ကြောင်ကြောင်တွေး၊ကြောင်ကြောင်ရေး

ကြောင်လေးOctober 10, 20111min1138

“ဘဂဝါ ဘုရား….မိန့်တော်ထား…………..သည် ၊သိကြားသာသနာရောက်ချိန်နီးပါ…..ပြီ။”

အိမ်အနီးအနားက ဘုရားကြီး ရဲ့အလှူခံဌာနအော်လံမှထွက်ပေါ်လားသော ကိုလွှမ်းမိုးရဲ့ အောင်မြင်ခန့်ညားတဲ့အသံကိုကြားလိုက်ရပါတယ်။

ညနေ ၅ နာရီထိုးလို့ အလှူခံ ဌာနဖွင့်လျှင်ဖွင့်ခြင်း ဒီသီချင်းကိုနေ့စဉ် အရင်ဆုံးစဖွင့်တာပါ။

” ကောင်းတဲ့သူကယ်မည်……..မကောင်းတဲ့သူဖယ်ရှားမယ်တဲ့…….ဘုရားတရားတော်နဲ့အညီ

လော်မာများ……….. တော်ရာကိုရှား…………သာသနာများ………သိကြားကိုသာပင်အပ်နှင်းခဲ့ပါသည်………………

ဒီသီချင်းကိုဘယ်သူရေးဖွဲ့ခဲ့သလဲမသိပါ။ သီချင်းရဲ့အဓိပ္ပါယ်က ဘုရားသာသနာ ငါးထောင်ပြည့်ပြီးရင်  သိကြားသာသနာကိုရောက်မယ်။

လူ့လောကကြီးမှာ ဘုရားသာသနာကွယ်သွားရင် မကောင်းတဲ့သူတွေက ကောင်းတဲ့သူတွေကို နှိပ်စက်မှာစိုးလို့ ဘုရားက

သိကြားမင်းကြီးကိုအပ်သွားတယ်။သိကြားမင်းကြီးက ကောင်းတဲ့သူတွေကိုကယ်တင်တဲ့အနေနဲ့ မကောင်းတဲ့သူတွေကို

မိုးကြိုးလက်နက်နဲ့ပစ်ချပြီးဆုံးမမယ် ဆိုတာကို ငယ်ငယ်က လူကြီးတွေပြောတာကြားဖူးထားပါတယ်။

ကျွန်တော် တနေ့ကရေးထားသလို မိုးကြိုးဆိုတဲ့လက်နက် ဆိုတာက ကြေး ၊သံ သတ္ထုတွေနဲ့လုပ်ထားတဲ့ ပုဆိန်လိုလက်နက်လို့ ရှေးလူကြီးတော်များများကလက်ခံယုံကြည်ထားကြပါတယ်။ အသက်အားဖြင့် ၃ဝ အထက် လူများပါ။

အခုအသက် ၂ဝ အောက်လူငယ်တွေဒါကိုပြောသံသိပ်မကြားရတော့ပါဘူး။ မကောင်းတဲ့သူဆိုတာဘယ်လိုလူမျိုးတွေပါပါသလဲ။

ဘယ်လောက်များများရှိနေသလဲ။မကောင်းတဲ့သူတွေများတဲ့နေရာပတ်ဝန်းကျင်ဟာမိုးကြိုးများများအပစ်ခံရမယ့်သဘောပေါ့။

(အင်းဆက်သွယ်ရေးကလူတွေ၊လျှပ်စစ်ဌာနကလူတွေဟာမကောင်းတဲ့သူတွေတော်တော်များတယ်ထင်တယ်။)

အခုကာလမှာတောင် တနှစ်တနှစ် မိုးကြိုးပစ်တယ်လို့ကြားရတာမနဲပါဘူး။ နာဂစ်ပြီးခါစက တစ်ကြိမ်တည်းမှာ မိုးကြိုး  ၁၅  ချက်ဆက်တိုက်

ပစ်တာကိုယ်တိုင်ကြုံဖူးပါတယ်။ ကျွန်တော်တို့တမြို့လုံးလဲသိကြပါတယ်၊တကယ့်အထင်ကရ အဖြစ်အပျက်ပါ။

