သမတဂျီးရဲ့ ရေစီးကမ်းပြို စေတနာ Fake Gesture

နုနယ်ပျိုမြစ်တဲ့ ဘဝပေါင်းများစွာပေးဆပ် တိုက်ပွဲဝင်နေရတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု။ ဓာတ်ပုံ - ဗကသကျောင်းသူ မဖြိုးဖြိုးအောင်

သမဒဂျီးဦးသိန်းစိန်ရဲ့ ချစ်ခင်ကြင်နာမှုနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား၂၀၆ဦးရဲ့ စာရင်းကို thevoicemyanmar.com ကနေ scribd.com မှာတင်ပေးတာတွေ့လို့ လွတ်လာသူများရဲ့ ထောင်ကျသက်နဲ့ ရခဲ့တဲ့လျော့ရက်ကို ရွာသားများသိနိုင်အောင် ကူးယူဖော်ပြလိုက်ပါတယ်။ ဗွိုက်စ်ဂျာနယ်ကိုလည်း ဒီကနေ ခွင့်တောင်းပါတယ်။ အန်အယ်ဒီကြေငြာချက်မှာ လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ၁၉၈ဦး၊ သို့ပေမဲ့ နိုင်ငံရေး အကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့ အေအေအာပီကတော့ ၂၀၆ဦးလို့ဆိုပါတယ်။ ဦးဇာဂနာ၊ ဗိုလ်ချုပ်ဆေထင် တို့လို နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့ အကျဉ်းသမားများပါသလို အတော်များများဟာ ပြန်လွတ်ခါနီးသမား၊ ထောင်ထဲမှာ အချိန်အတော်များများ ပေးဆပ်ခဲ့ရသူ (သို့) မတရားပြစ်ဒဏ်ရဲ့ သုံးချိုးနှစ်ချိုးကျော်မျှ ခံစားခဲ့ ရသူများ ဖြစ်ပါတယ်။ တဆက်ထဲမှာပဲ ရွာသားများအနေနဲ့ သူတို့ဘဝကို ပိုပြီးစာနာတတ်စေရန် လွတ်ခါနီးမှ လွတ်မြောက်လာသူအချို့နဲ့ ပြည်ပသတင်းဌာနများ တွေ့ဆုံမေးမြန်ခန်းများကို ကောက်နှုတ်တင်ပြပါတယ်။ သက်ဆိုင်ရာ သတင်းဌာနများကိုလည်း ဒီကနေ ခွင့်ပန်လိုက်ပါတယ်။

အင်းစိန်ထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် ကြာသာပတေးနေ့က လွတ်မြောက်လာသူများထဲတွင် လူသတ်မှု၊ လက်နက်မှု၊ မတရားအသင်းနှင့် ဆက်သွယ်မှုတို့ဖြင့် သေဒဏ် ကျခံနေရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၃၀၃ (ဝှေစေတီစခန်း) တွဲဖက် အတွင်းရေးမှူး- ၁ ကိုအောင်ကျော်စိုး ခေါ် ဖိုးခွား

ကိုအောင်ကျော်စိုးက ဘယ်နှနှစ် ကျတာလည်း ခင်ဗျ။

“ကျနော်ကျတာ ပထမတော့ သေဒဏ်ပေါ့။ သေဒဏ်ကနေ ကျွန်းပြောင်းတော့ အစိတ် (၂၅ နှစ်)။ အစိတ်ကနေ အခု ၂၁ နှစ်လေ။”

ပြစ်ဒဏ် လျှော့ပေးလိုက်တဲ့ အပေါ်မှာရော ဘယ်လိုခံစားရလည်း။ ဘယ်လိုမြင်လဲ။
“သူတို့ လျှော့မပေးလည်း ကျနော် လွတ်ခါနီးပြီဗျာ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ သူတို့ နိုင်ငံတော် တနှစ်ပေး
တာရယ်၊ ဟိုး နဂိုကရထားတဲ့ လျှော့ရက်တွေနဲ့ အားလုံးပေါင်းလိုက်လို့ ရှိရင် ကျနော် ရှေ့နှစ်ထဲမှာ လွတ်မယ်ဗျ။
၁ဝ ရက်၊ ဒီဇင်ဘာမှာ ကျနော်လွတ်မှာ။ ၂၀၁၂ ခုနှစ် ၁ဝ ဒီဇင်ဘာ။ ကျနော်လွတ်မယ့်ရက်။ အဲဒါ ကျနော့်ရက်ပဲ။
၉၃ ကနေ ၉၈ မတ်လအထိ ရထားတဲ့ လျှော့ရက်တွေ ပေါ့လေ။”

http://www.mizzimaburmese.com/interview/8483–absdf–.html

 

