မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့် ပြာ (၆)

အပိုင်း (၆)

ဆက်ကပ်ရန်-

သဘာပတိ

မြို့နယ်သံဃာ့ဝိနိစ္ဆယအဖွဲ့ အမှတ် (၁)

စစ်ကိုင်း။

နေ့စွဲ…၁၉၈၁၊ အောက်တိုဘာ(၈)ရက်

အကြောင်းအရာ။     ။တပည့်တော်ရှင်ဉာဏနှင့် ရှင်ဂုဏဝန္တတို့အား စတုတ္ထ

                        ပါရာဇိက သင့် မသင့် စီစစ်ဆုံးဖြစ်ပေးပါရန် သောဓ

                        နာလွှာပါဘုရား။

(၁)။ တပည့်တော်(ရှင်ဉာဏ၊ ရှင်ဂုဏဝန္တ)တို့သည် နိုင်ငံတော်သံဃာက သာသနာ့အရှုပ်အထွေးနှင့် အညစ်အကြေးများ သုတ်သင်မည်ကို ဝိုင်းဝန်းကူ ညီရန် ရဟန်းသံဃာတိုင်း၌ တာဝန်ရှိသည်ဟု သိသဖြင့်၊ တရားမသိသူတို့၏ အန္တရယ်အထပ်ထပ်အကြားမှ တပည့်တော်တို့အသိကို မြှပ်ကွယ်ထားရန် ကာလမဟုတ်တော့သဖြင့် သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ ဟု အမည်တတ်၍ နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌသို့ တင်ခဲ့ကြသည် မှာ အမှန်ဖြစ်ပါသည်ဘုရား။

(၂)။ ဤလျှောက်ထားတောင်းဆိုလွှာ၌ တပည့်တော်များ လျှောက်ထား တောင်းဆိုသော သာသနာတော်က ဖယ်ရှားရမည့် မိစ္ဆာဒဿန နှစ်မျိုးနှစ် စားမှာ အင်အားကောင်းလွန်းလှသဖြင့် ဖယ်ရှားနိုင်စေရန် စာဖြင့် ပေဖြင့်သာ သိကာမျှဖြင့် တောင်းဆိုခြင်းမဟုတ်ပဲ ကာယသတိ္တ ကိုယ်တိုင်သိစစ်စစ်ဖြင့် တောင်းဆိုခြင်းဖြစ်ကြောင်း အဟုတ်အမှန်အတိုင်း သိမြင်တော်မူကြရန် တပည့်တော်တို့ ပဋိဝေဓကျေးဇူးကိုများကို ဖွင့်ဟလျှောက်ထားခဲ့ကြသည်မှာ အမှန်ဖြစ်ပါသည်။

(၃)။ ထိုသို့ဖြစ်သော်လည်း တပည့်တော်တို့သည် နိုင်ငံတော်သံဃာ့ မဟာနာယကများမှတစ်ပါး မသက်ဆိုင်သူ မည်သူ့အားမျှ တပည့်တော်တို့၏ ပဋိဝေဓကျေးဇူးကို ဖြန့်ကားကြော်ငြာခြင်း မပြုခဲ့ကြပါ။

(၄)။ တပည့်တော်တို့သည် နိုင်ငံတော် သံဃာ့မဟာနာယကများသို့ ပဋိဝေဓကျေးဇူးများကို သက်သေထား၍ လျှောက်ထားတောင်းဆိုမှုပြုရာ၌ တပည့်တော်တို့ ပဋိဝေဓကျေးဇူးများ အဖိုးတန် မတန်၊ အသုံးဟန် မဟန် ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ယုံစားနိုင်ရန်လည်းကောင်း၊ ရနိုးကာမျှဖြင့် လျှောက်ထားခြင်းဟု ယူဆပြီး၊ ချောင်ထိုးမထားစေရန်လည်းကောင်း၊ တပည့်တော်တို့၏ ပဋိပတ်များကို ဘဝထုပ္ပတ်များအဖြစ် တင်ပြလျှောက် ထားခဲ့ကြသည်မှာ အမှန်ဖြစ်ပါသည်။

(၅)။ တပည့်တော် ရှင်ဉာဏသည် မဟဂ္ဂုတ်တရား ပွားများ၍ အရူပဈာန်ဖြင့် သုံးနှစ်မျှ နေထိုင်ခဲ့သည်ဟု လျှောက်ထားပြီးဖြစ်ပါသည်။

