သင်ဟာ ဘယ်လို ရုပ်ဝတ္ထုပစ္စည်းကို ကိုင်ဆောင်လေ့ရှိကြောင်း၊ သင်ဟာ ဘယ်လောက်တောင်အဆင့်မြင့် ဈေးကြီးပေမဲ့ ဒီလိုရုပ်ဝတ္ထုပစ္စည်းမျိုးကိုတော့ သုံးစွဲလို့ လုံးဝ အဆင်မပြေတဲ့ အကြောင်း၊ နည်းနည်း ကိုယ်ရည်သွေးပါ။ ပြီးတော့ သင်ဟာ လက်ရှိ  ဘယ်နိုင်ငံမှာ ရောက်ရှိနေတဲ့အကြောင်း၊ သင်ဟာ ဘယ်လို ရာထူးမျိုးရထားပြီး ဘယ်လိုအတတ်ပညာအဋ္ဌာရသတွေ တတ်မြောက်ထားတဲ့အကြောင်း ကိုယ်ရည်သွေးပါ။ ပြီးတော့ သင်ဟာ ဒီကမ္ဘာမြေကြီး မှာဖြစ်ပေမဲ့ အခြားတစ်နိုင်ငံကိုရောက်နေတဲ့အတွက် ကိုယ့်နိုင်ငံကြီးကိုအလွန်ပင် သနား နှစ်သိမ့်သလို ( ယုန်သူငယ်လိုမျက်နှာထားဖြင့်) ပြန်ကြည့်ပြီး သကာလ ကိုယ့်ကိုယ်ကိုယ် တန်ခိုးရှင်တစ်ယောက်လို ထင်ယောင်ပါ။ မိမိ နိုင်ငံသားများကိုပြောဆို ဆက်ဆံသောအခါ အလွန်သနားသောလေသံ၊ အလွန် သဘောထားပြည့်ဝသော လေသံဖြင့် ဖေးဖေးမမ ပြောဆိုဆက်ဆံပါ။

ပြီးတော့ သင်ဟာ သင်ကိုယ်ရည်သွေးဖို့ရာ အကြောင်းကိစ္စများကို လိမ်မာပါးနပ်စွာ တွေးတော ဆင်ခြင်ပါ။ သင်ဟာ အများအကျိုးဆောက်ရွက်သလိုနဲ့၊ အများရဲ့ အမှုကိစ္စကို လိုလားသလိုနဲ့ သင့်အတွက် အကွက်ကျကျ လိမ်လိမ်မာမာ ကိုယ်ရည်သွေးပါ။ ပြီးတော့ သင်ဟာ အများသူငါရဲ့ အမှားတစ်ခုခုကို တွေ့ရှိတဲ့အခါ ၀မ်းသာအားရစွာ၊ ကျေနပ်စွာနဲ့ မိမိရဲ့ အတတ်ပညာကို ကျကျနန ကိုယ်ရည်သွေးပါလေ။ သင့်ရဲ့ အမည်နာမနဲ့ သင့်ရဲ့ ပုံသဏ္ဍာန်ကို လူအများ ကြည့်ရှုစိတ်ဝင်စားဖို့ရာ တစ်နေ့မှာ အချိန်အတန်ငယ် စဉ်းစားဆင်ခြင်ပါ။ ပြီးတော့ သင်ရပ်နေတဲ့နေရာနဲ့ သင်ရောက်နေတဲ့နေရာကနေ သင့်ခန္ဒာကိုယ်အတွက် ရသလောက် သိမ်းကျုံးယူငင်ပါ။ သင်ဟာ ကမ္ဘာမြေကြီးကို အလွန်ပင်ချစ်ကြောင်း များများပြောဆိုပါ။ လူသားအားလုံးကို လေးစားကြောင်းလည်း ကြွေးကြော်ပါ။ ပြီးတော့ သင်ဟာသင့်ကိုယ်သင်  ခေတ်သစ်တန်ခိုးရှင်တစ်ယောက်လို ထူထောင်ပါ။ လက်ရှိ  ကမ္ဘာပေါ်က ထင်ပေါ်ကျော်ကြားတဲ့အတတ်ပညာများနဲ့ အမည်နာမများကို အားတက်သရော သင်အံကျက်မှတ်ပါ။ လည်းကောင်း သင်အံကျက်မှတ်ထားသော ဗဟုကိစ္စများကိုလည်း အရေးကြုံသောအခါ ထိထိမိမိကိုယ်ရည်သွေးပါ။ သင်ပျော်ရွှင်ဖို့ရာ သင်နေထိုင်ရာ ပတ်ဝန်းကျင်မှာ သင်ဟာ နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေဖော်ဆောင်ပါ။

သင်နှင့်တကွ  သင်၏ရောင်းရင်းများနှင့်အတူ ဂိုဏ်းတစ်ဂိုဏ်း  ထူထောင်ပါ။ ပြီးတော့ သင်းကွဲလေသူတို့ကို သင်တို့ပျော်ရွှင်စွာ ရယ်မောကြပါ။ ပြီးတော့ သင်ဟာ မိမိကိုယ်ကို ရိုးသားသယောင်၊ ပီဘိကလေးငယ်တစ်ယောက်လို အပြောအဆိုအနေအထိုင်ဖြင့် ပတ်ဝန်းကျင်ကို ညုပါ။ မိမိကိုယ်ကို နုငယ်ပါ။ ပြီးတော့ သင်ဟာ နိုင်ငံတော်ကြီးကို အသက်တမျှ ချစ်မြတ်နိုးကြောင်းကိုလည်း တစ်နေ့လျှင် အကြိမ်တစ်သန်းမျှ ပြောဆိုပါ။ တရားမျှတမှု၊ ရိုးသားမှု၊ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးကို သင်အလွတ်ရသမျှ ရွတ်ဆိုပါ။ သဘာဝ ပတ်ဝန်းကျင်၊ လေထုညစ်ညမ်းခြင်းနဲ့ ဖန်လုံအိမ်အာနိသင်နဲ့ သစ်တောပြုန်းတီးခြင်း အမှုကိစ္စများမှာလည်း သင်ပါဝင်စွက်ဖက်လိုက ပါဝင်စွက်ဖက်ပါ။ မြေနီလမ်းနံဘေးက တောပန်းကလေးတွေကို သင်မခံစား တတ်ပါကလည်း သင်ဟာ လွတ်လွတ်လပ်လပ် ရိုးရိုးသားရှောင်ထွက်သွားပါ။ သင့်ကိုအားကိုးနေတဲ့သူတွေနဲ့ သင့်ကိုချစ်ခင်နေတဲ့သူတွေကို သင်ဟာ ကျေနပ်အားရစွာ မိန့်မိန့်ကြီးပြောဆိုဆက်ဆံပါ။ ပြီးတော့ သင်ဟာ အလွန်ထူးခြားရှားပါးတဲ့ လူတစ်ယောက်လို့ သတ်မှတ်ထားသူပီပီ အဆိုအမိန့်များနှင့်တကွ ကိုယ်ပိုင်နီတိများကို ကျကျနနရွတ်ဆိုကြွေးကြော်ပါလေ……….။ ပြီးတော့ သင်ဟာ…………………………………………………………………………………………………………………………………………………………………………………….။      ။

About comegyi

comegyi comegyi has written 25 post in this Website..

art