တရားခံရှာကြမယ်။

who whoOctober 10, 20111min662

ကျနော့ဘဝရဲ့ လက်ရှိအချိန်တွေကို ပိုင်းကြည့်လိုက်တော့ အချိန်က အလွန်နည်းလှသည်။ နက်ဖြန်ဆိုတာ မသေချာပေ။ အသေချာဆုံး လက်ရှိ အချိန်ကို သစ္စာသိအောင် ကြိုးစားဖို့သာ အရေးကြီးလှသည်မလား။ အင်း… ခက်တော့နေပါပြီ။ နေ့စဉ် ကျင်လည် လှုပ်ရှား ရုန်းကန်နေရတဲ့ အလုပ်တို့က တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပေါ်ပေါက်နေပါပြီ။ ကျနော်ပိုင်းခြားထားတဲ့ တစ်နေ့တာ အချိန်ဇယားကလည်း ပေါ်လာတဲ့ အရေးကိစ္စတွေနောက် မလိုက် နိုင်ရှာတော့ပေ။ ဘယ်မလဲ ကျနော့ရဲ့ ကိုယ်ပိုင်အချိန်။ သစ္စာလေးပါး အမှန်တရားကို သိအောင် မြင်အောင် ပွားများအားထုတ်ဖို့ အခွင့်အရေးတွေကို လိုက်ပြီး ပိတ်ပင်နေသော ရန်သူကတော့ ကျနော့အနီးမှာ သေချာပေါက် ရှိနေ ပါပြီ။
ဒီနေ့တော့ဖြင့် လုပ်စရာအလုပ်တွေကို လွတ်ထားလိုက်ပြီးမှ ရန်သူ ကို တွေ့အောင်ရှာရပေတော့မည်။ အင်း ကျနော်တို့ကို နေ့စဉ် အလုပ်တွေနဲ့ သာ ရှုပ်နေဖို့ ဖန်တီးပေးထားတဲ့ ရန်သူက မည်သူပါနည်း။ သစ္စာသိဖို့ အားထုတ်ဖို့ လမ်းတွေကို ပိတ်ဆို့လို့ အချိန်ပြည့် ခိုင်းစေနေသော တရားခံ ရန်သူကား ဘယ်သူပါနည်း။ ကျနော်သိမှကို ဖြစ်ပေတော့မည်။
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီးကို သေချာ စေ့စေ့ကြည့်လို့ ရှာဖွေမိပါပြီ။ အော် လွန်လေပြီးသော အတိတ်တုန်းကလည်း သစ္စာမသိအောင် သိခွင့်မရ အောင် အမျိုးမျိုး လှည့်ခိုင်းတာခံခဲ့ရလို့ ခုလို သစ္စာ မသိတဲ့ အခြေအနေနဲ့ ဘဝ တစ်ခုကို ရခဲ့ရပြီ။ ခုရထားတဲ့ လက်ရှိဘဝမှာလည်း ဒီလိုပဲ အားထုတ်ခွင့် တွေ မရအောင် အလုပ်တွေနဲ့ လုံးလည်လိုက်နေအောင် လှည့်ပေးနေတာခံ နေရပြန်ပြီနော်။ အဲလိုနဲ့သာ သေသွားပြန်ရင်တော့ နောက်ဘဝဘဝတွေမှာ လည်း ကျွဲဖြစ်ဦးမလား။ နွားဖြစ်ဦးမလား။ ခွေးပဲ ဖြစ်မလား ။ မသိနိုင်ပဲနဲ့သာ ဆို ကျနော်တော့ သွားပါပြီ။ လည်ပေဦးတော့ သံသရာမှာ ဘဝစုံစွာ ကပေဦး ပေါ့နော်။
တော်ပြီ။ နောက် နောက်ဆိုတဲ့ မသေချာတဲ့ ဘဝတွေထက် အခုလို သေချာတဲ့ ဘဝမှာပဲ သစ္စာသိဖို့ ကြိုးစားပါတော့မယ် ဆိုပြန်တော့ အားချိန် မရအောင်ကိုပဲ ဆက်တိုက် အလုပ်တွေနဲ့ ရှုပ်စေပြန်ပါတယ်။ ဒီတစ်ခုတောင် မပြီးသေးဘူး။ ဒါပြီးရင် ဘာလုပ်ရဦးမယ်ဆိုတာက တွန်းပို့ပြန်ပါပြီ။ အင်း….ဒီ နေ့တော့ ဒီတွန်းပို့တဲ့ တရားခံကို ရှာမှပဲရယ်လို့ ဆုံးဖြတ်မိတာကြောင့် သူ့ကိုမှ မတွေ့ရရင်တော့ သူခိုင်းတာလည်း မလုပ်ဘူးကွာ ဆိုပြီး ခပ်ပေပေနေရ ပေ တော့တယ်။ အင်း…အဲလိုကျတော့မှ ခေါင်းပြူထွက်လာပါပြီ။ ရန်သူကလေ။ သူခိုင်းတာ မလုပ်ရကောင်း လားဆိုပြီး။ သံသရာဝဲဂယက်ထဲကနေ မြုပ်အောင်၊ မျောအောင် လုပ်ဆောင်ပေးနေသော တရားက တခြားမှ မဟုတ်ပါပဲ။ အာသဝ ဆိုတဲ့ တရားပါလားလို့ ပေါ်လာရပါပြီ။