သံလျင် ရေနံချက်စက်ရုံ ဗုံးခွဲမှု၊ ရန်ကုန်မြို့တော် ခန်းမ ဗုံးခွဲမှုများဖြင့် သေဒဏ်ချမှတ်ခံရသော ကိုညီညီဦး

မေး။  ။ သံလျင်ရေနံချက် စက်ရုံကို ဗုံးခွဲခဲ့တဲ့ တရားခံ အစစ် KNU က ဗိုလ်မှူး ကိုကိုနိုင်ကို နောက်ပိုင်းမှာ ဖမ်းမိတယ် မဟုတ်လား။

ဖြေ။  ။ ကျနော့်ကို ဖမ်းပြီး ၁လ လောက် အကြာမှာ ဗိုလ်မှူးကိုကိုနိုင်ကို ဖမ်းမိပါတယ်၊ ဗိုလ်မှူးကိုကိုနိုင်က အာဏာပိုင်တွေကို ဗုံးဖောက်တဲ့ တရားခံဟာ သူပါပဲဆိုပြီး ဝန်ခံခဲ့ပေမယ့်၊ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာပဲ ကျနော်တို့ သံလျင် NLDက အက်စ် သုံးလုံး ယူဂျီ လှုပ်ရှားမှု လုပ်တယ်ဆိုပြီးတော့ ကျနော်ရယ် ကိုသန်းဇော်ရယ် အပါအဝင် စုစုပေါင်း ၁၅ယောက်ကို ထောင် ဒဏ် နှစ်၂ဝ ထပ်မံပြီး ချခဲ့ပါတယ်။

ဗိုလ်မှူးကိုကိုနိုင်ကို ဖမ်းလာတော့ အင်းစိန်ထောင် ၅ တိုက်မှာထားတယ်၊ ကျနော်က၂ တိုက်မှာ နေရတယ်၊ နောက်ပိုင်း ပြန်တွေ့တော့ ဗိုလ်မှူးကိုကိုနိုင်က ထောင်ထဲမှာရှိတဲ့ NLD လူကြီးတွေ ရှေ့မှာရော ဗဟိုကော်မတီ လူကြီးတွေ ရှေ့မှာရော နိုင်ငံရေး အဝန်း အဝိုင်းက ကျောင်းသားလူငယ်တွေရှေ့မှာရော ဖောက်ခွဲမှုကို သူလုပ်တယ်ဆို တာဝန်ခံခဲ့ပါတယ်၊ တောင်းပန်ပါတယ်၊ နိုင်ငံရေး သမား အားလုံးကိုရော ကျနော့်ကိုရော အာဏာပိုင်ကိုပါ ဖြောင့်ချက်ပေးပါတယ်။ ဒါပေမယ့် ဗိုလ်မှူးကိုကိုနိုင်ကို ဗုံးဖောက်ခွဲတဲ့ တရားခံ အစစ်ဖြစ်တယ်ဆိုတဲ့ အကြောင်း မပြောဖို့ အာဏာပိုင်တွေဘက်က တားမြစ်ထားတယ်လို့ ဗိုလ်မှူးကိုကိုနိုင် အဆိုအရ သိရပါတယ်။

 

မေး။  ။ ထောင်သက်တမ်း ၂၃ နှစ်မှာ အမှတ်တရအဖြစ်ဆုံး အဖြစ်အပျက်ကို ပြောပြပါလား။

ဖြေ။  ။ ၁၉၉ဝ စက်တင်ဘာ မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြမှုဖြစ်ခဲ့တယ်၊ အားလုံးက သက်ဆိုင်ရာ တိုက်ခန်းအတွင်းကနေ အော်ဟစ်တောင်းဆိုခဲ့တယ် အဲဒီတုန်းက ထောင် အာဏာ ပိုင်က ဆန္ဒပြ အကျဉ်းသားတွေကို ခေါင်းစွပ် စွပ်ပြီး ရိုက်နှက်ခဲ့တယ်၊ ရိုက်နှက်လို့ အော်ဟစ်တဲ့ အသံတွေကို ဖုံးလွှမ်းအောင် အုတ် ရိုးပတ်လည်မှာ ဟင်္သာတ ထွန်းရင်ရဲ့ “စာဥ” သီချင်းကို အသံကုန်ဖွင့်ထားခဲ့တယ်၊ ဒါကြောင့် အခုနေ စာဥ ဆိုတဲ့ သီချင်းသံကြား ရင် နားကို မထောင်ချင်အောင်ဘဲ အဲသည့် အဖြစ်အပျက်က အမှတ်တရဖြစ်ခဲ့တယ်။

http://burma.irrawaddy.org/?p=1095

 

