ဆူးလှည်း

ဆူးလှည်း

(၁)

ဒီရွာမှာ ဖိုးမောင်ဆို မိန်းကလေးတိုင်း သိကြတယ်။ နာမည်ကြားရုံနဲ့တင် ဖိုးမောင်ဆိုတာကို သိတာ ဆန်းတယ်လို့လဲ မထင်လိုက်နဲ့ဦး။ ဖိုးမောင်ကလည်း မ..ဆိုရင် ယင်မတောင်မရှောင်ပဲ ဖွန်တဲ့သူဆိုတော့ ဖိုးမောင်အကြောင်းကို သိတဲ့သူတိုင်းက အိမ်ရှေ့ဓါတ်တိုင်မှာတောင် ထမီစုပ် မပတ်ထားရဲဘူး။ ဖိုးမောင်ကို တစ်ချို့ကလည်း ဒီလို တင်စားခေါ်ဝေါ်ကြတယ်။ ဆူးလှည်းတဲ့။ ရုတ်တရက်ကြားရင်တော့ ကဗျာဆန်တယ်လို့ ထင်လိမ့်မယ်။ တကယ်တမ်း ဆူးလှည်းဆိုတဲ့ စကားလုံးရဲ့နောက်မှာ အဓိပါယ်တွေ အများကြီးရှိတယ်။ ဖိုးမောင်သွားရာလမ်းတစ်လျှောက်မှာ တွေ့သမျှ ပျိုပျို အိုအို မိန်းကလေးများကို ရိသဲ့သဲ့ စောင်းပါးရိပ်ခြေ လူပျိုစကားပြောတတ်လွန်းလို့ ဆူးလှည်းဆိုတဲ့ နာမည်ကို အပိုင်ရထားတာ။ တွေ့သမျှ မိန်းကလေးတိုင်းကို ဖိုးမောင် သဘောမကျဖူးသူမရှိသလောက်ရှားတယ်။ ကြုံရင် ကြုံသလို စကားတစ်ခွန်းနှစ်ခွန်း ပြောလိုက်ရမှ။ ပြောလိုက်တဲ့ စကားတိုင်းဟာလည်း ရည်းစားစကားလို့ပြောလို့ရလောက်တဲ့ အသုံးအနှုန်းတွေက ဆယ်ခွန်းမှာ ခုနှစ်ခွန်းလောက်က ပါသေးတာ။

ဆူးလှည်းဆိုတဲ့အတိုင်း အဲဒီလှည်းကြီး သွားရာ လမ်းတလျှောက်မှာ ဟိုချုံငြိ ဒီချုံငြိပေါ့။ ဆူးလှည်းကြီး ဖိုးမောင် ရွာထဲကို ညနေဘက်များ ထွက်လာတာကို မြင်လိုက်ကြရရင် အပျိုတွေက နှာခေါင်းရှုံ့ကြတယ်။ ဖိုးမောင် ထွက်လာလိုက်ရင်လည်း ရွာမှာရှိတဲ့ ကျန် ကာလသားများလို့ ပိုသီပတ်သီကြီးနဲ့မထွက်ဘူး။ အဝတ်အစားဆိုရင် ကျော့ကော့နေမှ။ ပုဆိုးဆိုရင် ပြန့်ပြူးနေမှ။ ဆံပင်ကေဆိုရင် ဒီရွာမှာ ဘယ်သူမှ မညှပ်ရဲတဲ့ အီမိုကေဆိုလား ဒီမိုဆိုလားပဲ။ ဖိုးမောင်နားက တောင်တောင်အီအီ ရေမွှေးနံ့ကလည်း ရလိုက်သေးတာ။ ရွာထဲမှာရှိတဲ့ ကာလသားတွေ ညနေ နေစောင်းချိန် ယာခင်း၊ ပဲခင်းက အပြန် ချွေးနံ့စိုစိုရှိနေသေးချိန်မှာ ဖိုးမောင်တို့က ရေမိုးချိုးပြီးလို့ ရွာထဲကို ဖွန်ကြောင်ဖို့ အသင့်အနေအထားဖြစ်နေပြီ။ ခုလည်း ဖိုးမောင်တို့ ပုဆိုး ခြေမျက်စိ ဒရင်းတိုက်ဝတ်လို့ မတင်လှ ကွမ်းယာဆိုင်ရှေ့မှာ ရှိုးပေးနေပြီး ဂိုက်ပေးကြမ်းနေပြီ။

“ဟ..ဖိုးမောင် ဘယ်လဲ ငါ့တူကြီးရ”

“ဘယ်မှ မဟုတ်ပါဘူးဗျာ ဦးလေးဂွကလည်း ခါတိုင်းလည်း ဒီလိုပါပဲ ဟဲဟဲ”

ဦးလေးဂွဆိုတာက ဖိုးမောင်ရဲ့ ဦးလေးအရင်း။ ဒီဦးလေးနဲ့ ဒီတူတွေ့လို့ကတော့ နား ဂွမ်းဆို့ထားရမယ်မှတ်။ မတင်လှကတော့ မျက်စောင်းထိုးပြီး တစ်ဖက်ကိုလှည့်သွားတယ်။ မျက်စောင်းထိုးဆိုလည်း ထိုးလောက်စရာလေ။ မတင်လှဆိုင်ရှေ့လာပြီး အဲဒီ တူဝရီးနှစ်ယောက်က စကားတွေဖောင်ဖွဲ့ပြီး ကညာပျိုအကြောင်းတွေ ရေပက်မဝင်အောင်သာ ပြောကြတာ။ ကွမ်းတစ်ယာတောင် ဝယ်စားတဲ့ သူတွေမဟုတ်ဘူး။ တစ်ရပ်တည်း တစ်ရွာတည်းသားချင်း စကား အကျယ်ကျယ်မပြောချင်လို့၊ မကင်းရာ မကင်းကြောင်းတွေကလည်း ရှိသေးလို့ ဒီအတိုင်း မျက်စောင်းကြီးထိုးပြီး လက်ပိုက်ကြည့်နေရတာ။မကင်းဆို မတင်လှက ဖိုးမောင် ဦးလေး ဦးလေးဂွရဲ့မိန်းမနားက အတိုးအရင်းကလေးကလည်း ယူထားရသေးတာကို။ တစ်ခါတစ်လေတော့လည်း မအောင့်နိုင်လို့ ပြောထွက်ရှာတယ်။

“ဟဲ့ ဒီတူဝရီးတွေ ငါ့ဆိုင်ရှေ့လာလာပြီး တဏှာလာလာရူးနေ ငါလာဘ်ပိတ်တယ်ဟဲ့ တစ်ခါတည်း မပြောလိုက်ချင်ဘူး လိုက်လည်းလိုက်တဲ့ တူဝရီးနှစ်ယောက် ဘာမှလည်း မဝယ် ဘာမှလည်းမစားပဲ တဏှာတကြော နေ့တိုင်းလာလာထနေတယ် မျက်စိနောက်တယ်တော့ ကျုပ်ဆိုင်နောက်နေ့ဆိုရင် ပိတ်ကိုထားရမယ် တကတည်း…”

မျက်စောင်းကြီးထိုးပြီး ပြောနေတဲ့ မတင်လှရဲ့ စကားကို ဖိုးမောင်တို့ တူဝရီးက ဂရုတောင်စိုက်တာမဟုတ်ဘူး။ နောက်ကျောကလာတဲ့ စကားသံကို လှည့်မကြည့်ပဲ ပြန်ပြောလိုက်တဲ့စကားက အော်ကြောလန်လောက်တယ်။

“ဒီမယ် မတင်လှ ငါတို့ တူဝရီးနှစ်ယောက်ရှိလို့ နင့်ဆိုင် တင့်တင့်တယ်တယ်နဲ့ လူဝင်များနေတာမှတ်…၊ ငါတို့ ဒီလို နေ့တိုင်းလာလာပြီး နင့်ဆိုင်ရှေ့ရပ်တာ ဘာကြောင့်လို့မှတ်လို့တုန်းဟ”

