မဆုံးတဲ့…..သီချင်း (၃၄)

naywoon niOctober 11, 20111min481

ညရောက်တော့ ကိုမြင့်ဇော် အဆောင်မှာပဲ လိုက်အိပ်လိုက်တယ်..။ 73
မိန်း မုတ်ဦးကနေ ဝင်သွားရင် ပထမဆုံး တွေ့တဲ့ အရှေ့ အနောက်ဖြတ်လမ်း
အတိုင်း အနောက်ဘက်ကိုလျှောက်သွားရတယ်…။ အရှေ့ဘက်ထွက်သွားရင်
ကျောင်းဆောင်တွေကိုကျော်ပြီး အပြင်ဘက်ထွက်သွားတဲ့ မလွယ်ပေါက်ရှိတယ်…။
ကျောင်းဆောင်တွေထဲမှာ မန္တလေးတက္ကသိုလ်မှာ နာမယ်ကျော်တဲ့
ကျောင်းသူအဆောင်ရှိတယ်လေ…..။ နေဝန်းနီတို့ မူးတိုင်းပြောတတ်တဲ့ မိန်းမမှာ
သစ္စာမရှိဘူး …။ သစ္စာမှာပဲ မိန်းမရှိတယ်ဆိုတဲ့
သစ္စာအမျိုးသမီးဆောင်ရှိတယ်..။ အနောက်ဘက်ကိုသွားရင်တော့
လမ်းကတော်တော်လေးဆိုးတယ်..။ ကျောက်ခဲ တွေ ပေါ်နေပြီ..။ ကျောက်ကြမ်းလမ်း
သာသာလောက်ပဲရှိတာ…။ အဲဒိလမ်း အဆုံးပေါ့ ရေနီမြောင်းက
တောင်မြောက်ကန့်လန့်ဖြတ်စီးနေတယ်…။ ရေနီမြောင်း မရောက်ခင်လေးမှာ
အမှတ်သုံး ဘတ်စကားတွေ ရပ်တဲ့နေရာရှိတယ်..။ အမှတ်သုံး
ဘစ်ကားစထွက်တဲ့နေရာပေါ့….။ နောက်တော့ ယူတီစီ ကွင်းထဲ ပြောင်းသွားပါတယ်..။
ရေနီမြောင်းကူးတဲ့ တံတားလေးကိုကျော်လိုက်ရင် ကိုမောင်မောင်တို့ နေတဲ့
ဇေယျာ ဆောင်ကို စတွေ့ပါတယ်..။ ဇေယျာဆောင် ဘေးကလမ်းလေးအတိုင်း
အနောက်ဘက်ဆက်လျှောက်သွားရင် ကိုမြင့်ဇော်တို့နေတဲ့ မန္တလာဆောင်ရှိပါတယ်…။
အဲဒိအဆောင်နှစ်ခုကြားက မြေစေးလမ်းကလေးဟာ မိုးရွာရင်တော့
တစ်ဗိုင်းဗိုင်းလဲတဲ့လမ်းပေါ့…။ မူးတာနဲ့လမ်းချောတာ ရောပြီး နေဝန်းနီတို့
တစ်တွေ ရယ်ရင်းမောရင်း ပုဆိုးတွေပြဲ အကျီ င်္တွေပေပွ အောင် လဲခဲ့ကြတာပေါ့…။
ကိုမြင့်ဇော် အဆောင်ရောက်ရင်တော့ သူမရှိရင် သူ့ဘေးခန်းက
အခန်းသော့ကိုတောင်ပြီး ပုဆိုးတစ်ကွင်းယူ ရေကန်မှာရေသွားချိုး
သူကုတင်ပေါ်တက်ကွေးနေတော့တာပဲ…။ နေဝန်းနီက သွားနေကျ ဖြစ်နေတော့
နေဝန်းနီလာရင် သူ့သော့ကို ဘေးခန်းက ယူဖို့ပြောထားပေးတယ်..။
သူ့အခန်းထဲမှာက နှစ်ယောက်ခန်းသာပြောတာ ..။ သူတစ်ယောက်ထဲဖြစ်နေတာများတယ်…။
သူ့အခန်းဖော်က ပြင်ဦးလွင်သား…။ တက္ကသိုလ်နဲ့ မိုင် 50 ပတ်လယ်မှာ
