““ဘာသာပြန်လွဲခဲ့သူ၏နိဂုံး””

““ဘာသာပြန်လွဲခဲ့သူ၏နိဂုံး””

(၁)

      ကျွန်မ၏ မြင်ကွင်းတွေ တဖြည်းဖြည်းဝေဝါးလာခဲ့သည်။ မကျပါနဲ့။ မကျပါနဲ့မျက်ရည်ရယ်။ အခုမှမျက်ရည် ကျနေလို့ရော အရှက်တွေ၊ သိက္ခာတွေကို အဖတ်ဆယ်လို့ရတော့မည်မဟုတ်ပဲ။ ကျွန်မကိုယ် ကျွန်မ အပြစ်တွေ တင်နေရုံကလွဲလို့ သည်ပြဿနာက ပြေလည်သွားမည်မဟုတ်မှန်း အလိုလိုသိနှင့်နေခဲ့ပြီလေ။ ကျွန်မကိုယ့်ကိုကိုယ် မလုံမလဲနှင့်ဆေးခန်းလာပြမိတာ မှားပြီလား။ မဖြစ်ပါစေနဲ့လို့ အခါခါဆုတောင်းခဲ့မိတဲ့ ကျွန်မ ဆုတောင်း မပြည့်တော့မှန်းသေချာနေခဲ့ပြီလေ။ ဆရာဝန်ရဲ့ ကိုယ်ဝန်သုံးလရှိနေပြီဆိုတဲ့စကားဟာ ကျွန်မရဲ့နားထဲ မိုးကြိုး ပစ်ချသည့်အသံထက် နှစ်ဆခန့်ကျယ်လောင်သွားသည်။ လင်ယောက်ျားမရှိပါပဲ ကိုယ်ဝန်လွယ်ရသည့်အဖြစ်က အပျိုစင်တစ်ယောက်အတွက် အရှက်သိက္ခာတွေ ဗျန်းဗျန်းကွဲရတော့မည်။ နောက်ပြီး သည်ကိစ္စတာ အမေသိသွား ခဲ့လျှင်ဆိုသည့်အတွေးက ကျွန်မဦးခေါင်းကို ရထားကျိတ်သွားသည်အလား။ အမှန်အတိုင်းဖွင့်ပြောရမည်လား၊ သိုဝှက် ထားရမည်လား ဝေခွဲရခက်လှသော ကျွန်မအဖို့ ကံဆိုးမိုးမှောင်ကျပြီလား။ သည်အချိန်မှာ ကျွန်မရဲ့ခြေလှမ်းတွေ မှန်ကန်ဖို့လိုသည်က အဓိကကျနေမှန်း စိတ်ထဲနှောက်ကျိစွာနှင့်တွေးမိပါသည်။ မိဘ ဆွေမျိုး အသိုင်းအဝန်းကြားတွေ ရဲ့ကြားထဲမှာ မျက်နှာပြဖို့ ခဲယှဉ်းသည့်အဖြစ်။ အရှက်နှင့်လူလုပ်သည်လား၊ အသက်နှင့်လူလုပ်သည်လား။ နှစ်ခုထဲက တစ်ခုရွေးရတော့မည်။

အခြေအနေ၊ အဆင့်အတန်းချင်းမတူသည့် မောင်နှင့် ကျွန်မတို့၏ဇာတ်လမ်းသည် ရုပ်ရှင်ဝတ္ထုဆန်ဆန် မိုးနှင့်မြေ ကွာခြားလေသည်။ အရောင်းစာရေးတစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ရိုးရိုးအေးအေးတည်ငြိမ်လှသော မိသားစု အတွက် တစ်ဖက်တစ်လှမ်းကတော့ ခွန်အားတစ်ခုရယ်ပေါ့။ မိုးလင်းကနေ မိုးချုပ်မှ ပြန်ရောက်သည့် ကျွန်မကို မိဘတွေကစိတ်ပူပေမယ့်လည်း ဝင်ငွေတစ်ခုအနေနှင့် အားမသန်မာန်လျှော့နေရမှန်း ကျွန်မနားလည်ပါသည်။ အဝေးသင်တစ်ဖက်နှင့်မို့ ကျောင်းစရိတ်ကာမိဖို့အရေး ကျွန်မရဲ့ကြိုးစားမှု အရာထင်နေမှန်း မိသားစုက သိနေနှင့်ခဲ့သည်လေ။ သည်ဆိုင်ကို မောင် မရောက်ခင်ကတော့ ကျွန်မရဲ့ဆိုင်ရှင်တွေဟာ သဘောမနှော အလွန်ကောင်းခဲ့သူတွေပေါ့။ ကျွန်မရဲ့ကြိုးစားမှု၊ အလိုက်သိတတ်မှု၊ အလုပ်အပေါ် စေတနာထားမှုတို့ကြောင့် အရောင်းစာရေးဝန်ထမ်းတွေအကြား မျက်နှာပန်းပွင့် အရောင်အဆင်းတောက်ပြောင်လာလေသည်။ လစာလည်း တိုးခဲ့သည်။ အခြားဝန်ထမ်းတွေရဲ့ ကြည်ဖြူမှု၊ ဝန်သိုမှုတွေရဲ့ကြား ကြံ့ကြံ့ခံ မလဲအောင်ရပ်တည်နေနိုင်အောင်လည်း ခွန်အားတွေမွေးမြူရသေးသည်။ ရုပ်ရည်ရှိ အချင်းမဲ့ပြီး သိက္ခာတော့အကွဲခံမည့် မိန်းမမျိုးမဟုတ်မှန်း မဏ္ဍိုင်ထူပြရသည်။