“အောင်မလေး ပြောစမ်းပါဦး ပြောစမ်းပါဦးတော့ ဘာ့ကြောင့်ဆိုတာကို ကြီးကြီးကျယ်ကျယ် သူတို့ နှစ်ယောက်လာလာရပ်လိုု့ပဲ ကျုပ်ဆိုင် အမြင်တင့်ရတယ်ရှိသေး…”

“ဟ မတင်လှရ ငါတို့လို ရုပ်ချော ဥစ္စာပေါ ၊ အလုံး အရပ်…ထွား အဲ တဲ့ တူဝရီးနှစ်ယောက် နင့်ဆိုင်ရှေ့နေ့တိုင်းလာတာ ကျက်သရေရှိတာပေါ့ဟ…လာဘ်လာဘတောင် ပွင့်သေး နင်လည်း တကူးတက စုံစမ်းလေ့လာနေစရာမလိုတော့ဘူးလေ…ဟဲဟဲ မဟုတ်ဘူးလား ငါ့တူ”

“ဟုတ်ပ ဦးလေးဂွပြောတာ မှန်တယ် မမတင်လှရဲ့”

“ဘာဟုတ်တာလဲ တဏှာရူးလေး အရွယ်ကလေးက လက်တောက်လောက်ရှိသေး တဏှာတကြောက ကောင်းကောင်းထချင်နေပြီ…..ကြည့်တော့ အမွှေးအတောင်တောင် စုံချင်မှစုံဦးမယ်…”

“ဘယ်လို မမတင်လှ အမွှေးအတောင်တောင် စုံချင်မှ စုံဦးမယ် ဟုတ်လား စုံသမှ ဟိုဘက်ကမ်းတောင်လွန်သေး ကြည့်ချင်ရင် ပြတောင်ပစ်လိုက်ဦးမယ်”

မတင်လှက ဖိုးမောင် အဲဒီလိုပြောတော့ လန့်သွားတယ်။ ကောင်လေးက ဘာမှသိတာမဟုတ်ဘူး။ မိုက်မိုက်ကန်းကန်း မတော်တရော်တွေ ပြမှဖြင့် ရပ်ကျော်ရွာကျော် ဟိုးလေးတကျော်ကျော်ဖြစ်သွားဦးမယ်။

“တော်စမ်းပါ  ကျုပ်ပြောထားမယ်နော် ကိုဂွ နောက်နေ့ကစပြီး ကျုပ်ဆိုင်ရှေ့လာရင် ကွမ်း နှစ်ရာဖိုးဝယ်ရမယ် မဝယ်လို့ကတော့ ဝတ္တရားနှောက်ယှက်မှုနဲ့ ကျုပ် ဥက္ကဌကိုတိုင်မယ်….”

“ဟ ငါတို့နှစ်ယောက်က ကွမ်းနှစ်ယာဖိုးဝ.ယ်ပြီး ဘာလုပ်ရမှာလဲ”

“တော်တို့ဟာတော်တို့ ဘယ်မသာကောင်ကျွေးကျွေး လွတ်ပစ်ပစ်ပေါ့  စားချင်စားမစားချင်နေ နောက်နေ့ကစပြီး ကျုပ်ဆိုင်ကိုလာတာတွေ့လို့ကတော့ ယာပြီးထားပဲ ….”

မတင်လှက စကားကို အပြတ်ဆိုလိုက်ပြီ။ ဦးလေးဂွက ဖိုးမောင်ကို မျက်ခုံးပင့်ပြတယ်။ မတတ်နိုင်ဘူးပေါ့။ ဖိုးမောင်အကြည့်က ရွာလမ်းမကို ရောက်သွားတယ်။ ဖိုးမောင်ဖြစ်သွားလိုက်တဲ့မျက်နှာကို ဦးလေးဂွက ကြည့်ပြီး ပီတိဖြစ်တယ်။ သူ့ခြေရာကိုမီတယ်ပေါ့။ ဖိုးမောင်ကို ဦးလေးဂွက သဘောကျတာ အဲဒါတွေကြောင့်လည်းပါတယ်။ ဦးလေးဂွတို့မောင်နှမတွေထဲမှာ မွေးလာတဲ့ တူတွေ တူမတွေ အများကြီးထဲကမှာ ဖိုးမောင်ကို အရေးပေး အလိုလိုက် သဘောကျတာ အကြောင်းရှိတယ်။ ဦးလေးဂွငယ်ငယ်တုန်းက ဒီရွာမှာ နာမည်ကြီး။ ဖွန်တဲ့နေရာ ကြောင်တဲ့နေရာမှာ ဆရာတစ်ဆူပဲလေ။ ဦးလေးဂွ ပွေခဲ့ရှုပ်ခဲ့ပုံများကလည်း ဒီရွာတင်မကဘူး ။ သာစည်မြို့ပေါ်ထိရောက်တယ်။ အနီးအနား ရွာနီးချုံစပ်တွေကိုတော့ ထည့်ကိုတွက်မနေတော့နဲ့။ အဲဒီလို ခြေရာတွေကို ထပ်တူနင်းနိုင်တာကတော့ ဖိုးမောင်ပေါ့။ ဒါကြောင့် ဦးလေးဂွက ဖိုးမောင်ကို သဘောကျတာ။ ခုလည်းကြည့်လိုက်ဦး ရွာလမ်းမပေါ်မှာ ကြွေလွင့်လာတဲ့ စံပယ်ပန်းလေးတစ်ပွင့်ကို အားမနာ လျှာမကျိုးငမ်းနေပုံက သူငယ်ငယ်ကအတိုင်း ။ သူ့ပုံတူကိုယ်ပွားကလေးကို သူ့အကျင့်တွေ ရိုက်ထည့်ထားလိုက်သလို။

“ဟ ဦးလေးဂွ ဟီးဟီး ဒီမယ် နေခဲ့ဦး ကျနော်တော့ လှိမ့်လိုက်ဦးမယ်ဗျာ ဟိုမယ် ကျနော် စံပယ်ကလေး လွင့်လာပြီ”

“လုပ်လုပ်  ငါ့တူ အဆင်မပြေရင်ပြော ဦးလေးဝင်လှိမ့်မယ် အဲ ဝင်ကူမယ်”

“ခုတော့ မလိုသေးဘူး ဦးလေးဂွ..လိုလာရင်တော့ပြောမယ် ခုတော့ လစ်လိုက်ဦးမယ် ”

ကဆုန်ပေါက်ပြေးထွက်သွားတဲ့ ဖိုးမောင်ကိုကြည့်ပြီး ဦးလေးဂွက တပြုံးပြုံး။ မတင်လှက မြင်နေရတဲ့ မိန်းကလေးကို လှမ်းအော်ပြောလိုက်တယ်။

“ခင်ညိုရေ သွားလမ်းလာလမ်းလည်း သတိထားဦး ငါ့နှမရဲ့ တော်တော်ကြာ မသူတော် ကြွက်သူခိုး တဏှာနှစ်အိုးနဲ့တွေ့လို့ ရေတိမ်နှစ်နေဦးမယ်…..တစ်အိုးက ငယ်ငယ်ကလေး တစ်အိုးက ကြီးကြီး သတိထားနော ငါ့နှမ”

“ဟုတ်ကဲ့ မမလှရေ ခုလည်း သတိထားနေရဲ့သားနဲ့လေ ရှေ့မှာ ခလုတ်တော့တိုက်ဦးတော့မယ်ထင်ပါရဲ့ တိုက်မိလို့ကတော့ အဲဒီအိုးကို ရိုက်ခွဲလိုက်မယ် တခါတည်း ဘဝရှုံးအောင်လို့”

“ခွဲသာခွဲချလိုက် ခင်ညို မမလှ အားပေးတယ်”

“စိတ်ချ”

