ရည်စူးပြီး ရူးရသော ဇာတ်လမ်းတွဲရုပ်ရှင်တစ်ကားလို ရာသီဥတုသာယာပြီး အရောင်အဆင်းအနံ့အရသာနှင့် ပြည့်စုံသော နေ့တစ်နေ့တွင်  ဒီဇင်ဘာကိုပြန်လည် တမ်းတမိပြန်၏။ ဒီဇင်ဘာသည် ညိုမှိုင်းရီဝေနေသော မနက်ခင်းတွင် အေးစက်စိုစွတ်စွာလှပနေပါ၏။ အကျိုးအကြောင်း ခိုင်လုံပြီး အတွေးသယံဇာတများနှင့် ပြည့်နှက်နေရသော ဒီဇင်ဘာအပေါ်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ရန်အတွက် အသင့်တော်ဆုံးအချိန်ကာလ တစ်ခု ကုန်ဆုံးလွန်မြောက်သွားခဲ့ပါပြီ။

လတစ်လ၏ နာမည် ၊ အခြားလူတစ်ယောက်၏နာမည်နှင့် အခြားလူများ၏ နာမည်မဟုတ်သော ကျွန်တော်၏ ဒီဇင်ဘာသည် စကားလုံးတစ်လုံးစီတိုင်း ကျွန်တော့်ကိုအပြာရောင်သန်းစေပြီး ထိုဆောင်းမလေးတစ်ယောက်အကြောင်း၏ အတွေးတွင်  ကျွန်တော့်စိတ်တစ်ဘ၀စာ ပစ်လဲကျနေသည်မှာ ကြာခဲ့ပါပြီ။ ရေသောက်မြစ်ထဲမှာပေပြီး နံရံမှာအပြာရောင် ကြက်ခြေခတ်ချိတ်ဆွဲထားကြသူတို့ဟာ တရိရိတိုက်စားခံရင်း၊ ရိုးရိုးအအအံချော်ရင်း၊ တိမ်မျှော်ရာ ငေးရင်း လေယူရာလည်း တိမ်းတတ်ခဲ့ကြပြီ။

ဆင်ခြင်တုံတရားနဲ့ စဉ်းစားလိုက်တိုင်းလည်း ကျွန်တော်ဟာ ဒီဇင်ဘာရဲ့ အပြင်ဘက်က ဝေါဟာရသာဖြစ်ပါ၏။ လူးလွန့်ချင်တဲ့အထုအထည်မဲ့ စိတ္တဇနာမ်များဟာ သန္ဒေပျက်သလို ပျက်စီးဆွေးမြေ့ခဲ့ပြီးတဲ့နောက် ဒီဇင်ဘာရဲ့အကြောင်းတွေဟာ မီးခိုးတောက်လျှောက်လောင်ကျွမ်းပြီး အာရုံကြောတွေ အမောဆို့ကုန်ပါ၏။ ဒီဇင်ဘာဟာ လမ်းခရီးတွေရဲ့နံရံမှာကပ်ငြိနေတဲ့ ပင့်ကူအိမ်လို အရိုးဆွေးလောက်အောင် ထောင်ချောက်ဆင်ဖို့ ဖြစ်ပေါ်လာတဲ့သဘာဝအရ သူမဟာ ကြောက်မက်ဖွယ် ချစ်စရာကောင်းနေတဲ့ အဆောက်အအုံကြီးတစ်ခုသာလျှင် ဖြစ်ပါသည်။

သို့သော် ထိုတိမ်ပြာရောင်လေး၏ မနက်ခင်း၊ နေ့လည်ခင်း၊ ညနေခင်းများ ရှိနေခြင်းက ကမ္ဘာကြီး၏ တစ်နေ့တာကို သာယာစေပြီး ဒီဇင်ဘာရဲ့ ည၊ ညလယ်၊ ညနှောင်းတို့က ကမ္ဘာကြီး၏ညဉ့်ယံကို ယဉ်ကျေးဖွယ်ရာ တိတ်ဆိတ်ဆွတ်ပျံ့စေပါသည်။ ကျွန်တော့်စိတ်ကြိုက် တိမ်ပြာရောင်လေးအတိုင်းသာ လှသော ဒီဇင်ဘာ၏ မျက်ဝန်းတစ်ချက် ပြုံးလိုက်တိုင်း စံပါယ်တစ်ခင်း ရုတ်ကနဲ ထပွင့်တာ မည်သူမျှ  မသိကြပါ။ အမှတ်တတရများသည် အချစ်ကို တခမ်းတနားလေးနက်စေခြင်းကြောင့်  ဒီဇင်ဘာ စားသောသကြားလုံးခွံကအစ ဒိုင်ယာရီကြားမှာ ရောညှပ်သိမ်းဆည်းတတ်လာခြင်း အစရှိသော အသိဥာဏ်ရှင်ပြန်ထမြောက်လာခြင်းမှာ တန်ဖိုးကြီးမားလှပါ၏။

