ဗြိစ္ဆာဖွားရဲ့ဒိုင်ယာရီ

kophyoenweMay 18, 20102min1165

ရှိသည်။

ကျွန်တော်၏ဒိုင်ယာရီတွင် ရက်စွဲတစ်ချို့ရှိသည်။
အချို့ရက်စွဲများ၏အနက်သည် ကုသိုလ်ဖြစ်၍
အချို့သောရက်စွဲများကို အကုသိုလ်ဟု သတ်မှတ်သည်။
ဒိုင်ယာရီထဲတွင် သမ္မာဒေဝနှင့် မိစ္ဆာတို့ တစ်လှည့်စီ မြူးထူးပျော်ပါးကြ သည်။
မည်သူမျှအနိုင်မရပါ။
ရှုံးနိမ့်ခဲ့သူမှာ ကျွန်တော်သာဖြစ်ပါသည်။
ကျွန်တော့်ဒိုင်ယာရီစာမျက်နှာကြားတွင် ခရေပွင့်ကြွေတစ်ဆုပ်ရှိသည်။
အချို့ခရေပွင့်များသည် ရယ်သံတစ်ချို့သယ်ဆောင်လာ၍
အချို့သောခရေပွင့်များသည် မျက်ရည်များကိုထမ်းပိုးထားသည်။
ထိုခရေပွင့်များကိုစုပေါင်း၍အချစ်ဟု ကျွန်တော်အမည်တပ်ချင်သည်။
ခရေပွင့်တစ်ချို့တစ်လေသည် ကြွေကျ၍ တစ်ချို့မှာမူဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
သို့သော် အမှန်တကယ် ခူးဆွတ်ခံရသဖြင့် ကြွေကျခဲ့သူမှာ ကျွန်တော်သာဖြစ်ပါသည်။
ကျွန်တော်၏ဒိုင်ယာရီထဲတွင် ရောင်စုံလမ်းကလေးတစ်ချို့ရှိခဲ့သည်။
တစ်ချို့သောလမ်းကလေးများကို သူငယ် ချင်းဟု ကျွန်တော်ခေါ်၍
အချို့အချို့သောလမ်းကလေးများကိုမူ မိတ်ဆွေဟု ကင်ပွန်းတပ်ခဲ့သည်။
လမ်းများအားလုံး သည် ကျွန်တော့်ဆီမှစတင်၍ အခြားသောနေရာများတွင် အဆုံးသတ်ကြသည်။
လမ်းဟူသည် လိုရာခရီးအတွက် အထောက်အပံ့ဟု လောကမှသတ်မှတ်ကြသော်ငြား
ကျွန်တော်ကမူ လမ်းများအားလုံးအတွက်တံတားတစ်စင်း အဖြစ်သာရှင်သန်ပါ၏။
ထို့ကြောင့် ကျွန်တော့်ကို အနင်းခံဟု ခေါ်ဆိုနိုင်ပါသည်။
ကျွန်တော်၏ဒိုင်ယာရီစာမျက်နှာ ထက်ဝက်ကျော်တွင်
ပရဟိတဟူသောနာမည်ဖြင့် ရေးသားထားသည်။
ထိုအထဲတွင် ငါ ဟုအမည်တပ်သော မိသားစုဆန်ဆန်အသင်းအဖွဲ့များရှိသည်။
ကျွန်တော်တို့ဟု အမည်တပ်သော တစ်သီးပုဂ္ဂလအဖွဲ့အစည်းအချို့ရှိသည်။
ကျွန်တော်ကား ကျွန်တော်ဟူသောအသိဖြင့်သာ ဘေးမှဝိုင်းဝန်းကူညီပါ၏။
ထို့ကြောင့်ပင် ကျွန်တော်သည် ဘေးလူတစ်ဦးသာဖြစ်ခဲ့ပါသည်။
သို့သော် ကျွန်တော် ပျော်ခဲ့သည်။
ဒိုင်ယာရီစာမျက်နှာများ၏အပေါ်ဆုံးတွင်
ရက်စွဲမတပ်ထားသော အလှူဖြတ်ပိုင်းစွာညှပ်ထားပါသည်။
အမှတ်စဉ်မထိုးထားသလို နေရာဒေသအလိုက်လဲခွဲမထားပါ။
တစ်ချို့သောဖြတ်ပိုင်းများသည် သာသနိကအဆောက်အအုံများအတွက်
သဲတစ်ပွင့်အဖြစ်တည်ရှိမည်ဖြစ်ပြီး၊
တစ်ချို့သောဖြတ်ပိုင်းများမှာမူကား မာဆက် (သို့မဟုတ်) ကေတီဗီ တွင် ဇ
ာတ်သိမ်းသွားရမည်ဟု ကျွန်တော်ယူဆပါသည်။
သို့သော် ကျွန်တော်၏ အလှူဒါနသည် ကျွန်တော့်စိတ်တွင်သာမူတည်ပါသည်။
ထို့ကြောင့်ပင် ဖြတ်ပိုင်းများတွဲရန် နေရာလွတ်များစွာချန်ထားပါသေးသည်။
ကျွန်တော်၏ဒိုင်ယာရီလမ်းကြောတစ်လျှောက်တွင် လိုင်းကားများစွာရှိပါ၏။
တစ်ချို့သော အထူးကားယောင်ဆောင်သော ရိုးရိုးကားများရှိသကဲ့သို့
ရိုးရိုးကားယောင်ဆောင်သော အထူးကားများစွာလည်း ရှိပါ၏။
ထိုလိုင်းကားများကို ကျွန်တော်က လောကဓံဟု အမည်ပေးထားသည်။
ပြည့်စုံကုံလုံသောဘဝမရှိသေးသ၍လောကဓံကို သည်းခံပြီးစီးနင်းရဦးမည်သာဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော့်ကို တစ်နည်းအားဖြင့် လောကဓံပေါ်ကလူဟုလည်း သတ်မှတ်နိုင်ပါသည်။
ကျွန်တော်၏ဒိုင်ယာရီထဲတွင် ကျွန်တော်ရှိသည်။
ကျွန်တော့်မိသားစုရှိသည်။
ပြီးတော့ ကျွန်တော့်ချစ်သူရှိသည်။
ထိုအရာအားလုံးကိုစုပေါင်း၍ ဘဝဟု ကျွန်တော်သမုတ်သည်။
ထို့အတူ ခံစားချက်တစ်ချို့မြုတ်နှံထားခဲ့သည်။
နာကျဉ်းချက်တစ်ချို့ကို ဖုံးကွယ်ထားခဲ့ဖူးသည်။
ပျော်ရွှင်ဖွယ်အချို့ကိုမူ မျှဝေပေးထားခဲ့သည်။
ထို့ကြောင့်ပင် ပုံစံအတည်တကျမရှိသော၊
အခါခပ်သိမ်းပြောင်းလဲလွယ်သော၊
အရာရာတွင် နားလည်ရခက်သော ဒိုင်ယာရီတစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။
အကယ်၍ ဖတ်ရှုမိသူတစ်ချို့က ဆဲဆိုသွားအံ့…… ပြုံးနေပါမည်…………..
မဖတ်ရှုဘဲ ကျော်သွားအံ့…….. ကျေးဇူးတင်ပါမည်………
နားလည်သဘောပေါက်အောင် ကြိုးစားးဖတ်ရှုပေးသော်မူကား……..
အားတုံအားနာဖြစ်မိပါမည်…..
အကြောင်းကား လူတကာဖတ်ရှုရန်မလွယ်သည့်
ဗြိစ္ဆာဖွားဒိုင်ယာရီ (သို့မဟုတ်) အရူးတစ်ယောက်ရဲ့ဒိုင်ယာရီ
တစ်အုပ်ဖြစ်သောကြောင့်ပေတည်း…………….
(အစဉ်အမြဲနားလည်အောင်ကြိုးစားဖတ်ရှုပေးခဲ့သော ကျွန်တော့်ချစ်သူကို ကျေးဇူးအထူးတင်ပါသည်)