ခင်ညိုနဲ့ မတင်လှတို့ အချီအချပြောနေတဲ့စကားကြောင့်ထင်ရဲ့ လှမ်းလက်စ ခြေလှမ်းကို ဖိုးမောင်က ရပ်လိုက်ရသလို ဦးလေးဂွကလည်း မတင်လှ တွယ်ချလိုက်တဲ့ တဏှာနှစ်အိုးဆိုတဲ့စကားကြောင့် မျက်နှာကြီး လငပုတ်ဖမ်းသွားလေတယ်။

xxxxxxxxxxxxx

          ခင်ညို။

ဟောဒီ ရွာသာအေးရွာကလေးမှာ နာမည်ကျော် အလှပဂေးလေးတစ်ယောက်ပေါ့။ညိုစိမ့်စိမ့် အသားအရည်ကိုပိုင်ဆိုင်ပေမယ့် ဖြူသူချော ညိုသူလှဆိုသလို ညိုချောကလေး။ မွတ်နေတဲ့ အသားအရည်။ ကျစ်လစ်သွယ်လျတဲ့ ငါးရံ့ကိုယ်ကလေးကိုပိုင်ဆိုင်ထားတယ်။ မျက်လုံး မျက်ဖန်လှတယ်။ မျက်ခုံးက မည်းနက်ထူထဲတယ်။ နှုတ်ခမ်းကလေးက ဖူးဖူးကလေး။ ပါးပြင်ထက်မှာ ဝိုင်းစက်နေတဲ့ ပါးကွက်ကျားကလေးက လူပျိုကာလသားတွေရဲ့ အကြည့်တွေ ခိုလှုံရာနေရာလေးတစ်ခု။ ကျစ်ဆံမြီးနှစ်ဘက်က ရှေ့ရင်စုံပေါ်မှာ လုံးလုံးကျစ်ကျစ်နဲ့ မည်းနက်တောက်ပြောင်လို့။ လှုပ်လီလှုပ်လဲ့ သွားဟန်လာဟန်တွေက နှိမ့်တုံမြင့်တုံ။ ခင်ညိုဆိုတဲ့ စံပယ်ပန်းကလေးကိုမှ လိုချင်သူ ရွာသာအေး ကာလာသများထဲမှာ ဖိုးမောင်က ထိပ်ဆုံးက။ သစ်ကိုင်းနုနုကလေးကို အကိုင်းဆတ်လေချင်းရယ်လို့တော့ မထင်လိုက်နဲ့။ မာလိုက်သမှ ခင်ညိုနဲ့တွေ့ရင် နဖူးပေါက်ပြဲ နှာခေါင်းသွေးလျှံခဲ့ကြတာချည်းပဲ။  ခင်ညို့ရဲ့လက်သံပြောင်ချက်ကတော့ တစ်နှစ်ကဆို ဦးဖိုးထင်ရဲ့သား ပေါင်နှစ်ခြမ်း ဗြန်းဗြန်းကွဲပြီး သာစည်ဆေးရုံမှာ သုံးလလောက် သောင်သင်သွားလိုက်ရကတည်းက ကိုကိုကာလသား ညီညီမောင်ဘွားများဟာ ကာလအတန်အကြာထိ ခင်ညိုနားမကပ်ရဲကြဘူး။

မွေးကတည်းက ပကတိအကောင်းအတိုင်းကြီးကို တစ်လုံးခင်ဘဝသို့အရောက်မခံနိုင်တာလည်း ပါသပေါ့။ အဲဒီ ရွံ့တွန့်တွန့် ကာလသားများထဲမှာ ဖိုးမောင်ကတော့ မပါဘူး။ လက်ရဲ ဇက်ရဲတယ်။ မခိုးမခန့်အမူအရာနဲ့ ရိသဲ့သဲ့ လုပ်ပုံက ခင်ညို မြင်ပြင်းကပ်စရာ။ဖိုးမောင်က  အသိုင်းအဝိုင်းကလည်းတောင့်လေတော့ ခင်ညိုက အပြတ်လည်း မကိုင်ရဲ။ သဘောကျတယ်ရယ်လို့လည်းမဟုတ်။ အောက်တီးအောက်သက်နဲ့ ဖိုးမောင်ကို ဆက်ဆံနေရရှာတယ်။ ဒီနေ့တော့ စိတ်အေးလက်အေးရှိလှပြီအထင်နဲ့ ဝမ်းသာမယ်လုပ်တုန်း ဗြုံးဆို ဖိုးမောင်တို့တူဝရီးနှစ်ယောက်ကို မတင်လှရဲ့ ကွမ်းယာဆိုက်ကလေးမှာ တွေ့လိုက်ရတော့ ခင်ညို မျက်နှာကို ခပ်ဝင့်ဝင့်ကလေး ချီထားလိုက်ရတော့တယ်။

မတင်လှကလည်း ခင်ညို့ကို ရိပ်ဖမ်းသံဖမ်းနဲ့ ဖိုးမောင်တို့တူဝရီးနှစ်ယောက်ကို တဏှာနှစ်အိုးလို့သွယ်ဝိုက်ပြောပြီး မျက်စပစ်ပြတယ်။ ဖိုးမောင်လို ဆူးလှည်းတစ်ယောက်ကိုတော့ ခင်ညို စိတ်မဝင်စားပေါင်။ တွေ့ကရာ မိန်းကလေးတွေကို ရည်းစားစကားလိုက်ပြော တစ်ယောက်မရ တစ်ယောက်ရလို့ အထင်နဲ့ ကံစမ်းမဲလာနှိုက်နေတာကို ကြည့်မရဘူး။ ရွာသာအေးတစ်ရွာလုံးက မိန်းမကလေးတွေကို ဆုထူးတစ်ခုလို့ မပေါက်မချင်းကံစမ်းနေတဲ့ ဖိုးမောင်ကို ခင်ညိုက အခွင့်သာရင် ပညာပေး ပါးတောင်ရိုက်ချင်နေတာ။ ဘယ်နှယ့် ဒင်းက ။ ကြောင်ချင်တိုင်းကြောင် ဖွန်ချင်တိုင်းဖွန်လို့ရတဲ့ အထဲမှာ ခင်ညိုမပါကြောင်းကို အကြောင်းသိအောင် ပါးရှစ်စိတ်မကွဲချင်နေပါစေ…..ငါယောကျာ်းပါလို့ မဟနိုင်အောင် လုပ်ပြချင်နေတာ။ ရွာမြောက်ဖျားကို အဖော်မပါ တကိုယ်တည်း လာခဲ့ရကတည်းက မျက်ခုံးတော့ အလှုပ်သား။

အောင်မယ် ဒင်းများ ခွင့်တစ်ရက်တလေလေးများ ယူမလားလို့အောင့်မေ့တာ ခင်ညိုအမှားပဲ။ ခင်ညိုတို့ရွာမှာ အခါကြီး ရက်ကြီး အဖိတ် ဥပုပ်တွေမှာ အလုပ်နား၊ ယာခင်း ၊ကိုင်းခင်းနားကြတယ်။ အဲဒီရက်တွေမှာ သူတကာတွေ အေးအေးလူလူနားကြပေမယ့် ဖိုးမောင်ဆိုတဲ့ ဆူးလှည်းကတော့ မနားရေးချမနား။ ဒီရွာရဲ့လမ်းမှန်သမျှ ဖိုးမောင် မျက်စိမှိတ်လမ်းလျှောက်လို့ရတယ်တဲ့။ ခင်ညိုက အဲဒါတွေကြားရကတည်းက လူမမြင်ပေမယ့် စိတ်ထဲမှာ အခါတစ်ရာလောက် ဖိုးမောင်ကို သတ်ချင်နေခဲ့တာ။ ရွာမှာရှိတဲ့ မိန်းမပျိုတွေအကုန်လုံးကို သူနဲ့ကြိုက်ဖူးသယောင် မစားရဝခမန်း လေသံတွေကလည်း ရေဒီယိုအသံလွှင့်သလို ပျံ့နှံ့လာလေတော့ ခင်ညိုက မိန်းကလေးထုဘက်က မားမားမတ်မတ် ရပ်တည်ပစ်လိုက်တာပေါ့။ လာစမ်းပါစေ….ဖိုးမောင်…။ နင်နဲ့တွေ့လို့ကတော့…….။

“ခင်…ခင်..ခင်ညို….”

