောက်မှာရှိတဲ့အိမ်တွေကထွန်းထားတဲ့ လျှပ်စီးရောင်စုံကိုငေးရင်း မြစ်ငယ်တံတားနားရောက်လာပါတယ်။
အဲဒီရောက်တော့ လူတစ်ယောက်တက် ပစ္စည်းတွေတင်ပြီးဆက်ထွက်လာပါတယ်။
ကားထိုင်ခုံကတော့ သိပ်အကျယ်ကြီးမဟုတ်ပါဘူး။
အိပ်စ်ပရက်စ်ကားခြင်းယှဉ်ရင် ရန်ကုန်ဘက်သွားတဲ့ကားက ပိုကောင်းတယ်လို့ စိတ်ထဲမှာထင်မိပါတယ်။
ရန်ကုန်သွားတဲ့ကားတွေက ထိုင်ခုံကျောမှီကို တင်တင်ချချ တစ်ခုံစီသီးသန့်။
အခုခုံကတော့ နှစ်ခုံတွဲရက် ။
မော်တော်ကားနဲ့ခရီးသွားတဲ့ထုံးစံအတိုင်း ဖျော်ဖြေရေးအစီအစဉ်တစ်အရ မြန်မာကားစပြပါတယ်။
ဖြိုးငွေစိုးရယ် သက်မွန်မြင့်ရယ် နှစ်ယောက်ပါတဲ့ ဇာတ်ကားလေးပါ။
လူကြီးချင်းပေးစားတာကို ယူလိုက်ကြတယ် ဒါပေမယ့် စိတ်ထဲမှာတော့ ချစ်ကြတယ် ဒါပေမယ့် မပွင့်လင်းတော့
နားလည်မူလွဲတာတွေကို ဟာသလုပ်ပြီးရိုက်ထားတဲ့ကားလေးပါ။
ကားပေါ်မှာပါတဲ့သူတွေအတော်များများကတော့ မင်းသားက “ အားနာလိုက်တာ”လို့ပြောလိုက်ရင်ကို တဝါးဝါး တဟားဟား။
သဘာဝကျတာ မကျတာအပထား ခရီးသွားရင်းအပျင်းပြေတာတော့ အမှန်ပါဘဲ။
အဲဒီကားလဲပြီးရော မင်းမော်ကွန်းနဲ့သက်မွန်မြင့်ရဲ့ အလွမ်းဇာတ်လေးပေ့ါ။
လူကြီးတွေက လက်ထပ်တော့ အဖေကပါလာတဲ့သမီးနဲ့အမေက ပါလာတဲ့သား၊
ဒီထဲမှာ အဖေလုပ်သူကကားမှောက်လို ဆုံးသွားတော့ အကိုလိုနေရာကစောင့်ရှောက်ရ ၊
ညီမလေးမှာအခက်အခဲတွေ့ရင် တစ်ကနေငါးဆယ်ကိုပြောင်းပြန်ရေလိုက်။
ငါးဆယ်က စလို့ တစ်ရောက်ရင် အခက်အခဲအားလုံးဖြေရှင်းဘို့ အကိုရောက်လာမယ်ပေါ့။
ဇာတ်လမ်းလေးဆင်ထားတာ။
မောင်နှမလိုတစ်အိမ်ထဲနေရင်းအရွယ်ရောက်တော့ စိတ်ထဲမှာတိတ်တခိုးချစ်၊
ဒါပေမယ့်ညီမလေးက ချစ်သူတွေ့ ၊
နောက်အကိုလုပ်သူကဖွင့်ပြောချင်ပေမယ့်အမေက တား စိတ်လေတော့ ဆေးစွဲ၊
နောက်ဆုံးတော့အကိုက ညီမလေးလက်ထပ်မယ့်ရက်မှာ ဆေးလွန်ပြီးသေပေါ့။
ဒါပေမယ့် ထုံးစံအတိုင်း အသက်သုံးဆယ်လောက်ရှိတဲ့ “ဟက်ကက်”က တက္ကသိုလ်ကျောင်းသားနေရာမှာ
မလိုက်ဖက်ဘဲသရုပ်ဆောင်၊ မင်းသားရဲ့သူငယ်ချင်းရဲ့ဂေါ်လီဒီဇိုင်းနဲ့သရုပ်ဆောင်တဲ့သူကလဲ
အပြင်မှာလူငယ်တွေ မပြောကြတဲ့လက်ဟန်ခြေဟန် အမူအရာတွေလွန်လွန်ကဲကဲနဲ့ကြည့်ရတာရီစရာ။
နိုင်ငံခြားကားတွေထဲက ကပ္ပလီဒီဇိုင်းနဲ့။
ကားလေးကတော့ကြည့်ရတာအပျင်းပြေပါတယ်။
အဲဒီကားလေးကြည့်ကောင်းနေတုန်း မှတ်ပုံတင်စစ်ဘို့တက်လာတော့ ဇာတ်ကားကို ခဏရပ် အရသာပျက်လိုက်တာဗျာ။