မိနစ် ၂ဝလောက်အတွင်းမှာဆက်တိုက်ပစ်တာပါ။  နောင်နှစ်တွေဆိုရင် မိုးကြိုးကပိုပစ်ရတော့မှာပါ။ ဘုရားသာသနာကွယ်လာလေ

မကောင်းတဲ့သူတွေပိုပိုများလာလေ ဖြစ်မှာပေါ့။ သိကြားမင်းလဲအခုကတည်းက လက်နက်တွေ ကြိုတင် စုဆောင်းထားပြီထင်ပါတယ်။

(တိုက်တိုက်ဆိုင်ဆိုင် ဒီစာ ကိုရိုက်နေတုန်း၊ဒီနေရာကိုရောက်တုန်းအချိန်မှာကျွန်တော့ မျက်စေ့တွေအောင့်လာလို့ ခဏနားမယ်

၊ရေချိုးမယ်ဆိုပြီးရေးလက်စကိုဖြတ် ဆေ့ဖ် လုပ်ပြီးစက်ကိုပိတ်လိုက်ပါတယ်။      နောက်ပြီး ရေမချိုးခင်ရေအဝသောက် ပြီးစက်တီခုံပေါ်ခဏထိုင်နေတုန်း

ဖျစ်ဖျစ်ဆိုတဲ့အသံနဲ့အတူ ဝင်းကနဲဖြစ်သွားပါတယ်၊ပြီးတော့တဆက်တည်း ဂျိမ်းဂျိမ်း ဆိုတဲ့မိုးကြိုးပစ်သံကြားလိုက်ရပါတယ်။

ကျွန်တော်တို့အနီးနားမှာတင်ပစ်တာပါ။ ကျွန်တော်ကျောချမ်းသွားပါတယ်။တကယ်ပါ၊သိကြားမင်းကြီးက သူ့ကိုပြက်ရယ်ပြုတာကို

သိသွားလို့များဆော်ထည့်လိုက်လေသလားလို့တွေးမိလိုက်တာပါ။ ဖုန်းလိုင်းတွေလည်းပြတ်၊ မီးတွေလည်းပြတ်သွားပါတယ်။ ညနေ

၅နာရီခွဲလောက်ပါ။နောက်တစ်ကြိမ်က နှစ်ချက်ဆင့်ပစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်နာရီမှတ်ထားတာ  ၅ နာရီ ၃၅ မိနစ်ပါ။

နောက်  ၅ နာရီ ၅ဝ မှာ ခပ်ဝေးဝေးမှာ တစ်ကြိမ်ထပ်ပစ်ပါတယ်။ ၆   နာရီခွဲလောက်မှာသတင်းတွေထွက်လာပါတယ်၊ ကျွန်တော်တို့ရပ်ကွက်နဲ့ကပ်လျှက်

ရပ်ကွက်ထဲကိုပစ်တာပါ။သိပ်မဝေးပါဘူး။ညလူခြေတိတ်ချိန် ခွေးတဟောင်စာလောက်တောင်မရှိပါ။ အုန်းပင်ကိုထိပါတယ်၊မီးခလုပ်တွေ မိန်းဆွစ်တွေ

ပွင့်ထွက်ကုန်ပါတယ်၊မီးချောင်းတွေကျွမ်းကုန်ပါတယ်။တီဗွီတွေပျက်ပါတယ်။ ရ နာရီခွဲလောက်မှာ မြို့ထဲက မိတ်ဆွေတစ်ယောက်ကဖုန်းလှမ်းဆက်ပါတယ်။

သူတို့ရပ်ကွက်ရဲ့အိမ်တစ်အိမ်က ဆားဗစ်ကြိုးကိုထိပြီးပြတ်ကျသွားတယ်လို့ပြောပါတယ်။ ကျွန်တော်လည်းညက စက်ပြန်မဖွင့်ဖြစ်တော့ပါ။ မနက်မှ

