အဲဒီကနေ မြို့ဟောင်းမြို့ရိုး အတွင်းပြန်ထွက်ပြီး ကျုံးနဲ့ အပြိုင် ရွာလမ်းကလေးအတိုင်းသွားလိုက်တော့ ဗားကရာသို့ ဆိုတဲ့ လမ်းခွဲကို ရောက်လာပါတယ်။ ဒီလမ်းအတိုင်းမောင်းလာတော့ ရတနာဆီမီး ဘုရားစုကို ရောက်ပါတယ်။ နိင်ငံခြား ခရီးသွားတွေကိုတော့ မြင်းလှည်းကိုယ်စီနဲ့ ဟိုနားဒီနား တွေ့ရပါတယ်။ အင်းဝမှာက ဘုရားဖူးနဲ့ လေ့လာသူတွေ အတွက် စီးစရာ မြင်းလှည်းလေးတွေ ရှိပါတယ်။

ရတနာဆီမီး ဘုရားစု


ရတနာဆီမီး ဘုရားစု


ရတနာဆီမီး ဘုရားစု


ရတနာဆီမီး ဘုရားစု ကနေဆက်သွားလိုက်တယ်ဆိုရင်ပဲ ဘယ်ဖက်လမ်းခွဲက ဗားကရာကျောင်းတော်ကြီး ဆီသွားတဲ့ လမ်းကလေးပါ။ လမ်းရဲ့ ဘယ်ညာမှာ စပါးစိုက်ခင်းတွေနဲ့၊ မြန်မာ့ ကျေးလက် အငွေ့အသက်၊ စိမ်းစိုနေတဲ့ လယ်ကွင်းပြင်ကျယ်ကို ဖြတ်သန်း တိုက်ခတ်လာတဲ့ လေနုအေးလေးက အညာနွေကြောင့် အပူဒဏ် ခံစားနေရမှုကို ပျောက်စေကာ ဗားကရာကျောင်းတော်ကြီးဆီ ရောက်သွားခဲ့ရပါတယ်။

ဗားကရာကျောင်းတော်ကြီး


ဗားကရာကျောင်းတော်ကြီး ရဲ့ ကျွန်းတိုင်လုံးကြီးတွေ


ဗားကရာကျောင်းတော်ကြီး ရဲ့ ကျွန်းတိုင်လုံးကြီးတွေ


ဗားကရာကျောင်းတော်ကြီး ကတော့ မြန်မာ့သက္ကရာဇ် ၁၁၉၆ မှာ ဘကြီးတော်မင်းလက်ထက် ဆောက်လုပ် လှုတမ်းခဲ့တာပါ။ သစ်သားကျောင်းတော်ကြီး ဖြစ်ပြီး ကျွန်းတိုင်ပေါင်း ၂၆၇ လုံး၊ အကြီးဆုံး ကျွန်းတိုင်က လုံးပတ် ၉ ပေ၊ အမြင့် ၆၀ တောင်ရှိပါတယ်။ ကျောင်းကြီးက အလျား ၁၈၈ ပေ၊ အနံ ၁၀၃ ပေ ရှိပါတယ်။ ဒီလိုကျောင်းတော်ကြီးမျိုးကိုတော့ တွေ့မြင်ရဖို့ အလွန်ရှားပါးသွားပါပြီ။ ဒီမှာတော့ မြန်မာ့ ပန်းပုလက်ရာမြောက်တာတွေ လေ့လာစရာပါ။

ဗားကရာ နားက သိမ္ဘုရား


အင်းဝက လောကသရဖူ


ဗားကရာကနေထွက်လာတော့ နေ့လည် ၁၂ နရီတောင် ရှိနေပြီ။ ဒါနဲ့ အနီးဆုံး ဆင်ကျုံးရွာမှာ မနက်စာဝင် စားကြပါတယ်။ ထမင်းစားပြီးတော့ အင်းဝရောက်ရင် မဖြစ်မနေ လေ့လာစရာ တစ်ခုဖြစ်တဲ့ ဆင်ကျုံးရွာအနီး ဧရာဝတီ ကမ်းနဖူးက သမိုင်းဝင် အင်းဝ ဆင်ကျုံးခံတပ်ကို သွားကြပါတယ်။ ရတနာပုံနေပြည်တော်ကြီးကို တိုက်ခိုက် သိမ်းပိုက်ဖို့ ဧရာဝတီမြစ်ကြောင်း အတိုင်းတက်လာတဲ့ နယ်ချဲ့တွေကို မြန်မာမျိုးချစ်ပုဂ္ဂိုလ်တွေက ရဲရဲရင့်ရင့် ကြံကြံခံကာ တိုက်ခိုက်တွန်းလှန်ခဲ့တဲ့ နေရာတစ်ခုပါ။
တစ်ချိန်တုန်းကတော့ စစ်သံတွေ၊ တိုက်ခိုက်သံတွေ ဆူညံခဲ့တဲ့နေ၇ာ ဖြစ်ပေမဲ့ အခုတော့ ဧရာဝတီရဲ့ သဘာဝနဲ့ သိပ်လှတဲ့ နေရာလေးပါ။

