တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းက မိုးရာသီခရီးကြမ်းလေ့ကျင့်မှုအဖြစ် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ တောင်များသို့ လာမည့်ဇူလိုင်လအတွင်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့လေ့ကျင့်ရာတွင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ အဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀၀ကျော်ပါဝင်မည်ဖြစ်ကြောင်း၊ ခရီးစဉ်တစ်လျှောက်တက်ရောက်ရာတောင်များရှိ တောရကျောင်းများ၌ ၀ါဆို၊ ၀ါကပ်မည့် ဆရာတော်များအား ၀ါဆိုသင်္ကန်းများ ကပ်လှူခြင်းကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “လာမယ့်ပွင့်လင်းရာသီမှာ ရေခဲတောင်တက်ဖို့အတွက် အခု မိုးရာသီခရီးကြမ်းလေ့ကျင့်မှုကို ပြုလုပ်တာပါ။ ဘီးလင်းမြို့နယ်ထဲက ဝေပုလ္လ၊ ကေလာသ၊ ကေလာသဖ၊ ဇင်းကျိုက်နဲ့ မြသပိတ်တောင်တွေကို တက်ဖို့ ရည်ရွယ်ထားပါတယ်။ ဇူလိုင် ၂၃ကနေ ၂၆ရက်အထိ လေးရက်ကြာမယ့် ဒီခရီးစဉ်မှာ နည်းပြ၊ ဆေးမှူးအပါအ၀င် အဖွဲ့ဝင် ၁၀၀ကျော်ပါရှိမှာပါ။ ဒီလိုလေ့ကျင့်မှုတွေထဲကမှ လူ ၃၀ကျော်ကို ရွေးချယ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ထဲက အမြင့်ဆုံးရေခဲတောင်ဖြစ်တဲ့ အီမောဘွန်းရေခဲတောင်ကို တက်သွားမှာပါ။ အီမောဘွန်းရေခဲတောင်ကို တက်ဖို့ နွေရာသီခရီးကြမ်းလေ့ကျင့်မှုအဖြစ် ပြီးခဲ့တဲ့ ဧပြီ ၁၀ရက်ကနေ ၂၁ရက်အထိ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းက တောမိုး၊ ရှင်တောင်ပုံတောင်၊ ကလိန်အောင်တောင်၊ စပါးတောင်၊ ရှင်မော်တောင်၊ ဆင်တောင်နဲ့၊ အနောက်မြင့်မိုရ်လက်ခတ်တောင်တွေအပါအ၀င် မောင်းမကန်ကမ်းခြေအထိ သွားရောက်ခဲ့ပါတယ်။ အခု မိုးရာသီခရီးကြမ်းအဖြစ် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်းကတောင်တွေကို သွားမှာဖြစ်ပြီး လာမယ့် သြဂုတ်လထဲမှာလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ငါးဆူတောင်ဝန်းကျင်တစ်ဝိုက်မှာ ဆက်လက်လေ့ကျင့်သွားမှာပါ”ဟု တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းဥက္ကဋ္ဌ ဦးမျိုးသန့် (တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်)က ပြောကြားခဲ့ကြောင်း သိရှိရသည်။

About kln

k ln has written 409 post in this Website..