အမျိုးသမီးနှင့် နိုင်ငံတော်တည်ဆောက်ရေး – ခင်မမမျိုး

kaiOctober 10, 20111min826
ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နိုင်ငံတိုင်းမှာ စစ်ရေးနည်းနဲ့ပဲဖြစ်ဖြစ်၊ တော်လှန်ရေးနည်းလမ်းနဲ့ပဲဖြစ်ြ
ဖစ်၊ ပြည်ပကူညီဝင်ရောက် ဖြေရှင်းပေးမှုကြောင့်ပဲဖြစ်ြဖစ်၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာမှု ကြောင့်ပဲဖြစ်ဖြစ် ပဋိပက္ခတွေ ပြေလည်ပြီးတဲ့အခါ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးကို ပြုလုပ်ရပါတယ်။ ဒီလိုပြုလုပ်တဲ့အခါမှာ နိုင်ငံတော်တွင်းမှာမှီတင်းနေထိုင်ကြတဲ့ ပြည်သူအားလုံးရဲ့ လုံခြုံရေး၊ တရားဥပေဒေစိုးမိုးရေး၊ တန်းတူညီမျှ အခွင့်အရေး ရရှိရေး၊ လူနေမှုဘဝ တိုးတက်သာယာရေး စတာတွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာြဖစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လူဦးရေရဲ့ တဝက်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးများအရေးကိုလဲ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတော်ပြုပြင်တည်ဆောက်ရေးမှာ အမျိုးသမီးများအရေးကို ဆောင်ရွက်ကြတဲ့အခါ ကဏ္ဍသုံးမျိုးကို ဦးစားပေးတည်ဆောက်ဖို့ လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုထားကြပါတယ်။

ပထမကဏ္ဍကတော့ အမျိုးသမီးများနဲ့ အမျိုးသားများအကြားက တန်းတူညီမျှမှုမရှိတဲ့ အခွင့်အရေးတွေ၊ ပညာရေးနဲ့ အရင်းအမြစ်တွေ၊ အာဏာခွဲဝေမှုပုံစံတွေကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးများ အင်တိုက်အားတိုက် ပါဝင်လာနိုင်အောင် လမ်းကြောင်းပြ ကူညီရေးဖြစ်ပါတယ်။ အမျိုးသမီးရဲ့ နိုင်ငံရေးဦးဆောင်ပါဝင်မှု အခွင့်အလမ်းတွေ၊ ပိုင်ဆိုင်မှု အခွင့်အလမ်းတွေ၊ ကန့်သတ်ဖယ်ရှားမှု လုံးဝမရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ အိမ်တွင်း အကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှုမျိုးစုံကနေ ကင်းဝေးရေး အခွင့်အလမ်းတွေကို အမျိုးသမီးများ အားလုံး ရရှိခံစားနိုင်ဖို့ အရေးကြီးလှပါတယ်။ ဒီလိုအခွင့်အလမ်းတွေရမှာလဲ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးမှာ အမျိုးသမီးများအားလုံး အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ နိုင်ငံတွေအလိုက် ပဋိပက္ခများ ဖြေရှင်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတော်သစ် ပြုပြင်တည်ဆောက်ရေးကို အကောင်အထည်ဖော်ခဲ့ကြတဲ့ တောင်အာဖရိကနိုင်ငံနဲ့ တချို့ အာဖရိကနိုင်ငံများမှာ လွှတ်တော်အမတ်တွေရဲ့ ရာခိုင်နှုန်း (၂၀) ခန့်ဟာ အမျိုးသမီးများ ဖြစ်ရမယ်ဆိုတဲ့ အမျိုးသမီးများနိုင်ငံရေး ဦးဆောင်ပါဝင်ခွင့်ကို သတ်မှတ်ခဲ့တာတွေရှိပါတယ်။ အရှေ့တီမော နိုင်ငံမှာကျတော့ ကုလသမဂ္ဂ အကူအညီနဲ့ စွမ်းရည်မြင့်မားတဲ့ အမျိုးသမီးများကို ရွေးချယ်လေ့ကျင့်ပြီး၊ ရွေးကောက်ပွဲမှာ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြုလုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာ အရှေ့တီမောနိုင်ငံရဲ့ လွှတ်တော်အမတ် (၂၆) ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးများ ဖြစ်လာခဲ့ပါတယ်။ ရဝမ်ဒါနိုင်ငံရဲ့ လွှတ်တော်အမတ် (၄၉) ရာခိုင်နှုန်းကိုလဲ အမျိုးသမီးများက ကိုယ်စားပြုနေပါတယ်။