(၆)။ တပည့်တော် ဂုဏဝန္တသည် လောကီဈာန်အဘိညာဉ်များ ပွားများနေထိုင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ အထူးအားဖြင့် မေတ္တာစသော ဗြဟ္မာဝိဟာရဈာန်များ၌ ဝသီဘော်အပြည့်ရှိပါသည်။ အဘိညာဉ်များ၌လည်း ဣဒိ္ဓဝိဓ အဘိညာဉ်များ အလေးထားပွားများပါသည်။ ဈာန်အဘိညာဉ်သည် လူသိနည်းလှပါသည်။ လူညံ့များထင်သော ဈာန်အဘိညာဉ်သည် မျက်လှည့် ပမာ မြေလျှိုးမိုးပျံ ဟူ၍ ဖြစ်ပါသည်။ မှန်ကန်သော ဈာန်အဘိညာဉ်များမှာ ကာမဂုဏ်အာရုံများမှ ကင်း၍ တွေးခေါ်ဆင်ခြင်၊ ဖန်ဆင်းနေထိုင်ခြင်းများ အမှန်ဖြစ်ပါသည်။ တပည့်တော်ပွားများသော ဈာန်အဘိညာဉ်များ မှန် မမှန်မှာ ဓမ္မရေးရာကိစ္စဖြစ်၍ ဤသို့ ဝိနည်းအဆုံးအဖြတ်ပြုရာ၌ မလိုအပ် သောကြောင့် အရှည်အဝေး မလျှောက်တော့ပါဘုရား။

(၇)။ တပည့်တော် ဂုဏဝန္တသည် ငယ်စဉ်ကပင် ဘုရားဆုပန်ခဲ့သည် မှာ အမှန်ဖြစ်ပါသည်။ ထိုသို့ဖြစ်သော်လည်း သာသနာတော်၏ ပဋိဝေဓကျေး ဇူး ဖြစ်ပွားချိန်၌ ဤဆုပန်မှုကြီး အပျောက်အဆုံးခံခဲ့ရကြောင်း ၁၃၃ရ ခုနှစ် တပည့်တော်၏ တရားရစ ဥဒါန်းစာတမ်း၌ အတိအလင်းရေးသား၍ မင်းကွန်း တောင်ရိုး အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးတစ်ပါး ဈာပနပွဲ၌ တိပိဋက ဆရာတော်၏ စာကူးစက်ဖြင့် တိပိဋကကိုယ်တိုင် ဖတ်ရှု သာဓုခေါ်ပြီး ကူးယူကာ တပည့်တော်များ ဖြန့်ဝေခဲ့သောကြောင့် မင်းကွန်းတိပိဋက ဆရာ တော်ကို သက်သေထား၍ လျှောက်ထားအပ်ပါသည်။

