လူ, မြစ် ,သစ်ပင်

thit minOctober 13, 20111min969

သစ်ပင်ဆိုတာ
အခက်ကိုမချိုး၊ ရိုးတဲ့သူ
အခက်ကိုချိုး၊ ဆိုးတဲ့သူ
ဘယ်သူဘဲဖြစ်စေ
ရန်လဲ မငြိုး
စိတ်မဆိုး
အရိပ်မိုးလို့
အကျိုးပြုတယ်………….။
မြစ်တစင်းဟာ
ကျောပေါ်စီးနင်း
အပြစ်ကင်းသူ
မကင်းသူ

ဘယ်သူဘယ်ဝါ
ဖြူဖြူမဲမဲ

တူတူဘဲမှတ်
မပြတ်စီးဆင်း
လုပ်ကျွေးခြင်းနဲ့
တန်ဖိုးတခု

အကျိုးပြုတယ်…………။
သစ်ပင်နဲ့မြစ်
လူကိုချစ်လဲ
ခုတ်လှဲသစ်ပင်
ငွေကိုခင်လို့
လောဘပုဆိန်
အကြိမ်ကြိမ်သုံး
တောင်ကတုံးရုပ်
သစ်ငုတ်မြေကပ်
ဝိဉာဉ်ပြတ်ပြီ…….။
သစ်ပင်နဲ့မြစ်
လူကိုချစ်လဲ
ပိတ်ဆို့မြစ်ပြင်
ငွေကိုခင်လို့
လောဘတံတိုင်း
အပိုင်းပိုင်းဖြတ်
လည်ပြတ်မြစ်ပြင်
အသက်ငင်ပြီ ……။

သစ်ပင့်ဝိဉာဉ်
မြစ်ပြင်လည်ပြတ်
အသက်ဓာတ်ကို
ဒို့လိုလူသား
ကျေးဇူးစားက
ထောက်ထားငဲ့ညှာ
တခါပြန်ကြည့်
သတိရှိကယ်မ
ဝိုင်းဝန်းကြ၍
သက်ငွေ့မြစ်ရေ
စီးဆင်းလေပြီ
နောက်သည်မကြာ
ရုပ်နာတောင်ကတုံး
သစ်ပင်ဖုံးမည်
မဝေးပြီအနာဂတ်
သည်အရပ်မှာ
ရိပ်ဖြာသစ်အောက်
မြစ်ရေသောက်အံ့……………….. ။

(^^)

9 comments

  • ကြောင်ကြီး

    October 13, 2011 at 10:15 am

    လူ၊ မြစ်၊ သစ်ပင်
    ဆေးဖက်ဝင်
    သစ်ပင်ပေါ်မှာငါး
    မြစ်ထဲမှာလူနေ
    လူကိုဘီလူးစား
    ပြောင်းလဲလာမဲ့
    သဘာဝတရား
    မဖြစ်ခင်
    မြန်မြန်ပွား
    ပြောချင်တာ
    ဘာဝနာတရား..။

  • ginger

    October 13, 2011 at 2:48 pm

    အတွေးအသစ်မဟုတ်ပေမဲ့ တော်တော်သင့်တဲ့စပ်ဆိုမှုပါ

  • Shwe Ei

    October 13, 2011 at 2:53 pm

    ကောင်းလိုက်တဲ့ကဗျာ။ သဘာဝပတ်ဝန်းကျင် စိန်းလန်းစိုပြေရေး အတွေးလေးတွေပါတာ
    ကြိုက်တယ်ဗျာ။

  • thit min

    October 13, 2011 at 3:30 pm

    လူ မြစ် သစ်ပင် တွေ
    အတူနှစ် ချစ်ခင်ခဲ့ကြ
    ဟိုးအတိတ်ကာလ မှာ
    Natural disaster တွေနဲ့
    ဝေးခဲ့ရတာ သက်သေပါ။

    ပတ်ဝန်းကျင်ကို လူကစောင့်ရှောက်တာဟာ
    လူဟာလူကို စောင့်ရှောက်တာပဲလို့ မသိတဲ့ မသိနိုင်သူတွေ အများကြီးရှိနေသေးပါရဲ့။

  • to read

    October 13, 2011 at 6:18 pm

    အရမ်းကောင်းတဲ့ poem ကြိုက်တယ်

  • alinsett

    October 13, 2011 at 7:22 pm

    သစ်ပင်တွေကို ပိုချစ်တတ်အောင်..ဒီကဗျာလေး က သင်ပေးပါတယ် ။

    ကို သစ်မင်း..လွတ်လပ်စွာ…..ထပ်..ထပ် ဖန်တီးနိုင်ပါစေ။

    စောင့်မျှော်နေပါတယ် ။

  • blackchaw

    October 13, 2011 at 8:50 pm

    ကဗျာဆရာ ကိုသစ်မင်း လို့ ဆိုချင်ပါတယ်ဗျာ။

  • comegyi

    October 15, 2011 at 2:52 pm

    ိုကိုသစ်
    ပထမဆုံး မတွေ့ရတာ ကြာပြီဖြစ်တဲ့ လေးလုံးစပ် ကဗျာလေးကိုကြိုဆိုပါတယ်
    ဒုတိယအချက်က ကဗျာရဲ့ ရည်ရွယ်ချက်ကို လေးစားပါတယ်
    တတိယ အချက်က ကဗျာဆရာရဲ့ စေတနာကို လေးစားပါတယ်
    နောက်ဆုံးအချက်က ပြီးပြည့်စုံကောင်းမွန်တဲ့ ကဗျာတစ်ပုဒ်ဖြစ်ကြောင်း ပြောချင်ပါတယ်ခင်ဗျာ နောက်လည်း စောင့်နေမယ်ဗျာ ဆက်ရေးပါဦး..

    • thit min

      October 15, 2011 at 7:06 pm

      အားတက်ဝမ်းသာရပါသည် ။ ရေးကြတားပေါ့ဗျာ.။ဆရာခိုင် ရဲ့ အရိပ်အောက်မှာ။.
      အခုတလော အခက်ချိုးသူ တွေ ကို တွေ့နေရသလိုလိုမို့ စိတ်ထဲမကောင်းဖြစ်မိတယ်ဗျာ။

Leave a Reply