5 comments

  • kopauk mandalay

    May 18, 2010 at 4:34 pm

    ဘယ်သူမှန်းမသိဘဲဖတ်ပြီးမှတ်ချက်တွေလျှောက်ပေးတတ်တဲ.ကျနော်တို.ကိုရောကျေးဇူးမတင်တော.ဘူးလားဗျ။

  • Shwemannmay

    May 19, 2010 at 3:07 am

    ဖတ်ပြီးနားမလည်ဘူး ဒါပေမယ့်လည်း မှတ်ချက်လေးတော့ဝင်ရေးလိုက်သေးတယ် ။
    အားတုန် ့အားနာလေးနဲ ့ကျေးဇူးစာရင်းလေးထဲလည်းပါချင်သေးတာ 😀

  • myohtet

    June 1, 2010 at 2:04 am

    အားတုန့်အားနာ နဲ့ ဆိုတော့လဲ ဘာတတ်နိုင်မလဲ. အစအဆုံး ဖတ်ပြီးပြီ ဆိုတော့လဲ (ကြိုက်တော့လဲ ) လက်ခံ ပေးရတာပေါ့ ။ခင်ဗျား ရဲ့ အားတုန့်အားနာ ကျေးဇူး ကို ဟဲဟဲ:P

  • doekalay

    September 13, 2010 at 9:40 am

    ခံစားချက်တွေနဲ ့ရေးထားတယ်ထင်တယ်………ဖတ်လို ့တော ့ကောင်းပါတယ်
    အသဲကွဲနေတာ တော ့ဟုတ်မယ်မထင်ဘူး………..ဟီး

  • michaelaungpu

    September 13, 2010 at 11:35 am

    ဘေးစောင်းကြီးရေးထားတယ်ဆိုတော့
    ဖတ်နေတဲ့အချိန်မှာ
    ကိုယ့်ကိုယ် ကိုယ် ဂဏန်းမီးဖုတ်စားနေတယ်လို ့တောင်ထင်မှတ်သွားရပါတယ်ဗျာ
    အဟုတ်

Leave a Reply