သည်လိုစောင့်ထိန်းမှုတွေရှိခဲ့ပေမယ့် မောင်ရောက်လာခဲ့ပြီးနောက်ပိုင်း ကျွန်မရဲ့ သိက္ခာ၊အရှက်တွေကို အလဲလဲ အပြိုပြိုဖြစ်တော့မည်မှန်း ဘာကြောင့်မရိပ်မိခဲ့ပါလိမ့်။ မိန်းမတွေရဲ့အသည်းကို ချူကြူပြီး ပစ်ခဲ့သူလို့ အမည်ထွက်နေတဲ့မောင့်ကို ဘာ့ကြောင့်မရှောင်ခဲ့မိပါလိမ့်။ သေချာသည်ကတော့ ကျွန်မမသိလိုက်ပါဘဲ တင်္ဒဂမှားသွားသော စိတ်၏ခြေလှမ်းတွေသည်သာ ပထမဖြစ်သည်။ ဇွန်လ၏ ဒုတိယအပတ်ထဲမှာ ကျွန်မတို့ အလုပ်ရှင်က သည်ဆိုင်ကို သားဖြစ်သူဦးစီးတော့မည်ပြောတော့ ဘာသိဘာသာပင်။ ရောက်မည့်ရောက်ချတော့လည်း ဆိုင်းမဆင့် ဗုံမဆင့် ပထမအပတ်မှာပင်ရောက်လာသည်။ ဝန်ထမ်းအချင်းချင်း တစ်ယောက်စကား တစ်ယောက်နှင့် မောင့်ရဲ့အကျင့်ဆိုးကို ဝေဖန် သဖန်းပိုးထိုးကြသေးသည်။ လက်တို့ကြသည်။ ကျွန်မကတော့ ကိုယ့်အလုပ်နှင့်ကိုယ် ဂရုမစိုက်ခဲ့။ တည်တည်ငြိမ်ငြိမ်နေတတ်သော ကျွန်မကို အများကြားထဲကနေ သတိထားမိနေသာ မောင့်ရဲ့အဖြစ်ကို မရိပ်မိခဲ့။ မိန်းမတစ်ယောက်ကို ချဉ်းကပ်ဖို့ မိန်းမတွေရဲ့အကြောင်းနှောကျေနေပြီဖြစ်တဲ့ မောင့်ရဲ့ နည်းဗျူဟာတွေဟာ ဝန်ထမ်းဖြစ်တဲ့ ကျွန်မနှင့် ဆိုင်ရှင်ဖြစ်တဲ့ မောင်ရဲ့အကြား တကူးတက ဖန်တီးရန်မလိုအပ်ပါ။ စာရင်းသွင်းချင်သည်ပဲ ဖြစ်ဖြစ် ၊ ပစ္စည်းလက်ကျန်စစ်ချင်လို့ပဲဖြစ်ဖြစ် ၊ အမှာစာတွေရောက်ရင်ပဲဖြစ်ဖြစ် သူ့အနား ကျွန်မရောက်အောင် တမင်သက်သက်လုပ်ယူနေပေမယ့် လုပ်ယူနေမှန်းမသိအောင် မောင်ကျွမ်းကျင်ပါသည်။ စကားကိုမဟတဟပြောတာ မခို့တရို့ကြည့်တာတွေက မောင့်ရဲ့ကိုယ်ပိုင်အရည်းအချင်းတွေပေါ့။ လုပ်ဖော်ကိုင်ဖက်တွေကတော့ သတိပေးလက်တို့ ကြသေးသည်။ သို့ပေမယ့် ကျွန်မသည်သာလျှင် အဓိကလို့မှတ်ယူပြီး ရပ်တည်ခဲ့သည်။