နာဂစ်အရေး ကူညီသူ ဗကသ အဖွဲ့ဝင် မဖြိုးဖြိုးအောင်

နာဂစ်မုန်တိုင်းတိုက်ပြီးနောက် ဇွန်လတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သဂြုႋဟ်၍ ရန်ကုန်အပြန်လမ်းတွင် ဖခင်ဖြစ်သူ ဒေါက်တာနေဝင်းနှင့်အတူ စရဖ-စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

မဖြိုးဖြိုးအောင် အပါအဝင် သူ၏လုပ်ဖော်ကိုင်ဖက် ပဲခူးတိုင်း တောင်ငူထောင်မှ ကိုရှိန်းရာဇာထွန်းနှင့် ကချင်ပြည်နယ် ဗန်မော်ထောင်မှ ကိုအောင်သန်းဇင်ဦးတို့လည်း ယနေ့ လွတ်မြောက်လာသည်။ ယင်းတို့ကို အသင်းအဖွဲ့ ဥပဒေ
ပုဒ်မ ၆၊ ရ တို့ဖြင့် ထောင်ဒဏ် လေးနှစ် ကျခံရာမှ သုံးနှစ်နှင့် လေးလနေခဲ့ရာမှ လွှတ်ရန် သုံးလအလိုတွင် လွှတ်မြောက်လာသည်ဟု မဖြိုးဖြိုးအောင်က ပြောသည်။

http://www.mizzimaburmese.com/interview/8480-2011-10-13-06-12-49.html

 

ပေါက်တောမြို့နယ် ဇာတိ နိုင်ငံရေး အကျဉ်းသား နှစ်ဦးလည်း လွှတ်မြောက်လာရာ အဆိုပါ ပုဂ္ဂိုလ်များမှာ ဦးကောဝိဒနှင့် ဦးမြတ်ထွန်းတို့ ဖြစ်ကြသည်။ ဦးကောဝိဒသည် ရန်ကုန် ငွေကြာယံ ကျောင်းတိုက်မှ ၂၀၀ရ အောက်တိုဘာ ၄ ရက်နေ့တွင် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင် ပါဝင်မူဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၄ နှစ် ၆ လ ချမှတ်ခံခဲ့ရသည်။ ယခု သရက်ထောင်က လွှတ်မြောက်လာသည်။

ပေါက်တောမြို့ သဝင်ချောင်းမှ ဦးမြတ်ထွန်းမှာ ပြည်ပ သတင်းဌာနများနှင့် ဆက်သွယ်သည်ဟု ဆိုကာ မောင်တောမြို့မှ ဘူးသီးတောင်သို့ အပြန် ဗျူဟာဂိတ်တွင် ၂၀၀၈ ခုနှစ်က ဖမ်းဆီးခံရပြီး ထောင် (၅) နှစ် ချမှတ်ခံရကာ ယခုအခါ ဧရာဝတီတိုင်း မြောင်းမြထောင်မှ လွှတ်မြောက်လာခဲ့သည်။

http://www.narinjara.com/detailsbur.asp?id=3536

တခြား လွတ်လာသူများမှာ ဘူးသီးတောင်မြို့ ညောင်ချောင်းကျေးရွာမှ ကိုနိုင်စိုး (အဖ-ဦးမောင်လှဖြူ) ဖြစ်ပြီး ဗန်းမော်ထောင်မှ လွတ်မြောက်သည်။ ကိုနိုင်စိုးသည် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) နှင့် ဆက်စပ်သည့် စွပ်စွဲဖြင့် ၂၀၀၉ စက်တင်ဘာ ၁၈ ရက်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။

http://www.scribd.com/doc/68621751/Update-on-the-October-12-prisoner-Release-206

6 comments

  • blackchaw

    October 14, 2011 at 9:29 am

    ဟင်္သာတထွန်းရင် ရဲ့ စာဥ သီချင်းဖွင့်ပြီး
    ရိုက်တယ်ဆိုလို့
    သီပေါမင်းနန်းတက်တော့ မင်းညီမင်းသားညီအစ်ကိုတတွေကို
    သတ်တဲ့ ညမှာ
    အော်သံဟစ်သံ ညည်းတွားသံတွေ မထွက်အောင်
    ပွဲလမ်းသဘင်တွေကျင်းပခဲ့တယ်လို့ ဖတ်ရဘူးတယ်။
    ကိုညီညီဦးရေ…. စာဥ သီချင်းတောင် မဆိုရက်တော့ပါဘူးဗျာ။