ဒီစာကိုဆက်ရေးဖြစ်ပါတော့တယ်။)

မိုးကြိုးအကြောင်းနဲ့ဆက်စပ်ပြီးပြောချင်တာက ပန်းပဲမောင်တင့်တယ်အကြောင်းပါ။ မောင်တင့်တယ်နဲ့ မိုးကြိုးဘာပတ်သက်သလဲဆိုတော့ဒီလိုပါ။

မောင်တင့်တယ်အကြောင်းဇာတ်လမ်းကျောရိုးလေးအနည်းငယ်ပြောပါ့မယ်၊အချက်အလက်အတိအကျကိုတော့ ကိုချစ်ရင်ထူးကပြောပြပါလိမ့်မယ်၊

ကျွန်တော်က သူ့လောက် အသေအချာမသိပါ။(ကိုချစ်ရင်ထူးရေ နတ် တစ်ယောက်ချင်းရဲ့အကြောင်းလေးရေးပြမယ်ဆို၊ဘယ်ရောက်နေလဲ၊

ဆက်ရေးပါဦး၊ နံကရိုင်းမယ်တော်တို့၊အမေရေယာဉ်တို့၊မြင်းဖြူရှင်တို့ အကြောင်းတွေကိုသိချင်ပါသေးတယ်။)

မောင်တင့်တယ်က ခွန်အားအလွန်ကြီးပါတယ်၊အလွန်ချောမောလှပတဲ့ ညီမလေးတစ်ယောက် ရှိပါတယ်။ဘုရင်ကတော်ကောက်ပါတယ်။

ခွန်အားကြီးတဲ့အကို တော်လှန်မှာကိုကြောက်ပါတယ်။ အပစ်ရှာပြီး စကားဝါပင်မှာကြိုးနဲ့ချည်ပြီးမီးရှို့သတ်ပါတယ်။ဘုရင်က သူ့ မိန်းမနဲ့ ပြည်သူတွေ

ကျေနပ်အောင် မောင်တင့်တယ်နတ်ဖြစ်သွားပြီဆိုပြီးနယ်မြေအပိုင်စားပေးပြီး ကိုးကွယ်ခိုင်းပါတယ်။ လူတွေကလည်းအိမ်ရှေ့တွေမှာနတ်ကွန်းတွေ

သေချာဆောက်ပြီးကိုးကွယ်ကြပါတယ်။ အနော်ရထာလက်ထက်မှာနတ်ကိုးကွယ်မှုကို နှိပ်ကွပ်တဲ့အခါမှာနတ်ကွန်းတွေအကုန်ဖျက်ရပါတယ်။

လူတွေကမောင်တင့်တယ်ကိုကိုးကွယ်တာကိုမစွန့်လွှတ်နိုင်တော့ အိမ်အတွင်းထည့်ပြီးကိုးကွယ်ကြပါတယ်။အိမ်တွင်းမင်းမဟာဂီရိလို့အမည်တွင်လာပါတယ်။

အနော်ရထာက အိမ်တွင်းအထိလိုက်နှိပ်ကွပ်ပါတယ်။ အဲဒီတော့အိပ်ခန်းထဲအထိထည့်ဖွက်ပြီးကိုးကွယ်ကြပါတယ်။

အခုတော့အိပ်ခန်းထဲကပြန်ထွက်လာပါပြီ၊တချို့ကလည်းအိမ်ရဲ့အိပ်ခန်းဟာအိမ်ခေါင်တိုင်ကနေကပ်ပြီးကာထားတာမဟုတ်ပဲ

နတ်စင်ဟာခေါင်တိုင်ရဲ့အတွင်းဘက်အခြမ်းမှာရှိနေရင် အိပ်ခန်းထဲမဟုတ်သော်လည်းဧည့်ခန်းမှာ ထားလို့ရတယ်လို့ဆိုပါတယ်။

တချို့လည်းဒါတွေသိပ်မသိပါဘူး၊မိဘလက်ထက်ကတည်းက ကိုးကွယ်လို့လိုက်ကိုးကွယ်ကြတာပါ၊ဘုရားခန်းထဲမှာပဲထောင့်လေး

