အမည်းရောင် အတ္တ

အမည်းရောင် အတ္တ

 

          စိတ်အတွင်း၌ ကျွဲတစ်ကောင်ခပ်သွားသည့်အလား လူးလူးလွန့်လွန့် နာကျင်ခံပြင်းနေသည်။ သည်လို ကျက်သရေရှိလှသည့် မနက်ခင်းမျိုးမှာ စိတ်အစဉ်သည် ကြည်လင်နေသင့်ရဲ့သားနှင့် ဘာကြောင့်များ မလိုတမာ အမုန်းများ ရင်ထဲတွင် ကိန်းအောင်းနေရပါလိမ့်။အသာတကြည်ဖြင့် စိတ်ပါလက်ပါ ဟန်ဆောင်လိုက်လျှင်ပင် သည် မနက်ခင်းလေးသည် ပို၍လှပတောက်ပြောင်လာနိုင်သည်။ ခုတော့ဖြင့် စိတ်အတွင်းအပူတစ်ခုကို ဝေဒနာအဖြစ်အတွင်းပြောင်းပြီး ခံစားချက်တွေ ပြင်းထန်နေရသည်က သူတစ်ယောက်တည်း။ ဘယ်သူတွေလွန်သလဲ ဟု မေးလျှင်သော်မှ ခုချိန်တွင် ပြန်ရမည့် အဖြေတစ်ခုသည် သူ့အလွန်တည်းဟုသာ သေသေချာချာ ထွက်လာနေပြီ။

ပြုံးပြုံးလေးဖြင့် လှည့်ထွက်လာခဲ့ရသော်လည်း အများမမြင်နိုင်သော နောက်ကွယ်ရာရောက်မှ ရင်တွင်းဝေဒနာကို ပေါက်ကွဲခွင့်ရသည်။ သူ့ အခန်းလေးအတွင်းသို့ ဘယ်လိုပြန်ရောက်မှန်းမသိပေမယ့် စိတ်နှင့်ကိုယ်ပြန်ကပ်ချိန်တွင် ရှုပ်ပွနေသော အခန်းကိုမြင်ရသည်။ ကြမ်းပြင်ပေါ်တွင် သူ စိတ်ရှိလက်ရှိပစ်ပေါက်ထားသော ပစ္စည်း ပစ္စယများက ဗရပွ။ သူ၏ ရင်အစုံသည် နှိပ်ချည်မြင့်ချည်ဖြင့် ဖားဖိုကြီးသဖွယ် လှုပ်ရှားလွန်းလေသည်။ သည်အချိန်တွင် လူတစ်စုကတော့ ပျော်ပျော်ပါးပါးဖြင့် ရယ်မောပွဲကြနေမည်မှာ သေချာသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူကတော့ တစ်ယောက်တည်း ကျိတ်ကာ ရင်တွင်းအပူတစ်ခုကို ဖြေချဖို့ ခက်ခဲလွန်းလှသည်။ သူ မှားသွားခဲ့ပြီလား ဟု မေးခွန်းတွေ ထုတ်ခဲ့ပြီး အပြန်ပြန်အလန်လန် အဖြေရှာသော်လည်း တိကျသေချာသည့်အဖြေကိုမရ။

ဆောက်တည်ရာမရဖြစ်နေသော အချိန်သည် လွန်စွာ နာကျင်မှုကိုပေးနေပြီ။ ကုတင်ပေါ်တွင် လူးလိမ့်ရင်း နားစွင့်ကာ ထိုင်လိုက် ထလိုက်။ ဖြစ်သင့်ပါရဲ့လား…။ သူ သည်လိုဖြစ်နေတာကို လူတစ်စုကမသိပဲနှင့် သည်လောက်အထိ ခံစားစရာလိုလို့လား။

××××××××××××××××

          “အများနဲ့လိုက်လျောညီထွေ မနေတတ်မှတော့ မင်း ငါတို့အားလုံးရဲ့ စည်းအပြင်ဘက်ကိုရောက်ဖို့သေချာနေပြီ သူရ….”