နေတဲ့သူတွေ အဆောင်မပေးတဲ့ခေတ်မှာ ဘယ်လိုက ဘယ်လို သူကအဆောင်ရသွားတယ်
မပြောတတ်ပါဘူး..။ သူကအဆောင်ကို နေ့ခင်းပိုင်းလောက်ပဲ နေတာများတယ်..။
တစ်ခါတစ်လေ……. ပြင်ဦးလွင်ပြန်သွားတယ်လို့ပြောတယ်…။ ဟိုမှာ ခြံတွေ
ရှိတယ်..။ အဲဒါတွေ လုပ်နေရသေးတယ်တဲ့..။ အဲဒိတော့ သူ့ထမင်းစားကတ်ပြားကို
ကိုမြင့်ဇော်ကိုပေးထားတယ်…။ နေဝန်းနီ သွားရင် အဲဒိကတ်ပြားနဲ့
ထမင်းခိုးကျွေးတယ်လေ…။ မကောင်းလား…။ မကောင်းပါဘူး..။ အဆောင်ကကျွေးတဲ့
ထမင်းပြောတာပါ..။ ဘယ်လိုလုပ်ကောင်းပါ့မလဲ…။ အဆောင်က တစ်လစာ 120 ကျပ်ပဲ
ပေးရတာကိုး…။ အဆောင်ကော ထမင်းဖိုးကော ရေကော မီးကော အပြီး အစီး လေ….။
အပြင်ဆောင်မှာ အဆောင်လခတင် တစ်ရာ့ငါးဆယ်က အနဲဆုံး…။ ထမင်းက သပ်သပ်
ဝယ်စားရတာ…။ မီး ကတော့ လာရင် လင်းတာပေါ့နော်..။ တစ်ချို့ အဆောင်တွေက
ရေမပါပါဘူး…။ အပြင်ကနေဝယ်သုံးရတယ်..။ ဒါကြောင့် အစိုးရ ဆောင်ရဖို့
ကြိုးစားကြတာပေါ့…။
အဆောင်ရဖို့က အမှတ်ကောင်းရင်ရတယ်..။ အကပ်ကောင်းရင်လည်း ရပါတယ်နော်…။
ကိုမြင့်ဇော် နဲ့နေရတဲ့ အခန်းဖော်ကတော့ ကော်ကောင်းလို့
အဆောင်ရတာနေမှာပေါ့…။ဘာပဲဖြစ်ဖြစ်ပေါ့…။
နေဝန်းနီတို့အတွက်အဆင်ပြောတာပဲမဟုတ်လား..။ အဲဒိလိုဆိုပြန်တော့
နေဝန်းနီတို့လည်း နောက်တစ်နှစ် တတိယနှစ် အစိုးရဆောင်ရချင်လာတယ်ပေါ့…။
ဒါပေမဲ့…….
ဒါပေမဲ့ပေါ့လေ…။ အဲဒိလို အဆောင်မျိုးမှာ နေရဖို့ ရေစက်မပါတာလား..။
ကိုမြင့်ဇော်အဆောင် မှာသွားသွားမူးနေလို့ပဲ ယတြာ ကျေသွားသလားမသိပါဘူး..။
ဒီတစ်နှစ်ဟာ ရက်ရှည် ကျောင်းသား နောက်ဆုံးနှစ် ဖြစ်တဲ့ အကြောင်း
အဲဒိတုန်းကမသိလိုက်ရဘူး….။ တွေးကိုမတွေးမိတာပါ..။ အေးအေးဆေးဆေး
ပျော်ပျော် ပါးပါး သောက်လိုက်စားလိုက် နေခဲ့မိတာ…။ တစ်ကယ်ကိုပါ..။
အဲဒိလိုနဲ့ စာမေးပွဲ ရောက်လာပြန်ရော…ပေါ့….။ စာမေးပွဲဖြေတာမှ
နှစ်ဘာရှိသေးတယိဗျာ ..။ ပြဿနာက ထတက်ပါလေရော..။ ဟင့်အင်း..။ မဟုတ်ဘူး..။
နေဝန်းနီတို့ ဘာမှမလုပ်ဘူး..။ အရက်သောက်လိုက် မူးလိုက် ကျောင်းတက်တစ်ရက်