(၈)။ တပည့်တော်ရှင်ဉာဏ၊ ရှင်ဂုဏဝန္တတို့၏ သာသနာရေး လျှောက် ထားတောင်းဆိုလွှာနှင့် ဓမ္မပူဇာဘုရားရှိခိုးကျမ်းတို့၌ အဓမ္မဝါဒဟူ၍ တစ်လုံး တပါဒမျှ အပါဝင်ပါ။ လူမှာမတတ် စာမှာသာတတ်၍ ဂါဟတ်အကိုက်ခံနေရ သောသူတို့အနေနှင့် စွပ်စွဲစရာအလား ထင်မှားစောဒနာကြခြင်းသာ ဖြစ်ပါ သည်။ တပည့်တော်တို့သည် ဤသို့ တရားမျက်လုံး အမြင်မလင်းသူတို့၏ စောဒနာခြင်းကိုခံရလျှင်လည်း အချိန်မရွေးပင် လောကအကျိုး သာသနာ တော်အကျိုးကို မျှော်ကိုးထောက်ထား၍ ရိုးသားစွာ သုတ်သင်ရှင်းလင်းရန် အသင့်ဖြစ်ပါသည်။ တပည့်တော်တို့၏ သာသနာရေးလျှောက်ထားတောင်း ဆိုလွှာနှင့် ဓမ္မပူဇာ ဘုရားရှိခိုး ပါ သဘောဓမ္မများသည် ရှင်ဥက္ကဋ္ဌဝါဒ၊ ကျောက်ပုံဝါဒများနှင့် အခြေခံအချက်အလက်အားဖြင့် လားလားမျှ သက်ဆိုင်တူညီခြင်း မရှိပါ။ သာမာန်အားဖြင့် တူညီမှုရှိသောကြောင့် တူညီ သည်ဆိုလျှင်ကား ရှင်ဥက္ကဋ္ဌ၊ ကျောက်ပုံတို့ကို စောဒနာသူတို့သည်ပင် သူတို့ စောဒနာခံ  ရှင်ဥက္ကဋ္ဌ၊ ကျောက်ပုံတို့နှင့် တစိတ်တဒေသ တူမျှကြမည်ဖြစ် သောကြောင့် စောဒနာဖွယ်မရှိ ဖြစ်ရာပါမည်။ ထို့ကြောင့် တစိတ်တဒေသ သာမာန်မျှ တူမျှပြီး အခြေခံ အချက်အလက်များ မတူမျှလျှင် တူမျှ သည်ဆိုရန် အကြောင်းမရှိပါ။ တပည့်တော်တို့၏ သဘောဓမ္မများသည် ကွဲပြားမှုကို ခွဲခြားသိနိုင်သော အသိဉာဏ်ဖြင့် လေ့လာလျှင် ရှင်ဥက္ကဋ္ဌ၊ ကျောက်ပုံတို့နှင့် ဆီနှင့် ရေ အလား သီးခြားစီဖြစ်အောင် ကွဲပြားနေပါသည် ဘုရား။

ရှင်ဥက္ကဋ္ဌ၊ ကျောက်ပုံဝါဒများသည် ဥပါဒါနက္ခန္ဓာရော၊ အနုပါဒါနက္ခန္ဓာ ပါ ခန္ဓာမှန်သမျှ ငါ၊ ငါ့ဟာ စသည် အစွဲဖြုတ်ပြီး သေပြီးနောက် ဘာမျှမဖြစ် ရန် ရည်ရွယ်ကျင့်ဆောင်သော မဂ္ဂသစ္စာနှင့် နိရောဓသစ္စာဝါဒဖြစ်၍ တပည့် တော်တို့၏ သဘောဓမ္မများသည် ဥပါဒါနက္ခန္ဓာများသာ ငါ၊ ငါ့ဟာ စသည် အစွဲပြုတ်ပြီး အနုပါဒါနက္ခန္ဓာများကို ငါ၊ ငါ့ဟာ စသည် အမှန်အတိုင်းပွားများ အောင် ကျင့်ဆောင်သော မဂ္ဂသစ္စာနှင့် အသိစိတ်ဓာတ်၊ အမှတ်သညာများရှိ သော ဤတလံမျှကိုယ်ကောင်၌ လောဘ၊ ဒေါသ စသည် ကိလေသာခပ် သိမ်း ကင်းငြိမ်းပြီး အို၊ နာ၊ သေ စသည် ဆင်းရဲခပ်သိမ်း ချိုပ်ငြိမ်းလွတ် မြောက်သော နိရောဓသစ္စာတရားတော်ဖြစ်ပါသည်။ ဤသို့ အသေအခြာ ကွဲ ပြားလျှက် တပည့်တော်များနှင့် ရှင်ဥက္ကဋ္ဌ၊ ကျောက်ပုံ တို့ကို အတူထား၍ တပည့်တော်တို့ တရားကို ဖျောက်ဖျက်ရန်ကြိုးစားလျှင် ကြိုးစားသူ သံဃာ့မ ဟာနာယက အကျိုးတော်ဆောင်ဆရာတော်ဖြစ်စေ၊ ဘယ်သူဖြစ်စေ ထိုသူ့ အား မသိနိုးနား(မောဟဂတိ)ပြုသူအဖြစ် ပြန်လည်၍ ဝိနိစ္ဆယတင်ပြီး တရား စွဲဆိုမှုပြုရန် ပြင်ဆင်ရမည်ပင် ဖြစ်ပါသည်။