 

သည်နောက်ပိုင်းမှာတော့ ကျွန်မအဝေးသင်အနီးကပ်အတွက် ခွင့်ယူသည့်ရက်များတွင် ရုတ်တရက်ကျောင်းကို ပေါက်ချလာသည်များ ရက်စိတ်လာလေသည်။ မိန်းမသားတစ်ယောက်ဖြစ်သည့် ကျွန်မအဖို့ အသည်းကလေးက နုနုနှယ်နှယ်ပေါ့။ အချစ်ဆိုတာလည်း ဆန်းကျယ်သော မှော်ပညာတွေနှင့် ပြည့်နှက်နေသည်လေ။ ကျွန်မကိုယ်ကျွန်မ အခါခါ စဉ်းစားကြည့်ပေမယ့် အချစ်ဆိုတဲ့ ဝေါဟာရအောက် ပြိုလဲသက်ဆင်းပြီး အချစ်မှာစစ်ရှူံး စိတ်ရဲ့ကျွန်ဖြစ်သွားတာ ကျွန်မရဲ့ မဟာအမှားရယ်လေ။

မောင်ရောက်ကတည်းက ဆိုင်ကို အရောက်အပေါက်နည်းတဲ့ မောင့်ရဲ့မိဘတွေတောင် မောင်နှင့်ကျွန်မ ချစ်သူတွေဖြစ်ပြီးသည့်နောက်ပိုင်း အလာစိတ်လာသည်။ ကျွန်မအပေါ် ကြည့်သည့်အကြည့်တွေ ပုံစံတစ်မျိုး ကွဲထွက်နေမှန်း စိတ်ကသိနေပေမယ့်လည်း ဘာသာမပြန်တတ်ခဲ့။ ကျွန်မကို မလိုသူတွေရဲ့ အခန်းကဏ္ဍ သည်နေရာမှာ အရေးပါလာလိမ့်မည်ဟု မတွေးမိခဲ့တာ ကျွန်မရဲ့ ညံဖျင်းမှုတွေလား။ မောင်နှင့်ချစ်သူဖြစ်ပြီး ကတည်းက မောင့်ရဲ့အကျင့်တွေသိနေခဲ့လို့ ကျွန်မရဲ့ခန္ဓာကိုယ်ကို လက်နှင့်ပါးကလွဲလို့ မောင်ထိတွေ့ခွင့်မရခဲ့။

မောင်ကလည်း ကြောင်ပါးတစ်ကောင်လို လက်သည်းဝှက်နေမှန်း မသိခဲ့ရိုးအမှန်ရယ်ပါ။ ကျွန်မအကြိုက် တွေကို အလိုက်အထိုက်နေတတ်ခဲ့တာ မောင့်ရဲအတတ်ပညာပိုင်းဆိုင်ရာ ထူးချွန်မှု တစ်ခုရယ်ပေါ့။ မြန်မာမိန်းကလေး တွေဟာ လက်မထပ်ခင် ကိုယ့်အပျိုစင်ဘဝကို ကိုယ်ထိန်းသိမ်းရမယ်လို့ ကျွန်မကြားဖူးနားဝရှိပြီးသား။ မောင့်ရဲ့ မိဘတွေကလည်း လက်ပိုက်ကြည့်နေရမယ့် ပရိတ်သတ်နေရာမှာ နေတတ်သူတွေမဟုတ်တော့ တစ်ခန်းရပ်တော့ ဝင်ကဖို့ ကြိုးစားကြသည်လေ။

(၂)