တက်တစ်ရက်လေးပဲ လုပ်တာပါဗျာ…။ ကျန်တာဘာမှမလုပ်ပါဘူး….။
အဲ….အဖော်ကောင်းလို့ ပိုက်ကျံ ုးတို့ ဂေါဝိန်ဆိပ်တို့
သွားတာလေးတော့ရှိတာပေါ့…။ ညပိုင်းမသွားပါဘူး…။
နေ့ပိုင်းလောက်လေးပဲသွားတာပါ…။ အဖော်ကောင်းမှ နဲနဲလည်းမူးမှ သွားရဲတာ……။
ဒီအတိုင်းဆိုရှက်လို့ သွားရဲပါဘူးနော်…..။ ဟဲဟဲ…..။ ဟိုကိစ္စ ဒီကိစ္စ
လုပ်တာပဲ ဘာရှက်စရာရှိလည်း ဟုတ်စ…။ ဒါတော့ ဒါပေါ့ဗျာ…။ အဲဒိဟာ
နေဝန်းနီတို့ အခေါ် မြွေဖမ်းတာ…။ အဲဒါကိုကကို ရှက်တာဗျ…။
နောက်ကျတော့လည်းရှက်တော့ပါဘူးနော်..။ အစမို့ပါ..။ ဒါဖြင့်ဘာပြဿနာ
တက်တာလည်းဆိုတော့ကာ…….
1987ခု နှစ် စက်တင်ဘာ 5 ရက်နေ့မှာ 75/35/25 ကျပ်တန် ငွေစက္ကူတွေ
တရားဝင် သုံးစွဲခွင့်က နေရပ်ဆိုင်းလိုက်တာပါ..။ အဲဒိနေ့က မှတ်မှတ်ရရ
စနေနေ့…။ စာမေးပွဲက နိုင်ငံရေး သိပံ္ပ နဲ့ မြန်မာစာ နှစ်ဘာသာပဲ
ဖြေလိုက်ရသေးတယ်…။ မနက် 11 နာရီမှာ သုံးစွဲခွင့် ရပ်စဲကြောင်း
ကြေညာလိုက်ရုံရှိသေး….။ လဆန်းပိုင်းဆိုတော့ အိမ်က ပိုက်ဆံပို့ပြီးကာစ…။
ဘာမှဟုတိ်္တပတ္တိ မယ်မယ်ရရ မသုံးလိုက်ကြရသေးဘူး..။ လက်ထဲက ပိုက်ဆံက
ငွေမည်းတွေ ဖြစ်ကုန်ရော….။ ဟုတ်တယ်..။ ကျောင်းသားတွေ အတော်ဒုက္ခ
ရောက်ကြတာပေါ့…။ တော်တော်လေးလည်း စိတ်ညစ်ကုန်ကြတယ်…။
တစ်ချို့ကောင်မလေးတွေဆို သူတို့ ပိုက်ဆံတွေကို သုံးမရဘူး ပြောလိုက်လို့
အဆောင်ပြန်ပြီး ငိုတဲ့သူတွေ တောင်ရှိတယ်…။ 12း00 နာရီလောက် ရောက်တော့
ဈေးဆိုင်တစ်ချို့ ပိတ်ကုန်တယ်..။ တရားမဝင်တော့ဘူးလို့ ကြေညာထားတဲ့
ပိုက်ဆံတွေနဲ့ချည့် ဈေးလာဝယ်ကြတာကိုး…။ မန္တလေး တစ်မြို့လုံးမှာလည်း
ဘယ်နေရာကိုရောက်ရောက် လူစုစု ရှိတဲ့ နေရာတိုင်း
ဒီအကြောင်းပဲပြောနေကြတယ်လေ…။

နေဝန်းနီ

One comment

  • windtalker

    October 13, 2011 at 7:54 pm

    အဖိတ်နေ ့က
    ၃၆ လမ်း “ ဘိုစိန်မှန် ” ဆိုင်ရှေ ့က ဖြတ်လာရင်းနဲ ့
    ဘိုနေကြီးကို သတိရနေမိသေးတယ်
    မဆုံးတဲ့သီချင်းရှင်ကြီး ကျက်စားခဲ့တဲ့ နေရာပေပဲ လို ့

Leave a Reply