စကားတစ်ခွန်းက အမြင်တစ်ခု၊ ခံယူချက်တစ်ခု၊ ဘဝတစ်ခုကို ပြောင်းလဲ စေခဲ့သလား?

introMay 18, 20101min924

ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား ကလေးငယ်ကို
ရောင်စုံ မိုးပျံပူစီဖောင်းတစ်လုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက
ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။
ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း
လွတ်သွားခဲ့တယ်။

ရုတ်တရက်မို့ ကလေးငယ်က အံ့ဩတုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သွားတဲ့
ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။ ဒါကို ထက်မြက်တဲ့
မိခင်ကမြင်တော့ သားရှေ့ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့ “သားရေ..
ကြည့်စမ်း ပူဖောင်းရဲ့မေမေက ပူဖောင်းကလေးကို ထမင်းစားပြန်ဖို့ ခေါ်သွားပြီ.. သား
လက်ပြ နှုတ်ဆိတ်လိုက်လေ” လို့ ပြောလိုက်တယ်။

ထူးခြားဆန်းသစ်တဲ့ မိခင်ရဲ့စကားကြောင့် ဝမ်းနည်းတာတွေကို သားတဒင်္ဂ
မေ့သွားခဲ့ပြီး အမြင့်ပေါ် ပျံတက်သွားတဲ့ ပူစီဖောင်းကို
လက်ပြနှုတ်ဆက်နေခဲ့တယ်။ ပါးစပ်မှာလည်း
“တာ့တာ.. တာ့တာ” နဲ့ ဝဝကစ်ကစ် ကလေးငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေ
သမ်းနေခဲ့တယ်။

ဒီမြင်ကွင်းက ကျွန်တော့် မျက်စိကနေတစ်ဆင့် ရင်ထဲကို စူးစူးနစ်နစ်
ထိုးဝင်ခံစားစေခဲ့ပါတယ်။

မိခင်က အခက်အခဲကို ကယ်ဆယ်လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်စိတ်ဘက် မသိမသာ
ပြောင်းရွေ့လိုက်ပြီး ကျန်းမာတဲ့အမြင်ကို သားရင်ထဲ အရောက်ပို့ပေးခဲ့တယ်။

တစ်ကယ်တော့ ဘဝမှာဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲကိစ္စတွေလည်း ဖြေရှင်းပုံမမှန်ခဲ့ရင်
အဆိုးဘက် ပိုရောက်ပြီး ပြဿနာကို ကြီးထွားစေနိုင်ပါတယ်။

အကယ်၍ ပူစီဖောင်း ပျံတက်သွားတဲ့ တခဏမှာ မိခင်က ” မငိုနဲ့ သား.. မငိုနဲ့
မေမေနောက်တစ်လုံး ဝယ်ပေးမယ်” လို့ ပြောခဲ့ရင် သားရဲ့ စိတ်ထဲမှာ “ကိုယ်
အမှားလုပ်ခဲ့မိရင် လူကြီးတွေက တာဝန်ယူလိမ့်မယ်၊ လူကြီးတွေက
ဖာထေးပေးမယ်၊အလျှော်ပေးမယ်” ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။
ဒီလိုအတွေးမှားက
အကျင့်တစ်ခုလို သူရင်မှာ ခိုအောင်းနေလိမ့်မယ်။

အကယ်၍ မိခင်က ” အာ.. ကြည့်စမ်း.. ဒီလောက်တောင် တုံးရသလား?
ပူဖောင်းတစ်လုံးကိုတောင် မြဲအောင် မကိုင်နိုင်ဘူးလား” လို့ ဆူပူခဲ့ရင် ကလေးငယ်က
ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့လာပြီ ဒါလေးတောင် ငါမလုပ်နိုင်ဘူးဆိုတဲ့
သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။

အကယ်၍ မိခင်က “ဟင်း…. ပူဖောင်းရောင်းတဲ့လူ သွားလိုက်ပြီ။ သားကို မေမေ
နောက်တစ်လုံး ဝယ်ပေးလို့ မရတော့ဘူး” လို့ သက်ပြင်းချ ငြီးငြူခဲ့ရင်
နောင်တစ်ချိန်မှာ အခက်အခဲနဲ့ ကြုံလာတဲ့အချိန် ကလေးငယ်မှာလည်း စိတ်ပျက်ငြီးငြူ၊
လက်လျော့မှုတွေ များလာတတ်ပါတယ်။

အပေါ်က မိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင်ဆန်းသစ်မှုအသစ်နဲ့ ကလေးငယ်ရဲ့
ဝမ်းနည်းနေတဲ့အာရုံကို အဝေးသို့ လွင့်စင်သွားနိုင်အောင် ဆွဲဆောင်နိုင်ခဲ့သလို
ကလေးငယ်ရဲ့ တွေးတောလိုစိတ်ကို တံခါးဖွင့်ပေးလိုက်နိုင်ခဲ့ပါ

တယ်။

အဲဒီအပြင် ထမင်းစားချိန်မှာ မေမေထမင်းစားခေါ်လို့ သူပြန်သွားတယ်ဆိုတဲ့
မိခင်စကားကို နားထောင်တဲ့ ကလေးတစ်ဦးအဖြင့် ကလေးငယ်ကို
လှပတဲ့အတွေးဝင်စေခဲ့ပါတယ်။

အဆိုးကို အကောင်းပြောင်းတာမှန်ပေမယ့် အဲဒီအပြောင်းအလဲကြားမှာ အကျိုးရှိတဲ့
အတွေးလေးတွေ၊ ဆန်းသစ်မှုတွေလည်း လိုအပ်ပါတယ်။

Cybergod ရဲ့ ဘလော့ပိုစ့်ကို ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်….

4 comments

  • kopauk mandalay

    May 18, 2010 at 4:22 pm

    တစ်ခါတစ်ခါမှာသည်လိုကောင်းအောင်တွေးချင်ပေမဲ.
    အခက်အခဲတွေနဲ.ရင်ဆိုင်ရတာများတော.လဲ လူကအားပျော.လာရင်
    ကောင်းတယ်ဆိုတဲ.အတွေးတွေကဘေးရောက်သွားပြန်ရောဗျာ။

  • banban

    May 19, 2010 at 2:34 am

    တော်လိုက်တဲ့ မေမေ…. ဒီလိုတော်တဲ့ မေမေတွေ အများကြီးရှိပါစေ…

  • Rain girl

    May 19, 2010 at 3:52 am

    ဪမေမေ။ မေမေဆိုတာ ကလေးတွေအတွက် သိပ်ကိုအရေးကြီးပါ့လားနော်၊ အဲ့မေမေ ကို လေးစားလိုက်တာကွယ်၊

  • myozaw99

    May 20, 2010 at 3:25 am

    အတွေးအခေါ်ကောင်းလေးတွေရလို့ကျေးဇူးတင်ပါတယ်။မိခင်ကောင်းလေးတွေပိုပေါ်ပေါက်လာနိုင်ပါစေ။

Leave a Reply