 ပတ်ဝန်းကျင်ရဲ့ စကားအတိုင်းအတာတွေမှာ ကျွန်မရဲ့အကြောင်းတွေဟာ သုပ်ပြီးမစားဖြစ်တဲ့ လက်ဖက်သုပ်လို ပွရောင်းရောင်းဖြစ်နေခဲ့သည်။ ရုပ်ရည်လေး ဗန်းပြပြီး ချူစားနေသည် ဆိုသည့်စကားက ကျွန်မရဲ့မာနကို ထိကပါး ရိကပါး လာလာကစားသည်။ အစတုန်းက မောင့်အပေါ် အကောင်းမမြင်သည့် ပတ်ဝန်းကျင်က အခုတော့ ကျွန်မအပေါ် တစ်ဖက်စောင်းနှင်းကျလာတာတွေသည် မျက်နှာကြီးရာ ဟင်းဖက်ပါ သည်လား၊ ကျွန်မလမ်းမှားလျှောက်မိလို့လား သေချာစွာမသိပေမယ့်လည်း ရေရာတာတစ်ခုကတော့ အဆင့်အတန်းကွာခြားသည်က အဓိကတရားခံဖြစ်လိမ့်မည်။ မောင့်ရဲ့မိဘတွေက ပြောင်ပြောင်တင်းတင်းပင် သည်ဆိုင်မှာဆက်လုပ်ချင်လျှင် မောင်နှင့်ကင်းကင်းရှင်းရှင်းနေပါ၊ ကိုယ့်နေရာကိုယ်သိပါလို့ပြောလာတော့ ပြန်ပြောရမည့်စကားတွေက လည်ချောင်းဝကကိုမထွက်ခဲ့။ မှန်နေလျှင်ခံ ဆိုသည့်အတိုင်း မျက်ရည်ဝဲရုံကလွဲလို့ မတတ်နိုင်။ မောင်ကတော့ အလိုက်အထိုက် အနုအနွဲ့တွေနှင့် ချော့နေပေမယ့်လည်း ရှေ့ဆက်ရမည့် ကျွန်မရဲ့ အလားအလာ လမ်းလွဲနေမှန်းသိနှင့်နေပြီ။

သည်ကြားထဲ ကျွန်မရဲ့ မိသားစုထဲက စကားသံတွေကို ကျွန်မကြားရသေးသည်။ ““ မရှိရင်နေပါသမီးရယ် ငတ်မသေနိုင်ပါဘူး သမီးရှာတဲ့ငွေ သမီးရဲ့ခွန်အားနဲ့ပဲရတာလိုချင်တယ် ”” တဲ့။ အမေတို့ အဖေတို့ကပါ ကျွန်မချူစားနေသည်လို့မြင်နေကြပြီလား။ မောင်လေးကတော့ ““ ကျွန်တော့် သူငယ်ချင်းတွေရဲ့ကြားမှာ မမ ရဲ့အကြောင်း မွှေးမွှေးလေးပဲကြားချင်တယ် ”” တဲ့။ ““ အေးပါ မောင်လေးရယ် ”” လို့ပြောပြီး တစ်ခန်းရပ်ရတော့မည့် နှလုံးသားမှာ နာကျင်သည်လား မသိလိုက်မသိဘာသာ။ ကျွန်မရဲ့ဘဝ ပျက်ကြေရမည့် အချိန်သည် မည်သူမှမခေါ်ဆောင်ပါပဲ၊ မဖိတ်ခေါ်ရပါပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့မည်မှန်း မသိခဲ့။ အရင်က အလုပ်လုပ်နေခဲ့ရသော အချိန်တွေသည် ကျွန်မရဲ့ အပျော်ရွှင်ဆုံး အချိန်တွေဖြစ်ခဲ့သည်။ အခုတော့ အမြင်မကြည်သည် မျက်ဝန်းများရဲ့ကြား မရပ်နိုင်ရင်လည်း လဲသွား၍မဖြစ်ပါ။ ကင်းကင်းရှင်းရှင်းနေခိုင်းမှ ပတ်သက် ဆက်နွယ်မှုတွေများလာသည်က မောင်ဖြစ်လို့နေသည်။ ကျွန်မရဲ့ မသိစိတ်တွေကလည်း ထင်ရောင်ထင်မှား မောင်ခေါ်ရာနောက် ကောက်ကောက်ပါအောင်လိုက်ချင်နေသေးသည်။

မောင့်ရဲ့အကျင့်တွေကို သိနေပေမယ့် ဘာ့အတွက်ချစ်နေမှန်း  မသိပေမယ့်လည်း အားပြင်းတဲ့မြှားတစ်စင်း စူးနစ်ဝင်နေသည်ကတော့ သေချာသည်။ ကျွန်မအပေါ် မောင့်ရဲ့ သဘောထားတွေ မည်သို့မည်ပုံရှိမှန်း  ခပ်မှန်း၍ မရခဲ့သည်က အကဲခပ်ညံ့သည့် ကျွန်မရဲ့ အပြစ်လား။ ဟန်ဆောင်ကောင်းသည့် မောင့်ရဲ့ အမူအရာတွေကပဲ အကယ်ဒမီရနေသည်လားတော့ ကံကြမ္မာဇာတ်ဆရာသည်သာ သိပါလိမ့်မည်။ အချစ်ဆိုတာကို ဘာမှန်းမသိလိုက်ရပါပဲ ကျွန်မနှလုံးသားကို ကျွန်မပြန်မြင်ရချိန်မှာတော့ နှောင်းသွားခဲ့လေပြီ။