နိုင်ငံရေးဦးဆောင်မှုမှာတင် မဟုတ်ပဲ အမျိုးသမီးများရဲ့ ပိုင်ဆိုင်မှုအခွင့်အလမ်း၊ အမွေဆက်ခံမှု အခွင့်အလမ်းတွေကို တန်းတူညီမျှရှိစေမယ့် ဥပဒေတွေ ပြဌာန်းနိုင်ဖို့ကလဲ အရေးကြီးလှပါတယ်။ ဥပဒေအကြောင်းအရာများနဲ့ ပတ်သက်ပြီး၊ အမျိုးသမီးများနားလည်စေရေး၊ တဦးချင်း အခွင့်အလမ်းများကို သိရှိတောင်းဆိုတတ်စေရေးအတွက် လိုအပ်တဲ့ သင်တန်းများကိုလဲ ဖွင့်လှစ်ပို့ချပေးဖို့ လိုအပ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အမျိုးသမီးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို စောင့်ရှောက်ကာကွယ် ပေးနိုင်မယ့် အလုပ်သမားဥပဒေတွေလဲ ရေးဆွဲ ချမှတ်ပေးဖို့ လိုအပ်လှပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူတဦးချင်းစီရဲ့ ဝင်ငွေတိုးတက်မှုက အရေးကြီးတာကြောင့် အမျိုးသမီးတွေရဲ့ ဝင်ငွေတိုးတက်မှ နိုင်ငံတော်ရဲ့ စီးပွားရေးလဲ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံး အချက်တချက်ကတော့ အမျိုးသမီးများအားလုံး အကြမ်းဖက်ခံရမှုကနေ ကင်းဝေးဖို့ဖြစ်ပါတယ်။ ပဋိပက္ခတွေပြီးဆုံးသွားတဲ့အခါမှာ နိုင်ငံတော် အကြမ်းဖက်မှုတွေ၊ မုဒိမ်းပြုကျင့်မှုကို စစ်ပွဲသုံးလက်နက်အဖြစ် အသုံးပြုမှုတွေ ရပ်စဲသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအလေ့အထတွေနဲ့ ယဉ်ပါးခဲ့သူတွေဟာ တဦးနဲ့တဦး လေးလေးစားစား ဆက်ဆံရမယ်ဆိုတဲ့ လူ့အဖွဲ့အစည်းသစ်နဲ့ အံဝင်ဂွင်ကျ မနေနိုင်လာတဲ့အခါမှာ နီးစပ်ရာမိသားစုတွေအပေါ်မှာ အနိုင်ကျင့်နှိပ်စက်မှုတွေ ပြုလုပ်လေ့ရှိကြောင်း နိုင်ငံတကာ ဖြစ်ရပ်များမှာ တွေ့ရှိရပါတယ်။ တချို့ကျတော့လဲ အမျိုးသမီးတွေကို နှိပ်စက်အနိုင်ကျင့်မှု၊ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေဟာ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ရာဇဝတ်မှု မြောက်တယ်ဆိုတာကို နားလည်သိရှိခြင်း မရှိပါဘူး။ ဒါကြောင့် နိုင်ငံတော်သစ်မှာ အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ ဥပဒေများကို ချမှတ်ဆောင်ရွက်ရမှာဖြစ်သလို၊ တဘက်ကလဲ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနဲ့ပတ်သက်တဲ့ ပညာပေး အစီအစဉ်များကိုလဲ ပြုလုပ်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးများအရေးကို ထည့်သွင်းဆောင်ရွက်တဲ့အခါ ပါဝင်ရမယ့် ဒုတိယ ကဏ္ဍတခုကတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒများ ချမှတ်ရေးမှာ အမျိုးသမီးများ ပါဝင်ခွင့်ရှိရေးပဲဖြစ်ပါတယ်။ နိုင်ငံသစ်တည်ဆောက်ဖို့ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ အစိုးရအသုံးစရိတ်ခွဲဝေမှု၊ ကုန်သွယ်ရေး၊ ဈေးနှုန်း၊ ပြည်သူပိုင်လုပ်ငန်းများကို စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းပေးမှု၊ ပြည်သူ့ဝန်ထမ်းလျှော့ချမှုစတာေတွ သင့်လျော်သလို ပြုလုပ်ရပါတယ်။ ဒီလိုပြုလုပ်တဲ့ အခါမှာ အမျိုးသမီးများပါဝင်ဆောင်ရွက်ခွင့်ရှိမှသာ အမျိုးသမီးအခွင့်အလမ်းအတွက် အရေးကြီးတဲ့ တန်းတူညီမျှမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမှု ရှိဖို့တွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဥပမာဆိုရင် နိုင်ငံတော်ပြုပြင် တည်ဆောက်မှုမှာ အသေးစားငွေချေးစနစ်ဟာ အရေးပါတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားမှုတွေ၊ စစ်ပွဲတွေပြီးဆုံးသွားတဲ့အခါတိုင်း အရင်အစိုးရဟောင်းရဲ့ စီးပွားရေးမူဝါဒတွေ ကြောင့်ပဲဖြစ်ဖြစ်၊ စစ်ပွဲတွေကြောင့်ပဲဖြစ်ဖြစ်၊ ပြည်သူလူထုမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အရင်းအနှီး မရှိပဲ ဖြစ်နေတတ်ပါတယ်။ အစိုးရသစ်ဟာ ပြည်သူလူထုကို ရင်းနှီးလုပ်ကိုင်ဖို့ ငွေကြေးအရင်းအနှီးနဲ့ နည်းပညာတွေ ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ဒီအတွက် ငွေချေးစနစ်နဲ့ ငွေကြေးအရင်းအနှီးများ ထုတ်ချေးတဲ့အခါ အမျိုးသားနဲ့ အမျိုးသမီးတွေအားလုံး တန်းတူညီမျှ ချေးငွေတွေရနိုင်ဖို့ လိုအပ်လှပါတယ်။

