ဘလက်တို့ နေထိုင်ပျော်မွေ့လျှက်ရှိသော ဂဇက်ကုန်းသည်ကား ဟန်းဖုန်းလေးတစ်လုံးမှ မကိုင်နိုင်လျှင် လူရာမ၀င်သော ကာလကိုရောက်ရှိနေသော အခါသမယပါတည်း။ ဆိုက်ကားနင်းရင်း ဖုန်းပြောနေသော သူလည်းမရှား၊ ငါးရောင်းရင်း ဖုန်းပြောနေသူလည်း မရှား၊ ယုတ်စွအဆုံး ပဲပြုတ်သည် အချို့  ပင် ဖုန်းကိုင်နိုင်သော   ဒီမိုကရေစီ အစိုးရ ခေတ်ပင်ဖြစ်ပါ၏။ ခေတ်နှင့် အညီ  ဘလက်၏ တူနှစ်ယောက်နှင့် တူမ တစ်ယောက်သည်လည်း ငါးသိန်းတန်ဟန်းဖုန်းကို စတိုင်ကျကျ ကိုင်လျက်သာရှိနေကြပါ၏။ ၄င်းတို့မှာ ၀င်ငွေ အတန်အသင့် ကောင်းသော ကုမ္ပဏီ ၀န်ထမ်းများဖြစ်ကြပါ၏။

တစ်နေ့သားမှာဖြင့် ဘလက်၏ ခေတ်ဟောင်းဖုန်းကြီးဆီသို့ ဖုန်းလာသည့်အသံကို ကြားရပါ၏။ ထုံးစံအတိုင်း ချက်ခြင်း ဖုန်းကိုင်လေ့မရှိသော ဘလက်မှာ ဘယ်သူဆက်တာလဲဆိုသည့် သဘောနှင့် ဖုန်းကို  ကြည့်လိုက်မိရာ တူမတော်ဒေါ်လာစား ၏ ဖုန်းဖြစ်နေပါသည်။ သို့ပေသော်လည်း တစ်ချက်သာမြည်ပြီး ပြန်ကျသွားပါ၏။ ဘလက်လည်း ပြန်ခေါ်လိမ့် မှာပဲ ဆိုပြီး အိတ်ထဲပြန်ထည့်ထားမိ၏။

ဖုန်းက ထပ်မြည်လာပြန်၏။ တစ်ချက်သာ မြည်၍ ကျသွားပြန်၏။ သြော်တူမတော် တစ်ယောက် ဦးလေးဖြစ်သူ ဘလက်ကို ဖုန်းခေါ်ရခက်နေသည့်ထင့်။ ခေါ်လိုက်၊ ကျလိုက် ဖြစ်နေပါ၏။ ဘလက်လည်း ပြန်ခေါ်မှဖြစ်တော့မည်ဆိုသော  အတွေးဖြင့် တူမတော့် ဖုန်းကို ပြန်ခေါ်လိုက်၏။ မခက်ပါ။ တစ်ချက်တည်း နှင့် ဖုန်းဝင်သွားပါ၏။

“ အန်ကယ်ဘလက်လား၊ သမီးပါ “

“ အေး ပြောသမီး ဘာကိစ္စ ရှိလဲ “

“ ညနေ သမီးကို ၀င်ကြိုပေးလို့ရမလားလို့ပါ”

“ အော်အေး ရပါတယ်ကွယ်၊ သမီးဖုန်းက အန်ကယ့်ဖုန်းကို ခေါ်ရခက်နေတယ်ထင်တယ် “

“ မဟုတ်ပါဘူး၊ သမီးက အန်ကယ့် ကို Miss call  ပေးလိုက်တာပါ၊ ဖုန်းဘေလ်ကုန်သွားမှာစိုးလို့ အန်ကယ်ရဲ့ အဲဒါကြောင့် အန်ကယ် ဖုန်းပြန်ခေါ်နိုင်အောင် Miss call  ပေးလိုက် တာပါ “

သြော် ခင်ဗျာများ နှမြောရှာပေမပေါ့၊  ဖုန်းဘေလ် ကုန်မှာစိုးလို့ Miss call ပေးတာပါတဲ့။ ဘလက်၏ ဖုန်းကား အကြွေးဆောင်လို့ရသော ခေတ်ဟောင်းဖုန်းကြီးဆိုတော့ သူတို့လက်ငင်းဖုန်းတွေလို ကုန်လို့ကုန်မှန်းမှ မသိသာတာ။ ဘလက်ခွင့်လွှတ်ရမှာပေါ့။

