အင်းဝရွှေမြို့တော်ဟောင်းဆီသို့(၁)

Diamond KeyOctober 13, 20115min14513

ဆိုင်ကယ်လေးက မန္တလေး တံတားဦး လေဆိပ်လမ်းဆီကနေ ခွဲထွက်ကာ တံတားဦးမြို့ ဖက်ဆီ ဦးတည် ပြေးနေတယ်။ မန္တလေး တံတားဦး လေဆိပ်လမ်းပေါ်မှာ မောင်းနေစဉ်တုန်းက လမ်းကကောင်းနေတော့ တရိပ်ရိပ်ပြေးခဲ့ ဆိုင်ကယ်လေးဟာ အခုတော့ ခုန်ဆွ ခုန်ဆွ နဲ့ ကျင်းတွေ ချိုင့်တွေကို ရှောင်ပြီး သွားနေရပါတယ်။ ဦးတည်သွား နေတဲ့ နေရာကတော့ တစ်ချိန်က မြန်မာ့သမိုင်းမှာ အလွန် ကျော်ဇောခဲ့တဲ့ (အခု မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ထဲက) အင်းဝ ရွှေမြို့တော်ဟောင်း ဆီပါ။
မန္တလေး တံတားဦး လေဆိပ်လမ်းဆီကနေ ၁၅ မိနစ်လောက် မောင်းပြီးရင်တော့ တံတားဦးမြို့ထိပ်ကို ရောက်လာပြီး မြို့ဖက်ကိုမကွေ့ပဲ ညာဖက်ကို ချိူးကွေ့ကာ သံတံတားကို ဖြတ်လိုက်တော့ တစ်ချိန်က ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် နန်းမတော် မယ်နုရဲ့ မောင်တော် စလင်းမြို့စား မောင်အို တည်ဆောက်ခဲ့တယ် ဆိုတဲ့ တံတား (ဒီတံတားရဲ့ ထိပ်ဦးမှာ တည်တဲ့မြို့မို့ တံတားဦးမြို့လို့ ခေါ်တယ်ထင်တာပဲ) ရှည်ကြီးကို ဖြတ်ရပါတယ်။ အုတ်တံတားရှည်ကြီးက ရှေးလက်ရာ မပျက်ရှိနေပြီး တံတားရဲ့ အလယ်မှာ ကားလမ်းလုပ်ထားပါတယ်။

တံတားဦးမြို့ထိပ်က အုတ်တံတားရှည်ကြီး

အင်းဝမြို့ဟောင်းဖက်ရောက်လာရင်တော့ ရှေးဟောင်းဘုရားစေတီ၊အဆောက်အဦးတွေကို ဟိုဟိုဒီဒီမှာ တွေ့နေရပါပြီ။ ရှေးဟောင်းဘုရားတွေကို တောင်ပေါ်တိုက် ဘုရားစု၊ ခဲသင်ကျောင်း ဘုရားစု၊ မဟာရတနာဘုံမ်သာ (ခေါ်) သစ္စာတိုက် ဘုရားစု၊ ရတနာဆီမီး ဘုရားစု ဆိုပြီး နေရာတကာ လက်ညိုးထိုးမလွဲပါပဲ။