ရှစ်နာရီကျော်ကျော်လောက်ရောက်တော့ သပြေဝမှာ ထမင်းစားဘို့နားပါတယ်။
ကျနော့်ထုံးစံအတိုင်း ဈေးနုန်းတွေမေးပြီးမှစားပါတယ်။
ကားနဲ့ခရီးသွားတာများတော့ လမ်းမှာဒီလိုထမင်းစားရင်ခံရပေါင်းလဲများလို့ပါ။
တစ်ခါပြင် ကြိုက်ရာဟင်းနဲ့ 1500 ။
ကျနော်ခရီးသွားရင် အကြော်အလှော်နဲ့ဘဲစားလေ့ရှိပါတယ်။
ကြက်ပေါင်ကြော်နဲ့ထမင်းဆီဆမ်း စားလိုက်တာ 1400။
ဒါနဲ့ဘဲထမင်းစားပြီး အပေါ့အပါးသွား ကားပေါ်တက်။
ကားထဲမှာတော့ မီးမူံမူံလေး သီချင်းလေးကတော့ ခပ်တိုးတိုးဖွင့် အပြင်လောက ကြည့်တော့ မှောင်မဲမဲ၊
ဖြတ်သန်းခတောင်းတဲ့နေရာလေးမီးလင်းနေလို့ကြည့်တော့ “ဘုရားငါးဆူ” ဆိုတဲ့ဆိုင်းဘုတ်လေးမြင်ရပါတယ်။
အိပ်လိုက်နိုးလိုက်နဲ့ကားရပ်သွားလို့ကြည့်လိုက်တော့ ထမင်းဆိုင်အကြီးကြီးတစ်ခုတွေ့ပါတယ်။
ဒါနဲ့ဘဲခဏဆင်းကော်ဖီတစ်ခွက်မှာ ပါလာတဲ့ပေါင်မုန့်နဲ့စား မေးကြည့်တော့ ကလောမြို့နယ်ထဲက ဆိုင်လေးပါတဲ့။
အသံဝဲဝဲလေးနဲ့ ရွာနာမည်လေးကိုပြောပါတယ် နန်း ဆိုတာပါတာကလွဲလို့ သိပ်မမှတ်မိလို်က်ပါဘူး။
ဆိုင်ထဲက စားပွဲထိုးကလေးတွေအချင်းချင်းပြောနေကြတာတော့ နောက်တစ်စီးဘဲဝင်စရာရှိတော့တယ်လို့ကြားရပါတယ်။
အချိန်ကတော့ ညနှစ်နာရီ။
ကားခေါင်းမှာ ဖုန်တွေတင်တော့ ရေတွေနဲ့ဆေး၊
ခဏနေတော့ကားပြန်ထွက်ပါတယ်။
သိပ်မကြာခင်လေးမှာ ကားလမ်းအောက်ဖက်မှာ မီးတွေလင်းနေတဲ့နေရာလေး မြင်လို့ ခေါင်းထောင်ကြည့်တော့ “ကလော”၊
ကြည့်ရင်းမှေးခနဲတစ်ချက်အငိုက် လူသံတွေကြားလို့ပြန်နိုးလာတော့ “အောင်ပန်း”၊
နောက်တော့ ဟိုနားဆင်းမယ် ဒီနားဆင်းမယ်ဆို တစ်ယောက်ပြီးတစ်ယောက်ဆင်း၊
နောက်တော့ ဟဲဟိုး၊ညောင်ရွှေ၊ရွှေညောင် အစဉ်လိုက် ဆင်းသူတက်သူမရှား၊
ပြန်အိပ်ပျော်သွားတုန်း ဂိတ်ဆုံးပြီဆိုလို့အော်သံကြားမှ “တောင်ကြီး”ရောက်ပြီဆိုတာသိလိုက်ရပါတယ်။
နာရီကြည့်တော့ မနက်လေးနာရီ။
တောင်ကြီးတစ်မြို့လုံးမှောင်မဲ မရောက်ဘူးတဲ့အရပ်ဆိုတော့ ဘယ်နေရာရောက်မှန်းမသိ။
ရာသီဥတုကတော့အေးစိမ့်စိမ့်။
အထုပ်အပိုးတွေဆွဲလို့ ကားပေါ်ကဆင်း “တက္ကဆီ”သမားတွေက ကားပေါက်ဝမှာအဆင်သင့်၊
ယဉ်ကျေးတာတစ်ခုကတော့ မန်းလေးက တက္ကဆီသမားတွေလောက်အလုအယက်မရှိတာအမှန်ပါဘဲ။
“ဆန်းမစ်ဟိုတယ်”လို့ပြောတော့ 2500လို့ပြောပါတယ်။
ဈေးလျှော့ပါအုံးပြောတော့ ဘေးက လူက
“ဆရာကြီး ဈေးမဆစ်နဲ့ တောင်ကြီးတက္ကဆီက ဘီးလှိမ့်တာနဲ့2500ပုံသေဘဲ။