မကြာပါ ဖုန်းသံမြည်လာပြန်ပါသည်။ တစ်ချက်မြည်ပြီး ကျသွားပြန်ပါ၏။ တူတော်မောင် အကြီး၏ ဖုန်းဖြစ်နေပါ၏။ သူလည်းဖုန်းခေါ်ရ ခက်နေပြန်သည်ထင့်။ တစ်ချက်မြည်လိုက် ကျလိုက်ဖြစ်နေ၏။ ဘလက် ပြန်ခေါ်လိုက် သောအခါတွင်တော့ တစ်ချက်တည်းနှင့် ၀င်သွားပါလေ၏။

“ အန်ကယ်ဘလက်လား၊ ဖိုးသားကြီးပါ “

“ အေး ဘယ်လိုအကြောင်းကိစ္စတွေများ ရှိတော်မူပါသလဲကွယ် “

“ သား ညနေ အိမ်ပြန်နောက်ကျမယ့် အကြောင်းပြောချင်လို့ပါ၊ နောက်ပြီး ဒီည ညစာစားပွဲ ရှိနေလို့ အိမ်မှာ ထမင်း မစားတော့ဘူးလို့ အန်တီ့ ကို ပြောပေးဘို့ပါ “

“ အေးအေး ဒါနဲ့ သားဖုန်းက အန်ကယ့် ကို ခေါ်ရခက်နေတယ် ထင်တယ် “

“ ဟဲဟဲ သားဖုန်းက တစ်သောင်းကဒ်ပဲထည့်ထားလို့ ဖုန်းဘေလ်က နည်းနေတယ်လေ၊ အဲဒါကြောင့် အန်ကယ့် ကို Miss call ပေးလိုက်တာပါ “

တော်တော် ခေတ်စားသော Miss Call ပါတကား။ အေးလေ သူတို့ ဖုန်းဘေလ်လေးများ ကုန်သွားရင်ခက်ရချည့်။ ဘလက် ၏ ဖုန်းကား ဘာပူစရာရှိသနည်း။ အကြွေးပြောရတာပေပဲ။ ဘေလ်ထွက်မှ ပေးရတာ။ကိစ္စ မရှိလှပါ။ ဘလက် အနစ်နာခံရမည်ပေါ့။

မကြာပါ။ ဘလက် ၏ ဖုန်းထဲသို့ မက်ဆိတ်ခ်ျ တစ်စောင် ၀င်လာပါ၏။ ဖွင့်ကြည့်လိုက်တော့

Pls call me

ဟူသတတ်။ တူတော်မောင် အငယ်၏ ဖုန်းမက်ဆိတ်ခ်ျ ဖြစ်ပါ၏။ သူ့ခမျာ ဖုန်းခေါ်ရခက်နေရှာသည်ထင့်။

ဘလက် ချက်ခြင်း ဖုန်း ပြန်ခေါ်လိုက်ပါ၏။ အလယ်တကူပင် ၀င်ပြန်ပါ၏။

“ အန်ကယ် ဘလက်၊ ဘယ်ရောက်နေလဲ “

အံမယ် သူက ကိုယ့်ကိုတောင် ပြန်စစ်ဆေးနေသေး၏။

“ မြို့ထဲမှာ၊ ပြော ဘာကိစ္စ ရှိနေလဲ “

“ အန်ကယ့် ဆီက ကားခဏယူသုံးချင်လို့ပါ “

“ ဘာ သုံးချင်လို့လဲ “

“ မနက်ဖြန် သားသူငယ်ချင်း မင်္ဂလာဆောင်မှာ ကားကူညီပေးချင်လို့ပါ “

“ အေး မနက်လာယူလေကွာ၊ ရပါတယ် “

“ ဟုတ်ကဲ့ အန်ကယ်ဘလက် ဆီလေးပါတစ်ခါတည်း စပွန်ဆာပေးနော် ကျေးဇူးပဲ “

“ ဒါနဲ့ မင်းလည်းဖုန်းဘေလ် ချွေတာပြီး massage ပို့လိုက်တာလား “

“ ဟားဟား အန်ကယ်ဘလက်ကြီးက ခေတ်မှီလိုက်တာ၊ ဘယ်လိုလုပ်သိနေတာလဲ “

ဘလက် အံ့သြတကြီး အံ့သြမိနေပါ၏။ ဖုန်းတောင် ငါးသိန်းပေးပြီး ကိုင်နေကြပြီပဲ။ ဘာမဟုတ်သည့် ဖုန်းဘေလ်ကိုကျမှ နှမြောနေကြ၏။ သိတ်တော့ မဟုတ်လှပါ။ အေးလေ သူတို့က ကလေးတွေပဲ။ သို့နှင့် ဘလက် တစ်ယောက် အိမ်ပြန်ရောက်ခဲ့ပါပြီ။