တပည့်တော်တို့၏ သာသနာရေးလျှောက်ထားတောင်းဆိုလွှာနှင့် ဓမ္မပူဇာ ဘုရားရှိခိုးကျမ်း ပါ သဘောဓမ္မများသည် အခြေခံ အချက်အလက် အဖြစ် မိစ္ဆာဒဿန(ဘဝအမြင်မှား၊ လောကအမြင်မှား)နှစ်ပါးမှ ဖယ်ရှားလွတ် မြောက်မှုကို အခြေခံထားချက်များချည်း ဖြစ်ပါသည်။ ယင်း မိစ္ဆာဒဿန နှစ်ပါးကိုလည်း တပည့်တော်တို့၏ ပဋိပတ်အမြင်ဖြင့် သိရချက်သာမက ပရိယတ်အမြင်ဖြင့် သုတ်သင်မှုကို ခံယူနိုင်ရန် ၁၉၇၉-ခု-စက်တင်ဘာလ (၉) ရက်နေ့က မင်းကွန်း၊ မိုးမိတ်ကုန်းမြေ၌ အဘိဓဇ မဟာရဋ္ဌဂုရု ဆရာတော် ကြီး(၁)ပါး၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး(၅)ပါး၊ သကျသီဟ ဓမ္မာစရိယ ဆရာတော်များ၊ အစိုးရ ဓမ္မာစရိယ ဆရာတော်များ၊ နိုင်ငံကျော် ဓမ္မကထိက ဆရာတော်များ စုစုပေါင်း (၃၅)ပါး တို့ထံ အဘိဓဇ မဟာရဋ္ဌဂုရု၊ စစ်ကိုင်း၊ ရွှေဟင်္သာတိုက်သစ် ဆရာတော်ကြီးမှတဆင့် ဖြန့်ဝေဆက်ကပ်ပြီး တပည့်တော်တို့ သိသော မိစ္ဆာဒဿနများ မှားလျှင် ပဲ့ပြင်ရန်ဖြစ်ပါသည်ဟု ဆက်ကပ်ခဲ့ပါသည်။ ဤသို့ ဆက်ကပ်ကြောင်းကို ရွှေဟင်္သာတိုက်သစ် ဆရာတော်ကြီးဖြင့် သက်သေထူ၍ လျှောက်ထားရပါမည်။

ဤဆရာတော်ကြီးများသည် တပည့်တော်တို့သိသော မိစ္ဆာဒဿန များ မမှားသောကြောင့် တပည့်တော်တို့ကို အပြုအပြင်မရှိ ပကတိ ဆိတ် ဆိတ်နေခဲ့ကြခြင်းဖြင့် အတည်ပြုပေးခဲ့ကြသည်အထိ ဖြစ်ပါသည်။ ထို့အပြင် လည်း ပထမအကြိမ် သမုတိအစည်းအဝေး(ရန်ကုန်)၌ သမုတိသံဃာ (၁၂၀၀)ကျော်တို့အားလည်း ဤမိစ္ဆာဒဿနများ ဖယ်ရှားသင့်ကြောင်း လျှောက်ထားပန်ကြားခဲ့ပါသည်။ သမုတိသံဃာတော် အရှင်မြတ်များသည် ဒေသ၏ အခေါင်အထီးကြီးများချည်းဖြစ်ကြ၍ အမှားမြင်က ပဲ့ပြင်ကြမည် ဧကန်ဖြစ်ပါသည်။ ပဲ့ပြင်မှု တစ်စုံတစ်ရာ မရရှိသည်မှာ တပည့်တော်များ မမှားသောကြောင့်ဖြစ်ကြောင်း သာဓကပြစရာဖြစ်ပါသည်။

 

 

 

 

ဤဝိနိစ္ဆယဌာနသည် ဓမ္မဝိနိစ္ဆယဌာနမဟုတ်ပဲ ဝိနယဝိနိစ္ဆယ ဌာနမျှသာ ဖြစ်သောကြောင့် စွဲချက်စာပိုဒ် (ဂ) အရသာ ဖြေရှင်းခြင်းဖြစ်၍ ဤမျှ တိုတိုကျဉ်းကျဉ်းဖြင့် ရှင်ဥက္ကဋ္ဌ ကျောက်ပုံတို့နှင့် တပည့်တော်တို့၏ သဘောဓမ္မများ ခဲနှင့် ရွှေအလား ဂဟေမစပ် ပဋိဃတ်သာ ဖြစ်ကြောင်း ခွဲခြားတင်ပြအပ်ပါသည်ဘုရား။

