ဆီစာအုပ်တဲ့ စမတ်ကဒ်တဲ့ စမတ်မကျလိုက်ပုံများ

လင်းဝေOctober 10, 20111min1204

ဓါတ်ဆီတွေ လွပ်လပ်စွာရောင်းခွင့်ပေးလိုက်ပါတယ်တဲ့။ ဈေးကွက်ကို သေချာ မအုပ်စီးနိုင်တော့ ကို့ယို့ကားယားတွေဖြစ်ပြီး အပြင်က ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတာလား၊
ဘာဖြစ်တာလည်းမသိဘူး။ ဓါတ်ဆီဆိုင်မှာ ကားတွေ တန်းစီနေလိုက်ကြတာ မြင်တောင်မကောင်းဘူး။
ဒါနဲ့ ဟုတ်ပြီး ဆီစာအုပ်လုပ်ပြီး ထည့်ပါ ဆိုတော့ ဆီစာအုပ်ကို လုပ်လိုက်ကြတာ။ ဒီဇယ်ဆီသုံးတဲ့ ဒီဇယ်ကားကိုလည်း စာအုပ်လုပ်လိုက်၊ ကားတစ်စီးတည်းကိုလည်း စာအုပ် များစွာလုပ်လိုက်နဲ့
ရှုပ်ထွေးနေပြီး ကားတွေက ပိုပြီး တန်းစီထုတ်နေကြလိုက်တာမှာ နောက်ဆုံး တစ်နေ့ကို ကားတစ်စီး ဓါတ်ဆီ နှစ်ဂါလံ ပဲ ပေးမယ်ဆိုပြီး လုပ်လိုက်ပြန်ပါရော။
ဒီလိုလုပ်လည်း ကားတွေက တန်းစီထုတ်နေကြတုန်းပဲ။ ဆီစာအုပ်တွေ အများကြီးလုပ်ပြီး တန်းစီတဲ့ကားက တန်းစီပြီး ထုတ်နေတုန်းဖြစ်နေဆဲမို့ကားတွေက များနေတာပါတဲ့။
တပြိုင်တည်းမှာပဲ ဆီဆိုင်အများစုက နေစောင်းတာနဲ့ ဓါတ်ဆီကုန်ပြီးဆိုပြီး လုပ်ကြတော့ ကားတွေ အလုအယက်တန်းစီထုတ်နေကြရတော့တာပေါ့။
အရင် စနစ်တုန်းကလို တစ်နေ့ နှစ်ဂါလံပဲပေးတာကို ဘာဖြစ်လို့ အရင်လို ည၈နာရီအထိ ထုတ်လို့မရတာတုန်း။ စဉ်းစားစရာဖြစ်နေပါတယ်။
အဆက်အစပ်ရှိတဲ့သူများ သန်လျင်ရေနံချက်စက်ရုံရောက်တော့လည်း ပြည်တွင်းဖြစ် ဓါတ်ဆီ အဖြူတွေ များနေလွန်းလို့ ဆက်တောင် မထုတ်ပဲ မချက်ပဲ ရပ်ထားရတယ်တဲ့။
ဓါတ်ဆီ အဖြူတွေ ကန်ထဲမှာတောင် ပိုနေပါတယ်တဲ့။ ဘယ်သူ့ကို ယုံရမလဲတောင် မသိတော့ဘူး။
ဘာပဲဖြစ်ဖြစ် ဆီစာအုပ် နှစ်အုပ် သုံးအုပ် လုပ်နေတာတွေ ရှင်းအောင် ဆီဆိုင်ကို ကြိုက်ရာဆိုင်မှာရွေးထည့်ခိုင်းပြီး စာရင်းချုပ်လိုက်ရင် ရှင်းနေတာကို ရှုပ်နေကြတဲ့ ဆီဆိုင်များကိုလည်း ဘယ်လိုနားလည်ရမှန်းမသိဖြစ်မိတယ်။ ဆိုလိုတာက ကားတစ်စီးကို