မသိတဲ့လူကို မတရားမတောင်းရဘူးလို့လဲ ဂိတ်တွေမှာစည်းကမ်းထုတ်ထားပြီးသား”
ဒါနဲ့ဘဲကားပေါ်တက်လို့ထွက်လဲထွက်ရော ကားဆရာလေးက
“ ဒီမှာ ဆန်းမစ်တော့ မရှိဘူး ချမ်းမြေ့အောင်ဘဲရှိတယ် အဲဒီပို့ပေးမယ်နော်“လို့အေးအေးဆေးဆေးဘဲပြောပါတယ်။
ကျနော်ကလဲ မိတ်ဆွေနဲ့စကားပြောတုန်းက ဆိုင်ကယ်စီးရင်းပြောတော့လေတိုးသံနဲ့မသဲမကွဲဆိုတော့ သူပြောတာကိုလက်ခံလိုက်ပါတယ်။
အဲဒါနဲ့ သူပြောတဲ့တည်းခိုးခန်းရောက်တော့ အိမ်နေတာကိုနိုး အခန်းလွတ်ရှိတယ်လို့ပြောတာနဲ့ အထုပ်အပိုးတွေချ ၊
အကူကောင်လေးကလဲ အိပ်မူံစုံမွှားနဲ့ထ၊
မှတ်ပုံတင်ပေးရင်း ရေချိုးခန်းအိမ်သာတွဲရက်ပါလားလို့မေးမိမှာ ဒီမှာက ရိုးရိုး အခန်းဘဲရှိတယ်လို့ဖြေပါတယ်။
“ ဆန်းမစ်လို့ ပြောတာ ဒီပို့လိုက်တာ“လို့ပြောတော့ တည်းခိုးခန်းပိုင်ရှင်က
“ ခင်ဗျားနားကြားလွဲတာနေမှ ဆန်းမင်းဟိုတယ်ဘဲရှိတယ် ရှေ့လမ်းမတန်းမှ သိပ်မဝေးဘူး၊ လမ်းလျှောက်သွားလို့ရတယ်”
လို့ပြောတော့ မန်းလေးအခေါ် တစ်ပြကျော်ကျော်လောက်လျှောက်ရမယ် ခြင်းတစ်လုံး ထီးတစ်ချောင်း လက်ဆောင်ပေးဘို့
မုန့်ဖာက တစ်ခု လက်ဆွဲအိမ်က နှစ်လုံး ကျွတ်ကျွတ်အိပ်က နှစ်ထုပ် လူကနှစ်ယောက်ဘယ်လိုမှလမ်းလျှောက်သွားလို့မဖြစ်နိုင်။
အဲတော့ကောင်လေးကိုလိုက်ပို့ပေးဘိုး အသနားခံတော့မှထည့်ပေးလိုက်ပါတယ်။
နောက်တစ်ပြကျော်ကျော်လောက်လျှောက်မှ လမ်းမအကျယ်ကြီးမှာ ဘိုလိုရေးထားတဲ့ ဆိုင်းဘုတ်အကြီးကြီးကိုတွေ့ရပါတော့တယ်။
မိ်တ်ဆွေက “ဆန်းမင်း”လို့ပြောတာကို ဆိုင်ကယ်စီးရင်း အသေအချာနားမထောင် တောင်ကြီးလိုခေတ်မှီတဲ့မြို့ဆိုတော့
ဘိုနာမယ် “ဆန်းမစ်”လို့ ခပ်တည်တည်နဲ့ကိုယ်ဘာသာကိုကောက်ချက်ချ တော့ အလွဲကြီးလွဲသွားတာပေါ့။
မနက်စောစောဆိုတော့ ပိတ်နေဆဲ အိပ်နေဆဲ ဟိုတယ်ကို အတင်းနှိုးရပါတော့တယ်။
တံခါးဖွင့်ပေးတော့ မှ လိုက်ပို့တဲ့ကောင်လေးလဲပြန်သွားပါတယ်။
ရိုးသားတဲ့ကလေးဆိုတော့ကူညီလို့ ငွေငါးရာပေးတာတောင် ငြင်းနေလို့ ဇွတ်ပေးခဲ့ရပါတယ်။
တံခါးဖွင့်လို့ အထဲလဲပစ္စည်းတွေထည့်မယ်လဲလုပ်ရော အခန်းမအားသေးဘူးပြောပါတယ်။
နားချင်ရင်တော့ ဆက်တီပေါ်မှာနားပါ မနက်ချက်အောက်လုပ်သူရှိမှ အခန်းရမယ်ပြောတော့ စိတ်အတော်လေသွားပါတယ်။
အဲဒါနဲ့ဟိုတယ်ရှေ့ကထိုင်ခုံမှာ ခဏအမောဖြေ နေပါတယ်။
လမ်းမပေါ်မှာတော့ မနက်စောစောလမ်းလျှောက်ထွက်သူတွေက တစ်ယောက်စ နှစ်ယောက်စ ၊
ဈေးကားလို့ ယူဆရတဲ့ ဟိုင်းလတ်ကားလေးတွေက တော့ လမ်းပေါ်မှ တဝေါဝေါနဲ့ဖြတ်။