    • ကြောင်ကြီး

      October 14, 2011 at 9:41 am

      အဲဒီလို ရက်စက်ယုတ်မှာ အနိုင်ကျင့်မှုတွေဟာ မြန်မာပြည်အနှံ့ထောင်တွေမှာ ၁၉၉ဝဦးပိုင်းနှစ်တွေက တကယ်ဖြစ်ခဲ့တာပါ။ အပြင်လူမကြားအောင် သီချင်းဖွင့်ပြီးရိုက်တယ်၊ ရိုက်နေတဲ့အချိန်မှာ လေးဖက်ထောက်သွားခိုင်းတယ်၊ ဘဝတူအကျဉ်းသားတွေကို အခန်းထဲထည့် သော့ပိတ်ထားပြီး အခန်းအပြင်ရှေ့မှာ လက်ထိပ်ခပ် ထုတ်ရိုက်ပြတယ်။ နာရင် အောင်မယ်လေးဗျလို့ မအော်ရဘဲ အမယ်လေးရှင့်လို့အော်ခိုင်းတယ်၊ မအော်ရင် ပိုရိုက်တယ်။ ဘဝတူ အကျဉ်းသမားတွေအခန်းရှေ့သွားပြီး မှားပါတယ်ရှင့်လို့ အော်ခိုင်းတယ်။ ဒါတွေကို ပြင်ပလူများ သိစေချင်ပါတယ်။ အလွယ်တကူ ပြောနေတဲ့ သင်ပုန်းချေရေးကို ခံစားခဲ့ရသူများဖက်ကနေ စာနာပေးဖို့ပါ။ မှန်ကန်တဲ့ ဖြေရှင်းမှုမရှိဘဲနဲ့ ကြားကနေ အသံကောင်းဝင်မဟစ်ကြဖို့ ဖြစ်ပါတယ်။

  • Shwe Ei

    October 14, 2011 at 11:55 am

    ထောင်ထဲမှာ နှိပ်စက်ခံရတဲ့အကြောင်းတွေကတော့ ဆိုးရွားလွန်းတာတွေချည်းဘဲ။ အမှန်တရားတွေကို တနိုင်ငံလုံးကပြည်သူတွေသိအောင် များများဖော်ထုတ်ပေးပါအောင်ကြူးရေ။

  • amatmin

    October 14, 2011 at 12:19 pm

    ဒီလို ပို့စ်တွေအတွက်ကျေးဇူးပါ ဦးကြောင်..
    ကျွန်တော်ကြားခဲ့ဖူးတဲ့ လုပ်ရပ်တခုကတော့.အိမ်သာတွင်း(ချီးတွင်း)ထဲမှာခေါင်းလေးပဲ ဖော်ထားပေးတယ်ဆိုတာပါပဲ။
    (စာရေးဆရာ.တာရာမင်းဝေကြုံခဲ့တာပါတဲ့)
    ..ဒီလိုအဖြစ်တွေ.လုပ်ရပ်တွေကို.
    လုပ်ခဲ့တဲ့လူတွေအပေါ်မှာဘာကြောင့်မယုံကြည်နိုင်သေးတယ်ဆိုတာ.
    အကြောင်းမဲ့.ကန့်လန့်တိုက်ပြီးသတိထားဖို့ပြောနေတာဟုတ်ဘူးဆိုတာ..
    လူတွေသိလေ.ပိုကောင်းလေပါပဲ..ဗျာ…

  • မှော်ဆရာ

    October 14, 2011 at 3:36 pm

    အပြစ်ရှိလို့ အပြစ်ပေးရင် လူ့ဂုဏ်သိက္ခာ မညှိုးနွမ်းတဲ့ အပြစ်ဒဏ်မျိုးပဲ ပေးသင့်ပါတယ် ခင်ဗျာ ..
    နောက်ဆုံး သတ်ရင်လဲ သတ်ပလိုက်ပေါ့ ။
    ဒါမျိူးတွေ ပပျောက်ပါစေလို့ ဆုတောင်းပါတယ်။

  • lwinmg

    October 14, 2011 at 4:01 pm

    ထောင်ကျခံရမဲ့ အဖြစ်မျိုး တွေးတောင်မတွေးရဲပါ ဇတ်ကားတွေမှာ ကြည့်ဖူးသလို
    နှိပ်စက်ခံရမှာ မြင်ယောက်မိတယ် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းရတဲ့ ကိစ္စကြီးဗျာ….။

Leave a Reply