တခါ နိုင်ငံသစ်တည်ဆောက်တဲ့အခါမှာ DDR လို့ အတိုကောက်ခေါ်လေ့ရှိတဲ့ demilitarization, demobilization, re-integration အစီအစဉ်ကို အသုံးပြုပြီး၊ ပဋိပက္ခဖြစ်စဉ်မှာပါခဲ့တဲ့ စစ်သားတွေ၊ လက်နက်ကိုင်တော်လှန်ရေး သမားတွေရဲ့ ပြန်လည်ထူုထောင်ရေး၊ နိုင်ငံသစ်တည်ဆောက်ရေးမှာ လူ့အဖွဲ့အစည်းနဲ့အတူ လက်တွဲပါဝင် လာနိုင်ရေးတွေ အတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်တဲ့အခါမှာ အမျိုးသားစစ်သားတွေသာမက အမျိုးသမီး မိသားစုတွေအတွက်ပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှ ပါတယ်။

နိုင်ငံတော်ပြုပြင်တည်ဆောက်ရေးမှာ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ နောက်ထပ် ကဏ္ဍကြီးတခုကတော့  မိသားစုတွင်းအာဏာကြီးစိုးမှု၊ ပြဿနာတွေကို ဦးနှောက်နဲ့ မဖြေရှင်းပဲ ရိုက်နှက်တိုက်ခိုက် အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းတတ်မှု၊ ရန်လိုတဲ့စိတ်တွေနဲ့ တိုက်ခိုက်ရေး စိတ်ကြီးမားမှုတွေအပေါ်မှာ အခြေခံထားတဲ့ လူ့အဖွဲ့အစည်းတွေကို ပူးပေါင်း ဆောင်ရွက်မှု၊ ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းမှုနဲ့ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုတွေအပေါ်မှာ အခြေတည်တဲ့ လူ့အဖွဲ့အစည်းတွေအဖြစ် ပြောင်းလဲနိုင်ရေးဖြစ်ပါတယ်။ ဒီလိုပြောင်းလဲနိုင်ဖို့အတွက် လူမှုအရင်းအနှီးကို တည်ဆောက်ရပါမယ်။ ပဋိပက္ခတွေဟာ လူ့အဖွဲ့အစည်းကြားမှာ တဦးပေါ်တဦး အယုံအကြည်မဲ့မှုတွေ၊ နားလည်မှု လွဲမှားတာတွေကို ဖြစ်ပွားစေပါတယ်။ ဒီလိုနဲ့ ပဋိပက္ခတွေ ပြီးသွားတဲ့အခါမှာလဲ ဒါတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကျန်နေခဲ့ပါတယ်။ ဒါကြောင့် အတိုက်အခံဖြစ်ခဲ့သူတွေ၊ အတွေးအခေါ်မတူညီခဲ့သူတွေ၊ ရန်ဘက်ဟောင်းတွေ၊ လူ့အဖွဲ့အစည်းတွေ အကြားမှာ အချင်းချင်း နားလည်မှုနဲ့ ယုံကြည်မှုတွေကို