အင်းဝမြို့ဟောင်းက ရှေးဟောင်း အဆောက်အဦးတွေ

သမိုင်းကို ပြန်ကြည့်ရင်တော့ အင်းဝမြို့ဆိုတာက မြန်မာသမိုင်းမှာ အလွန်ကျော်ဇောခဲ့တဲ့မြို့တော်ကြီး တစ်ခုပါ။ မြန်မာ့ သမိုင်းတစ်လျှောက်မှာ မင်းဆက်ပေါင်း ၃ဆက်၊ (AD ၁၃၆၄ မှ ၁၈၄၀) ထိ၊ နှစ်ပေါင်း ၄၀ဝ ခန့်၊ လေးကြိမ်တိုင်တိုင် မင်းနေပြည်တော်ကြီး အဖြစ် နန်းစိုက်ခဲ့တဲ့မြို့တော်ကြီးပဲလေ။
အဲဒီမင်းဆက်တွေကတော့ –
– အင်းဝမင်းဆက် ( AD 1364 – 1527/1554)
– ညောင်ရမ်းမင်းဆက် ( AD 1597 – 1752) နဲ့
– ကုန်းဘောင်မင်းဆက် (နှစ်ကြိမ်) ( AD 1752 – 1885) တွေပါ။
သမိုင်းမှာ ဘယ်လောက်ထိ ဩဇာကြီးခဲ့သလဲဆိုရရင် ဗြိတိသျှတွေ တိုက်ခိုက်သိမ်းယူခြင်းမပြုမှီအထိ မြန်မာနိုင်ငံကို ပြည်ပက AVA (အင်းဝ) လို့သာခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ အင်းဝမြို့ဟောင်းက အမည် ၅ ရှိခဲ့တယ်လို့ ဆိုပါတယ်။
– အင်းဝ
– အင်းနဝ
– ရွှေဝ
– အဝ နဲ့
– ရတနာပူရ ပါ။
၁၃၆၄ ခုနှစ် ရှမ်းတို့ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းနေပြည်တော် ပျက်စီးသွားတဲ့အခါ အင်းဝမင်းဆက်ကို စခဲ့တဲ့ သတိုးမင်းဖျား (၁၃၆၄ – ၆၈) က အင်းဝမှာ မင်းနေပြည်တော် အဖြစ် စတင်တည်ထောင်ခဲ့တယ်လို့ဆိုပါတယ်။ သာယာဝတီမင်း (၁၈၃ရ – ၄၆) က ၁၈၄ဝ မှာ မင်းနေပြည်တော်ကို အင်းဝကနေ အမရပူရဆီကို ရွှေ့လေတော့မှ အင်းဝမင်းနေပြည်တော်ကြီးရဲ့ ဘုန်းမီးနေလ အပြီးတိုင် ရပ်စဲခဲ့ရလေတာပါ။

လောကထိပ်ဦးစေတီတော်
ညောင်ရမ်းမင်းတည်ခဲ့တဲ့ အင်္ဝမြို့ မဟာမြတ်မုနိဘုရား
တောင်ပေါ်တိုက် ဘုရားစု

အင်းဝမြို့ဟောင်းရဲ့ မြို့ထိပ်မရောက်ခင်လေးမျာတော့ ခဲသင်ချောင်း ဘုရားစုကို ဖူးတွေ့ရပါတယ်။

တောင်ပေါ်တိုက် ဘုရားစု
တောင်ပေါ်တိုက် ဘုရားစု

နဲနဲဆက်သွားလိုက်တော့ ရှေးဟောင်းမြို့ရွှေအင်းဝရဲ့ ဂုဏ်ရှိန်ပြည့်နေတဲ့ ကျုံးနဲ့ မြို့ရိုးကို ဘွားကနဲ တွေ့လိုက်ရပါတယ်။

ရှေးဟောင်းမြို့ရွှေအင်းဝရဲ့ ကျုံးနဲ့ မြို့ရိုး
ရှေးဟောင်းမြို့ရွှေအင်းဝရဲ့ ကျုံးနဲ့ မြို့ရိုး

မြို့ရိုးထဲ ဝင်သွားရင်တော့ အဝေးကပင် မြင်နေရတာက နန်းမြင့်မျှော်စင်ပါ။ အမြင်ပေ ၉ဝ ရှိတဲ့ ဒီနန်းမြင့်မျှော်စင်ဟာ ၁၈၂၂ ခုနှစ်မှာ တည်ရှိခဲ့တဲ့ ဘကြီးတော်မင်းရဲ့နန်းတော်က ကြွင်းကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော ၁၉ ရာစု အစောပိုင်း မြန်မာ့ ဗိသုကာ အနုပညာရဲ့ နမူနာ ပုံစံ အင်္ဂတေလက်ရာပါ။ ၁၈၃၈ ခုနှစ်က လှုတ်ခတ်ခဲ့တဲ့ ငလျှင်ဒဏ်ကြောင့် အပေါ်ပိုင်း အဆောက်အဦး ပြိုကျခဲ့တာကို မူလလက်ရာ အတိုင်းပြန်ပြင်ထားပါတယ်။