၉။  တပည့်တော်ရှင်ဉာဏနှင့် ရှင်ဂုဏဝန္တတို့သည် အတိတ်နှင့် ပစ္စုပ္ပန် နှစ်တန်လုံးမှ ပိဋကတ်အာဂုံနှုတ်ငုံ ဘာဏကများကို မရှုံ့ချရုံမျှမက ကျေးဇူးဥပကာရပင် အတိုင်းမသိ တင်ရှိနေကြသူများဖြစ်ကြပါသည်။ သုဒေသိတဖြစ်သော ဓမ္မတို့၏ ဓမ္မတ္ထကို မသိပဲ ဆောင်ယူသူဘာဏကတို့ကို လည်း ကျေးဇူးမတင်နိုင်ဟူ၍ မရှိပါ။ သုဒေသိတဓမ္မတို့၏ ဓမ္မတ္ထကိုသိပြီး ဆောင်ယူသူဘာဏကတို့ကိုကား ပြောဘွယ်မရှိအောင်ကျေးဇူးတင်ကြသူ များဖြစ်ကြပါသည်။

ထိုသို့ဖြစ်သော်လည်း ဓမ္မနှင့် ဓမ္မဘာဏက ဤနှစ်ဝကို ယှဉ်ရလျှင် ဓမ္မဘက်မှပင် ရပ်တည်ရပါမည်။ ဓမ္မနှစ်ရပ် ယှဉ်စပ်တိုင်းထွာသောအခါ ကွာဟချက်ပြနေလျှင် ထိုဓမ္မကိုဆောင်ယူကြသော ဘာဏကတို့အား တာဝန်ပေးရမည်မှာ မလွှဲသာအခြေအနေ ဖြစ်ပါသည်။ ကွာဟနေသော ဓမ္မနှစ်ခုကို ပူးတွဲဆောာင်ယူနေခြင်းမှာ ဓမ္မကို ဖျက်ဆီးနေခြင်းပင် ဖြစ်ပါသည်။ ထို့ပြင် ထို့ဓမ္မတို့၏ အသျှင်သာမိဖြစ်သော မြတ်စွာဘုရားကို စော်ကားပုတ်ခတ်ရာလည်း ကျနေပါသည်။

ထို့ကြောင့် ဓမ္မမှားများအပေါ်၌ အကောင်းမြင်အာလျများ မပွားကြတော့ရန် ရည်သန်၍ စပ်စပ်ရှားရှား ခါးခါးသီးသီး စကားလုံးသုံး၍ ဓမ္မမှားများရှိနေသည်မှာ ဓမ္မသာမိ မြတ်စွာဘုရားက ဓမ္မမှားများကို ဟောကြားခဲ့သည်မဟုတ်၊ သုဒေသိတဓမ္မတို့၌ မသိခြင်းမောဟဟု ဆိုအပ်သော မသန့်ရှင်းသော အာခံတွင်း၌ ၊ ဆောင်ယူခြင်းဟုဆိုအပ်သော အငုံခံရခြင်းများ ဖြစ်ပွားသောကြောင့် အမှားအယွင်းတည်းဟူသော အာပုပ်နံ့ ထွက်ရခြင်း အမှတ်အသားများဖြစ်သည်ဟု တင်ပြခဲ့ခြင်းသာဖြစ်ပါသည်။

ထို့ပြင်လည်း အတိတ်ပစ္စုပ္ပန် နှစ်တန်လုံးမှ ဘာဏကတို့ လောက၌ ဓမတ္ထကိုမသိပဲ ဆောင်ယူကြသူရှိသည်ဆိုသော စကားမှာလည်း ရှုံ့ချစကား အလျှင်းပင် မဟုတ်ပါ။ မဂ် ဖိုလ်ဓမ္မများ မရရှိပဲ မဂ်ဖိုလ် ဓမ္မများကိုဆောင် လျှင် ဓမ္မတ္ထမသိပဲ ဓမ္မကိုဆောင်သူသာ ဧကန်ဖြစ်ရပါမည်။ မဂ်ဖိုလ်ဓမ္မများ မရရှိပဲ မဂ်ဖိုလ်ဓမ္မများကို ဆောင်ယူသူဘာဏကများ ယနေ့အထင်အရှား အများအပြား ရှိသည်မှာ လူတိုင်းမသိစရာမရှိအောင် ဖြစ်ပါသည်။ ရှင်အာနန္ဒာသည်ပင် ဘုရားမျက်မှောက်မှ အထက်မဂ်ဖိုလ် ဓမ္မများကို ဘာဏကလုပ်သော်လည်း အထက်မဂ်ဖိုလ်တို့၏ ဓမ္မတ္ထကို ပထမသင်္ဂါယနာ ပွဲ ဝင်နွှဲရမည့်နေ့ မတိုင်မီအထိ မသိပဲဆောင်ယူခဲ့သူသာဖြစ်ပါသည်။