ပြန်လည် တည်ဆောက်ဖို့ လိုအပ်ပါတယ်။ အညှိုးအတေးတွေ၊ လက်စားချေလိုစိတ်တွေ ကြီးထွားနေခဲ့ရင် နိုင်ငံတော်တည်ဆောက်ရေးမှာ အဟန့်အတားတွေ ထပ်ဖြစ်လာတတ်ပါတယ်။ ဒီလိုပြုလုပ်ဆောင်ရွက်တဲ့အခါမှာ တန်းတူညီမျှမှုနဲ့ အပြန်အလှန်လေးစားမှု၊ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်မှုတွေပေါ်မှာ အခြေခံတဲ့ မိသားစုတွေ၊ အမျိုးသမီး ပူးပေါင်းဆောင်ရွက်ရေးကွန်ယက်ေတွဟာ အရေးကြီးတဲ့ ယူနစ်တွေ ဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ကျွန်မတို့ မြန်မာနိုင်ငံမှာလဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့အခါ၊ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းဆောင်တာတွေကို မလွဲမသွေ ဝိုင်းဝန်းအကောင်အထည် ဖော်ကြရမှာ မလွဲမသွေပါပဲ။ ဒီလိုအကောင်အထည်ဖော်တဲ့အခါမှာ နိုင်ငံတော်ရဲ့ လူဦးရေ တဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများအားလုံး အင်တိုက်အားတိုက် ပါဝင်နိုင်ခွင့်ရရေး၊ တန်းတူညီမျှမှုနဲ့ အပြန်အလှန်လေးစားမှုအပေါ်မှာ အခြေတည်တဲ့ လူ့အဖွဲ့တရပ်ပေါ်ပေါက်လာနိုင်ရေးဟာ အလွန်ပဲ အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (၁၊ ၂၊ ၂၀၁၀)

(ချိုးလင်းပြာ မဂ္ဂဇင်းအတွက် ရေးသားခဲ့သော စာမူဖြစ်ပါသည်)

6 comments

  • siamonone

    October 10, 2011 at 12:28 pm

    အမျိုးသမီး society .. ပျား အုံး .. 😛
    တချို့က .. the real god in the world – အမျိုးသမီး တဲ့ ..
    ကမာ္ဘ ကို တကယ်တမ်း လွှမ်းမိုးထားတာ Women တဲ့ ..
    ကျွန်တော့်ကို လွှမ်းမိုးနေတာ .. အမေ ..
    ကျွန်တော် စာကျက်ရင် စာရှင်းပေးတာ လည်း ဆရာ”မ” ဆရာတွေကို စာရှင်းခိုင်းလို့မရဘူး ဗျ ..
    ကျွန်တော် ချစ်တာကလည်း ကောင်မလေးတွေ ..
    ကျွန်တော့် အတွက်တော့ God is the girl ဆိုတာ မှန်တယ်ဗျာ .. မိတ်ဆွေတို့ရော .. ?