“ဘာလဲ မသာရဲ့”

တွေ့တွေ့ချင်း စောက်နဲ့ထွင်းသာတောင် ဒီ မသာကောင်ဖိုးမောင်က ပြုံးနိုင်တုန်း။ စပ်ဖြဲဖြဲမျက်နှာကြီးနဲ့ ရွှေပြည်နန်း သံပုရာသနပ်ခါးနံ့ ခင်ညိုကို နှိပ်စက်တယ်။ ဆံပင်ကေကလည်း ဘာကေမှန်းမသိ။ ဝတ်ထားတဲ့ အဝတ်အစားမှ အားမနာ..။

“ငါလေ…ပြောစရာရှိလို့”

“ပြောစရာရှိတာများ အဆန်းလုပ်လို့ပြောပေါ့ ကြိုက်သာပြော အေး ရိသဲ့သဲ့တော့လာမလုပ်နဲ့ တရုတ်မှာ ဈေးကောင်းတယ်ပြောတယ်”

“အဲ……ဟဲဟဲ အဲလိုတော့ ဟုတ်ဘူးလေဟာ နင်ကလည်း တစ်ရွာတည်းသားချင်းဟာကို …ဟီးဟီး”

“ဘာလဲ နင်ပြောမယ်ဆိုတဲ့စကားက သွားတိုက်ဆေးကောင်းကြောင်းလား ”

“ဟုတ်ပါဘူး ဘာဖြစ်လို့လဲဟ…”

“သိဘူးလေ သွားလာဖြဲပြနေတော့ သွားတိုက်ဆေး လာကြော်ငြာတာအောင့်မေ့လို့ ပြောစရာအထူးမရှိရင် ရှေ့ကဖယ် မဖယ်ရင် ဒီနေ့ ငါ ဘာဆုတောင်းလာလဲ နင်သိလား ဖိုးမောင်”

“နင်က ဘာဆုတောင်းတာလဲ..ဟင် ”

” နင်သိချင်ရင်ပြောပြမယ် ငါ့ကို အနှောင့်အယှက်ပေးတဲ့ကောင်တွေ ငါ အပီဆော်ပြီး တရုတ်ဈေးကွက် တင်ပို့နိုင်ပါစေလို့”

“အယ် ..ဟဲဟဲ နင်သွားချင်တာ သွားပါ  သွားသွား ခင်ညို”

“နင်ပြောစရာရှိတယ်ဆို..ပြောလေ ”

“ပြောတော့ဘူး တရုတ်ဈေးကွက်တော့ ငါကြောက်တယ်…ဟ တစ်ခြားနေရာသာ ငါကရဲသာ အဲလိုမျိုးတော့ ငါမရဲဘူး…..ဟီးဟီး….”

ရုပ်ကိုက။ ဖိုးမောင်ရှေ့ကနေ ဖယ်တော့ ခင်ညိုက ဘောက်ဆတ်ဘောက်ဆတ်နဲ့ ခပ်သွက်သွက်လေးလှမ်းတယ်။ ဖိုးမောင်က မအီမသာ မျက်နှာကြီးနဲ့ ကျန်ခဲ့ရတယ်။ ဘယ်လိုကြီးလဲဆို ကြက်ကြီး လည်လိမ်ထားသလိုကြီး။

xxxxxxxxxxxxxxxx

        အိမ်ရှေ့ သလင်းပြင်မှာ ဖိုးမောင်ထိုင်နေတယ်။ အခင်းမပါ ဘာမပါနဲ့။ ဖိုးမောင်တို့ရဲ့ သလင်းပြင်က အရိပ်ရတယ်။ ကုက္ကိုပင်ကြီးက အရိပ်ကောင်းကောင်းရတယ်။ ဖိုးမောင်ထိုင်နေတယ်ဆိုတာလည်းမပြောနဲ့။ ခါတိုင်း အိမ်အလုပ်တွေ ဝိုင်းကူပါဦးဆိုတာတောင် ဖိုးမောင်က ယောင်လို့တောင်လှည့်ကြည့်ခဲ့တာမဟုတ်။ ကနေ့မှာတော့ ဖိုးမောင်တို့ အိမ်ပြင်တောင် ထွက်မလည်ပဲ ဖင်မြဲနေတယ်။ မြဲဆို သလင်းပြင်ကြီးအပြည့် မိန်းကလေးတွေ ရုန်းရုန်း ရုန်းရုန်းနဲ့ မြေပဲ ချွေနေကြတယ်လေ။ ပျိုပျို ငယ်ငယ်၊ ကြီးကြီးလတ်လတ်တွေ စကားတွေ ဖောင်ဖွဲ့ပြီး ရယ်မောနေကြရင် မြေပဲချွေနေကြတာ ဘယ်လောက်ကြည့်ကောင်းထားလဲ။ ဖိုးမောင်အကြောင်းကို သိထားလေးတော့ တစ်ချို့က မျက်စောင်းရွယ်လို့။ တစ်ချို့က အံကျိတ်ပြလို့။ တစ်ချို့ကလည်း လက်ဝါးရွယ်ပြလို်က်သေး။ ဖိုးမောင်က မြေပဲလေးချွေချလိုက် မိန်းကလေးတွေနဲ့ စကားရော ဖွဲရောလုပ်လိုက် ဟန်ကိုကျလို့။ ဖိုးမောင် အမေ အရီးခင်ရီက ပြုံးပြီး ပြောတယ်။

“ဟဲ့ ငဖိုးမောင် အပြင်သွားမယ်ဆို သွားတော့လေ ရော ့ မုန့်ဖိုး”

“သွားတော့ပါဘူးဗျာ..ဒီနေ့ အိမ်မှာပဲ အိမ်အလုပ်တွေ ကူလုပ်တော့မယ် ဟဲဟဲ နော အမေနော်”

မျက်နှချိုသွေးပြီးပြောနေတဲ့ ဖိုးမောင်ကို မိန်းကလေးတွေက မမြင်ချင်ဘူးထင်ပါရဲ့။

“နင် သွားစရာရှိတာသွားလေ ဖိုးမောင်ရဲ့ နင်ရှိနေတာ ငါတို့မလွတ်လပ်ဘူး….”

“ဟုတ်သားပဲ သားရယ် မင်းအစ်မတွေ ညီမတွေ အနေရကျပ်တာပေါ့။ ပြောချင်တာ လွတ်လွတ်လပ်လပ် မပြောရတော့ဘူးပေါ့….။”

ဖိုးမောင် ခေါင်းကုတ်တယ်။ သွားပြီ။ မဟာအခွင့်အရေးကြီး လက်လွတ်ဆုံးရှုံးရတော့မယ်။ မသွားရင်လည်း ဖိုးမောင်ကြောင်လွန်ရာကျမယ်။ သွားရမှာလည်း အဆီတဝင်းဝင်းနဲ့။ မိန်းမတွေများ အခွင့်သင့်ရင် စကားနင်းဖို့ ဘယ်အချိန်ကတည်းက ချောင်းနေမှန်းမသိဘူး။ဖိုးမောင် ဖုတ်ဖတ်ခါထ လိုက်တယ်။ အိမ်ရောက်လာတဲ့ ငှက်ပျိုမတွေကို ဇိမ်ပြေ နပြေ ထိုင်ငေးမယ်လုပ်တာ မအောင်မြင်ဘူး။ မိန်းမသားထုကြီးဘက်ကနေ အမေကလည်း ဝင်ကာပေးလိုက်သေးဆိုတော့ ဖိုးမောင် တပ်ဆုပ်ရပြီ။