တစ်ထောင့် မှာကပ်ပြီးထားလိုက်တာပါ။ မီးကြောက်တဲ့အတွက် ညဘုရားမီးထွန်းရင် ကန့်လန့်ကာအနီလေးကာပေးရပါတယ်၊

မင်းမဟာဂီရိမကြိုက်တဲ့အတွက် ဘုရားကိုစကားဝါပန်းမကပ်ရပါဘူး၊ အိမ်တစ်အိမ်ရဲ့အရှင်သခင်အဖြစ်အဓိကနေရာကိုတော့ရယူထားပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်တဲ့ ကိုယ်တွေ့ရယ်စရာအဖြစ်ကလေးပြောပါ့မယ်။ ကျွန်တော် ပဲခူးတိုင်းကအမျိုးသမီးနဲ့အိမ်ထောင်ကျပါတယ်။

မိန်းမကသူ့အမတွေနဲ့ရန်ကုန်မှာနေပါတယ်။မင်္ဂလာဆောင်ပြီးတဲ့နေ့မှာ အမျိုးသမီးအမရဲ့မိသားစုအဖြစ် မှတ်ပုံတင်တဲ့အခမ်းအနားလေးတစ်ခုလုပ်ပါတယ်။

လဝကမှာတော့မဟုတ်ပါဘူး။သူတို့အိမ်ရဲ့ဘုရားခန်းထဲမှာပါ။ဘုရားရှေ့မှာလည်းမဟုတ်ပါဘူး၊ထုံးစံအတိုင်းဘုရားခန်းရဲ့ထောင့်လေးကအိမ်အပြင်မှာနေရာယူထားတဲ့

အိမ်တွင်းနတ်ရဲ့ရှေ့မှာပါ။ သူတို့မိသားစုအာလုံးကနတ်ကိုကန်တော့ကြပါတယ်။ကျွန်တော်ကဒါကိုမနှစ်သက်ပေမဲ့ ဝင်တော့ထိုင်ပေးပါတယ်။မကန်တော့ပါဘူး။

သူတို့က အတင်းကန်တော့ခိုင်းပါတယ်။ကျွန်တော်နတ်ကိုမကန်တော့ပါဘူးအရှေ့မှာတော့ထိုင်ပေးမယ်လို့ပြောလိုက်ပါတယ်။ အဲဒီကိစ္စ ကဘာဖြစ်သလဲဆိုတော့

နောင် ရန်ကုန်ကိုရောက်လို့ သူတို့အိမ်မှာတည်းရင် ကျွန်တော်တို့လင်မယားအတူမအိပ်ရဘူးတဲ့ဗျာ။ထူးဆန်းပါပေ့ဆရာတွတ်ရယ်။

အခုတော့ အဲဒီအိမ်မှာ အိမ်တွင်းမရှိတော့ပါဘူး၊မယားညီအကိုလည်းရဟန်းဝတ်သွားပါတယ်။ဘုရားကိုပဲကိုးကွယ်ကြပါတော့တယ်။

စကားလမ်းကြောင်းတွေလည်းချော်ကုန်ပါပြီ။မောင်တင့်တယ်ဟာ။အိမ်အရှေ့ကနေ အိမ်အတွင်းထဲရောက်၊အိမ်အတွင်းကနေ အိပ်ခန်းထဲရောက်၊

အိပ်ခန်းထဲကနေအိမ်ရှေ့ခန်းပြန်ရောက်နဲ့။အခုတော့အိမ်တော်တော်များများမှာမရှိတော့ပါဘူး၊ရှိတဲ့အိမ်တွေလည်းရှိနေပါသေးတယ်။

သူတို့ကမသိလို့ထားတာပါ။ကျွန်တော်ကြားမိတာတော့ မောင်တင့်တယ် နတ်စိမ်းဘဝမှာမရှိတော့ပါဘူး။ နတ်ပြည်ကိုရောက်သွားပါပြီ။

