မြတ်စွာဘုရား၏ စကားပြောနည်းလမ်းညွှန်

ဦးကောက်October 16, 20111min531


မြတ်စွာဘုရား၏ စကားပြောနည်းလမ်းညွှန်

အဘယမင်းသားအား မြတ်စွာဘုရားကအောက်ပါအတိုင်းမိန့်ကြား၏။
”မင်းသား၊ မဟုတ်မမှန်၊ အကျိုးစီးပွားနှင့် မစပ်၊ သူတစ်ပါးတို့လဲ မနှစ်သက်။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်ကားမစပ်။ သူတစ်ပါးတို့လဲ မနှစ်သက်။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်လဲစပ်၏။ သူတစ်ပါးတို့ကား မနှစ်သက်။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် အခါအားလျော်စွာပြောဆို၏။ မဟုတ်မမှန်။ အကျိုးစီးပွားနှင့်မစပ်။ သူတစ်ပါးတို့ကား နှစ်သက်၏။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်မစပ်။ သူတစ်ပါးတို့ကား နှစ်သက်၏။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်စပ် ၏။ သူတစ်ပါးတို့လဲ နှစ်သက်၏။ ထိုစကားမျိုးကို မြတ် စွာဘုရားသည် အခါအားလျော်စွာပြောဆို၏။
(မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ အဘယရာဇကုမာရသုတ်)
နေ့စဉ်နှင့်အမျှ လူတို့သည် ကြံတွေးနေကြသည်။ ပြုမူလုပ်ကိုင်နေကြသည်။ ပြောဆိုနေကြသည်။ ကာယကံ ဝစီကံ မနောကံဟူသောကံသုံးပါးရှိရာတွင် ဝစီကံမှုသည် အပြုအများဆုံးသောကံဖြစ်ပါ သည်။ နံနက်အိပ်ရာမှ နိုးထသည် နှင့် ညအိပ်ရာဝင်ချိန် တစ်နေ့တာကာလအတွင်းပြောခဲ့သောစကားတို့ကားမနည်းလှပေ။ ထိုစကားတို့တွင် သတိယှဉ်၍ပြောခဲ့ သောစကားတွေလည်းပါမည်။ သတိလက်လွှတ်ပြီးပြောခဲ့သောစကားတွေလည်းပါမည်။ လိုအပ်ချက်အရပြောသောစကားတွေလည်းပါမည်။ မလိုအပ်ဘဲပြောသောစကားတွေလဲပါမည်။ တည်တည် ကြည် ကြည်လေးလေးနက်နက် ပြောသောစကားတွေ လည်းပါမည်။ ပေါ့ ပေါ့တန်တန်ပြောသောစကားတွေလည်းပါ မည်။ မှန်မှန်ကန်ကန် ပြောသောစကားတွေလည်း ပါ မည်။ လိမ်ညာပြောမိသောစကားတွေလည်းပါမည်။ အကျိုးစီးပွားရှိစေသောစကားတို့လည်းပါမည်။ အကျိုးစီးပွားမဲ့စေသောစကားတို့လည်းပါမည်။