နေနှင့်ဦးပေါ့။ နင်တို့တွေ ငါရွာထဲလှည့်တော့မှ နင်တို့ထဲက တစ်ယောက်ယောက်ကို မှ စကားမပြောရရင် ငါ ဖိုးမောင်မလုပ်ဘူး။ ရှောင်နိုင်ရင် ရှောင်စမ်း….။ ဖိုးမောင် မျက်နှာကြီး သုန်သုန်မှုန်မှုန်နဲ့ထွက်သွားတာကို ဖိုးမောင် ခြေလှမ်း လေးငါးလှမ်းရောက်တော့ မိန်းကလေးတွေက ဝါးခနဲ ပြက်ရယ်ပြုတယ်…..။ ဖိုးမောင်က နောက်ပြန်လှည့်မကြည့်ဘူး။

ဖိုးမောင်စိတ်ထဲမှာ ငါချိ်တ်မှ နင်တို့တွေ ဆူးလှည်းရယ်လို့ မခေါ်ကြနဲ့…။မကြာခင် ရွာထဲကို ဆူးလှည်း လှည့်မယ်။ လမ်းကြောင်းပေါ်ရောက်လာရင်တော့ ဖိုးမောင်က လှည်းပေါ်ကောက်တင်မယ်သာ မှတ်ကြ လို့ ကြုံးဝါးလိုက်တယ်။

နေခြည်ရောင်ဖြာ မနက်ခင်းတစ်ခုမှာ ဖိုးမောင် ဒေါ်ခင်လေး အကြော်ဆိုင်ကလေးရှေ့ရောက်နေတယ်။ အေးအေးလူလူပဲ ဗူးသီးကြော်ကလေးကို အချဉ်ရည်နဲ့တို့ပြီး ဇိမ်ပြေနပြေ ထိုင်စားနေတယ်။ ရွာဈေးဆိုသော်လည်း ဒီရွာသာအေးရွာဈေးက စည်ကားလှတယ်။ ဒါပေမယ့် ငါးရက်တစ်ဈေး။ဈေးကသာ ငါးရက်တစ်ဈေး။ ဒေါ်ခင်လေး အကြော်ဆိုင်ကတော့ နေ့တိုင်းခင်းတယ်။ ရပ်ကျော်ရွာကျော် နာမည်ကောင်းရထားတဲ့ အကြော်ဆိုင်ကလေးပေါ့။ နာမည်ကြီးတာက အချဉ်ရည်ကောင်းတာရယ်။ အကြော်ကလေးတွေက ကြွတ်ရွနေတာရယ်။ ဖိုးမောင်လည်း ကြွတ်ရွနေတယ်။ အချစ်စိတ်တွေကြွတ်ရွစွာနဲ့ ဒီမနက် ဒီအကြော်ဆိုင်ကလေးမှာ ရောက်နေရတာ။ မနက်မနက်ဆိုရင် ခင်ညိုက အကြော်ဝယ်လေ့ရှိတယ်။ မိန်းမသားတွေရဲ့အလှဆုံးအချိန်ဟာ မနက်အိပ်ယာထချိန်လို့ဆိုကြတယ်လေ။ ခင်ညိုအိပ်ယာထချိန်ကို ဖိုးမောင်ကသွားမကြည့်ရဲတော့ မျက်နှာသစ်ပြီးစ ဖူးသစ်နုနေတဲ့ အလှကိုကြည့်ရအောင် အကြော်လာစားရင်း စောင့်နေတာ။

အကြော်ဆိုင်ကလေးမှာ လူစည်စ ပြုနေပြီ။ ဟိုက နှစ်ရာဖိုး ဒီကနှစ်ရာဖိုးနဲ့ ဒေါ်ခင်လေး လက်မလည်ဘူး။ ကြော်လက်စ အကြော်ကတစ်ဖက်၊ အကြော်ထည့်ပေးရတာ တစ်ဖက်နဲ့ ရှုပ်ယှက်ခတ်နေတယ်။ အကြော်စောင့်တဲ့ သူတွေကလည်း ငါးယောက်မကရှိနေပြီ။ ဟော ခင်ညိုလာပြီ။

လှလိုက်တဲ့ မျက်နှာကလေး။ မနက်ခင်းဆိုတော့ ဘာမှလိမ်းမခြယ်ထားဘူး။ ပကတိ ဖြူဝင်းနေတယ်။အဲ ညိုဝင်းနေတယ်။ ညိုတာက ဝင်းပါ့မလားလို့ ဖိုးမောင်က သူ့အတွေးသူ ပြန်တွေးရင်း ပိုရန်ကောရယ်လို့ ပြုံးမိလိုက်သေး။ ခါတိုင်းလို သနပ်ခါးကို ပါးကွက်ကျားမကွက်ရသေးဘူး။ ကျစ်ဆံမြီးမကျစ်ရသေးဘူး။ မနက်စောစောမို့ထင်ပါရဲ့ မျက်နှာလေးက ပြောင်ချောနေတယ်။

“အရီးလေ အကြော် ငါးရာဖိုးလောက်”

“အေး ခဏ ခင်ညိုလေးရေ အရီးလက်မလည်ဘူးဖြစ်နေတယ်….ဘာအကြော်ထည့်မှာလဲ ငါ့တူမကြီးရဲ့”

“ဗူးသီးကြော် များများ ကုလားပဲကြော်လည်းထည့် တို့ဟူးကြော်လေးပါထည့်နော် အရီးလေး”

ဖိုးမောင် ပြုံးတယ်။

“အရီးလေး ငါးရာဖိုးတယ်ရယ်နော် ပိုက်ဆံမလောက်လို့ အကြွေးမှတ်သွားဦးမယ်”

ခင်ညို့ရဲ့ မျက်စောင်း ဒိုင်းခနဲ ဖိုးမောင်ဆီရောက်လာတယ်။ အဲဒီ မျက်စောင်းပေါ့ ။အရည်ပျော်လောက်တဲ့ မျက်စောင်းလေး။

“ကာလနာ မြွေပွေးကိုက် စောစောစီးစီး  ငါ့ဟာငါ ဘယ်လောက်ဖိုး ဝယ်ဝယ် နင့်အပူလား အကြွေးမှတ်တော့ရော နင့် စီးပွားရေးထိခိုက်သွားလို့လား”

ကြည့်လိုက်စမ်းပါ။ ခင်ညိုလေးရဲ့ ပဋိသန္ဒာရစကားကိုကြားလိုက်ရတော့ ဖိုးမောင်က ခပ်ပြုံးပြုံး။

“ဟုတ်ပါဘူး ခင်ညိုလေးရဲ့ ဖိုးမောင်က စိုက်ရှင်းပေးမလို့ပါ ဟဲဟဲ စိတ်ချည်းပဲ စ..တာကို”

“အောင်မယ် နင်ကဘာမို့လို့တုန်းဟဲ့ မိဘပိုက်ဆံလက်ဖြန့်တောင်းပြီး ထိုင်စားနေတဲ့ ဆန်ကုန်မြေလေးကများ အကြော်ဖိုးဝင်ရှင်းဦးမယ်…..အလကား စေတနာတွေလာမပိုနဲ့ ခင်ညိုက ဘယ်သူ့ဆီမှာမှ အလကားမစားဘူး ဟွန်း”

“အေးပါ ခင်ညိုရာ စောစောစီးစီး ရန်ထောင်နေလိုက်တာ….ငါးစိမ်းသယ်ကျနေတာပဲ ဟီးဟီး ”

“ကောင်စုတ် ကဲ..ဟယ်”

“ဟ မလုပ်ပါနဲ့ ခင်ညိုရ ဟ ဟ မလုပ်နဲ့ ခင်ညို အရီးရေ ရော့ ဒီမှာ အကြော်ဖိုး လစ်မှရတော့မယ် “