ဘလက်၏အိမ်ကား သာပါ၏။ ထို့ကြောင့် ဧည့်မပြတ်ပါ။ အခုလည်း အစ်မကြီး မိသားစု ရောက်နေပြန်ပါ၏။ အစ်မကြီး၏ အမျိုးသားကား အညာမြို့လေးတစ်မြို့မှ အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပါ၏။ မအားလပ်သဖြင့် ပါမလာဟု ဆိုသည်။ သို့နှင့် ဘလက်ထမင်းစားပါလေ၏။ နှစ်လုပ်သုံးလုပ်ပဲစားရသေး၏။ လိုင်းဖုန်းကထမြည်၏။ မဒမ်ဘလက်က ထကိုင်ရန် ပြင်၏။ အစ်မကြီး ကဦးသွား၏။ ငါ့ ယောင်္ကျား ဖုန်း ဟုလည်းသေချာပေါက်ပြောလိုက်သေး၏။ သူ့ယောင်္ကျားလည်း ခေတ်နှင့် အညီ ဖုန်းကိုင်နေဟန်တူပါသည်။

“ ယောင်္ကျားရေ၊ ဖုန်းချလိုက် ဒီက ပြန်ခေါ်လိုက်မယ် “

“ဗုဒ္ဓေါ “

လာပြန်ပြီ ဗားရှင်းတစ်မျိုး။ ဘလက် နားမလည်သေးပါ။ ဖုန်းလည်း ချိတ်မိနေပါလျက်နဲ့ ဘာလို့ ချခိုင်းပါလိမ့်။ ဘာလို့ ပြန်ခေါ်ပါလိမ့်။ သို့နှင့် အစ်မကြီး သူ့ယောင်္ကျား ကို ဖုန်းပြန်ခေါ်၏။ ဖုန်းပြောကြသည်မှာ နာရီဝက်ခန့် ကြာ၏။ ဘလက်တို့ ထမင်းစားပြီး အိမ်ရှေ့ ၀ရံတာထွက်တာတောင် ပြောကောင်းတုန်း။ ဖုန်းချပြီးသော အခါ အစ်မကြီးကို ဘလက် question ထုတ်၏။ ဘာလို့ ဖုန်းပြန်ခေါ်တာလဲ ဟူ၍။

အစ်မကြီးက

“ ငါ့ ယောင်္ကျား ဖုန်းဘေလ် ကုန်မှာ စိုးလို့ပါ။ ဒီမှာက လိုင်းဖုန်းမဟုတ်လား။ တော်သေးတာပေါ့ “ ဟူသတတ်။

သြော် သူတို့ ဖုန်းဘေလ်ကျတော့ ကုန်မှာ ကြောက်ကြပြီး၊ ဘလက်တို့ ဖုန်းတွေကား အလကားရနေသည်များထင် နေကြသလား မသိ။ Miss Call ပေးတဲ့သူက ပေးကြသည်။ Please Call ဆိုပြီး စာပို့သူက ပို့ကြသည်။ ဖုန်းချခိုင်းပြီး ပြန်ခေါ်သူက ခေါ်ကြသည်။ ဖုန်းဘေလ် အကုန်မခံချင်ပါဘဲလျက် ဖုန်းသုံးချင်ကြလေသူ ဘလက်၏ ဆွေမျိုးများပါတကား။

သူတို့အတွက် ဘလက်မှာ စိတ်အနှောက်အယှက် ကြီးစွာ ဖြစ်ရပါ၏။ ၄င်းတို့ကား သူတပါး ဖုန်းဘေလ်ကို ခိုးယူနေကြသူများသာ ဖြစ်ပါ၏။

ထို့ကြောင့် ဘလက်က သူတို့အား ချစ်စနိုးဖြင့် အောက်ပါအတိုင်းဆဲရေးလိုက်ချင်ပါတော့သည် တမုံ့တကားတည်း။

Miss Call မ

Bill ခိုး မ

Miss Call မ

Bill ခိုး မ

(သီတင်းကျွတ်မှာ ရွာသူရွာသားတွေ အိမ်ထောင်ရှိရင်လည်း မိသားစုနဲ့

အိမ်ထောင်မရှိသေးရင်လည်း ချစ်တဲ့သူနဲ့

အိမ်ထောင်မပြုတော့ဘူးဆိုရင်လည်း တူတွေ တူမတွေ ကန်တော့တာ ခံယူရင်း

ပျော်ရွှင်ကြပါစေလို့

ဆုတောင်းပေးလိုက်ပါသည် ခင်ဗျား…..)

black chaw

About black chaw

black chaw has written 332 post in this Website..