ဘာမှန်းမသိပဲချစ်ရသည်ကိုက မျက်ကန်းပုဏ္ဏားတွေလို ဆင်စမ်းပြီးကိုင်မိကိုင်ရာ မှန်းဆပြောနေရသည်လို လက်ဖြစ်လိုက်၊ ခြေဖြစ်လိုက်၊ နားရွက်ဖြစ်လိုက်ရယ်ပေါ့။ ကံကြမ္မာရဲ့ဇာတ်ဆရာအလိုအတိုင်း ကနေရတဲ့ကျွန်မက ဇာတ်သိမ်းမလှပါဘူး။ မောင့် မိဘတွေကျွန်မကို မျက်မုန်းကျိုးကြည့်မရတော့မှန်း သိနေပေမယ့်လည်း ရှောင်ခွာမသွားနိုင်သည်က ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို လတ်သလော အလုပ်လက်မဲ့ဘဝကို မလိုလားတာရယ် မောင့် လောင်းရိပ်အောက်က ထွက်မသွားနိုင်တာရယ် ပေါင်းနှစ်မျိုးသောစိတ်တွေက ဒွိဟဖြစ်လို့နေသည်။

ဒါပေမယ့် ကျွန်မ ဆန္ဒတွေရေစုန်မျောခဲ့ရသည်။  မောင့်မိဘတွေ့ရဲ့စကားနှင့်အတူ ကျွန်မမျောခဲ့ရသည်ပါ။

““ နှင်းဝေရယ် ….ညည်းရုပ်ညည်းရည်လေးနဲ့တော့ ငါ့သားနားကပ်ပြီး ချူစားမနေပါနဲ့။ ငါ့သားရဲ့ အကြောင်းတွေ ညည်းမကြားမိဘူးလား။ ကြားမှာပါ။ သိသိရက်နဲ့ ဇွတ်တိုးနေတယ်ဆိုကတည်းက ငါရိပ်မိပါတယ်။ သည်ယုန်မြင်လို့ သည်ချူံထွင်တယ်ဆိုတာ။အခြေအနေချင်းလည်းမတူတော့ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ ညည်းအလုပ်ထွက်တော့”” တဲ့။ နားထဲမှာတော့ သံရည်ပူတွေ လောင်းချသည့်အတိုင်း ပူလောင်ပြင်းပျလွန်းလှသည်။

““ ညည်းရဲ့ အရည်အချင်းနဲ့ဆို တစ်ခြားတစ်နေရာမှာ အလုပ်ရနိုင်ပါသေးတယ် ။ တစ်ခုတော့ သတိပေးလိုက်မယ် ။ ငါ့သားနား ဘယ်တော့မှပြန်မလာပါနဲ့”” တဲ့။ အဲဒီစကားသံတွေကို ဘာကြောင့် ခေါင်းငုံ့ မျက်ရည်ဝဲပြီး ပြန်မပြောရဲလောက်အောင် ကျွန်မ ဆွံ့ အ ခဲ့ရပါလိမ့်။ ရင်ထဲမှာတော့ စကားလုံးပေါင်း သိန်းသောင်းနှင့်ချီ၍ရှိသည်လေ။ ယောက်ျားတွေ ဈေးရှားသလားလို့ မေးလိုက်ချင်ပါသည်။ သည်အချိန်အတော အတွင်း မောင်ဘယ်ဆီကိုပျောက်နေပါလိမ့်။ ချစ်သူဆီက နှစ်သိမ့်မှု တစ်စုံတစ်ရာတောင် ကျွန်မမျှော်လင့်ခွင့်မရှိခဲ့ပါ။ မျှော်သာမျှော်သော်လည်း မောင်ပေါ်မလာတော့။ အလုပ်လက်မဲ့ဖြစ်နေတဲ့ ကျွန်မကို ဘာကြောင့်အလုပ်ထွက် လိုက်ရသလဲလို့ အမေရော အဖေပါ ဘာကြောင့်မမေးမှန်း ရိပ်မိပါသည်။ ဘာသိဘာသာနေနေရပေမယ့် ကျွန်မကိုယ် ကျွန်မ မလုံပါ။