နန်းမြင့်မျှော်စင်

အဲဒီကနေ မလှမ်းမကမ်းကို နဲနဲမောင်းသွားပြီး ကုန်းတက်ကလေးကို ဆိုင်ကယ်မောင်းတက်လိုက်တော့ မယ်နုအုတ်ကျောင်းလို့ ထင်ရှားတဲ့ မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီး ကိုတွေ့ရပါတယ်။ ၁၈၂၂ ခုနှစ်မှာ ဘကြီးတော်မင်းရဲ့ မိဘုရားခေါင်ကြီး နန်းမတော်မယ်နုက တည်ဆောက်ခဲ့ကာ ညောင်ကန် ဆရာတော် ဦးပိုအား တင်လှု ပူဇော်ခဲ့ပါတယ်။ ဆရာတော်ဦးပို ပျံလွန်တော်မူပြီးမှ ဆရာတော်ဦးဗုဓ် ကိုဆက်လှုခဲ့တယ်လို့ ဆိုပါတယ်။

မယ်နုအုတ်ကျောင်း
မယ်နုအုတ်ကျောင်း
မယ်နုအုတ်ကျောင်း ပတ်ဝန်းကျင်
မယ်နုအုတ်ကျောင်းပေါ်က မြင်နေရတဲ့ ဧရာဝတီနဲ့ စစ်ကိုင်းတံတား

မယ်နုအုတ်ကျောင်းက ၁၈၃၈ ခုနှစ်က ပြင်းထန်တဲ့ ငလျှင်ဒဏ်ကြောင့် ပျက်စီးခဲ့ရပေမဲ့ နန်းမတော်မယ်နုရဲ့ သမီးလည်းဖြစ်၊ မင်းတုန်းမင်းရဲ့ မိဘုရားတစ်ပါးလည်းဖြစ်တဲ့ ဆင်ဖြူမရှင် မိဘုရားက ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ ဇေတဝန်ဆောင်နဲ့ ပြသာဒ်ဆောင်ပါဝင်တဲ့ သစ်သားဘုန်းကြီးကျောင်းနဲ့ သဏ္ဍန်တူ အခိုင်အမာ အုတ်လွှာ အထပ်ထပ်နဲ့ တည်ဆောက်ထားပြီး ကုန်းဘောင်ခေတ်နှောင်း မြန်မာ့ဗိသုကာ၊ ပန်းရံနဲ့ ပန်းတမော့ အနုပညာကို လေ့လာစရာ နေရာကောင်းအဖြစ် ထင်ရှားတဲ့ နေရာ တစ်ခုပါ။
မြို့ဟောင်းမြို့ရိုး အတွင်းမှာပဲ မဟာရတနာဘုံမ်သာ (ခေါ်) သစ္စာတိုက် ဘုရားစု ကို တွေ့ရပါတယ်။

မဟာရတနာဘုံမ်သာ (ခေါ်) သစ္စာတိုက် ဘုရားစု
အင်းဝမြို့ဟောင်းတနေရာ

(ပြီးခဲ့တဲ့ အပတ်ကမှ ရွာထဲကို မျက်စိသူငယ်၊ နားသူငယ်နဲ့ ဝင်လာတဲ့ ကျွန်တော်ကို ရွာထဲမှ ကြိုဆိုပြီး ရွာမုန့်တွေကျွေး၊ ရေနွေးကြမ်းနဲ့ ဧည့်ခံခဲ့ ကြတဲ့ သူကြီးနဲ့ တကွ ၊ရွာက ရွာသူရွာသားကြီးများနဲ့ နောက်တစ်ခေါက်ဆို အင်းဝကို သွားလိုက်ပါလို့ လမ်းညွန်ခဲ့တဲ့ ရွာထဲက အရီးလေး pooch ကို လေးစားသမှုနဲ့ ဒီအင်းဝရွှေမြို့တော်ဟောင်းဆီသို့ ခရီးလေးကို ရေးသားလိုက်ရပါတယ်။ မသိတာတွေကို ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့ မှတ်တမ်းတွေဆီက ကူးယူပြီး ရွာထဲပြန်ဝေပါသည်။)
အင်းဝရွှေမြို့တော်ဟောင်းဆီသို့(၂) ကိုဆက်ပါမည်။