သူနှစ်သက်ရာ ဓါတ်ဆီဆိုင်ရွေးပြီး အဲဒီဆိုင်မှာ ခွဲတမ်း ဓါတ်ဆီအဖြူကို ထည့်ခိုင်းလိုက်။ ပြီးရင် ဆိုင်အားလုံးရဲ့ ကားစာရင်းတွေကို စာရင်းချုပ်ပြန်လုပ်ပေါ့။ စာရင်းချုပ်လုပ်ရင်း ကားနံပါတ်တွေကို သွင်းသွားလိုက်ရင် ကားနံပါတ်ထပ်နေတာ ( ဆီစာအုပ်နှစ်ခုလုပ်ပြီး နှစ်ဆိုင်မှာ ထည့်နေရင် ) ပေါ်လာမှာပဲလေ။ တစ်ခါ ဆိုင်တစ်ဆိုင်မှာ တစ်နေ့ ကားအစီးရေ ဘယ်လောက်က ဓါတ်ဆီလာထည့်မယ်ဆိုတာ သိတဲ့အတွက် အဲဒီဆိုင်အတွက် တစ်နေ့ ရောင်းဖို့ ဓါတ်ဆီခွဲတမ်းကို လုံလောက်အောင် ချပေးနိုင်မှာဖြစ်လို့ ဓါတ်ဆီဆိုင် ဖွင့်ချိန် ဘယ်အချိန်ဖြစ်ဖြစ် အဲဒီဆိုင်မှာ ဆီထုတ်ဖို့ မှတ်ပုံတင်ထားတဲ့ကားတွေ ခွဲတမ်းဆီကို ကြိုက်တဲ့အချိန် ကြိုက်သလိုထုတ်ပေတော့။ ဆီတန်းစီတဲ့ ကားတန်းရှည်နေပြီး အမြင်မကောင်းတာက စလို့ ယာဉ်ကြောပိတ်နေတာတွေပါ မဖြစ်တော့ဘူးပေါ့။
ဟိုးအရင်တုန်းကလည်း ဒီလို ရှင်းရှင်းလေးပဲ လုပ်ပေးပြီး ရှင်းရှင်းလေးပဲထုတ်ပေးနေတာပဲလေ။ တစ်နေ့ နှစ်ဂါလံ ရှစ်နာရီ ထိုးခါနီး တစ်မီနစ် အလိုအထိ ထုတ်လို့ရတယ်။ အခုတော့ အချိန်မရှိ ဇယားမရှိ ကုန်ပြီလို့ ဘုတ်ထောင်ထားရင် ခေါင်းတောင်မထိုးလိုက်နဲ့။
အဲဒါနဲ့ အခုတော့ စမတ်ကဒ်လုပ်မယ်တဲ့(Smart Card)။ စမတ်ကဒ်လုပ်ပြီး ဆီစာအုပ် တွေပွားထားတာကို မရှိအောင်လုပ်ဖို့ ဒီကဒ်တွေလုပ်ရတာပါတဲ့။ ကောင်းပါပြီ။ ဒီကဒ်တွေလုပ်ဖို့ ဝယ်သူဘက်က ကဒ်လျှောက်ခ ငွေ၁၅၀ဝပေးပြီးလုပ်ပြီးရင် ဆီဆိုင်မှာ တန်းစီစရာမလိုပဲ ဘယ်အချိန်ဖြစ်ဖြစ် ထုတ်လို့ရမှာလား။ ကားရှင်းပြီး ကားတွေ ဆီစာအုပ်ပွားတာမလုပ်ဖို့ စမတ်ကဒ်လုပ်စရာမလိုတာကို ဘာလို့များလုပ်နေကြပါလိမ့်။ ဘယ်သူအတွက် စားကွက်ဝါးကွက်ရှိလို့တုန်း။ အမြတ်ငွေလည်းရသေးတယ် ဆီဝယ်ခွင့်ကဒ်လုပ်ဖို့ ငွေ၁၅၀ဝလည်းပေးရသေးတယ်။ နောက်ပြီး ဘယ်လိုအကျိုးသက်ရောက်မှုရှိလာမယ်ဆိုတာလည်း ထင်သာမြင်သာ ကောင်းလာမယ် တွက်လို့မရဖြစ်နေတယ်။