ဘယ်လိုသိလိုက်ရလဲဆိုတော့ မနက်မိုးလင်းလို့ မျက်လုံးဖွင့်လိုက် ကတည်းက အင်း ဒီနေ့ ရှာရ၊ ဖွေရ ၊ ရောင်းရ၊ ဝယ်ရဦးမယ်ဆိုတဲ့ အတွေးက အရင်ဆုံး ဝင်လာတာပဲမလား။ ဘယ်သူ့ဆီက ရစရာက ဘယ်လောက်၊ ဘယ်သူ့ဆီတော့ မမာတာ သွားမေးရဦးမှာပါလား။ ဘာလား။ ညာလား။ နဲ့ကို မပြီးနိုင်အောင် လုပ်စရာတွေက အစီလိုက်ကို တန်းနေပါပြီလေ။ အဲဒါတွေိကို သေချာ သရုပ်ခွဲချလိုက်တော့ အော်…ခုလို သားသမီးတွေအတွက်၊ မိသားစု အတွက်၊ မိတ်ဆွေတွေ အတွက် ဆိုတာတွေနဲ့ ပစ္စည်းဥစ္စာတွေအပေါ်မှာ တွယ်တာနေတာကိုက ကာမာသဝဆိုတဲ့ ရန်သူရဲ့ လက်စွမ်းတွေ ပြနေတာ ပါလားဆိုတာ ပေါ်လာရပါပြီ။ အင်း ရန်သူက တစ်ယောက်တော့ တွေ့ထားပါ ပြီ။ နောက်ထပ်များရှိဦးမလားလို့ ဆက်ရှာဖွေလိုက်ပါတယ်။
အင်း..တော်သေးတာပေါ့နော်။ တို့မှာ ဒီလို မိသားစုနဲ့ မပူမပင် မကြောင့်မကြ ၊ မတောင့်မတ နေနိုင်တဲ့ဘဝကို ရလာတာ ကံကောင်းလေစွ။ လို့ ထင်ယောင်မြင်ယောင်လာအောင် လက်ရှိဘဝကို တော်သေးရဲ့လို့ ကျေနပ်လာအောင်။ တနည်း ကိုယ်ရထားတဲ့ခန္ဓာကြီးဟာ ဒုက္ခခန္ဓာကြီးပါလား ဆိုတာကို မမြင်နိုင်အောင် အချိုသပ်လို့ အတွေးမှားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့ ရန်သူတစ်ယောက်ကို ရှာတွေ့သွားပြန်ပါတယ်။ သူကတော့ ဘဝါသဝ ပဲပေါ့။
အော်…ငါ့နှယ် အိမ်မှာလည်း ငါမရှိရင် မဖြစ်။ ငါမပါရင် မပြီး။ အရာ ရာ ငါရှိမှပါလားနော်။ လို့ရော တွေးမိအောင် ကြံဖန်ထားတာတွေကို အလိမ်ခံ ပြီး အဟုတ်ထင်ခဲ့လို့ပဲ ငါပါမှ ပြီးမယ်ဟဲ့ဆိုပြီး နေရာတကာ ပါလေရာလုပ်လို့ မအားရအောင် လှည့်ခိုင်းထားတဲ့ ရန်သူတစ်ယောက်ကို ထပ်ပြီး တွေ့ရပါပြီ။ အင်း…သူကတော့ ဒိဋ္ဌါသဝ ဆိုပါလား။ ဒါဆို ဒီ အာသဝတွေက တစ်အုပ်စုထဲ တစ်ဖွဲ့ထဲမို့ သူတို့ရဲ့ လှည့်ပတ်ခိုင်းတာကို ဒို့တွေ လိမ့်ခံနေရတာပါလား။ ဒါ တောင် ကံကောင်းလေစွလို့ အပြုံးမပျက် ပျော်ပျော်ကြီးနဲ့ ရန်သူရဲ့ အချိုသပ် ခိုင်းစေတာကိုပဲ အားရပါးရ မနားရအောင်တွေ လုပ်နေကြရတာပါလား ဆိုတာ တရေးရေး ရုပ်လုံးပေါ်လာရပါပြီ။ အော်…ကိုယ့်ကိုယ်ကိုတောင် သနားမိပါရဲ့။ အ လိုက်တဲ့အဖြစ်နှယ်။
တစ်နေ့ တစ်နေ့ ဒီအာသဝ သုံးပါးရဲ့ လက်ချင်းချိတ် လှည့်လိုက်တဲ့ လှည့်ကွက်တွေထဲ နေ့စဉ် လည်စင်းခံလို့ အဟုတ်ကြီးထင်ပြီး လျှာထွက် အောင် လုပ်လာခဲ့ရတဲ့ အချိန်တွေရယ်။ သစ္စာလေးပါး မြတ်တရားနဲ့ မနီးစပ် အောင် သိခွင့်မရအောင် အမျိုးစုံ ဖန်တီးလို့ မလွဲလွဲအောင် ဂွင်ဆင် ဖန်တီးပေး နေကြတဲ့ ဒီရန်သူသုံးယောက်ကိုတော့ဖြင့် ဒီတိုင်းထားလို့ မရတော့ပါဘူး။ သေချာဖမ်းလို့ စစ်ဆေးရပေဦးတော့မည်။ သူတို့ရဲ့ နောက်က ကြိုးကိုင် ထားတဲ့ ခေါင်းဆောင်ပါ မကျန်အောင် ဖမ်းမိမှ ဖြစ်မှာမို့ ဒီနေ့တော့ ဒီသုံးယောက်ကို သေချာလေး စောင့်ကြည့်လို့သာ သတိနဲ့ နေရပါတော့မယ်။
မှတ်ချက်။ ။ တရားကို်ယ်ကောက်သော် ကာမာသဝနှင့် ဘဝါသဝသည် လောဘ။
ဒိဋ္ဌါသဝသည် ဒိဋ္ဌိစေတသိတ်တွေပင်တည်း။
အော် ဒီကိလေသာ စေတသိတ်တွေဖြစ်တဲ့ လောဘနဲ့ ဒိဋ္ဌိကိုက ဒီစိတ်ကလေးကို အရောင်မျိုးစုံဆိုးလို့ ဒုက္ခဆင်းရဲနွံထဲနစ်အောင် လုပ်နေပါလားဆိုတာလေး သိလိုက်ရပါပြီ။