ဓမ္မတ္ထကို မသိပဲ ဘာဏကလုပ်သူ မရှိမဟုတ် ရှိသည်သာဖြစ်သည် ဟု အမှန်ကို ဆင်ခြင်တွက်ဆနိုင်ရန် တင်ပြခြင်းမျှသာဖြစ်ပါသည်။ ရှုံ့ချခြင်း အလျှင်းပင် မဟုတ်ပါ။ ရှင်အာနန္ဒာကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အဘယ် သူသည် အဘယ်သို့သောအကြောင်းဖြင့် ရှုံ့ချနိုင်ပါမည်နည်း။ ထို့အတူ ယနေ့ဘာဏကတို့အားလည်း ဓမ္မတ္ထကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အားပေးချီးမြှောက်ရမည်ဟုပင် တပည့်တော်များ ခံယူချက် အပြည့်ရှိ ကြောင်း တင်ပြအပ်ပါသည်။

၁၀။  တပည့်တော် ရှင်ဉာဏ၊ ရှင်ဂုဏဝန္တတို့သည် မြတ်စွာဘုရားက အဘိဓမ္မာတရားများ မည်သူ့အားဟောခဲ့သည်ဟု အသိအမြင် အဆင်အခြင် မရသူများ၊ အဘိဓမ္မာသည် ဘုရားဟောဓမ္မတို့၏ အဆီအနှစ်များ ညှစ်ထုတ် စုစည်းထားခဲ့ချက်များ ဟုသာ ယုံကြည်ကြသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် တပည့်တော်တို့သည် အဘိဓမ္မာဘုရား မဟောဟု မိမိတို့ ဆင်ခြင်မိသလို အမှန်အတိုင်းတင်ပြသော်လည်း အဘိဓမ္မာကို မကြည်ညိုနိုင်၍ သူတပါးတို့ လည်း အကြည်ညိုတန်စေရန် တင်ပြခဲ့ခြင်း မဟုတ်ကြပါ။ တပည့်တော်တို့ အဘိဓမ္မာ ကြည်ညိုကြောင်း တန်ဘိုးထားကြောင်း စာပိုဒ်ပေါင်းများစွာဖြင့် ဖေါ်ပြပြီးဖြစ်ပါသည်။

အမှန်ကို အမှန်အတိုင်း သိရခြင်းမှာ တန်ဘိုးရှိလှပါသည်။ အမှန်ကို လျှော့၍ တင်လျှင်မကောင်းသကဲ့သို့ အမှန်ကို အမှန်ထက် ပိုမိုဆောင်းပိုး၍ မြင်သည်မှာလည်း ကောင်းလှသည်မဟုတ်ပါ။ ထို့ကြောင့်ပင် အဆောင်းအပိုး မပါပဲ သုံးသပ်သိမြင်သည်ကို သုံးသပ်သိမြင်မိသည့်အတိုင်း တင်ပြပြီး အဘိဓမ္မကို ကြည်ညိုနိုင်ချင်ပါသည်။ ပုဂ္ဂိုလ်ခင်ပြီး တရားမင်ရသည်မှာ တရား၌ အကယ်စင်ခြင်းမရှိဖြစ်ပါသည်။ ပုဂ္ဂိုလ်ကိုယုံ၍ တရား ပုံခြင်းမျိုး မဟုတ်ပဲ တရားကို ယုံ၍ တရားကိုပုံရခြင်း၌ အရသာ ရှိလှပါသည်။ ဤ အရသာများ ခံစားရချက်အပြည့်ဖြင့် မြတ်စွာဘုရားအား အဘိဓမ္မာ ဘုရား ရှိခိုးအဖြစ် ရှိခိုးခဲ့ခြင်းဖြစ်ပါသည်။