စမတ်ကဒ် သာလုပ်တယ် ဘာမှ စမတ်မကျဘူး။ ထုံစံအတိုင်း လျှောက်လွှာစတင်ပြီး ပေးလိုက်ရတဲ့မိတ္တူတွေ။ နှစ်စုံစီချည်းပဲ။ ဘယ်သူမှလည်း ပြန်ကြည့်မှာ မဟုတ်တဲ့ အထောက်အထားမိတ္တူတွေကို။ အိမ်ထောင်စုစာရင်းက အစ၊ မှတ်ပုံတင်အထိ မိတ္တူပေးလိုက်ရတာ။ စမတ်ကဒ်လျှောက်ဖို့ကို တကယ် စမတ်မဖြစ်တာပဲလို့ တွေးမိတော့တယ်။

4 comments

  • blackchaw

    October 10, 2011 at 4:28 pm

    ကျွန်တော်ကိုယ်တိုင် တင်းနေတဲ့ ကိစ္စ ဆိုတော့ ဝင်ပွားလိုက်ပါဦးမယ်။
    ကျွန်တော့် ယောက္ခမကြီးရဲ့ကားက သွားစရာလာစရာရှိမှ လိုသလောက်လေး ဆီထုတ်ပါတယ်။
    တစ်လလုံးနေမှ ၈ ဂါလံလောက်ပဲ ထုတ်ဖြစ်တာပါ။
    ပြီးခဲ့တဲ့ စနေနေ့ က မင်္ဂလာဒုံ ကောင်းလက်ဖက်ရည်ဆိုင်နားက ဆိုင်မှာ သွားစရာရှိလို့
    ဆီဝင်ထုတ်တော့ ဆီစာအုပ်လုပ်ခဲ့တဲ့ ဆိုင်မှာ သွားထုတ်ပါတဲ့။ ဘယ်လိုမှ တောင်းပန်လို့မရဘူး။
    မန်နေဂျာရှိလားဆိုတော့လည်း မရှိဘူးတဲ့။ ကားထဲမှာလည်း ဆီက တော်တော်နည်းနေတော့
    အော့တိန်း နှစ်ဂါလံပဲ ဝယ်ထည့်လိုက်ရတယ်။ တကယ်ဆို ဆီစာအုပ်ကိုကြည့်ရင် သိနေတာပဲ။
    ဒီကားဆီထုတ်ရောင်းစားနေတာလားဆိုတာ အသိသာကြီးပါ။ ဆီလေး ၂ ဂါလံ ပေးလိုက်ရင်
    ဘဝပျက်သွားတော့ မယ့် အတိုင်းပဲ။ စာအုပ်လုပ်တုန်းကလည်း အဲဒီဆိုင်ပဲ။
    သူတို့ဆိုင်က စာအုပ်လုပ်ပေးဘို့ ခွဲတမ်းကုန်သွားပြီ တခြားဆိုင်မှာ သွားလုပ်ပါ ဆိုလို့
    လွယ်တဲ့ ဓနိတောနားက ဆိုင်မှာ သွားလုပ်ခဲ့ရတယ်။ ယောက္ခမတွေက မင်္ဂလာဒုံမှာ နေတာ၊၊ အခု အဲဒီစာအုပ်ကို သုံးလို့မရတော့ဘူးဆိုတော့
    ခဏခဏ ပြောင်းနေတဲ့ ပေါ်လစီတွေကို စိတ်တော်တော် ကုန်မိတယ်ဗျာ။
    ထုတ်ရောင်းစားနေတဲ့လူတွေကိုတော့ အရေးမယူဘူး။ လိုမှ ထုတ်သုံးတဲ့ လူတွေကျတော့
    စောင့်ရှောက်ရကောင်းမှန်းမသိဘူး။
    လင်းဝေကျော်ရေ
    ပွားတာ နည်းနည်းများသွားတယ်။ ခင်ဗျား ပို့စ်ကို အပြည့်အဝ ထောက်ခံတယ်ဗျာ။ ဒါပါပဲ။

  • kyeemite

    October 11, 2011 at 11:18 am

    ကျုပ်လဲအပြည့်အဝ ထောက်ခံတယ်ဗျာ။
    အစိုးရကိုင်တုံးကမှဟုတ်သေး..
    လွတ်လပ်စွာဝယ်ယူနိုင်အောင်..ပုဂလိကပေးလိုက်မှ..ဒင်းတို့ကပိုဆိုး..
    ဟို..ထီးဆိုင်ရဲ့စာသားလေးသွားသတိရတယ်..
    လွယ်နေတာကို ခက်အောင်လုပ်တတ်ကြတယ်…စစ်အစိုးရရဲ့သဘာဝဘဲ..
    နေရာတိုင်းအဲလိုဘဲ..

  • kosharshi

    October 11, 2011 at 12:15 pm

    ဘောက်ဆာလိုက် ဝယ်ရင် ရပါကြောင်း..ဈေးတော့ပိုတာပေါ့နော..

  • windtalker

    October 23, 2011 at 6:41 pm

    မိတ္ထုစက်ကုမ္ပဏီ နဲ ့စမတ်ကတ် ကုမ္ပဏီနဲ ့ဆီဆိုင် အကျိုးတူ ပူးပေါင်းကြသလား အောက်မေ့ရတယ်နော

Leave a Reply