ကောင်လေးကို ထပ်မေးရပါတယ် မနက်ထွက်မယ့်လူ ရှိမရှိသေချာလားမေးတော့ မသေချာဘူးလို့ပြန်ဖြေပါတယ်။
အဲဒါနဲ့လမ်းမထွက် ပြီး ခရီးဆက်ရအောင်ကားတား လက်ခါပြတဲ့ကား ငါးခါလောက်ကြုံတော့မှ
ကိုယ်က မြို့ပြင်ထွက်တဲ့ကားတွေတားမိတာကို သတိထားမိပါတယ်။
ဒါနဲ့လမ်းဟိုဘက်ကူး ပြီးလက်ပြမှကားရပါတယ်။
ကားဆရာကို အကျိုးအကြောင်းပြောပြတော့ ကားခတော့ကြည့်ပေး “တောင်ပေါ်သား”ကိုပို့ပေးမယ်ဆိုပြီးပစ္စည်းတွေကားပေါ်တင်ရပါတယ်။
ဟိုတယ်က ကလေးတွေကိုကျေးဇူးတင်ကြောင်းနုတ်ဆက်တော့ သူတို့မှာလည်း အခုမှစိတ်သက်သာရာ ရသွားတဲ့မျက်နှာပေးလေးနဲ့တွေ့ရပါတယ်။
အခန်းမပေးနိုင်ရင် အားနာလို့နဲ့တူပါရဲ့။
ဒါနဲ့ဘဲ “တောင်ပေါ်သား”ရှေ့ရောက်တော့ သူနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ဗလီက ဝတ်ပြုဘို့နှိုးဆော်နေပါပြီ။
တံခါးပိတ်ထားတာကို အော်ခေါ်ပေမယ့် အတော်ကြာတဲ့ လူရိပ်လူယောင်မမြင်တော့ကားဆရာကြိးက
ဈေးနားလေးက “တောင်ကြီးမန်းဟိုတယ်”ကိုသွားမယ်ဆိုပြီး ကားပေါ်တက်လို့ခရီးဆက်ရပါတယ်။
ဟိုကွေ့ဒီကောက်နဲ့သွားရင် ခန့်ထည်တဲ့အဆောက်အဦမြင်လို့ကြည့်တော့ “ဧရာဝတီဘဏ်”ဆိုတဲ့
ဆိုင်းဘုတ်ကြီးကိုမြင်ရ သူ့အောက်ဘက်မှာတော့ အချိန်လေးမျိုးပြတဲ့ နာရီစင်။
နာရီစင်အောက်မှာတော့ နံနက်ဝေလီဝေလင်း ဈေးခင်းဘို့ ပြင်နေကြတဲ့ ပန်းသယ်နဲ့သစ်သီးသယ်တွေ။
လမ်းတောင်ဘက်မှာတော့ “တောင်ကြီးမန်းဟိုတယ်”။
ဝင်မေးလို့ နှစ်ယောက်သီးသန့်ခန်းရှိတယ်ဆိုမှရင်အေးရပါတယ်။
ကားဆရာကိုကားခမေးတော့ နှစ်ထောင်ဘဲယူပါတယ် အားနာလို့တဲ့။
မန်းလေးက ဆရာသမားများနဲ့တော့ အတော်လေးကွာပါတယ်။
လိုအပ်ချက်နည်းတော့ လောဘနည်းတဲ့ နယ်သူနယ်သားတွေရဲ့ ရိုးသားတဲ့စရိုက်လို့ဘဲထင်မိပါတယ်။
ရလိုက်တဲ့အခန်းလေးကဒုတိယထပ်က အရှေ့မြောက်ဒေါင့်အစွန်ဆုံးအခန်း၊
ပြူတင်းပေါက်က နှစ်ဖက်လုံးပါ လေဝင်လေထွက်ကောင်းပါတယ်။
အခန်းကလဲ အနံ့အသက်မရှိ ကျယ်ကျယ်လွင့်လွင့် အိပ်ယာခင်းတွေကလဲ အသစ်မဟုတ်ပေမယ့် သန့်သန့်ပြန့်ပြန့်။
တည်းခိုးခကတော့ တစ်ရက်သောင်းနှစ်ထောင်။
ဒါနဲ့ဘဲ အပေါ့အပါးသွား။
ပစ္စည်းတွေနေရာချ မဒမ်ပေါက်ကတော့ ပင်ပန်းတော့အိပ်မယ်ပြော။
လမ်းသလားတတ်တဲ့ကျနော် ကတော့ မနက်စောစော ငါးနာရီ ကျော်ကျော်ဆိုတော့ လမ်းလျှောက်ထွက်ဘို့ဘဲဆုံးဖြတ်လိုက်ပါတယ်။
(တောင်ကြီးမြို့မှမြင်ကွင်းလေးတွေ)