ဝင်ငွေမရှိတဲ့ ကျွန်မရဲ့ ဘဝမှာ ကံဆိုးတဲ့ရက်တွေက ဆက်လာပြန်သည်။ ကျွန်မရဲ့ အဖေ ရုတ်တရက်လေဖြတ်သွားသည်က မိသားစုရဲ့ သည်းခြေပျက်သည့်အတိုင်းရယ်လေ။ အိမ်ဦးနတ်ဖြစ်သည့် အဖေ့ကို ပြုစုဖို့အရေး သမီးကြီးဖြစ်သည့် ကျွန်မ သည်အတိုင်း လက်ပိုက်ပြီး လစ်လျူမရှုနိုင်ပါ။  လတ်သလောကိစ္စ ဖြေရှင်းနိုင်ဖို့ ငွေရှာရသည်က လွယ်မယောင်နှင့်ခက်ပါသည်။ ဆွေမျိုးဆိုသည်က ရွှေရှိမှ မျိုးတော်နိုင်ကြသည်လေ။ ခင်မင်ရာ အသိုင်းအဝိုင်းကြားမှာ  ဖြေရှင်းဖို့နည်းလမ်းကစဉ်းစား၍မရ။ စဉ်းစားမရသည့်အဆုံး ကျွန်မအားကိုးရမည်က မောင်ရယ်ပါ။ မောင်နှင့်ဆက်သွယ်ရန်စဉ်းစားရသည်က မာနလေး မထောင့်တထောင့်ကြောင့် ခက်ခဲပါသည်။ ဒါပေမယ့် မိဘဆိုသည့် စိတ် ဖြစ်သွားချိန်မှာတော့ ဘယ်သူတွေဘာပြောပြော၊ ပြောချင်ရာသာပြောတော့ ပေါက်သည့်နဖူး မထူးတော့ပြီဟု စိတ်ပိုင်းဖြတ်ပြီး မောင့်နှင့်တွေ့ဖို့ သတိ္တတွေမွေးလိုက်ရ သည်လေ။ မောင့်ဆီမှာ ကျွန်မအတွက် အခန်းကဏ္ဍကျန်နေသေးမှန်း မသိခဲ့သည့် ကျွန်မ မောင်ရဲ့ မြောင်းဖောက်မှုတွေနောက် ရေစီးရန်အဆင်သင့်ရှိနေခဲ့သည်။ မောင်နှင့် အေးအေးဆေးဆေးတွေ့လိုသည်လို့ ချိန်းမိသည်က ကျွန်မရဲ့ ကြီးမားသောအမှားနှင့် မောင့်အတွက်ကြီးကျယ်သော အကြံဖြစ်သွားမှန်း မသိလိုက်ရပါ။

 

(၃)

  ကျွန်မက ချစ်သူဟူသည့်စိတ်နှင့်ချိန်းမိသော်လည်း မောင့်အတွက် ကစားစရာ နယ်ရုပ်တစ်ရုပ်လို မှတ်ယူနေမှန်း ကျွန်မမသိတော့။ မောင်က ဘယ်နေရာကိုလာခဲ့ပါလို့ချိန်းသည်ကိုလည်း အပူမီးတွေနှင့်မို့ သွားကောင်းမသွားကောင်း မစဉ်းစားမိတော့။ သူငယ်ချင်းအိမ်လို့ပြော၍လည်း ကျွန်မ တွန့်ဆုတ်မနေ။

မောင်နှင့်တွေ့တော့ ကျွန်မရဲ့ အခက်အခဲတွေကို ပြောပြအကူအညီတောင်းမိသည်။ မောင်ဟက်ဟက်ပက်ပက် ရယ်ပါသည်။ ဘာကြောင့် ရယ်မှန်းကျွန်မသိနေနှင့်ပေမယ့် သည်အချိန်မှာတော့ ကျွန်မရဲ့စကားတွေသည် အရာမရောက်တော့မှန်း သိနေ၍ငြိမ်နေလိုက်ရသည်။ ချက်ချင်းကူညီမယ်လို့မောင်ကခေါင်းငြိမ့်သည်။ ကူညီရုံသက်သက်ပါတဲ့။ ဝမ်းသာသွားပေမယ့် ချစ်သူနှစ်ဦးတွေ့သည့်အခိုက် ကြည်နူးဖို့ ကျွန်မ မအားပါ။ ဒါကြောင့် ကျွန်မက ပြန်တော့မည်ဟု ပြော၍ နုတ်ဆက်ပြီးပြန်ရန်ပြင်တော့  မောင်က မသွားပါနဲ့ဦး အအေးသောက်ဦးဟုပြော၍ ပြန်ထိုင်လိုက်ပေမယ့် ကျွန်မစိတ်တွေလေးနေသည်။

