ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရေရရှိရေးအတွက် နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်နေ

klnMay 18, 20101min490

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရေရရှိရေးအတွက် နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်နေကြောင်း ယင်း၏ တာဝန်ရှိသူက ပြောသည်။ စည်ပင်နယ်နိမိတ်များထိ ရေကားများဖြင့် ပို့ဆောင်ပေးနေခြင်း၊ ရေပေးဝေရေးစခန်းများက ရေပေးဝေခြင်း၊ အဝီစိတွင်းများ တူးဖော်၍ ပေးဝေခြင်း၊ မီစက်ဖြင့် မောင်းတင်ပေးနေခြင်းတို့ဖြင့် ကုစားပေးခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ “သန်လျင်ကျောက်တန်း အပါအဝင် နေ့စဉ်ရေကား အစီး ၂ဝလောက် ပို့ပေးနေတယ်။ ဂါလန် ၁၀၀၀၊ ၃၂၀၀၊ ၁၆၀ဝ ဆံ့ကားတွေနဲ့ ပို့တာပါ ” ဟု၎င်းကဆိုသည်။ ရန်ကုန်တစ်ဖက်ကမ်း၊ ရွာပေါင်း ၁၁ရွာနှင့် ဆိပ်ကြီးခနောင်တို တွင်ဖေဖော်ဝါရီလက စ၍ ရေပေးနေရာ ရေဂါလန် ၁၄သိ်န်း လေးသောင်း ခြောက်ထောင်ဂါလန် ရှိပြီဖြစ်ကြောင်း သိရသည်။ ရေလှောင်ကန်များကရေကို ရေတွန်းစက်များနှင့် မောင်းနှင်နိုင်ရန် ဓာတ်အားပေးရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ လျှပ်စစ်ပြတ်တောက်ပါက ရေတွန်းစက်ငယ်များကို မီးစက်များနှင့် လျှပ်စစ်အားဖြည့် မောင်းနှင်ပေးခြင်း၊ ရေကားများဖြင့် ရေပေးဝေမှု ပြုလုပ်ခြင်းတို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ပြုလုပ်ပေးနေကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ စည်ပင်ရေပိုက်မရှိသော နေရာများနှင့် ရေအားနည်းသော မြို့စွန်နေရာများကို ရေပေးဝေမှုမှာ ရေဂါလန်ပေါင်း ၄၃.၂၅ဂါလန်သိန်း ရှိပြီဖြစ်ကြောင်း သိရသည်။