ညများသည်လည်း အလဟသ မကုန်ဆုံးတော့ဘဲ အိပ်မက်ငွေပင်လယ်မှာ ဒီဇင်ဘာနှင့်အတူ လိပ်ပြာအဖြစ်ကူးခတ်ပျံသန်းတတ်လာသလို လေတဟူးဟူး တောင်ကုန်းပေါ်မှာ အငေးပြိုင်ကြသည်။ ထိုအခါ ရွာချလိုက်သော မိုးရေစက်များကြောင့် စိုစိုစွတ်စွတ် အိပ်မက်များမှ နိုးထခဲ့ရသောညတွေလည်း  အသားကျနေတတ်ခဲ့ပါပြီ။ ကျွန်တော်ဟာ အနှစ်တစ်သိန်းမှာ တစ်ခါပေါ်လေ့ပေါ်ထရှိတဲ့စကားတစ်ခွန်းကို ဒီဇင်ဘာနားလည်အောင်ရှင်းပြဖို့ စောင့်ဆိုင်းခဲ့ရသည်မှာ ကြာခဲ့ပါပြီ။ ပြီးတော့ ဒီဇင်ဘာဟာ  ဘယ်အချိန်မှာအနိဌာရုံဖြစ်ပြီးတော့ ဘယ်အချိန်မှာ က္ကဌာရုံဖြစ်တယ်ဆိုတာ သိနေသော ကျွန်တော့်အတွက် ထိုသိနေသည့် ကိစ္စကို သူမ မသိအောင် နေထိုင်ရတာကလည်း အတော့်ကို သရိုးသရီနိုင်လွန်းတဲ့ အလုပ်တစ်ခုဖြစ်နေပါ၏။ နေမြင့်လာလို့ ကမ္ဘာကြီး ပိုပြီးပူနွေးလာတဲ့အခါ သူမကို ချစ်မိတဲ့စိတ်တွေဟာ ရုပ်၊ နာမ်တို့ရဲ့ ဖြစ်တတ်ပျက်တတ်တဲ့သဘောနဲ့ ကိုပင်ဟေဂင်က ရာသီဥတုဖိုရမ်အကြောင်း အတွေးက လှည့်ပတ်တိုက်ခိုက်ပြန် သည်။ ဒီဇင်ဘာသည် အဘယ်နည်း။ ၀က်သားတုတ်ထိုးဆိုင်မှ ၀က်မျက်လုံးတစ်စုံ သူမ ပါးစပ်ထဲ ၀င်သွားသည့်အချိန် လန့်ဖျတ်သွားတတ်သည် ကိုလည်း ကျွန်တော်အတတ်နိုင်ဆုံးဆင်ခြင်ခဲ့ပါ၏။ မွေးရာပါ လက္ခဏာတစ်ခု ဖြစ်မည်ထင်ရသော သူမလည်ချောင်းအကြောစိမ်းစိမ်းတွေထဲ အစာအာဟာရတွေ ခုန်ဆင်းသွားချိန် ငါတော့ တစ်နေ့ သူမနဲ့ ဝေးရဦးမယ်ဆိုတဲ့ အသိစိတ်က အာရုံမှာ ရှင်းရှင်းလင်းလင်းဖြစ်လာတတ်ပါသည်။

ဟုတ်ပါ၏။ သူမကိုထားခဲ့မိသော သံယောဇဉ်တွေဟာ အတွေးအခေါ်ကဆင်းသက်လာတဲ့ ပရိဒေ၀သောကတွေကို မြူခိုးလို ဝေေ၀၀ါးဝါးလွှမ်းခြုံဖို့ အတွေ့အကြုံ့ကသင်ပေးလိုက်သော  ကြေကွဲဇာတ်တစ်ခုသာလျှင် ဖြစ်ပါ၏။

ရိုးရိုးတမ်းတမ်းချစ်မိရုံနဲ့ တစ်ဘ၀လုံး ကောသွားသော မြစ်တစ်စင်းသည် ကျွန်တော်ဖြစ်နေခဲ့သည်။ ဂရုဏာတွေကို ခိုးခိုးပြီး သူမနှလုံးသားကို အလုပ်အကျွေးပြုခဲ့သော ကျွန်တော်၏ ကံ၊ စိတ်၊ ဥတု၊ အာဟာရများသည် ကျွန်တော်ခံစားလိုသေ သီချင်းတစ်ပုဒ်၊ အဖျားအနာ ကဗျာရှည်တစ်ပုဒ်၊ ဒါမှ မဟုတ် တစ်ပိုင်းတစနဲ့ ဆွေးမြေ့ငြိမ်သက်သွားမယ့် ၀တ္ထုတိုတစ်ပုဒ်သာ ဖြစ်လာဖို့ရှိပါသည်။