ဖိုးမောင် သုတ်ခြေတင်ရလေပြီ။ မတင်ရင်လည်း ခင်ညိုက တွေ့ရာနဲ့ကောက်ပေါက်တာ စဉ်းတီတုံးကြီးနဲ့။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပဲ။ ပြေး ဖိုးမောင်ရေပေါ့။ခြေထောက်နဲ့ တင်ပါး တစ်သားတည်းဆိုတာ ဖိုးမောင်ပြေးမှ ထပ်တူကျတာ။ ဖိုးမောင်လိုကောင်ကလည်း အမှတ်ရှိမယ်မထင်နဲ့။ အဲဒီနေ့မှာပဲ ဖိုးမောင် အကြံကြီးကြီးထုတ်နေတယ်။

ညနေ ဆည်းဆာက ဖိုးမောင်မျက်စိထဲမှာ တော်တော်လေးကိုလှနေတယ်။ ဖိုးမောင်က ညနေဆိုရင် ရွာထဲကို လှည့်မယ်။ ပတ်မယ်။ မတင်လှ ကွမ်းယာဆိုင်ရှေ့မှာ ဦးလေးဂွကို စောင့်မယ်။ ပြီးရင် ကိုလှကျော်  ဗွီဒီယိုရုံရှေ့မှာ လမ်းသလားမယ်။ ကောင်မလေးတွေကို ရိသဲ့သဲ့လုပ်မယ်။ ပြီးရင်တော့လား လမ်းလျှောက်ထွက်တဲ့ ခင်ညိုဆိုတဲ့ စံပယ်ပန်းကလေးကို ချူရမယ်။ ညုရမယ်။ ညဘက်ကြီး အလည်ထွက်တာကလည်း ဖိုးမောင်အဖို့တော့ ရိုးနေပြီ။ ထမင်းမစားပဲ အမေ့ထံမှာလက်ဖြန့်လိုက်ရင် လက်ဘက်ရည်ဖိုးကတော့ သေချာပေါက်ကျတယ်။

ရေမိုးချိုးပြီးတော့ ဖိုးမောင် အဝတ်စားလဲတယ်။ ပြီးတော့ အုန်းဆီကို ရွှဲနေအောင် လိမ်းလိုက်တယ်။ ပါးစပ်ကလည်း လေချွန်နေလိုက်သေး။

“အကြည် မင့်သားလည်း ရောဂါသည်းနေပြီနော် ကြည့်ပြောဦး တော်တော်ကြာ ရွာထဲမှာ မျက်နှာပျက်စရာတွေဖြစ် လာလိမ့်မယ်…”

“ကျုပ်လည်း တော့်ကို အဲဒါပြောမလို့ မဆွဲမိကလည်း လာပြောတယ် ကျုပ်ဖြင့် စိတ်မဆိုးပါဘူး ကျုပ်တို့သား လုပ်တာကိုမှ မဟုတ်တာကိုး။ ကျုပ်ဖြင့် မိန်းမသာ ပေးစားချင်လိုက်တာပဲ။ တော်ရော ဘယ်လိုထင်လဲ”

“အင်း မင့်သားကို ယူမယ့် မိန်းကလေးရောရှိရဲ့လား ဟ ကြည့်လုပ် အကြည်…။ ငါဖြင့် ပြန်ကြားရတာ မကောင်းတော့ပါဘူး။ ဘယ်လို ဗီဇတွေပါလာမှန်းမကိုမသိဘူး။ ငါလည်း အဲလောက်မပွေရပဲနဲ့…မင်း မောင် ငဂွရဲ့ ဗီဇတွေနေမှာ”

“တော်နော် ကျုပ်ဘက်ကိုမထိနဲ့ ဘယ်ပွေခဲ့ရမှာတုန်း ကျုပ်ကိုတောင် အများက အတင်းလော်ပေးလို့ရတာကို…။ တော် အသာလေးနေ ကျုပ်စီစဉ်မယ် ဖိုးမောင်ကို မိန်းမပေးစားလို်က်မှာ ကျုပ်တို့ အမှုအခင်းတွေကလွတ်နိုင်မယ်။ ကျုပ်ဖြင့် အိပ်မက်တွေမကောင်းတာကြာပြီ။ ကြီးရွှေကလည်း အမှုအခင်းတွေ ကြုံရနိုင်တယ်တဲ့။ ဖိုးမောင်လက်ချက်ကြောင့်ပဲ ဖြစ်နေရဦးမယ်…”

“မင့် သဘော အကြည် မင့် သဘော”

ဖိုးမောင်က အဲဒီအသံတွေကို အိမ်ပေါ်ကနေ အသာလေးကြားရတယ်။ မိန်းမပေးစားမယ်တဲ့။ မိန်းမပေးစားလို့ကတော့ မရ ရတာကိုတော့ ယူရမှာပဲ။ လိုချင်နေတာ တစ်ပိုင်းကိုသေလို့။ ချိတ်မယ့်လူမရှိသေးလို့သာ ငြိမ်နေရတာ။ ခင်ညိုလေးကိုသာရရင်တော့ အတိုင်းထက်အလွန်ရယ်။ အမေနဲ့အဖေကလည်း ဒါမျိုးကျတော့ ဖိုးမောင်ကို ခေါ်ပြီး မတိုင်ပင်ဘူး။ ဒါမျိုးတော့ လျှိုလို့ရမလား။ ဖိုးမောင် အကြံကြီးကြံနေတဲ့အကြံကို ပြောင်းလိုက်မယ်။ ဖိုးမောင်နဲ့ပေးစားမယ့် မိန်းမဆိုတာ ဖိုးမောင်သဘောကျသမျှ ချောချောလှလှ အလှပဂေးတွေဖြစ်ရမယ်။ ဒီသတင်းကို ဦးလေးဂွ ပါးစပ်ထဲကိုအရင်ထည့်ပေးလိုက်လို့ကတော့ ရပ်ကျော်ရွာကျော် ကြေငြာမောင်းခတ်နေစရာကိုမလိုဘူး။

 

 

ကောင်မလေးတို့ရေ ချိတ်မယ့်ချိတ်တော့လည်း ညည်းတို့ရဲ့နာမည်လေးတွေ ဖိုးမောင်ဆိုတဲ့ ဆူးလှည်းနောက်ကို နာမည်ကျော်စွာနဲ့ ချိတ်တော့မပေါ့လေ။

×××××××××××

        “ဘာ”

“ဟုတ်တယ် မြမြရဲ့ ဖိုးမောင်နဲ့ကိုမိန်းမပေးစားကြတော့မတဲ့ အဲဒါ နင်နဲ့လို့ပြောတယ်…အဲဒါ ဟုတ်သလား”

“အောင်မာ ရာရာစစ ဒင်းကများ သူပုတ်လေလွင့်စကားလွှင့်ရတယ်ရှိသေး ဘယ်သူပြောလဲ ဒီသတင်းကို ကြည့်စမ်း မသာကောင် ငါ့နာမည်ကို ဖျက်လိုဖျက်စီး။ မကျေနပ်ဘူး ။ အသရည်ဖျက်မှုနဲ့ တရားစွဲမယ်။ ဘယ်သူလဲ သတင်းဖြန့်သူကိုပြော”

“ဦးလေးဂွ”

“ဘယ်လို ဦးလေးဂွက ပြောတာ”

ဟိုနေရာ ဒီနေရာတွေမှာ ဖိုးမောင် မိန်းမယူတော့မယ်ဆိုတဲ့ သတင်းကပျံ့နေပြီ။ ဒါပေမယ့် တစ်နေရာပြောင်းတိုင်း တစ်နေရာပြောင်းတိုင်းမှာ ဖိုးမောင်ယူမယ့် မိန်းကလေးရဲ့ အမည်နာမတွေက ပြောင်းလဲနေတတ်တယ်။ တော်တော်ကြာ မြမြ။ တော်တော်ကြာ ညိုစိန်။ တော်ကြာ အေးကြည်နဲ့ ရွာရှိ ချောချောလှလှ မိန်းကလေးတွေရဲ့အမည်တွေ ကုန်သလောက်ရှိတော့မယ်။ အဲဒီ သတင်းကိုလည်း ဦးလေးဂွက မတင်လှ ကွမ်းယာဆိုင်ကနေ ထိုင်ထိုင်ပြောနေတာ။ မတင်လှကလည်း မသက်သာလို့သာ ပေးထိုင်နေရတာ ။ မျက်စိနောက်လှပြီ။