သိကြားမင်းကြီးခေါ်သွားတာပါ။နောင်နှစ်တွေမှာလူ့ပြည်ကိုပစ်ဖို့အတွက် သံပုဆိန်၊ကြေးပုဆိန်လက်နက်တွေစုဆောင်းဖို့ထုတ်လုပ်နေတဲ့

ပန်းပဲရုံတွေကို အုပ်ချုပ်ဖို့ အတွက်နတ်လက်နက်ထုတ်လုပ်ရေးစက်ရုံ အုပ်ချုပ်ရေးမှူးရာထူးကိုရရှိသွားပါကြောင်း။     ။

 

 

8 comments

  • ကြောင်ကြီး

    October 10, 2011 at 12:14 pm

    သိကြားသာသနာဆိုတာ သာသာနနှစ်ငါးထောင်နောက်ပိုင်းကို ပြောတာမဟုတ်ပါဘူး။ အခုရောက်နေတဲ့ သာသာနာတဝက်ကျိုး ဒုတိယနှစ် နှစ်ထောင့်ငါးရာကို ပြောတာပါ။ အဲဒီနှစ်ထောင့်ငါးရာစီမှာ ပထမနှစ်ငါးရာသည်ပဲ ဝိပဿနာတရားထွန်းကားမယ်လို့ အစဉ်အလာ ယုံကြည်ကြပါတယ်။ (ထွန်းကားမယ်လို့ သုံးနှုန်းထားပါတယ်၊ ကျန်အချိန်များမှာ ညှိုးမှိန်နေတယ် ဆိုတဲ့သဘောပါ)။ သာဓကအားဖြင့် ရှေးခေတ်မြန်မာဘုန်းကြီးကျောင်းတွေမှာ ဝိသုဒ္ဓိမဂ်လိုစာအုပ်များ ကျမ်းအိပ်ကြီးများအဖြစ် ဘီရိုထဲမှာ သီတင်းသုံးနေတာကို မြင်နိုင်ပါတယ်။ သာသနာ ပထမနှစ်ငါးရာလွန်ပြီးနောက် သမထ၊ သီလ၊ ဒါန၊ ပရိယတ္တိဆိုပြီး အစဉ်လိုက်သွားတယ်လို့ ပြောစမှတ်ရှိပါတယ်။ (ကျမ်းလာတော့ ဟုတ်ပုံမရပါ၊ သို့ပေမဲ့ အဲသည်လိုပဲ ဖြစ်ပါတယ်)။ အခုခေတ် သာသနာ (၂၅၀ဝ – ၃၀၀၀) အတွင်းမှာ မိုးပြာမကလို့ စကိုင်းဘလူပဲလာလာ၊ သဂျီးမကလို့ မြို့ပိုင်ပဲရှိရှိ ဝိပဿနာတရားများ ထွန်းကားပါမယ်၊ တရားထူးများ ရကြပါမယ်၊ သံဃာစစ်သံဃာမှန်များ (အရိယာများကိုဆိုလိုသည်) ပေါ်ထွန်းပါမယ်။ အဲဒီကာလလွန်သွားရင်တော့ သာသနာပထမပိုင်းမှာလိုပဲ သာသနပတရားများ ရှေ့ရောက်လာပြီး နောက်ဆုံး သာသနာကွယ်ပါမယ်။ အဲဒီအခါကျရင် ကိုယ့်လက်ညှိုးမှာ သင်္ကန်းစပတ်ပြီး သံဃာအမှတ်နဲ့ ရှိခိုးရမယ်လို့ စကားရှိပါတယ်။ သိကြားသာသနာဆိုတာ အဲဒီအယူအရ ပထမသာသနာခေတ်နဲ့ လုံးဝကွဲပြားခြားနားနေတဲ့ ခေတ်ယဉ်ကျေးမှု ထုံးတမ်းစရိုက် ပတ်ဝန်းကျင်များဖြစ်နေတဲ့ သာသနာဒုတိယပိုင်းမှာ ပေါ်လာတာပါ။ စိတ်ကူးရှိသလို တွေးနိုင်ပါတယ်။ ကျနော်လည်း ကိုယ်ကြိုက်သလို တွေးပါတယ်။ အချို့ကလည်း တရားကိုကျင့်သုံးသူများရှိသ၍ ဘုရားသာသနာ မကွယ်ပျောက်လို့ ပြန်လည်ချေပကြပါတယ်။ ဟုတ်ပါလိမ့်မယ်၊ သို့သော် အတိတ်ဖြစ်ရပ်များအရရော၊ လက်ရှိအနေအထားအရပါ သာသနာနှစ်ငါးထောင်ထက် ကျော်လွန်တည်ရှိဖို့ရာ လွန်စွာဖြစ်နိုင်ချေနဲ ပါကြောင်းကိုယ်ပိုင်ယူဆပါတယ်။ ဒါဆို သာသနာငါးထောင်နှစ်ခံမယ်လို့ ဘာလို့ယူဆသလဲဆိုရင် ကံဆိုတာယုံလို့ပါ။ ပြုခဲ့တဲ့ကံကို ဘယ်သူမှ ဖျက်လို့မရပါဘူး။ သာသနာနဲ့ကြုံဖို့ကံပါလာသူများအတွက် သာသနာတည်ပေးရအုံးမယ်လို့ ယုံကြည်ပါတယ်။ သို့သော် သာသနာ့အမွေရမရကတော့ ကံ၊ ညဏ်၊ ဝီရိယတို့နဲ့လည်း ဆိုင်အုံးပါမယ်။ ဓမ္မတာအမှု ဒါန၊ သီလ၊ သမထကုသိုလ်တွေနဲ့ပဲ ပြီးသွားကြမလား၊ သာသနာ့အမွေ ဝိပဿနာညဏ်များ ယူသွားကြမလား ကာယကံရှင်များ ဆုံးဖြတ်ကြဖို့ ရှိပါတယ်။