13 comments

  • thit min

    October 13, 2011 at 9:27 am

    သမိုင်းကြောင်းရဲ့ ဖွင့်ကောင်းဖွင့်ရာ ရတနာများရှိရာ တံခါးများကို တချပ်ခြင်း ဖွင့်ပြ ပေးနေတဲ့
    ကိုစိန်သော့ ကိုတော့ ကျေးဇူးတင်လေးစားပါတယ်ဗျာ။

  • koyinmaung

    October 13, 2011 at 10:12 am

    ဒီလိုသမိုင်းဝင်နေရာတွေအရမ်းစိတ်ဝင်စားပါတယ်တချိန်ကဆိုလူအများနဲ့
    စည်ပင်ဝဖြိုးခဲ့တဲ့နေရာဆိုတာ အတွေးထဲမှာဝင်လာမိတော့လွမ်းမောစရာရယ်လို့ခံစားမိပါတယ်
    ဓါတ်ပုံတွေအရမ်းကောင်းပါတယ်……..

  • Diamond Key

    October 13, 2011 at 11:06 am

    သူကြီးရေ။
    မဟာမြတ်မုနိဘုရားပုံတင်လိုက်တာ လောကထိပ်ဦးဘုရားနှစ်ပုံ ထပ်သွားမိပါတယ်။
    ဖြုတ်လို့ရရင် လုပ်ပေးပါနှော်။
    လေးစားမှုတွေနဲ့-
    စိန်သော့

  • windtalker

    October 13, 2011 at 11:49 am

    ဘိုစိန်သော့ရေ
    မောင်ပေ ဟာ မန်းတလေးသား ဆိုပေမယ့်
    အင်းဝကို တစ်ခေါက်မှ ကို မရောက်ဖူးတဲ့ ကောင်ရယ်ပါ
    ဘိုစိန်သော့ ပုံတွေ မြင်ရမှပဲ
    သွားလေ့လာ ဘုရားဖူး ရဦးမယ် ဆိုတာ သိရ သဗျ
    ကျူးဇေး ရှဲရှဲ

  • kai

    October 13, 2011 at 12:10 pm

    ကိုရင်ဒိုင်းမွန်း… ကိုယ်တိုင်လုပ်လို့ရပါပြီခင်ဗျ..။
    =
    မြို့ဟောင်းကို..သစ်ပင်တွေကြားထဲ…တွေ့ရတော့.. နှမြောမိတယ်..။

    • Diamond Key

      October 13, 2011 at 12:52 pm

      ကျေးဇူးကြီးလှပါပေ့ သူကြီး ခင်ဗျာ။

  • kocho

    October 13, 2011 at 1:50 pm

    အယူအဆများ ကောင်းလှ၏(တော်တော် အချိန်ယူထားမှဒီပုံများ ရနိုင်ကြောင်းယူဆမိပါတည်) ကျေးဇူးတင်ပါ၏

  • inz@ghi

    October 13, 2011 at 2:22 pm

    ကျေးဇူး သော့ ဆြာ…

    မန္တလေးရောက်ဖူးပေမယ့် အင်းဝ မရောက်ဖူးသေးဘူးဗျာ ..
    သည်တခါ ပြန်ရင်ဖြင့် မန္တလေး နဲ့ အင်းဝ တက်ဖြစ်အောင်တက်မယ် လို့ စိတ်ကူးထားတာ ပိုခိုင်မာသွားပြီ …
    အင်းဝဘက်ကိုတော့ ဖြင့် မန္တလေးက ရွာသူ/ရွာသားတွေ နဲ့ အတူသွားလိုက်ချင်ရဲ့ ….