တောင်ကြီးမြို့မဈေးနားက နာရီစင်

တောင်ကြီးမြို့မဈေးနားက နာရီစင်
ဒီနာရီစင်လေးအောက်မှာ ကတော့ယာယီဈေး

ဒီနာရီစင်လေးအောက်မှာတော့ နေ့ဆို်သစ်သီးဈေးနဲ့ပန်းဈေး ညဆိုရင်တော့ ဒေသထွက်စားစရာတွေရောင်းတဲ့ညဈေးတန်းလူစည်ကားပါတယ်။
နံနက်စောစော အိပ်မူန်စုံမွှားနဲ့ ရပ်နေတဲ့နာရီစင်

မိုးလင်းစ အပြာရောင်ကောင်းကင်အောက်က တောင်ကြိးမြို့မဈေး
အိပ်ယာထစ မြို့မဈေး

ဒါကတော့ဈေးအနောက်ဘက်တန်းက သစ်သီးဈေးတန်းလေး
မနက်စောစောဆိုတော့ သစ်သီးတန်းကလူမစည်သေးဘူး

ဒါကေတော့တည်းခိုးခန်းရှေ့က အသီးအနှံလတ်လတ်ဆတ်ဆတ် ရောင်းတဲ့အသယ်လေးတွေ
လတ်လတ်ဆတ်ဆတ် စားချင့်စဖွယ် ဈေးကလဲသက်သာတယ်

မိုးဒဏ်နေဒဏ်အောက်က ပန်းသယ်နဲ့သစ်သီးသယ်
ထီးအပြာလေးတွေနဲ့ ဈေးတန်းကလေး

သံပုရာသီးတွေပေါပေါရမယ်နော်
သစ်သီးတန်း သံ့ပုရာသီးအပုံလိုက်ကြီးနော်

တောင်ကြီးမြို့ရဲ့လွမ်းစရာ မိုးမူန်ကြားက မနက်ခင်း အရှေ့ဘက်ကတောင်တန်းက မပီဝိုးတဝါး
လွမ်းစရာ့နှင်းမူံထဲကတောင်ကြီး