  • ပေါက်ဖော်

    October 10, 2011 at 12:40 pm

    သံတိုသံစ ဝယ်တဲ့ ဆာမိကို..နတ်ပြည်ပို ့ဦးမှပဲ..
    စက်ရုံမှုး မောင်တင့်တယ် တို ့နားမှာ….အဝယ်ဒိုင်သွားဖွင့်ခိုင်းရအောင်..

  • koyinmaung

    October 10, 2011 at 3:15 pm

    မောင်တင့်တယ်ညီမအချေားအလှလေးကရော
    သကြားမင်းကြီးများတော်ကောက်သွားသေးလား
    မောင်တင့်တယ်အကြောင်းတောင်သိနေတော့
    သူ ညီမအကြောင်းတော့သိမှာပေါ့နော်….
    ဆက်စမ်းပါအုံး….

  • ဆူး

    October 10, 2011 at 3:44 pm

    မိုးကြိုးနဲ့ ပတ်သတ်လို့ ကြားဖူးတာ တခုတော့ ရှိတယ်။
    ဧရာဝတီ တိုင်းထဲက ရွာ တရွာ နာမည်မေ့နေတယ်။ အဲဒီရွာမှာ မိုးကြိုးပြစ်ခံရပြီး သေတဲ့ လူ မောင်ဘယ်သူပေါ့.. သူအပြစ်မခံရခင် မိနစ်ပိုင်းအလိုမှာ သူနေတဲ့အိမ်အတွင်းကို မီးလုံး တခု ရောက်လာပါတယ်။ အိပ်ယာထဲမှာ အိပ်နေတဲ့ ကလေးက ဘာမှန်း မသိ ဘောလုံးသာသာ မီးလုံး တခု မြင်လိုက်လို့ လန့်ပြီး ကုတင်အောက်ဆင်းပြေးခဲ့တယ်။ မီးလုံးက ဘာမှ မထိမခိုက်ပဲ ပြန်ထွက်သွားပြီး မကြာခင်မှာ ထိုလူ ငါးမြှားနေတဲ့ ကမ်းစပ်ကို ပြစ်ချလိုက်တာ ထိုလူ သေပါကောလား။
    ဟုတ်မဟုတ်တော့ မသိပေမဲ့ အဲလိုမျိုးတော့ မကြာခဏ ကြားဖူးတယ်။ ပြစ်ချင်တဲ့ လူနောက်လိုက်တယ်တဲ့ ကွယ်.. လိမ်လိမ်မာမာနေကြ.. မလိမ်မာရင် အိမ်ထဲနေတာတောင် မလွတ်ဘူးတဲ့..