၁၁။  တပည့်တော်ရှင်ဉာဏ၊ ရှင်ဂုဏဝန္တတို့သည် အပိုဒ်(၂)မှ အပိုဒ်(၆)အထိ ဖေါ်ပြခဲ့သည့်အတိုင်း ကိုယ်တိုင်ရရှိသော ဥတ္တရိမနုဿဓမ္မ များကို ကာယသက္ခိအနေထား၍ နိုင်ငံတော်သံဃာ့မဟာနာယကများထံ လျှောက်ထားသူများ ၊ အပိုဒ်(၈)မှ (၁၀)အထိ ဖေါ်ပြခဲ့သည့်အတိုင်း မိစ္ဆာဒဿနတရား ဖက်တွယ်ထားသူများကို စောဒနာသူများ သုဒေသိတ ဓမ္မများကို ဓမ္မတ္ထမသိသော ဘာဏကပုဂ္ဂိုလ်တို့၏ လက်မှလွန် မြောက် အောင် တာဝန်သိသိ ကြိုးပမ်းကြသူများ ၊ အဘိဓမ္မာတရားတော်၌ အလွန် အကြူးအထူးကြည်ညိုသူများ ဖြစ်ကြပါသည်။ တပည့်တော်ရှင်ဂုဏဝန္တသည် ဘုရားဆုပန်ပျောက်၍ အရိယာဘုံရောက်၍ အနုဗုဒ္ဓအဖြစ် ဖြစ်နေသူ ဖြစ်ပါသည်။

(၁၂)။ သို့ဖြစ်ပါ၍ တပည့်တော်ရှင်ဉာဏ၊ ရှင်ဂုဏဝန္တတို့အား နိုင်ငံ တော် သံဃာ့မဟာနာယကများထံ လျှောက်ထားခဲ့သည့်အတိုင်း ရရှိကြ သော ပဋိဝေဓကျေးဇူးများကို ကျင့်စဉ်ပဋိပတ်နှင့်တကွ တိကျရေရာစွာဖြင့် ဥလ္လပနမှု၊ အဓိမာနမှု မဖက်ပဲ သက်သက် ရိုးသားမှန်ကန်သမျှ တပည့်တော် တို့၏ ပဋိဝေဓ ဓမ္မ မုချမှန်ကန်ရပါမည်။ တပည့်တော်တို့၏ ကျင့်စဉ်ဓမ္မ အမှား အမှန် ဆုံးဖြတ်ရန်သည် ဓမ္မဝိနိစ္ဆယ ဆရာတော်များ၏ အရာသာဖြစ် ၍ ဆရာတော်တို့၏ ဤဝိနိစ္ဆယအနေနှင့် တပည့်တော်များအား ရိုးသားစွာ လျှောက်ထားခဲ့ခြင်း ဟုတ် မဟုတ် စစ်ဆေးရန်သာ တာဝန်ရှိပါလိမ့်မည်။

ဤသို့ စစ်ဆေးရာ၌ ဆရာတော်တို့ထံ စောဒနာတင်သွင်းသော စာအုပ်စာတန်းများနှင့် တပည့်တော်များလျှောက်ထားသော တပည့်တော် များ၏ သာသနာရေးလှုပ်ရှား၊ ကြိုးစားမှုအစုစု၊ ဤအမှုများ ကိုယ်ကျိုး ကိုယ် တွက် ငဲ့ကွက်ပြုလုပ်သလား၊ ကိုယ်တွက်ကိုယ်တာ အနစ်နာခံ အလုပ်လုပ် သလား ဟူ၍ စောဒကနှင့် တပည့်တော်များ တင်ပြထားသော စကားနှစ်ရပ် အရ တပည့်တော်များအား မည်သို့သောသူများဖြစ်သည်ဟု အလွယ်တကူ ထင်မြင်ဆုံးဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ထို့ကြောင့် ဤသို့ဆုံးဖြတ်ရာ၌ စုဒိတကဖြစ်သော တပည့်တော်တို့၏ စုဒိတကဟူသော သာမညမျက်နှာ၊ စောဒကဖြစ်သော တိုင်းလက်ထောက် သာသနာရေးမှုး၏ တိုင်းသာသနာရေးမှုးဟူသော အရာရှိမျက်နှာ၊ စောဒနာ ရန်ညွှန်ကြားသော နိုင်ငံတော်သံဃာ့မဟာနာယက အကျိုးတော်ဆောင် အရှင်ဝဏ္ဏသီရိ၏ နိုင်ငံတော် သံဃာ့မဟာနာယက အကျိုးဆောင်ဟူသော ကျယ်ဝန်းကြီးမားလှသောမျက်နာ၊ ဤမျက်နှာများနောက်သို့ အဂတိတရား မလိုက်စားပဲ တရားတော်အရှိအတိုင်း အတိအကျသာ ဆုံးဖြတ်တော်မူကြရန် သောဓနာအပ်ပါသည်ဘုရား။