“ဦးလေးဂွနော် မဟုတ်တဲ့ သတင်းတွေ ဖြန့်မနေနဲ့ အချုပ်တို့ ထောင်တို့ကိုရောက်နေဦးမယ်။ တော်ကြီး စားတဲ့ ကွမ်းယာဖိုး တစ်ထောင်ကို မတ်နေလို့သာနော် ကျုပ် ဥက္ကဌကိုတိုင်ချင်နေတာ ပါးစပ်ကိုယားနေပြီ”

“မတင်လှနော် တိုင်လို့ကတော့ ဒီနေ့ညနေမဆိုင်းကို အတိုးရောအရင်းရော ရွှေမိကို တစ်ခါတည်း လာတောင်းခိုင်းမယ်မှတ်..ညည်းဘာ့သာညည်း ကွမ်းယာကို အေးအေးဆေးဆေး ထိုင်ရောင်းစမ်းပါ။ ညည်း စီးပွားရေး ထိခိုက်တာမှတ်လို့”

မတင်လှက မျက်စောင်းကြီးခဲပြီးသာနေရတော့တယ်။ မကြီးမငယ်နဲ့ တဏှာရူးချင်နေသေးတဲ့ ဦးလေးဂွကိုလည်း ပြောလိုဆိုလိုမရလေတော့ မတင်လှ လက်ပိုက်ကြည့်နေရုံပ။

ဆူးလှည်း ဖိုးမောင်ရဲ့ သတင်းက တော်တော်လေးကို မွှေးနေပြီ။ ဖိုးမောင်ကလည်း မင်္ဂလာခန်းဝင်ပစ္စည်းတွေဝယ်နေပြီတဲ့။ မိန်းကလေးရှင်ဘက်ကို ရွှေက ဘယ်လောက်သား၊ ငွေက ဘယ်ရွေ့ဘယ်မျှ တင်တောင်းမယ်ဆိုတာတွေလည်း ဟိုးလေးတကျော်ကျော်။ ဖိုးမောင်ရဲ့ ကိုယ်စွမ်းကိုယ်စ မပါပဲ မိန်းမရမယ့် ကိစ္စ အားလုံးက စိတ်ဝင်းစားကြတယ်။ဒါပေမယ့် တစ်ရက်မှာတော့ ဖိုးမောင်အိမ်ရှေ့ လူစည်ပါရောလား။ စည်လိုက်တဲ့ လူတွေ တရုန်းရုန်း။ ပြီးတော့ အော်ကြီးဟစ်ကျယ်အသံတွေမှ ညံလို့နေတယ်။

အဲဒီထဲမှာ ဖိုးမောင်ရဲ့ ဦးလေး ဦးလေးဂွ ဖွထားတဲ့ မိန်းကလေးရှင် မိဘများလည်းပါတယ်။ ဖိုးမောင်အမေနဲ့အဖေကတော့ မျက်စိမျက်နှာတွေ ပျက်နေပြီ။ လူတွေကလည်း များတထက်များလာပြီ။ အများထဲမှာမှ မိန်းကလေးရှင်များရဲ့ ကို်ယ်စားလှယ်သဖွယ် ခင်ညိုက အားလုံးရှေ့မှာ မားမား မတ်မတ်ကိုရပ်လို့။

“ဖိုးမောင် ထွက်ခဲ့ ဘာခုမှ ပုန်းနေတာလဲ။ အရီးလေးကြည်တို့ အဘတို့ကိုတော့ အားနာပါရဲ့။ ဟဲ့ ဖိုးမောင် ဘာခုမှ ပုန်းနေရတာလဲ….အလကား ဆူးလှည်း….ခွေးချေးပေတဲ့ ဆူးလှည်း ထွက်ခဲ့လေ…အရီးလေးကြည် ဖိုးမောင်ကို ထုတ်ပေးပါ”

“ကလေးမ ခင်ညို ဘာဖြစ်လာတာလဲ အရီးကိုလည်း သေသေချာချာ ဂဃနဏ ပြောပါဦးကွယ် ။ မထိတ်သာမလန့်သာရှိလိုက်သာ။ လူတွေလည်း များလိုက်သာကွယ် ။ ပြောပါဦး အရီးလေးကို”

ဖိုးမောင်ရဲ့ အမေက ခင်ညိုကို မေးနေတယ်။ ဖိုးမောင်ကတော့ အိမ်ပေါ်ကမဆင်းရဲဘူး။ ဖိုးမောင်ဖွထားတာ လွန်သွားပြီလား။ ခင်ညိုကတော့ ဖိုးမောင်မထွက်မချင်း အော်နေမယ့်ပုံ။ဖိုးမောင်ကတော့ အိမ်အောက်က အသံတွေကို နားစွင့်နေရတယ်။

“ဟုတ်တယ် အကြည် အကြည့်သားလုပ်ပုံကောင်းသေးလား။ ဘယ်နှယ့် သူမိန်းမယူမယ့်ကိစ္စ ရွာရှိ မိန်းမပျိုလေးတွေ နာမည်ကို သုံးပြီး ဟိုကောင်မလေးနဲ့ယူမယ် ဒီကောင်မလေးနဲ့ယူမယ် သတင်းလွှင့်စရာလား။ အဲဒါ ဘယ်လိုရှင်းမလဲ မိန်းကလေးရှင် မိဘတွေက မကျေနပ်ကြဘူး။ ညည်းမောင် ငဂွလည်း သတင်းဖြန့်ရာမှာပါတယ်တဲ့။ အရွယ်ပဲ ကြီးနေပြီ အဲဒီကိစ္စတွေပါတုန်း။ ဒါ အသရည်ဖျက်မှုပဲ။ တရားတောင်စွဲလို့ရတယ်။ ကာယကံရှင် မိန်းကလေးတွေခမျှာလဲ အရှက်ရတာပေါ့…။ အဲဒါ လူအားလုံးရှေ့မှာ ဖိုးမောင်ကို ကျေနပ်လောက်တဲ့အထိ တောင်းပန်ခိုင်းလိုက်။ မတောင်းပန်ရင်တော့ ညည်းသား အချုပ်နဲ့ စံမြန်းရလိမ့်မယ်”

ရွာ ဥက္ကဌက အဲဒီလိုပြောတော့ ဖိုးမောင်မိဘတွေ မနေသာတော့ဘူး။

“ဖိုးမောင် ဟဲ့ ဖိုးမောင် ဆင်းခဲ့စမ်း….မိဘမျက်နှာကို အိုးမည်းသုတ်တဲ့ကောင် ။ မိန်းမပေးစားမယ်ပဲ တိုင်ပင်မိပါတယ်။ နားစွံနားဖျားနဲ့ လုပ်ချင်ရာလုပ်စရာလား…။ ငဂွ ဘယ်မှာလည်း ။ဆင်းလာခဲ့လို့ပြောနေတယ်နော် ဖိုးမောင်..ငဖိုးမောင်”

ဖိုးမောင် အိမ်ပေါ်ကနေဆင်းလာတယ်။ ခင်ညိုက မီးဝင်းဝင်းတောက်တဲ့ အကြည့်တွေနဲ့ ဖိုးမောင်ကိုကြည့်တယ်။ အလကား ဆူးလှည်း။ တွေ့သမျှ ချိတ်ချင်ရာချိတ်တဲ့ကောင်။ မိန်းကလေးတွေ အားကိုးချင်စရာဖြစ်အောင် မကြိုးစားပဲ လေထိုးလေလျှော်နဲ့ လေဖမ်းဒန်းစီးပြီး မိန်းမတစ်ယောက် အချောင်ရမယ်ထင်နေတာလား။ ဝေးပါသေး။