မေတ္တာကရုဏာအရင်းခံလျက် ပြောသောစကားတွေလည်းပါမည်။ မနာလိုဝန်တိုမှုနှင့် မုန်းတီးမှု အရင်းခံလျက် ပြောသောစကားတွေလည်းပါမည်။ လောဘဒေါသအရင်းခံလျက် ပြောသောစကားတွေ လည်းပါမည်။ မုဒိတာအရင်းခံလျက် ပြောသောစကားတွေလည်းပါမည်။ ကြမ်းကြမ်းတမ်းတမ်းပြောသောစကားတွေလည်းပါမည်။ နူးနူးညံ့ညံ့ချို ချိုသာသာပြောသောစကားတွေလည်းပါမည်။ နှလုံးသားမှလာသောခံစားချက်ကိုအရင်းခံလျက် ပွင့်လင်းစွာပြောသောစကားတွေလည်းပါမည်။ နှလုံးသားမှ မြစ်ဖျားခံမလာမူလျက်၊ နှုတ်ဖျားတွင်သာပေါ့ ပေါ့လျှံ လျှံပြောသောစကားတွေလည်းပါမည်။ စိတ် ကောင်းစေတနာကောင်းဖြင့် ပြောသောစကားတွေ လည်းပါမည်။ မကောင်းသောစိတ်စေတနာဖြင့် ပြောသောစကားတွေလည်းပါမည်။ ကြားရသူတို့အဖို့ နှလုံး စိတ်ဝမ်းချမ်းသာစေသော စကားတို့လည်းပါ မည်။ ကြားရသူတို့အဖို့ နှလုံးစိတ်ဝမ်းမချမ်းမြေ့စေ သောစကားတွေလည်းပါမည်။ အဂတိတရားလေးပါးကင်းရှင်းစွာသစ္စာထိုက်သောစကားတွေလည်းပါ မည်။ အဂတိတရားလေးပါးနှင့်ယှဉ်၍ သစ္စာပျက်ယွင်းသောစကားတွေလည်းပါမည်။ ရိုးရှင်းဖြောင့်မတ်စွာပြောသောစကားတွေလည်းပါမည်။ ပရိယာယ်ဝေဝုစ် ဖြင့် ကောက်ကျစ်သောစကားတွေလည်းပါမည်။ တစ် ဖက်သူအပေါ် တန်ဖိုးထားလျက် လေးလေးစားစားပြောသောစကားတွေလည်းပါမည်။ တစ်ဖက်သူအပေါ်အပေါ်စီးက နှိမ့်နှိမ့်ချချမောက်မောက် မာမာပြောသောစကားတွေလည်းပါမည်။ လူအမျိုးမျိုးစိတ် အထွေထွေရှိသလိုစကားတွေလည်းအမျိုးမျိုးရှိနိုင် သည်။
ယေဘုယျအားဖြင့်မူလူအများစုသည် ကံသုံးပါးအနက်၊ ဝစီကံကို အရေးကြီးသောကံဟုအသိအမှတ်မပြုတတ်ကြ။ ဝစီကံနှင့်ပတ်သက်လျှင် ပေါ့ပေါ့ ဆဆသဘောထားတတ်ကြပါသည်။ ထို့ကြောင့်လည်းချမ်းမြေ့ရိပ်သာဆရာတော်ကြီးအရှင်ဇနကာဘိဝံသက ”ကာယကံ ဝစီကံ မနောကံသုံးခုအနက်က ဝစီကံဆို တဲ့နှုတ်ပြောဟာမဆင်မခြင် လွှတ်ခနဲလွှတ်ခနဲထွက် ထွက်သွားတတ်လို့ သတိထားဖို့ အရေးကြီးပါတယ်” ဟုသတိပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။ မြတ်စွာဘုရား က သုစရိုက်တရားဆယ်ပါးကိုဟောကြားတော်မူရာ၌ ကာယသုစရိုက်နှင့် မနောသုစရိုက်တို့ကသုံးပါးစီသာ ပါဝင်ပြီး ဝစီသုစရိုက်က လေးပါးပါဝင်သည်။ ထို့အတူဒုစရိုက်တရားဆယ်ပါးကိုဟောကြားတော်မူရာ၌ ကာယဒုစရိုက်နှင့် မနောဒုစရိုက်တို့ကသုံးပါးစီသာ ပါဝင်ပြီး ဝစီဒုစရိုက်က လေးပါးပါဝင်ပါသည်။ ဤ အချက်ကို လေးလေးနက်နက်သက်ဝင်ဆင်ခြင်လျက် ဝစီကံမှုကို ပေါ့ပေါ့တန်တန်မပြုသင့်။ လွယ်လွယ် မပြုသင့်။ လက်လွှတ်စပယ် မပြုသင့်။ ဝစီကံမှုကို အလေးအနက်ထားလျက် သတိယှဉ်၍ ဆင်ဆင်ခြင်ခြင်ပြုသင့်သည်။ ထိန်းထိန်းသိမ်းသိမ်း ပြုသင့်သည်။