    • Diamond Key

      January 19, 2012 at 9:05 am

      ဆြာဂီလာလို့ကတော့ မဖြစ်ဖြစ်အောင် အတူလိုက်မှာပါဗျာ 😀

  • blackchaw

    October 13, 2011 at 8:49 pm

    ကြည့်လို့ အားရလိုက်တာ ကိုစိန်သော့ရေ။
    ၂ ထက် ၁ ကိုပိုကြိုက်သွားတယ်ဗျာ။

  • mandalarthu

    October 13, 2011 at 9:55 pm

    ကိုစိန်သော ့ေ၇
    စိမ်းစို လှပနေတဲ့ အင်းဝကို မြင်ရလို ့ကျေးဇူးပါ။
    ကျွန်မ အင်းဝ ကို တစ်ခေါက်ရောက်ဖူးပေမဲ ့ရှ ုခင်းတွေ ကခြောက်ကပ်ကပ်နဲ ့၊နေကပူ ဖုန်ကထူ နဲ ့မို ့
    အင်းဝ အလည်တစ်ခေါက် က အမှတ်တရ မဖြစ်ခဲ ့ရဘူး။ နွေရာသီ မှာ သွားခဲ ့တာပါ။
    အခုတော ့စိမ်းစိုနေတဲ ့ အင်းဝ အကြောင်းပြည် ့ပြည် ့စုံစုံ ဖတ်လိုက်ရတော ့အရမ်းဝမ်းသာမိတယ်။
    ပုံတွေနဲ ့သမိုင်းကြောင်းကို သိရတော ့ပို စိတ်ဝင်စားမိလာတယ်။
    အထူးသဖြင့် ”ရှေးဟောင်းမြို့ရွှေအင်းဝရဲ့ ကျုံးနဲ့ မြို့ရိုး” ပုံ ဘဲ။
    ကျွန်မတို ့ငယ်ငယ်တုန်းက ဆော ့ကစားခဲ ့ကြတဲ ့လွန်ခဲ ့သောနှစ်ပေါင်းများစွာက သဘာဝ မန္တလေး ကျုံးဘေးနဲ့ တူနေလို ့ပါ။
    နောက်တခေါက် အလည်ရောက်ဖြစ်ရင် ကိုစိန်သော ့မှတ်တမ်းလေးပါယူသွားမယ်။

  • ဇွဲမာန်(အင်းဝ)

    January 18, 2012 at 9:56 pm

    သမိုင်းရဲ့စာမျက်နှာကိုတွေလှန်ပြီးကမ္ဗည်းတစ်ခုရေးထိုးခဲ့တဲ့ အင်းဝရွှေမြို့တော်အကြောင်းကိုဖွင့်ပြခဲ့လို့
    အထူးပဲကျေးဇူးတင်ရှိပါတယ် အထူးလည်းလေးစားမိပါတယ် ကိုယ်တိုင်ရောက်နေတာဆိုပေမဲ့
    ကိုယ့်ဒေသတစ်ခုကိုဖော်ထုတ်ပေးတာအတိုင်းမသိဝမ်းသာမိပါတယ်…နောက်တစ်ခုပြောချင်တာကတော့
    နောက်အင်ဝရဲ့သာသနာဝင်တွေရှိနေသေးတယ်ဆိုတာကိုသိစေချင်ပါတယ်..ကျန်နေသေးတဲ့သာသနာ့မှတ်တိုင်တွေကိုဖော်ထုတ်ပေးစေလိုပါတယ်…။

  • ဒီပိုစ်ကို အခုမှတွေ့တယ်ကိုစိန်သော့ရေ။
    ခင်ဗျားပုံတွေက ကျနော်တင်ထားတာထက်ပိုသေသပ်တယ်။
    ကျနော်သွားတုံးက ပဟိုရ်စင်ကို မရိုက်ခဲ့ရဘူးဗျာ။

Leave a Reply