တော်ကြာတစ်မျိုး ခုတစ်မျိုးနဲ့ စိတ်အပြောင်းအလဲမြန်တဲ့ကောင်။ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီး စိတ်ကစားတဲ့ကောင်။ နင် ဒီတစ်သက် မိန်းမ မရစေရဘူးမှတ်။ မရတာ တပြီး ရူးမယ့်ကောင်။ မယားတရူးကောင်။ ခင်ညို စိတ်ထဲကနေ ပြောနေမိတယ်။ ကြည့် ခုတော့ မခုတ်တတ်တဲ့ ကြောင်သဖွယ် ။ ကုတ်ကုတ်ကလေး ဆင်းလာရှာတယ်။ ဦးလေးဖြစ်တဲ့ သူကလည်း မြှောက်ထိုးပင့်ကော်သမား။ လူငယ်နဲ့ပြိုင်ပြီး တဏှာက ရူးချင်သေးတယ်။

“ဖိုးမောင် မှန်မှန်ပြောစမ်း အဲဒီမဟုတ်တဲ့သတင်းတွေကို ငဂွကို လွှင့်ခိုင်းတာ တကယ်လား..”

“ဟုတ်တယ် အမေ”

“မသာလေး ခုကန်တော့ လူကြီးတွေ ကျေနပ်လောက်တဲ့အထိ ကန်တော့လိုက်စမ်း မိဘမျက်နှာအိုးမည်းသုတ်တဲ့ အကောင့် ရှက်လိုက်တာ။  ဟဲ့ ကန်တော့လေ…ပြောနေတာကို ငါလုပ်ထည့်လိုက်ရ”

ဖိုးမောင်က မကန်တော့ချင် ကန်တော့ချင်နဲ့ ထိုင်ကန်တော့တယ်။ ကန်တော့ပြီး ဖိုးမောင်က အမေနဲ့အဖေကိုကြည့်လိုက်တော့ ဖိုးမောင်အမေပြောလိုက်တဲ့ စကားတစ်ခွန်းက ဖိုးမောင်ကို ယူကျုံးမရဖြစ်စေပြီး ခင်ညိုတို့လို့ မိန်းမချောလေးတွေအတွက်တော့ ဝမ်းသာစရာ ရန်မီးတစ်မီးငြိမ်းပြီလို့ သတ်မှတ်ပြီး လက်ခုပ် ဝိုင်တီးကြတယ်။

“ဖိုးမောင် မင်းကို ဘယ်တော့မှ မိန်းမ မပေးစားဘူး….ပြီးတော့ တစ်ခါတည်းပြောလိုက်မယ် ။ဟောဒီရွာက မိန်းကလေးမှတ်သမျှကို မင်းတောင်းခိုင်းလည်း မတောင်းပေးဘူး..အိုကုန်ကုန်ပြောမယ် ဘယ်မြို့ ဘယ်ရွာက မိန်းကလေးပဲဖြစ်ဖြစ် ငါတို့လိုက်မတောင်းပေးနိုင်ဘူး။ အဲဒါအရှက်ခွဲလို့ရတဲ့ ရလာဒ်ပဲ။ ငဂွ နင်လည်း ငါ့အိမ်ကို တစ်သက်လုံးမလာနဲ့..။ ဘယ်နှယ့် ကိုယ့်တူကို ကြည့်ထိန်းမယ် မစဉ်းစားဘူး။ သူကပါ ရောပြီး ကမြင်းကြောထနေတယ်။ သွားတော့ ပြန်….ရွာသားများကိုလည်း ကတိပေးပါတယ်။ နောင်တစ်ကြိမ် ဒီလိုမျိုးဖြစ်ရင် ကျုပ်တို့ကို လာအသိပေးမနေနဲ့တော့ တစ်ခါတည်း အချုပ်ထဲသာပို့လိုက်ပါတော့ရှင်”

ဖိုးမောင်က ပါးစပ်ကြီးဟလို့။ ခင်ညိုက ပြုံးလို့။ မိန်းမပျိုလေးတွေကလည်း ပျော်လို့။ ဆူးလှည်း ကြီးဖိုးမောင်ကတော့ မရှုနိုင်မကယ်နိုင်နဲ့….ကြက်ကြီးလည်လိမ်ထားသလို လိမ်နေတော့တာမှ အများကြားမှာ အကြာကြီး..။

သော်ဇင်(လွိုင်ကော်)

10th-Oct-2011

Time-10:22PM

 

 

6 comments

  • windtalker

    October 15, 2011 at 7:56 pm

    ဖိုးမောင် ၊ ဖိုးမောင်
    မင့်အဖြစ်က သေနတ်နဲ ့တော့ ချိန်ပါရဲ ့
    တစ်ကောင်ထဲ မဟုတ်ပဲနဲ ့
    တွေ ့ကရာကောင် လိုက်ချိန်နေတော့
    အခု နာပြီမလား
    ကောင်းရော..အေးတာပဲ ။
    ကိုသော်ဇင့်အရေးအသားထဲတွင် စိတ်မြုပ်သွားသဖြင့်
    ဖိုးမောင် တစ်ယောက်ကိုအားမလိုအားမရဖြစ်မိသွားကြောင်းပါ ။

  • hmee

    October 16, 2011 at 1:17 am

    ကိုသော်ဇင်ရေ တပုဒ်ဆို ဆိုသလောက်ပါပဲ။ ဇတ်လမ်းဆင်တာလည်းကောင်း အရေးအသားလေးတွေကလည်း အပြင်နဲ့ အပ်ကျ။ ကျွန်မတော့ ဖတ်ရင်းနဲ့ စိတ်ထဲမှာ ကျွန်မတို့ ရွာပဲ ပြန်ရောက်နေသလိုလို ဖြစ်သွားတယ်။

  • zawmyothu

    October 17, 2011 at 1:43 pm

    ကိုသော်ဇင် အရေးအသား ကောင်းတယ်ဗျာ
    “ဆူးလှည်း” ဆိုတဲ. စကားအသုံးနှုန်းလဲ မှတ်သွားပါတယ်ဗျာ 😛

  • etone

    October 17, 2011 at 3:23 pm

    စာပိုဒ်ရှည်ကြီးကို တထိုင်တည်း မျက်စိမလွှဲပဲအရေးသား ကောင်းလွန်းလို့ … ဖတ်မိပါတယ် …
    ဖိုးမောင်ကို မိန်းမမပေးစားတော့ဘူးဆိုလျှင် …. သူ့အမေတွေ တစ်သက်လုံး ဒဏ်ခံရမယ့်အဖြစ် တွေးကြည့်ပြီး ရင်လေးမိပါတယ် 😀

  • manawphyulay

    October 17, 2011 at 3:37 pm

    ဖိုးမောင်က သော်ဇင်ကြီးလားဟင်…. အဟိ
    ရယ်ရတယ်။ လှည်းတောင် ဆူးပါတဲ့ လှည်း လုပ်လိုက်သေးတယ်။ အရေးအသားကတော့ ရှယ်ပဲ။

  • pan pan

    October 17, 2011 at 3:51 pm

    ဖတ်လို့ကောင်းလိုက်တာ
    နောက်ဆုံးမှာ ဖိုးမောင်အမေကြီးက ဖိုးမောင်ကို ဘုန်းကြီးဝတ်ခိုင်းမယ်မှတ်တာ
    သူအမေဝတ်ခိုင်းလည်း ကာယကံရှင်ကမှမလုပ်နိုင်လည်း မရဘူးဆိုတော့ မထူးပါဘူးလို့တွေးနေတာ
    ခုလိုမိန်းမတောင်းမပေးတော့ဘူးဆိုတော့ အေးရော
    သူ့ဘာသာမကြိုးစားရင် ဒင်းဒီတစ်သက် (ခင်ညိုပြောသလို) မိန်းမမရတော့ဘူးပေ့ါ 😛

Leave a Reply