မောင်ယူလာသည့် အအေးကို မြန်မြန်ကုန်နားအေးသည် အနေဖြင့် တစ်ချိုုင့်တည်းမော့သောက်လိုက်မိသည်။ အပူမီးတွေ တောက်လောင်နေသည့် ကျွန်မ အခုမှသတိထားမိသည်က မောင့်သူငယ်ချင်းအိမ်မှာ ဘယ်သူမှမရှိနေမှန်း သိရတော့သည်။ ချက်ချင်းထပြန်မည်အပြု မိုက်ခနဲ လဲကျသွားရသည်။ မျက်ခွံတွေလေးလံလာပြီး အိပ်ချင်လာသည်။ ကျွန်မနောက်ကျသွားလေပြီ။

နားထဲမှာ မောင့်ရဲ့စကားသံတွေမပီဝိုးတဝါး။

ကျွန်မနိုးလာတော့ ကျွန်မရဲ့ဘေးမှာ မောင်အိပ်နေသည်။ အို……..ကျွန်မကိုယ် ကျွန်မငုံ့ကြည့်မိတော့ အဝတ်တွေ ဖရိုဖရဲ။ ကျွန်မသိလိုက်ပါသည်။ ရင်ထဲမှာရော မျက်ဝန်းထဲမှာပါ မျက်ရည်တွေ အပြည့်။ အလိုမတူပါပဲ ကျွန်မ ဘဝ ဖက်ကလေးပမာပေါက်သွားခဲ့လေပြီ။ အကူအညီပေးရုံသက်သက်တဲ့လား မောင်ရယ်။ ကျွန်မ ခန္ဓာကို မောင် တင်္ဒဂဝယ်သုံးလိုက်သည့်ပေါ့။ မောင် ကျွန်မကို တကယ်မချစ်ခဲ့။ ကျွန်မရဲ့ အလှအပကြောင့် ချူလိုကြူလိုသည်။ ကျွန်မရဲ့ ဘဝ၊ အရှက်၊ သိက္ခာတွေသည် အဖတ်ဆယ်မရတော့။ မောင့်ရဲ့ ဆူလွယ်နှပ်လွယ်သည့် မိန်းကလေးစာရင်းထဲ ကျွန်မကို ထည့်သွင်းလိုက်သည်ပေါ့။ မောင့်ရဲ့ သဘောထားကို ဘွင်းဘွင်းကြီး သိလိုက်ရသည့် ခဏ ကမ္ဘာပျက်သည်ထက်ဆိုးသွားခဲ့လေပြီ။ ယိုင်နဲ့နေသည့်ခြေလှမ်းတွေနှင့် ထွက်လာမိသည်။ အပြင်မှာတော့ မှော်ရီ ပျိုးနေလေပြီ။

အိမ်ရောက်တော့ လူတွေစုနေသည်ကို မြင်ရသည့်အခိုက် စိတ်ထဲထိတ်ခနဲ။ အမေပြေးလာပြီးပြောသည်။

““ သမီး အဖေ ဆုံးပြီ ”” တဲ့။ အို…..ဘုရား…။မျက်ရည်တွေ အဆီးအတားမဲ့စွာ ယိုစီးကြလာသည်။ အားရအောင် ငိုလိုက်စမ်း မိနှင်းဝေ။ နင့်ဘဝတော့သွားပြီ။ မျက်ရည်တွေက ဘယ်သူ့အတွက်လည်းကွယ်။ ရင်ထဲမှာ ဝမ်းနည်းမှု၊ နာကျင်မှု၊ ခံပြင်းမှု၊ မုန်းတီးမှုတွေနှင့်အတူ အမျိုးအမည်မသိ ဝေဒနာတွေ ရောပြန်းနေသည်။ မငိုပါနဲ့တော့။ မငိုပါနဲ့တော့ နှင်းဝေ။  ကျွန်မ စိတ်ကျွန်မ ထိန်းမရတော့။ အရုပ်ကြိုးပျက်။ ကျွန်မလက်ထဲကငွေတွေက အဖေ့အတွက် ဖြစ်ခဲ့သည်လား။ ကျွန်မအတွက်ဖြစ်ခဲ့သည်လား။ ကျွန်မ တန်ဖိုးထားတဲ့ အပျိုစင်ဘဝ၊ ကျွန်မလေးစားချစ်ခင်တဲ့ အဖေ။ တပြိုင်နက်တည်း ဆုံးရှုံးလိုက်ရပြီ။ အစားထိုးဖို့ တစ်စုံတစ်ရာမရှိ။ အမေကတော့ တရားနှင့်ဖြေပါ သမီးရယ်တဲ့။ ဝေဒနာတွေ ပြာပူမီးလို အုံနွေးနွေး။