2 comments

  • blackchaw

    October 11, 2011 at 9:14 am

    ဒိဋ္ဌါသဝ ကတော့ ကျွန်တော် နဲ့ လတ်တလောတူနေပါတယ်။
    “ငါမရှိရင် မဖြစ်။ ငါမပါရင် မပြီး။ အရာ ရာ ငါရှိမှပါလားနော်။”
    ကိုယ့်ကိုယ်ကို အဲလိုကြီးကို ထင်နေမိတာဗျာ။
    နောက်ဆုံးကျတော့မှ ကိုယ်က အားလုံးခိုင်းလို့ရတဲ့ လူကြီးဖြစ်နေတာ သိရတော့တယ်။
    whowho ရေ။ ဖတ်ပြီး နားလည်သလောက်လေး မန်းလိုက်တာပါ။

    • whowho

      October 11, 2011 at 9:39 am

      အင်းဗျာ။
      ဒါပေမယ့် ဒီအာသဝ သုံးကောင်ကို ကြိုးကိုင်နေတဲ့ ခေါင်ချုပ်တော့ ရှိရမယ်ဗျ။
      သူတို့ခမျာလည်း ခေါင်းဆောင်းခိုင်းတာ တာဝန်ကျေအောင်ထမ်းနေရတာနဲ့တူပါရဲ့။
      သူတို့လည်း အလုပ်လေးဘာလေးနားခွင့်ရအောင် သူတို့ကို နောက်ကွယ်ကနေ ညွှန်ကြားခိုင်းစေ နေတဲ့ ဂိုဏ်းချုပ်ကြီးကို မြန်မြန်ဖော်ရတော့မယ်။ အဲဒီဂိုဏ်းချုပ်ကြီးကတော့ ဘယ်သူများဖြစ်မလဲဆိုတာ မကြာမီ…လာမည်….မျှော်လို့ စောင့်ဖတ်ကြပါစို့လား။

Leave a Reply