လူအမျိုးမျိုးစိတ်အထွေထွေမှ ပေါ်ထွက် လာသောစကားများမည်မျှများပြားနေစေအထက် ပါ အဆုံးအမတော်အရ မြတ်စွာဘုရားကစကားခြောက်မျိုးသာခွဲခြားတော်မူခဲ့ပါသည်။ ထိုခြောက်မျိုးတွင် ပါဝင်သော စကား၏ အင်္ဂါရပ်များမှာ-
(၁) ဟုတ်မှန်ခြင်း၊ (၂) မဟုတ်မှန်ခြင်း၊ (၃) အကျိုးစီးပွားဖြစ်ထွန်းစေခြင်း၊ (၄) အကျိုးစီးပွားမဲ့စေခြင်း၊ (၅) သူတစ်ပါးတို့ နှစ်သက်ခြင်း၊ (၆) သူတစ်ပါးတို့ မနှစ်သက်ခြင်းတို့ဖြစ်ပါ၏။
အထက်ပါအင်္ဂါရပ်များတွင် ”အကျိုးစီးပွား နှင့်စပ်ခြင်း”ဟူသောအချက်ကို မြတ်စွာဘုရားရှင် နှစ် သက်တော်မူပါသည်။ တန်ဖိုးထားတော်မူပါသည်။ အဘယ့်ကြောင့်ဟူမူ မြတ်စွာဘုရားပြောဆိုတော်မူသောစကားနှစ်မျိုးစလုံး၌ အကျိုးစီးပွားနှင့်စပ်ခြင်းဟူသောအင်္ဂါရပ်ပါဝင်ပြီး မြတ်စွာဘုရားမပြောမဆိုတော်မူသောစကားလေးမျိုးစလုံးတွင် ”အကျိုးစီးပွား နှင့်မစပ်ခြင်း”ဟူသော အချက်ပါဝင်နေသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိပြောလိုက်သောစကားသည် မိမိနှင့်သူတစ်ပါးအကျိုးရှိစေမည့် စကားဟုတ် ၏၊ မဟုတ်၏ ဟူသည်ကို ကြိုတင်စိစစ်သင့်သည်။
အချို့စကားတို့သည် မိမိရောသူတစ်ပါးကိုပါ အကျိုးကျေးဇူးဖြစ်ထွန်းစေ၏။ ထိုစကားမျိုးကိုပြောအပ်ပါ၏။ အချို့စကားတို့သည် မိမိရောသူတစ် ပါးကိုပါ အကျိုးမဲ့ကို ဖြစ်ထွန်းစေ၏။ ထိုစကားမျိုးမပြောအပ်ပါ။အချို့စကားတို့သည် မိမိ၏အကျိုးစီးပွားကိုမထိခိုက် စေသော်လည်းသူတစ်ပါးအကျိုးစီးပွားကိုထိခိုက်စေ ၏။ ထိုစကားမျိုးကိုမပြောသင့်ပါ။ ဤသည်နှင့်စပ် လျဉ်း၍ ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအရှင်ဇနကာ ဘိဝံသ၏ဆောင်ပုဒ်မှာ နှလုံးသွင်းလိုက်နာဖွယ်ကောင်းလှပါ၏။ ထိုဆောင်ပုဒ်မှာအောက်ပါအတိုင်းဖြစ်ပါ၏။
ပြောမည်ကြံလဲသင့်စိတ်ထဲအမြဲဆင်ခြင်ပါ။
မိမိသူတစ်ပါး နှစ်ဦးသားဘယ်သူများထိမည်လဲ။
ထိခိုက်နိုင်ငြားအပြောများမမှားရှောင်ကြဉ်ပါ။