ဆင်ကျုံးခံတပ်


မြန်မာ့သက္ကရာဇ် ၁၂၃၆ ၊ မင်းတုန်းမင်းကြီးလက်ထက်မှာ ကင်းဝန်မင်းကြီး ဦးကောင်း၊ ယောမင်းကြီး ဦးဖိုးလှိုင် တို့ရဲ့ စီမံမှုနဲ့ အီတလီလူမျိုး ကွန်မိုတိုက ဦးဆောင်ကြီးကြပ်ပြီး ဆောက်လုပ်ခဲ့တာပါ။ ဆင်ရိုင်းများကို ကျော့ရာကျုံးကို ပြုပြင်တည်ဆောက် ခဲ့တာကြောင့် ဆင်ကျုံးခံတပ်လို့ ခေါ်ကြောင်းသိရပါတယ်။

ဆင်ရိုင်းများကို ကျော့ရာကျုံးကို ပြုပြင်တည်ဆောက် ခဲ့တာမို့


ဧရာဝတီအတိုင်း အထက်ကို ဆန်တက်လာပြီး မင်းလှ နဲ့ ဂွေးချောင်းခံတပ်တွေကို ကျော်လာရင် ရတနာပုံနေပြည်တော် မရောက်မှီ တွေ့ရမယ့် အင်းဝက ဆင်ကျုံးခံတပ်၊ စစ်ကိုင်းက အစေခံ ခံတပ်၊ အမရပူရက သပြေတန်းခံတပ်တွေ ရှိပါတယ်။ ဒီ ခံတပ် ၃ခုမှာ ပထမဆုံးထိတွေ့ရမှာက ဒီခံတပ်ပါ။ ဒီခံတပ် ဆောက်လုပ်ထားပုံက စတုရမ်းပုံ အုတ်တံတိုင်း ၃ထပ်၊ ပတ်ပတ်လည်တွင် ပေ ၃၀ ကျယ်တဲ့ ကျုံးပါရှိကာ အပြင်တံတုင်း တစ်ဖက်လျှင် ၃၅၅ ပေ၊ အလယ်တံတိုင်း တစ်ဖက်လျှင် ၂၉၃ ပေ ရှိပါတယ်။ ခံတပ်ထဲသို့ ဝင်ရန် အရှေ့ဖက်မှာ အလျား ၃၂ ပေ၊ အနံ ပေ ၂၀ ရှိတဲ့ တံတားကို ယက်မလျှိုကာ ဆောက်ထားပါတယ်။
ခံတပ်ရဲ့ အတွင်း မြောက်ဖက်မှာ အရှေ့အနောက်တန်းလျှက် အခန်းငယ် ၂ခန်းပါရှိပြီး အဲဒီအပေါ်မှာ ပုံမှာတွေ့ရတဲ့ အတိုင်း လှေကားထစ်လေးတွေ လုပ်ထားပါတယ်။

သူရဲပြေးပေါ်က ရှေးဟောင်း အမြောက်ကြီး


သူရဲပြေးပေါ်မှာတော့ ဆုံလည်အမြောက်တွေ၊ စိန်ပြောင်းတွေ၊ သေနတ်တွေထားဖို့ စက်ဝိုင်းပုံ အုတ်စီ အပေါက်လေးတွေ လုပ်ထားပါတယ်။ အခုအချိန်မှာတော့ တစ်ချိန်က ယမ်းခိုတွေနဲ့ ဝေနေခဲ့မယ့် ရှေးအမြောက်ကြီး ၂လက်က အမှတ်တရ ဓါတ်ပုံရိုက်စရာပါ။ အတွင်းမှာ လက်နက်တိုက်၊ယမ်းတိုက် ပါရှိပါတယ်။ အထဲဝင်ကြည့်ဆိုပြီး အပေါက်လေးထဲ ခေါင်းငုံ ဝင်သွားကြည့်တာ သံတံခါးလေး သော့ခတ်ထားလို့ မရောက်ခဲ့ရပါဘူး။

လက်နက်တိုက်နဲ့ယမ်းတိုက်သို့ ဝင်ရာအပေါက်


မနက်စောစော မန္တလေးက ထွက်ခဲ့တာ ဆင်ကျုံးခံတပ်ကို လေ့လာပြီး ချိန်မှာတော့ မွန်းလွဲနေပါပြီ။ အဲဒီကနေပဲ မန္တလေးကို ပြန်လည် ဦးတည်ခဲ့ကြပါတယ်။ ပြန်လိုက်ပါအုံးမယ် အင်းဝ။

About Diamond Key

Sein Thort has written 64 post in this Website..

ပွင့်လင်းလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရခြင်း၊ ဖတ်ရှုခွင့် ရခြင်းများကို အလွန် နှစ်သက်သဘောကျသည်။ သို့သော် ထိုအခွင့်အရေးကို သုံးကာ သူတပါးအား နစ်နာရန် မမှန်မကန် ပြုမူခြင်းမျိုးကို မနှစ်သက်။ မိမိစာတစ်လုံးသည် အများသူငါ အတွက် တစ်စုံတရာ အကျိုးပြုနိုင်ပါစေ။