ကိုးရီးယားယဉ်ကျေးမှုများထွန်းကားလာသောအခါ ဒီဇင်ဘာ၏ဆောင်းရာသီမှာ ယဉ်ကျေးမှုပါဝါပြောင်းလဲသွားပြီး အတွေးအခေါ်နဲ့ မာန်မာန နှစ်ခုအကြား ဗျာများနေတတ်သည်မှာ တစ်မျိုးချစ်စရာကောင်းရင် ကျွန်တော့်ကို ပိုမိုအေးစက်တုန်လှုပ်စေပါသည်။ ပီကာဆိုက သေခြင်းတရားကို မိန်းမတစ်ယောက်လိုသဘောထားသည်ဟုဆိုသည်။ ပီကာဆိုကြီးတော်သည်ဟု ကျွန်တော့်အယူအဆနှင့်ကျွန်တော်ထောက်ခံပါသည်။ ကျွန်တော်သည်လည်း မကြာသေးတော့မယ့်အချိန်မှာ သေဆုံးရန်အသင့်ဖြစ်လို့နေခဲ့ပါပြီ။ မိန်းမတို့၏ ချစ်ခြင်းကို ဒါဝင်ကလည်းပြောမသွားပါ။ နယူတန်ကလည်း မေ့ကျန်ခဲ့ဟန်တူသည်။ အိုင်စတိုင်းကတော့ နယူးကလီးယားကြောင်ကြောင်သွားခြင်းဖြစ်နိုင်ပါသည်။ အသည်းကွဲလို့ အရက်သောက်တယ်ဆိုတာ လူညံ့တွေရဲ့အလုပ်ဟူသော ဖတ်ခဲ့ဖူးသော စာတစ်ကြောင်းကို သတိရလိုက်ချိန်တွင် ကျွန်တော်အရက်ဆိုင်ထဲသို့ရောက်နေသည်။ ကံကြမ္မာအရိုင်းက စလွယ်သိုင်းသိုင်းပြီး ကျွန်တော့်အပေါ်ဖြတ်ချသွားသောအခါ ကျွန်တော့်အတွက်ပွင့်ခဲ့တဲ့ စံပါယ်တွေလည်း ပြန်လည်ဖူးငုံသွားကြပြီး တစ်ဘ၀စာ မပျောက်ပျက်နိုင်သော ရနံ့တွေသာ ကျွန်တော့်ထံတွင် လှိုင်လျက် ကျန်ရှိနေခဲ့သည်။

ဒီဇင်ဘာသည် ကျွန်တော့်အတွက်အမြီးအမောက် မတည့်သော ချစ်ခြင်းမေတ္တာကိုဖန်တီးကာ သစ္စာကြီးသူတစ်ချို့ရဲ့ စိတ်ကို ဗဟိုပြုဖို့ ဖန်ဆင်းထားတဲ့ဘုရားသခင်ရဲ့ နမိတ်ပုံတစ်ခုလေလား။ ဒါမှ မဟုတ် သေရာပါပြာနှမ်းသွားမယ့် အနုမြူပန်းလင်္ကာညကို ပစ်ခတ်ထွက်ပြေးသွားတာလည်း  ဖြစ်နိုင်ပါသည်။

ကျွန်တော်အပြစ်မတင်ရက်သော ဒီဇင်ဘာအတွက် ရည်စူးပြီး ကျွန်တော့်အခန်းထဲတွင် လင်းနို့ငှက်တစ်ကောင်မွေးထားရန်အကြံရသည်။ မှန်ထဲတွင် ပေါ်နေသော စာတစ်ကြောင်းလို ကိုယ့်ကိုယ်ကိုယ် ပဟေဠိဖွက်ပြီး ကိုယ့်ဘာသာ လုံခြုံနေချင်သောကြောင့် ဖြစ်ပါသည်။

မြောက်ပြန်လေသည် မြောက်အရပ်မှ ရိုးရိုးရှင်းရှင်းတိုက်ခတ်သော ရာသီလည်း တစ်ဖန်ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ ဆောင်းရှောင်ငှက်ကလေးများနှင့် နာတာလူး သီချင်းသံတွေ ပျံ့လွင့်လို့ လာခဲ့ပြန်ပါပြီ။ အရိုးခွဲဓါးသွား နှင့်ပွင့်များနှင့် စကားလုံးတီးတိုး မြူခိုးတို့ရဲ့ ကလူကျီစယ်မှုမှာ မျောပါခဲ့မိသော ဟိုး . . .တစ်ရံရောအခါက ဆောင်းတစ်ညမှာ ဒီဇင်ဘာကို တမ်းတနေခဲ့မိတဲ့သံသရာဟာ ………မာယာ………………………။             ။

About comegyi

comegyi comegyi has written 25 post in this Website..

art