ပြောဆဲမှာလဲသင့်စိတ်ထဲအမြဲဆင်ခြင်ပါ။
မိမိသူတစ်ပါး နှစ်ဦးသားဘယ်သူများထိမည်လဲ။
ထိခိုက်နိုင်ငြားအပြောများမမှားရှောင်ကြဉ်ပါ။
ပြောပြီးပြန်လဲသင့်စိတ်ထဲအမြဲဆင်ခြင်ပါ။
မိမိသူတစ်ပါး နှစ်ဦးသားဘယ်သူများထိမည်လဲ။
ထိခိုက်နိုင်ငြားအပြောများမမှားရှောင်ကြဉ်ပါ။
ပြောလိုက်သောစကားသည် ပြောသူ၏ အကျိုးကိုလည်း ဖြစ်ထွန်းစေမည်။ အခြားသူတို့၏ အကျိုးကိုလည်း ဖြစ်ထွန်းစေမည်ဆိုလျှင် ယင်းစကားသည် ”အကျိုးစီးပွားနှင့်စပ်သောစကား”ဖြစ်သည်။ မြတ်စွာဘုရားနှစ်လိုသောစကားဖြစ်ပါသည်။ ယေဘုယျ အားဖြင့်မူ နှိုင်းနှိုင်းချိန်ချိန်ဖြင့် မေတ္တာစေတနာကရုဏာမုဒိတာအရင်းခံလျက် ပြောသောစကားတို့သည် အကျိုးစီးပွားနှင့်စပ်သောစကားဖြစ်ပါ၏။ သူတစ်ပါးအကျိုးကိုလိုလားသော နှလုံးသားမှ ဖြစ်ဖျားခံလာသောစကား၌ အကျိုးစီးပွားနှင့်စပ်သောဂုဏ်ရည် ထွန်းပပါ၏။ ထို့ပြင် အသိÓဏ်ဆင်ခြင်တုံတရားအရင်းခံလျက် ပြောသောစကား၌လည်းအကျိုးစီးပွား နှင့်စပ်သောဂုဏ်ရည်တည်ကိန်းပါ၏။ စကားတစ်ခွန်းတွင် အကျိုးစီးပွားနှင့်စပ်သောဂုဏ်အင်္ဂါပြည့်စုံစေရန် ပြောသူ၏ နှလုံးသားဖြူစင်လှပဖို့လိုသည်။ တွေးခေါ်ဆင်ခြင်နိုင်သောအသိÓဏ်လည်းရှိဖို့လိုသည်။
မြတ်စွာဘုရားသည် ”အကျိုးစီးပွားနှင့်စပ် ခြင်း”ဟူသောအချက်အပြင် ”မှန်ကန်ခြင်း”ကိုလည်း နှစ်သက်တော်မူသည်။ ပဇာကြောင့်ဟူမူ မြတ်စွာဘုရားပြောတော်မူသောစကားနှစ်မျိုးစလုံးတွင် ”ဟုတ်မှန် ခြင်း”ဟူသော အချက်ပါဝင်သောကြောင့်ဖြစ်ပါ၏။ လူသားတို့ နိစ္စဓူဝကျင့်သုံးဆောက်တည်ရမည့် ”ငါးပါးသီလ”တွင် မုသားစကားကိုရှောင်ကြဉ်ခြင်းဟူသော အချက်ပါဝင်နေခြင်းကို ထောက်ရှုလျက် မှန်ကန်စွာပြောဆိုခြင်းကို မြတ်စွာဘုရားမည်မျှ အလေးအနက် သဘောထားတော်မူကြောင်းထင်ထင်လင်းလင်းသိမြင်နိုင်ပါသည်။
စင်စစ် ဝစီကံဟူသည် လူ့အဖွဲ့အစည်းတွင် အရေးကြီးသောကံအမှုဖြစ်ပါ၏။ လူတစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် မှန်တာကိုပြောဖို့လိုပါသည်။ မှန် တာကိုပြောမှ ကြားနာရသူကမှန်တာကိုသိမည်။ မှန်တာကိုသိမှလည်းယင်းအသိအမှန်အပေါ် တည်မှီ ၍ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည်တို့ကိုအကျိုးရှိစွာဆောင်ရွက်နိုင်ပါလိမ့်မည်။ အမှားကိုပြောလိုက် သော် ကြားနာရသူကအမှားတွေကိုသိမည်။ အမှားသိအပေါ် အခြေခံလျက် အမှားတွေကိုဆောင်ရွက် တတ်သည်။ မုသာဝါဒမှ ပေါက်ဖွားလာသောအသိမှားအချက်အလက်မှားသည် အကျိုးမဲ့ကိုသာဖြစ်ပေါ် စေပါလိမ့်မည်။ ကျေးဇူးရှင်ကမ္ဘာအေးတောင်ပုကုဆရာတော်ကြီးကလိမ်ညာပြောခြင်းနှင့်ပတ်သက်၍ ဤသို့ မိန့်တော်မူခဲ့ပါသည်။
”လိမ်ညာခြင်းသည် လှည့်ပတ်ခြင်းပင်ဖြစ် ပါသည်။ လှည့်ပတ်ရာတွင် ဖြစ်ဆဲအကြောင်း၊ ဖြစ်ပြီးအကြောင်း၊ ဖြစ်မည့်အကြောင်းများကိုလှည့်ပတ် တတ်ရာမည်သည့်အကြောင်းပြ၍ လှည့်ပတ်သည် ဖြစ်စေ၊ လိမ်ညာခြင်းပင်ဖြစ်ပါသည်။ ယင်းသို့သောလိမ်ညာခြင်းမျိုးဖြင့် လိမ်ညာခံရ၍ လူမှုရေးဆိုင်ရာကိုယ်ကျင့်တရားများပျက်ပြားကာနောင်တကြီးစွာ ဖြစ်ပေါ်တိုးတက်လာရသောဆင်းရဲသည် ကမ္ဘာစောင့် ငါးပါးတွင် မုသာဝါဒကံ မလုံခြုံမှုကြောင့် ဖြစ်သည် ဟုငါတို့ယုံကြည်ပါသည်။”
သို့ဖြစ်၍ လူပုဂ္ဂိုလ်နှင့်ပတ်သက်၍ဖြစ်စေ၊ လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ဖြစ်စေသတင်းအချက် အလက်များနှင့်ပတ်သက်၍ဖြစ်စေ၊ အမှန်ကိုသာတည်တည်ကြည်ကြည်ပြောဆိုသင့်သည်။ မိမိအကြောင်း
ကိုပြောလျှင် အမှန်ပြောသင့်သလိုသူတစ်ပါးအကြောင်းပြောလျှင်လည်းအမှန်ကိုသာပြောသင့် သည်။ မိမိကချစ်သူခင်သူအကြောင်းပြောလျှင် အမှန် ကိုသာပြောသလိုမိမိကမုန်းတီးသူအကြောင်းပြော လျှင်လည်းအမှန်ကိုသာပြောဆိုသင့်သည်။ နှလုံးသားဖြောင့်မတ်သူတို့ကမူမည်သည့်ကိစ္စ၌မဆိုအရှိကိုအရှိအတိုင်းသာပြောလေ့ရှိပါသည်။ အမှန်ဖြစ်၊ အမှန်ရှိထက် ထိမ်ချန်၍လည်းမပြောတတ်၊ ပိုပိုမိုမိုလည်းမပြောတတ်၊ ဤသည်နှင့်စပ်လျဉ်း၍ ကျေးဇူးရှင်မဟာစည်ဆရာတော်ကြီး၏ မိန့်တော်မူချက်မှာများစွာမှတ်သားအပ်ပါ၏။
”လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် ပကတိ ရိုးသားဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်ကတော့ ဟုတ်သလောက် သာ ရိုးသားစွာပြောလေ့ရှိတယ်။ အပိုအမိုပုံကြီးချဲ့ ပြီးတော့ ဝါ<ကားပြောလေ့မရှိပါဘူး။” မှန်သောစကားကိုဆိုသော နှုတ်၌ ဂုဏ်သိက္ခာတည်ကိန်းသည် အခြားသူတို့၏ ယုံကြည်မှုကိုရယူနိုင်သည်။ သို့သော် မှန်တာကိုပြောရာတွင် စေတနာကောင်းအရင်းခံဖို့လိုပါမည်။ အသိÓဏ်နှင့်ယှဉ်ဖို့လဲလိုပါမည်။ မိမိပြောသောစကားသည် မှန်ပင်မှန်သော်လည်းပြောလိုက် ခြင်းအားဖြင့် မိမိနှင့်သူတစ်ပါးတွင် အကျိုးကျေးဇူးတစ်စုံတစ်ရာဖြစ်ထွန်းနိုင်ခြင်းရှိမရှိ ကြိုတင်ဆင်ခြင် သုံးသပ်သင့်ပါသည်။ အကြောင်းကိစ္စတစ်ရပ်သည် မှန်ကန်သော်လည်းထိုအချက်ကိုထုတ်ဖော်ခြင်းအား ဖြင့် အကျိုးမဲ့ကိုသာဖြစ်စေမည်ဆိုလျှင် ထိုစကားမျိုးကိုမပြောသင့်ပါ။ ဥပမာအားဖြင့် ရောဂါဝေဒနာကျွမ်းနေသောကြောင့် အလွန်ဆုံးခြောက်လလောက်သာနေရတော့မည်ဟူသော ဆရာဝန်၏ လျှို့ဝှက်စကားကို မှန်ပင်မှန်စေကာမူကာယကံရှင်လူနာအားဖွင့်ဟ မပြောသင့်ပေ။ ထိုစကားမျိုးကြားရသောလူနာအနေ ဖြင့် စိတ်ဓာတ်အကြီးအကျယ်ထိခိုက်ကျဆင်းကာ ရုပ် ပိုင်းဆိုင်ရာ ဝေဒနာကိုပါမက စိတ်ဝေဒနာ၏ တိုက် ခိုက်ခြင်းကိုပါ ခံရပေလိမ့်မည်။ ထိုအခါ ဆရာဝန် ခန့် မှန်းသည်ထက်ပင် အသက်ပို၍ တိုဖွယ်ရာသာရှိတော့ သည်။ ထို့ကြောင့် ဘုရားရှင်ကဟုတ်မှန်၍ သူတစ်ပါး နှစ်သက်သော်လည်းအကျိုးစီးပွားနှင့်မစပ်သောစကားကိုပြောတော်မမူခြင်းဖြစ်ပါသည်။
မြတ်စွာဘုရားသည် စကားခြောက်မျိုးအနက် စကားနှစ်မျိုးကိုသာပြောဆိုတော်မူရာယင်းမှာလူတို့အတွက် ”စကားပြောနည်းလမ်းညွှန်”ဟုဆို နိုင်ပါသည်။ ထိုစကားပြောနည်းလမ်းညွှန်အတိုင်းကျင့် သုံးလိုက်နာနိုင်သော် ဝစီကံသန့်ရှင်းစင်ကြယ်မှုဖြစ်ပွားကာကောင်းသော ဝစီကံမှုမှ သယ်ဆောင်လာသောလက်ဆောင်ကောင်းများ ဘဝတွင် ဖူးပွင့်ဝေဆာလာ ပေလိမ့်မည်။

ဟင်းလေးအိုးမှကူးယူဖော်ပြသည်။

One comment

  • small cat

    October 16, 2011 at 6:30 am

    တန်ဘိုးရှိတဲ့ဘာသာရေးဆောင်းပါးလေးဖြစ်ပါတယ်။ ကူးယူဖော်ပြပေးတဲ့အတွက်ကျေးဇူးပါ။
    ဝစီကံဟာလဲအရေးကြီးတဲ့ကံတပါးဆိုတာသေချာပါတယ်။
    သူတပါးကိုမလိုမုန်းထာစိတ်နဲ့ချိုးချိုးနှိ်မ်နှိမ် နဲ့ပြောရင် တောင်မှဝဋ်ပြန်ခံရတဲ့ပုံပြင်
    သာဓကတွေဘုရားဟောထဲမှာအများကြီးတွေ့ဖူးဖတ်ဖူးပါတယ်။
    ဒါကြောင့် “ဝစီဗေဒ ထိတိုင်းရှ” ဆိုတဲ့မြန်မာစကားပုံတစ်ခုပေါ်ပေါက်လာတယ်ထင်ပါတယ်။

Leave a Reply