  • windtalker

    October 10, 2011 at 12:43 pm

    မိန်းမလှကျွန်း ဆိုတာကိုတော့ ကြားဖူးတယ်ဗျ
    မိန်းမလှ လေးတွေ ချည်းပဲ နေကြတာဆိုလို ့
    အရမ်းရောက်ဖူးချင်တာပဲ ဗျို ့

  • thit min

    October 10, 2011 at 1:56 pm

    ကုလသမဂ္ဂ ကြီးကတော့ ၂၀၁၅Millennium Development Goals အမှတ်သုံးမှာအမျိုးသမီးတန်းတူအခွင့်အရေးနဲ့လုပ်ပိုင်ခွင့်
    များပေးရေးဆိုတာကြီးတော့ပါတာဘဲ။သိတော်မူကြတဲ့အတိုင်းသူကလဲပြောပြောနေတာပါပဲလေ။

    ကိုယ်နိုင်ငံနဲ့သင့်တော်တဲ့အလုပ်ကလေးတွေရှိပါတယ်။ပေါ်လစီမိတ်ကာနဲ့ လုပ်ပိုင်ခွင့်လေးတွေရှိဘို့ပဲလိုတာပါ။
    Bangladesh နိုင်ငံမှာ Micro finance ဆိုပြီး အိမ်ရှင်မတွေကိုငွေချေးပေးပြီး အလုပ်လုပ်ခိုင်းတဲ့ စီမံကိန်းလိုဟာမျိုးပေါ့။

    အမှန်တကယ်တော့အရှေတောင်အာရှနိုင်ငံတော်တော်များက အမျိုးသမီးတန်းတူအခွင့်အရေးရရှိမှု နဲနေသေးတာကတော့အမှန်ပါပဲ။
    အိမ်ထောင်တခုမှာ ငါ့အလုပ်မင်းမသိပါဘူးကွာ ဆိုတဲ့ လင်ယောက်ျားတယောက်ရဲ့ ကိုယ်မိန်းမကိုပြောတဲ့လေသံမျိုးက အစပေါ့။တတိုင်းပြည်လုံးအတိုင်းအတာ (Macro level transform) မလုပ်ခင် မိသားစုတခုချင်းစီ (Individual household transform) ကိုအရင်လုပ်သင့်ပါတယ် ။အဲဒီအချက်ကိုမလုပ်နိုင်သေးသ၍ ငုတ်လျှိုးလုပ်အား (underemployment) ကိုဖြစ်စေပြီးထုတ်လုပ်မှုနဲ့ဝင်ငွေကိုကျဆင်းစေတာပေါ့နော်။
    ပထမဆုံးကပွင့်လင်းမြင်သာမှု နည်းတဲ့မြန်မာ့Society ကိုအရင်ပြောင်းလဲဘို့လိုပါတယ်လို့ထင်ပါတယ်။
    ပြောရရင်ပွင့်လင်းမြင်သာမှု(transparency)ဆိုတာ မိသားစုထဲမှာတောင်အားနည်းလို့နေတာပါ။ အိမ်ထောင်ရှင်က ကေတီဗီကာရာအိုကေမှာ ပန်းကုံးစွပ်နေတာ ကိုယ်ရှာတဲ့ငွေဆိုပေမဲ့မိသားစုပိုင်(အများပိုင်)ငွေကြေးကို အလွဲသုံးစားမှုပါပဲ။ကိုယ်ကျိုးသုံးစွဲမှုပါပဲ။ အဲဒီကစပြီးပြင်ရမှာပါ။ တန်းတူအခွင့်အရေးပေးဆက်ဆံဖို့ ခက်နေမှာပါလား? ခေါက်ရိုးကျိုးနေတာနော်။
    အဲဒါမလို့ တဦးချင်းတအိမ်ထောင်ချင်းစီ ကနေပြုနိုင်တာကစရမယ်လို့ပြောတာပါ။
    လုပ်ပိုင်ခွင့်ရှိတဲ့ အာရှနိုင်ငံတွေရဲ့စာရင်းဇယားတွေအရနိုင်ငံတော်အဆင့်နဲ့ လုပ်ပိုင်ခွင့်ပေးထားတာတောင် ၃ အချိုး ၁ ကအမြင့်ဆုံးရှိတဲ့နိုင်ငံက တကဲ့ကိုနည်းလှပါတယ်လေ။