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(ဆက်လက်ဖော်ပြပါမည်)
(8-10-2011)

15 comments

  • (လွမ်းစရာ့နှင်းမူံထဲကတောင်ကြီး)ကို လွမ်းစရာမိုးမူံထဲက တောင်ကြီးလို့
    မှားနေတယ် ပြင်ဖတ်ပေးနော်။
    မမှားရရင် မနေနိုင်လို့ပါ။။

  • thit min

    October 9, 2011 at 10:04 am

    ကိုပေါက်ရေမြန်မာကိုပြန်လာရင်လည်ရမဲ့နေရာတွေကိုကိုပေါက်ကကျနော်ကို
    လမ်းညွန်ပေးနေသလိုပါပဲဗျာ။ကျေးဇူးတင်ပါတယ်ဘရာသားရေ။ကြည်နူးစရာ
    ကောင်းလှပါပေရဲ့ဗျာ။

    နှင်းမှုံထွေးထွေး
    အေးအေးလေးမှာ
    အဝေးကနာရီစင်
    ဒင်ဒင်မည်သံ
    ကြားယောင်ဟန်ပ
    ဒီခဏမှာ
    စားချင်ဘွယ်အပုံ
    သီးနှံစုံတန်း
    တို့လျှောက်လှမ်းချင်
    ထီးပြာဆင်သ
    ဒီလမ်းမပေါ်
    ကျွန့် ကြင်ဖော်လဲ
    လက်တွဲပျော်ပျော်
    တူတူခေါ်ရင်း
    နံနက်ခင်းကို
    ပြုံးဆင့်ကြိုခိုက်
    (ကိုပေါက်)
    ဓာတ်ပုံရိုက်လိုက်ပါလေတော့။

  • koyinmaung

    October 9, 2011 at 10:33 am

    ကောင်းလိုက်တဲ့ဆရာပေါက်ရဲ့ခရီသွားဓါတ်ပုံနဲ့
    မောင်သစ်မင်းရဲ့ကဗျာကတော့ လိုက်ဖက်ပါရဲ့ဗျာ
    အားပေးနေပါတယ်…

  • winkyawaung

    October 9, 2011 at 10:44 am

    တောင်ကြီးမြို့ကို စာဖတ်သူအား ခေါ်ယူသွားတဲ့ ကိုပေါက် ကို အထူးကျေးဇူးတင်ပါတယ်။ ဒါကြောင့် ကိုပေါက်(မန္တလေး) လို့ နာမည်ကြီးတာကို။ လေးစားပါတယ် ကိုပေါက်။

  • windtalker

    October 9, 2011 at 11:44 am

    တောင်ကြီးမှာ ဆရာကီးတို ့မောင်နှံ တူစုံတွဲပျော်
    အေးသနော် ဘေးခေါ်ကာ လက်ချင်းချိတ်
    ကင်မရာလွယ်အိတ်
    အပြန်မှာ အမှန်သာ တင်ခဲ့တဲ့မှတ်တမ်း
    ဟောဒီမှာဗျ ခင်ဗျားတို ့ဖတ်စမ်း

  • pooch

    October 9, 2011 at 12:42 pm

    လေးပေါက်.. နောက်တခါ ဆိုရင် တည်းခိုခန်းကို ကြိုတင်ဘွတ်ကင် တင်ပြီး သွားတာ ပိုအဆင်ပြေမယ်ထင်တယ်.. အနော်တို့တော့ တည်းခိုခန်းမရတဲ့ ပြသာနာကို တနှစ်က ကြုံဖူးလို့ အခုဆို ဘယ်သွားသွား ကြိုတင်ဘွတ်ကင် လုပ်တဲ့ အကျင့်ရသွားတယ်.. မဟုတ်ရင် ကိုယ်က ဒေသခံလည်း မဟုတ်တော့ ကသီကလင်နိုင်လို့ … မသွားခင် တော့ လက်လှမ်းမီသမျှ မေးရ မြန်းရတာပေါ့..