  • ရွှေဘိုသား

    October 10, 2011 at 4:26 pm

    မောင်တင်.တယ် နတ်ပြည်ရောက်နေပြီလား သတိရတယ်လို. ပြောလို်က်ပါအုံး

  • windtalker

    October 23, 2011 at 6:49 pm

    အခုမှ ကိုကြောင်လေး စာကို ဖတ်ဖြစ်တယ်
    ဖတ်လို ့ကောင်းလိုက်တာ ဗျာ
    စကားမစပ် ပေါက်ဖော် ဆီမှာ
    ဘီယာသံဘူးခွံတွေ များနေပြီတဲ့ဗျို ့

  • small cat

    October 24, 2011 at 5:24 am

    ကိုပေရေမောင်တင့်တယ်က ပန်းပဲဆရာဗျ၊ပန်းတင်းဆရာမဟုတ်ဘူး၊ဘီယာဘူးခွံက မီးခွက်လုပ်တဲ့သူတွေအသုံးတည့်လိ်မ့်မယ်။ မီးခွက်ဆိုလို့သတိရတယ်၊ကျွန်တော်တို့မြို့က
    ပတင်းတန်းထဲကိုရောက်သွားဖြစ်တော့ ဆိုင်တွေမှာရေနံဆီမီးခွက်တွေအများကြီးတွေ့တော့
    ကျွန်တော် အရမ်းအံ့ဩသွားတယ်၊ဒီမီးခွက်တွေ သုံးကြသေးသလားလို ့မေးလိုက်တော့ တောတွေမှာသုံးရသေးတယ်တဲ့ ဆိုင်တစ်ဆိုင်တစ်ဆိုင်က တနှစ်ကိုမီးခွက်သောင်းနဲ့ချီပြီးရောင်းရသေးတယ်တဲ့ဗျာ။

    ရွှေဘိုသားရေကြောင်လေးနတ်ပြည်ကိုရောက်ရင် ပြောလိုက်ပါ့မယ်။

    ဆူးရေ အမေရိကားက ပစ်မှတ်ကိုလိုက်တဲ့ ဒုံးကျည်နည်းပညာတွေဟာ သကြားမင်းရဲ့နည်းပညာပါ။နတ်သားတစ်ရောက်က ခိုးပြီးအမေရိကားကိုရောင်းလိုက်တာပါ။

    ကိုရင်မောင် မောင်တင့်တယ်မှာ ညီမနှစ်ယောက်ရှိတယ်တော့ပြောတယ်၊ ဘုရင်နဲ့ပတ်သက်နေတော့သိပ်ပြီးစပ်စပ်စုစုမလုပ်ဖြစ်တော့မသိတော့ပါဘူး။

    ကိုပေါက်ဖော် အဲဒီအကြံမဆိုးဘူး၊ နတ်သားတွေလဲ လစ်ရင်ထုမှာပဲ။

    ဦးကြောင်ကြီးရေ ကျွန်တော်အမှတ်လွဲမှားနေတာလေးရှင်းပြပေးတာ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

  • ဆူး

    October 24, 2011 at 10:22 am

    သီတဂူ တရားမှာတော့ မောင်တင့်တယ် ညီမ နှစ်ယောက် ရှိတာ တယောက်က သုံးပန်လှ ဖြစ်ပြီး သုံးပန်လှ သမီးကတော့ မနှဲလေး ဖြစ်ပါတယ်လို့ ကြားမိပါတယ်။ မောင့်တင့်တယ် ရဲ့ ညီမ ကို သဘောကျရင် မနှဲလေး ပထွေး တော့ ဖြစ်လာမလား တွေးမိတယ်။

Leave a Reply