  • ရွှေအိမ်စည်

    October 10, 2011 at 4:33 pm

    အမျိုးသမီးဆိုသည်မှာလည်းလူ။
    အမျိုးသားဆိုသည်မှာလည်းလူ။
    နေရာတကာ ယောက်ျား နှင့်မိန်းမဆိုသည် မရှိ။
    လူ့ဘောင်တွင် လူတွေက လူ့လုပ်ငန်းများ လုပ်ဆောင်ရင်းဖြင့် ချီတက်နေခြင်းဖြစ်သည်ဆိုခြင်းက လူသားသမိုင်း တစ်ခေတ်ကို ဆန်းသစ်စေခဲ့သည်ကတော့ အမှန်ပင်။

    ********

    အမျိုးသမီးများ သည် အမျိုးသားများ နှင့်ကွာခြားချက်မှာ ခန္ဓာကိုယ်အချိုးအစား၊
    ဟန်ပန်အနေအထားနှင့် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းတို့သာဖြစ်နိုင်ခြေရှိသည်။

    ယင်းအချက်သည် အဓိကကျသည့်အချက်ဖြစ်ပြီး ယောက်ျားထက် မိန်းမက သာလွန်သည့် အချက်ပင်ဖြစ်ရမည်လို ့ထင်မိတယ်။

    ဒီလိုကွာ ကွာခြားချက်ကြောင့် နိမ့်ကျမှုမဖြစ်စေရ။

    အမျိုးသမီးတို့၏သဘာဝသည် အားနည်းချက်မဟုတ်။

    အားနည်းသည်ဟူ၍ မယူဆသင့်ပါ။

    တန်းတူညီမျှအမျိုးသမီးဝါဒဖြင့်သာရှေ ့သို ့ချီတက်စေလိုပါကြောင်း………
    ရောင်နီလာပါပြီ…မဝေးတော့ပါဟုသာ…

  • ma ma gyi

    October 11, 2011 at 8:53 pm

    ရွှေအိမ်စည် ပြောတာကို အပြည့်အဝ ထောက်ခံပါကြောင်း

  • siamonone

    October 13, 2011 at 4:56 pm

    အမျိုးသမီး ရေးရာမဖွဲ့ရင်လည်း အမျိုးသမီးတွေက ထိပ်ဆုံးမှာပါဘဲ ..
    စဉ်းစား ကြည့် .. ဘုရင်က တိုင်းပြည်ကိုအုပ်ချုပ်တယ်နော် .. ဒါပေမယ့် .. နောက်ဆုံး ဘုရင် မရဲ့ ဩဇာကိုတော့ခံရတာပါဘဲ .. ! .. အရမ်းကိုခေါင်းဆောင်ကောင်းတဲ့ .. လူတစ်ယောက်ရှိတယ်ဘဲထားပါတော့ .. ဒါပေမယ့် သူလည်း အိမ်ရောက်ရင် မိန်းမရဲ့ အောက်မှာပြားပြားဝပ်သွာမှာအမှန်ဘဲ ဗျို့ …

Leave a Reply