 

ရှင်ဉာဏ

ရွှေမြင်တင်တောင်

မင်းကွန်းတောင်ရိုး

6 comments

  • apulay

    October 17, 2011 at 9:33 am

    မောင်မိုးပြာ၏ဆရာသည် မပြာလျှင်မနေနိုင်သောကြောင့်ပြာခြင်းဖြစ်ပါသည် ။
    ရှင်းနေတာကို ရေးကြီးခွင်ကျယ်လုပ်ပြီးလာမေးနေတယ် ။ သိပ်ဆိုးတာပဲ ။
    သာသနာဖျက်တွေ ။

    • ကိုသစ္စာ

      October 17, 2011 at 6:59 pm

      မှန်ပါတယ် apulay။
      ဗုဒ္ဓဘုရားရဲ့တရား မဟုတ်တဲ့ ပရမတ္တသစ္စာသာသနာကို ဖျက်ပြီး
      ဗုဒ္ဓရဲ့အရိယသစ္စာသာသနာ ထွန်းလင်းစေရမှာပါ။

    • မောင်မိုးပြာ

      October 27, 2011 at 2:37 pm

      သာသနာ ဆိုတာရဲ့ အဓိပ္ပါယ်ကို ဘယ်လိုနားထားလို့ သာသနာဖျက်တွေလို့ စွပ်စွဲတာပါလဲ။ မိမိကိုယ်ကို ကောင်းစွာယျာဉ်ကျေးအောင် ဆုံးမပြီးပါပြီလား။ သာသနာရဲ့အဓိပ္ပါယ်ကို ကျေးဇူးပြုပြီး
      ဖွင့်ပြပေးစေချင်ပါတယ်။

  • True Answer

    October 17, 2011 at 11:32 am

    မိုးပြာကို
    အဖိုးမှာသည်
    အမျိုးပါမကျန်
    အဆဲမခံရစေဖို့
    ပုဆိုးပါမကျန်
    အရှက်မကွဲစေဖို့
    ယခု-အနာဂတ်
    (ပယ်လေးရွာမှာ)
    စိုးရှာထိတ်လန့်
    ဒုက္ခမများစေဖို့
    တစိုးတစိမကျန်
    ဦးဉာဏကောက်ကျစ်မှု
    အယူမှားတွေကို
    ယခုအမြန်
    စွန့်လွှတ်ကြည့်ပါဗျို့။

    အယူဝါဒမှားများကို အသေးစိတ်စွန့်လွှတ်ပုံ –
    http://www.mediafire.com/?a9cazrafsz2zzt2

  • kai

    October 17, 2011 at 12:31 pm

    နေ့စွဲ…၁၉၈၁၊ အောက်တိုဘာ(၈)ရက်.. နေ့စွဲနဲ့ တွေ့ရပါတယ်..။
    အင်မတန်ရဲရင့်တဲ့.. စာတွေလို့မှတ်ချက်ချမိပါတယ်..။
    သမိုင်းတွင် ကျန်ရစ်သွားမှာပါ..။

    ဆက်ရှိတာတွေ.. ဆက်တင်ပေးစေလိုပါတယ်..။
    မဟနက ဘယ်လိုအရေးယူဆောင်ရွက်ခဲ့သလည်း ဆိုတာလေးပါ ရေးပေးစေလိုပါတယ်ခင်ဗျား..။

  • မောင်မိုးပြာ

    October 27, 2011 at 3:04 pm

    စိတ်ရှည်ရှည်နဲ့သာ စောင့်ဖတ်ပေးဖို့ပြောပါရစေ။ တစ်စမကျန်ဖော်ပြပေးဖို့ရှိပါတယ်။ ဘယ်သူတွေကယျာဉ်ကျေးပြီး ဘယ်သူတွေက ရိုင်းစိုင်းတယ်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားလာပါလိမ့်မယ်။

Leave a Reply