အများပြည်သူအတွက် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေပေးနိုင်ရန် ပုံမှန်လျှပ်စစ်ဓာတ်အားပို့လွှတ်နေသော စီးပွားရေးလုပ်ငန်းသုံးဓာတ်အားလိုင်းများကို မေ ၁၄ရက်မှ စတင်ကာ ဖြတ်တောက်ထားကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကအတည်ပြုပြောကြားသည်။ ရေလမိုင်းမှာ ဂက်စ်လိုင်းပေါက်တာရယ်၊ ရေအားလျှပ်စစ်မရတာရယ်ကြောင့် စက်ရုံ၊ အလုပ်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပေးနေတဲ့ ဓာတ်အားလိုင်းတွေကို ယာယီရပ်ထားတာဖြစ်ပါတယ်။ အများပြည်သူကိုပိုပေးနိုင်အောင်လဲဖြစ်ပါတယ်။ လေးငါးခြောက်ရက် တစ်ပတ်လောက်တော့ ဖြတ်ထားမှာဖြစ်ပါတယ်” ဟုအဆိုပါပုဂ္ဂိုလ်က ဆိုသည်။ ယင်းသို့ဓာတ်အားလိုင်းဖြတ်တောက်လိုက်ခြင်းနှင့်ပတ်သက်၍ လင်းဇာနည်အအေးခန်းစက်ရုံမှ တာဝန်ရှိသူတစ်ဦးက “အရင် ၁၈နာရီပုံမှန်မီးရနေတာ၊ မေ ၁၄ရက်မှာ EPC က လူတွေစက်ရုံရောက်လာပြီး 11KV ထရန်စဖော်မာကို DS လှန်သွားတယ်။ Shut Down လုပ်တာပေါ့။ အခု မီးစက်မောင်းသုံးတာ စရိတ်က သုံးလေးဆပိုကုန်သွားတယ်” ဟုပြောသည်။ အလားတူ ဂမုန်းပွင့်ရှော့ပင်စင်တာမှ တာဝန်ရှိသူတစ်ဦးကလည်း “ မေ ၁၄ရက်မှာ EPC ကပန်ကြားစာ သဘောမျိုး စာရောက်တယ်။ ရေမရှိလို့ ၊ ဂက်စ်မရလို့မီးဖြတ်မယ်ပေါ့။ အရင်နေ့ တွေက ညနေ ၅နာရိကနေ ည၁၁နာရီပဲဖြတ်တာ။ ၁၈နာရီမီးရတာလေ။ အခုရပ်ကွက်မီးပေးတဲ့ အတိုင်းပဲရတော့ တယ်။ အာရှတော်ဝင်လို ပုဂ္ဂလိက ဆေးခန်းတွေလဲ အခုလိုပဲရတယ်လို့ကြားတယ်”ဟု ပြောသည်။ ဒဂုံတောင်စက်မှုဇုန်( ၃) မှ ကိုမောင်မောင်က “ မီးလုံးဝမလာတာလေးငါးရက်ရှိပြီ။ ခါတိုင်း ငါးနာရီတစ်ဆိုင်းရနေတာလေ။ သိပ်ပြီးတော့ မထူးတော့ပါဘူး” ဟုဆိုသည်။ ထို့အတူ ပါဝါ မီတာသုံးပုံနှိပ်လုပ်ငန်းများကို လည်းသက်ဆိုင်ရာမြို့နယ်လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ လိုက်လံ၍ ဓာတ်အားလိုင်းဖြတ်တောက်လျှက်ရှိကြောင်းနှင့် ရပ်ကွက်များအတွင်းရှိ အသေးစားစက်မှုလုပ်ငန်းများတွင်ပင် ယင်းကဲ့သို့ လုပ်ဆောင်လျှက်ရှိကြောင်းစုံစမ်းသိရသည်။ “လုပ်ငန်းသုံးပါဝါမီတာလိုင်းတွေကို လိုက်ဖြုတ်နေတယ်။ မေ ၁၅ရက်မှာ ၅၄လမ်းနဲပ ၅၅လမ်းက ပုံနှိပ်စက်တွေအကုန်လုံးပဲ၊ တစ်ရက်လုံးမီးစက်ပဲမောင်းရမယ်ဆိုရင် ဂါလံ ၇၀ ကျော်ကုန်တယ်၊ တစ်ပီပါဂါလန် ၅၀ ကိုတစ်သိန်းနှစ်သောင်းလောက်ရှိတော့ စရိတ်အများကြီးကုန်ကျတာပေါ့။ ရိုးရိုးအိမ်မီးလိုင်းတွေကို မီးမပေးနိုင်တော့ လုပ်ငန်းသုံးတွေကို လျှော့ချလိုက်တာထင်တယ်” ဟုပုံနှိပ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။ ယင်းသို့ဖြစ်ရာ အများပြည်သူကိုပေးဝေလျက်ရှိသော လျှပ်စစ်ဓာတ်အားအတွက် အုပ်စုသုံးစုခွဲကာ အုပ်စုတစ်စုလျှင် ၆နာရီအလှည့်ကျပေးမည်ဖြစ်ကြောင်း၊ ယခင် အလှည့်ကျပုံစံအရ နေ့ပိုင်း၌ အုပ်စုနှစ်စုလျှင် ၁၂နာရီစီနှင့် ညပိုင်းတွင် အုပ်စုသုံးစုလုံးအတွက် ဓာတ်အားဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

About kln

k ln has written 409 post in this Website..