သူ့အနေအထိုင်နဲ့ ကိုယ့်အယူအဆတွေ ပေါင်းစပ်ထားပြီး

မင်းကဒို . . .ငါက မီ . . ဟိုကောင်က ရေ့ . .ဆို . .ဖာ. .လာ . .

ဆိုပြီးတော့  . .

ဝါကျတွေအောက်မှာ ကြမ်းတပြေးတည်း ထိုင်နေကြတယ်

မနက်ကတည်းက ထွက်သွားတဲ့ အမဲလိုက်မုဆိုးကလည်း

ခုထိ တောထဲမှာပဲ ရှိနေသေးပုံရတယ်

အခန်းထောင့်မှာတော့ ကဗျာနဲ့ သီချင်းစပ်ကျထားတဲ့ စာရွက်အပိုင်းအစတွေ

ငြိမ်ငြိမ်သက်သက် အိပ်နေကြတယ်

ဒီမှာဘက်ထောင့်မှာတော့ ( . .) ၀ူရှူးဆော့နေပုံပန်းချီကား

ပြီးတော့ (. .) ရဲ့ သူ့ဆံပင်လို ဒေါသကြီးနေတဲ့ သံစဉ်တွေ

မှောက်လျက် လဲကျနေတဲ့စာသားတွေ

ဟေ့ကောင်တွေ . . .ကတ်ကိုဘိန်း ပုံကို

နေထိုးနေတဲ့ ၀ါးထရံကြားမှာ ထောင်ထားမှပေါ့ကွ

မြောက်ဒဂုံက အဲဒီအိမ်လေးမှာ

ကတ်ကိုဘိန်း ခဏတစ်ဖြုတ်

အသက်ပြန်ဝင်လာတာကိုပဲ ဒီ မိတိုးကြီးက

ပြောပြောဆိုဆိုရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေတုန်း

ဟေ့ကောင်တွေ မုဆိုးကလည်း ကြာလိုက်တာကွာ

မုဆိုးက သားကောင်များဖြစ်သွားပြီလား

အူတွေ လမ်းဆင်းမလျှောက်ခင်

သိဒ္ဒတ္ထစာအုပ် တစ်ယောက်ယောက်အော်ဖတ်နေစမ်းကွာ

ပြီးတော့ ဒီည မိုးရွာနိုင်တယ်ဟေ့ ဂစ်တာတွေ ၊ စာအုပ်တွေ

သီချင်းတွေကို အလယ်မှာပုံပြီး စောင်ခြုံထားကြစမ်းကွာ

ဟိုမှာ……..သေနတ်ကြီးထမ်းပြီး သီချင်းသွားရောင်းတဲ့ မုဆိုးပြန်လာပြီ

ဟေ့ မုဆိုး မင်းအိမ်ထဲမ၀င်နဲ့ဦး

စားစရာဆန်နဲ့သောက်စရာ အရက်ပါတစ်ခါတည်းသွားဝယ်လိုက်ကွာ

ဒီညအတွက်တော့ မုဆိုးဟာ ဖန်ဆင်းရှင်ပဲ

ဟေ့ ငါတို့ မုဆိုးတွေဟာ အမဲလိုက်ဝါသနာ မပါပေမယ့်လည်း

ဒီအတိုင်း သေပြန်ရင် အဖန်ငါးရာ ငါးကမ္ဘာ ဥပေဒသထဲ

အကျုံးဝင်သွားမှာ စိုးလို့ ဆိုပြီး ယုံကြည်ထားကြတယ်

ညရောက်ရင် ကိုယ်စီကိုယ်စီ အတင်းကာရော ပုံပြင်တွေပြောကြတော့

ငါတို့ အိမ်ရှေ့က နီကြင်ကြင် အစင်းကြောင်းဟာ

အလန်ဂျင်းစဘတ်ရဲ့ ဂျက်ဆိုရီ လမ်းမပေါ့ကွာ

အဲဒီလမ်းမမှာ မင်းက မနက်ဖြန်ညကျရင် ၀မ်းစာအတွက်ဖားသွားရိုက်ရမယ်

ကင်မရာမင်းက ဓါတ်မီးရှာလာခဲ့. .

အဲဒီ ကို( . .) က ပုံစပြောတယ် . .

ပြီးတော့ ငါတို့ အိမ်အောက်က ကက်စပီယန်ပင်လယ်မှာ

ထူးဝေက ငါးမျှား

ဒီပုံပြင်တွေကို တော်စတွိုင်းနဲ့ ရှိတ်စပီးယားပုံပြင်တွေကြား ရောပြီး သိမ်းထား

ဝိုင်ချိုတို့ သစ္စာတို့ လာတဲ့နေ့ကျရင် ဖတ်ရတာပေါ့ကွာ

ပြီးတော့ ငါးပိနံ့ရရင် ရာမျိုးကို သတိရရတာနဲ့

အိမ်ခေါင်မိုးကို ခဲမှန်ရင် ဂျူဂျူးလေးလာပြီလို့ ပျော်ရတာနဲ့

အိမ်နောက်ဖေးက ထင်းချိုးနေတဲ့ကောင်တွေ

မြွေနဲ့ (. .) လွှင့်ပစ်ထားတဲ့ ခရုခွံတွေကို သတိထား

ဟား . . ဟား . . ဟား ရပ်ကွက်ထဲကတော့ တို့ကို ဂစ်တာတီးတဲ့ တာဇံတွေလို့

ခေါ်ကြလိမ့်မယ်ကွ. ..

ဒီထဲမှာ ဘူမိနဲ့ကျောင်းပြီးတဲ့ကောင်ရော ပါလား

မင်းက ရေရှာထွက်ရမယ်

၃၃ ထိပ်နဲ့ ပတ္တမြားလမ်းဆုံမှာ ရေအိုးစင်ရှိနိုင်တယ်

ဟော့ဒီမှာ ကဗျာဆရာငါးမျှားချိတ်မှာ မြွေမိတယ်ဟေ့

မြွေသားမစားတဲ့ကောင်တွေ ဟိုဘက်ကိုသွား

ဟေ့ကောင် ဒေးဗစ်ဆင်သိန်း ငါအစာအိမ်ခန်းခြောက်တဲ့

ဝေဒနာ ကဗျာကိုရွတ်နေရင် ကီးဘုတ်ကို အကျယ်ကြီးမတီးနဲ့လို့

ဘယ်နှစ်ခါ ပြောရမလဲ

ဒါလောက် အသံထွက်ချင်နေတဲ့ ကီးဘုတ်ကို

အပေါင်ဆိုင် ပို့ထားလိုက်ကြစမ်းကွာ

လပြည့်ညတွေမှာ

မိုးကောင်းကင်ကို နှုတ်သီးထောင်ပြီး အူတဲ့

မြေခွေးတွေလို ငါတို့ဘ၀တွေ

ကြောက်ကြောက်လန့်လန့်နဲ့ ငါတို့ သေပွဲဝင်ခဲ့ရပုံတွေ

မယုံကြည်နိုင်စရာ အရိုင်းကောင်တွေရဲ့ဘ၀မှာ

မီးက ရေကြည်ရာ မြက်နုရာ အရပ်မှာ လောင်ခဲ့ပြီကော………။        ။

 

About marblecommet

marblecommet marblecommet has written 57 post in this Website..

မိုးဦးလေဦး ရောက်လာပြီ... လေတွေက ခါးလိုက်တာ.... ငါ့မှာသာ....တိမ်တွေကို စီးပြီး မောပန်းနေရ.....