အဖေ့ ဈာပနပြီးတော့လည်း ကျွန်မစိတ်တွေအနည်မထိုင်သေး။ တစ်လ နှစ်လနေတော့ မူးဝေသလို၊ မောသလိုလိုနှင့် တစ်ခါတစ်လေ အန်မိသည့် အခါ ကျွန်မလိပ်ပြာတွေ လွင့်စင်တော့မည်အတိုင်း။  စိတ်ထဲထင်တာ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပေမယ့် ဆုတောင်းလွဲသူကျွန်မ ရှေ့ဆက်ရမည့်ညတွေသည် မှောင်လွန်းပါသည်။ ညတာရှည်အိပ်မက်များဦးမည်။  ကမ္ဘာ့အပြင်ဖက် ထွက်ပြေးချင်ပေမယ့် ခြေလှမ်းတွေအားမရှိ။ စိတ်အလိုလိုက် ချစ်မိသည့် အမှား  ဘဝနှင့်ပေးဆပ်ပြီးမှ ဆုံးရှုံးလိုက်ရသည့် ပွဲက ကျွန်မ ဂိုးသွင်းခံလိုက်ရသည်လေ။ အခုတော့… အရှက်တွေ သိက္ခာတွေ အဖတ်ဆယ်ဖို့ ဘယ်က အားတွေရမည်လဲ။ မိန်းမသားတစ်ယောက်အတွက် လူလည်ခေါင် အထုပ်မဖြည်ရဲ့သည့် အဖြစ်ကို ကျွန်မဖွင့်ပြောရမည်လား။ အိပ်မက်ဆိုးတွေမက်နေပါသည်။ အတွေးတစ္ဆေခြောက်နေပါပြီ။ ကျွန်မရဲ့ အချစ်က ဘာသာပြန်လွဲပြီး အတိမ်အနက်မသိခဲ့သည့် အမှားနွံမှန်းသိတဲ့အချိန် ကျွန်မ နှောင်းသွားခဲ့ပြီ။

အဖန်တစ်ရာဆိုသည့်သံသရာအတိုင်းကျင်လည်နေရဦးမည်ဆိုခဲ့လျှင်…ဆုတောင်းတိုင်းပြည့်ချင်ပါသည်။အချစ်ကိုဘာသာပြန်တဲ့အခါ…..ပေးဆပ်မှုတွေကြီးမားနေဦးမည်ဆိုလျှင်…….အဓိပ္ပါယ်ဖွင့်ဆို ဘာသာပြန်ဖို့ အတွက် ကျွန်မ ညတိုင်း ညတိုင်း စဉ်းစားနေရဦးတော့မည်….။

 

သော်ဇင်(လွိုင်ကော်)

3 comments

  • siamonone

    October 15, 2011 at 8:37 pm

    ဟိုက်ရှားလပါး .. အဲ့လို မျိုး .. လည်းရှိတယ်နော် ..

  • small cat

    October 16, 2011 at 6:33 am

    အရမ်းကောင်းတဲ့ဇာတ်လမ်းလေးပါ၊
    မဂ္ဂဇင်းတွေထဲမှာ ဝတ္ထုတိုရေးတဲ့ ပညာရှင်အဆင့်
    ရှိတဲ့သူတစ်ယောက်ဖြစ်မယ်ထင်တယ်။

  • တညင်သား

    October 16, 2011 at 10:03 am

    ဒေါ်နိုကူး က ကြာပန်းခူးတဲ့ အဖွဲ့ထဲကလား….. 🙂
    အားပေးတယ်ဗျာ ဆက်ရေးပါအုံး …. ဒါနဲ့ ကချင်ခေါင်ရည် က ကယားခေါင်ရည်ထက် ပြင်းတယ်နော်……….

Leave a Reply