  • MaMa

    October 9, 2011 at 3:28 pm

    ကိုပေါက်ရေ- ဓာတ်ပုံနဲ့ စာတင်ရင် စာကို ဘယ်နေရာမှာ ရေးရသလဲ။ Description မှာ ရေးတာ မပေါ်လို့။

    • Foreign Resident

      October 9, 2011 at 3:58 pm

      Ma Ma,
      Caption မှာရေးပါ

  • padonmar

    October 9, 2011 at 8:28 pm

    ရန်ကုန်မှာတွေ့နေကျ ချိုင့်တွေ ကျင်းတွေကို တောင်ကြီး လမ်းမပုံတွေမှာမတွေ့ရဘူး၊
    ကျွန်မဘဲမျက်စိမှုန်လို့လား၊တောင်ကြီးလမ်းတွေဘဲကောင်းသလား ၊ကိုပေါက်စာနဲ့ဘဲ မရောက်ဖူးတဲ့တောင်ကြီးကိုမှန်းဆကြည့်လိုက်ပါတယ်၊

  • unclegyi1974

    October 9, 2011 at 9:49 pm

    ကိုပေါက်ဈေးထဲကငါးထမင်းချဉ် ဟင်းပေါင်းတွေမစားခဲ့ဖူးလား
    ရှမ်းပြည်ရောက်ရင်ရှမ်းစာလေးတော့စားမှနော်
    ရှမ်းမလေးတွေတော့သွားမငမ်းလိုက်နဲ့မဒမ်ပေါက်နဲ့နောင်ဂျိမ်ဖူးစားဖြစ်နေအုန်းမယ်

  • ရှမ်းပြည်မှာရှမ်းမလေးတွေကို မတွေ့ခဲ့ရဘူးဗျာ။
    ရှမ်းစာကတော့စားခဲ့ပါတယ်။
    တောင်ကြီးလမ်းက မြို့ထဲလမ်းရောမြို့ပြင်ထွက်တဲ့လမ်းပါ ညီညာဖြောင့်ဖြူးနေပါတယ်။

  • mihninlay

    October 11, 2011 at 8:07 am

    တောင်ကြီးမြို ့ကတော့ရောက်ဘူးသမျှမြို ့တွေထဲမှာအသန် ့ရှင်းဆုံးပဲ….နေချင်စရာအရမ်းကောင်းတယ်…လမ်းတွေဆိုလဲလမ်းကြားလေးပါမကျန်ဖြူးနေတာပဲ

  • Yin Nyine Nway

    October 11, 2011 at 8:33 am

    ဟုတ်ပါတယ်…..(…ဟီး.ကိုယ့်မြို့ဆိုတော့ ဝင်ကြွားအုန်းမယ်)
    ကားခကလဲ 2000 သက်မှတ်ထားသလို ….ခေါ်ရင်လိုက်တယ်
    မခေါ်ရင်မလိုက်ဘူး
    အတင်းလည်းမခေါ်ဘူး
    အတင်းလည်းမဆွဲဘူး…အဲဒါကတော့ တောင်ကြီးမှာပဲရှိတဲ့အားသာချက်တခု
    နောက်တခုက အမှိုက်…. အမှိုက်ကို ညနေ 4နာရီမှာတကြိမ်…မနက် အစောကြီး ဝေလီဝေလင်းမှာ တကြီမ်
    စည်ပင်သာယာက လာသယ်ပါတယ် …. (ဟိုထွေး..ဒီထွေး ထွေးတက်တဲ စည်းကမ်းမဲ ကွမ်းစာသူတွေကြောင့်ကလွဲရင် အမှိုက်က မရှိသလောက်ပါပဲ)
    လမ်းတွေကလဲ …ရန်ကုနလို ဟိုပေါက်ဒီပေါက်တော့ ရှိပေမဲ့ …. ကိုယ်ထူကိုယ်ထ ပြင်ကြလို့ လမ်းကဖြောင့်ဖြူးနေပါတယ်…ဟီး… ဝင်ကြွားလိုက်တာ

  • ဟုတ်ပါတယ် သန့်ရှင်းတာကတော့ အမှန်ပါဘဲ။
    မိုးရွာလဲလမ်းမှာဗွက်မထရေမတင်တာတော့အမှန်ပါ။
    မြိုလည်ခေါင်ကိုဘဲ သွားခဲ့လို့လားတော့မသိပါခင်ဗျာ။
    သို့သော်သာယာပါသည်။

Leave a Reply