ဒေါသသံ အနည်းငယ် စွတ်နေသော နေသူ၏ စကားကို သူ တုန့်ပြန်ဖို့ စကားလုံးမရှိ။ အခန်းကျဉ်းလေးအတွင်းမှာ သူတို့ သူငယ်ချင်းတွေ စုံနေပြီ။ တစ်ယောက်တစ်နေရာဆီ တစ်ကွဲတစ်ပြားထိုင်နေရင်း အားလုံး၏ အကြည့်နှင့် စကားလုံးများသည် သူ့ထံတွင် ကျရောက်ပေါက်ကွဲရန် အသင့်ရှိနေသည်။တုံဏိဘာဝေလုပ်နေသော သူ့ကို အားမလို အားမရဖြစ်နေသော နေသူကို သူ မကြည်ရဲပေ။

“ငါပြောတာ ကြားလား သူရ…။ တကယ်ဆို မင်းမှာ နားလည်မှုလေးတောင်မရှိဘူးလား…။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုကိုတောင် မစဉ်းစားတတ်တော့ဘူးလား……ဘာပဲဖြစ်ဖြစ် ငါတို့က အသေးအမွှားလေးကအစ ဆီလိုအပေါက်ရှာပြီးအပြစ်ရှာပြောတတ်တဲ့ မင်းလို ကောင်မဟုတ်ကြဘူး…။ ကဲ ..ဒီနေ့ မင်းဘယ်လိုပုံချိုးလိုက်တယ်ဆိုတာ အားလုံးက သိနေကြပြီ…မင်းဘယ်လို ဖြေရှင်းမလဲ…သူရ……”

သည်နေ့…..။

သူ ကိုယ်တိုင်တောင် လုပ်မိလုပ်ရာလုပ်ချလိုက်သော သည်နေ့သည် သူတို့သူငယ်ချင်းတစ်စုကို ဒုက္ခပေးပြီလား။ သူ နေသူ့ကိုမကြည့်ပါ။ အခန်းတွင်းရှိ ကျန်သူငယ်ချင်းများကိုလည်းမကြည့်ပါ။ သူ ပြောစရာစကားလုံးမရှိ။ သူလုပ်လိုက်သည့် အပြစ်တစ်ခုကို ဖြေရှင်းရမည်လောက် ဝန်လေးတာမရှိ။

“မင်းတို့ ဘယ်လိုထင်လို့လဲ ငါမလိုက်ချင်လို့မလိုက်တာ…..။ ငါသွားလေ့ သွားထမရှိတဲ့ နေရာမို့ ငါမလိုက်တာ….။ ပြီးတော့…”

“တော်… တော် ဟေ့ကောင် ဘာမှ ဆင်ခြေ ဆင်လက်တွေ လာမပေးနဲ့တော့ မင်း  ဘာဖြစ်နေတယ်ဆိုတာ ငါတို့သိတယ်”

လက်ကာပြကာ စကားဝိုင်း အတွင်းဝင်လာသော တင့်မောင် မျက်နှာကို လှမ်းကြည့်မိသည်။ မီးဝင်းဝင်း မတောက်သော်ငြား သူ့အပေါ် ဒေါသထွက်နေသည်ကိုတော့ အတိုင်းသားမြင်နေရသည်။ သည်နေ့သည် သီတင်းကျွတ်လပြည့်နေ့။ သူတို့ သူငယ်ချင်းတစ်စု ကိုယ်နိုင်ရာ ငွေများ ထည့်ဝင်ကာ ဆွမ်းပို့သည့်နေ့။ မနေ့ကတည်းက နေသူနှင့်အတူ ကျန်သူငယ်ချင်းတစ်ခု အလုပ်ရှုပ်နေကြသည်ကို သူသိသည်။ ဘာသိဘာသာဖြင့် အခန်းတွင်းကနေ အပြင်သို့မထွက်ပဲ ဆိတ်ဆိတ်ကလေး သူနေဖြစ်သည်။ တစ်ယောက်မှ သူ့အား လာကူပါလို့ မခေါ်ကြ။ဆူဆူညံညံဖြင့် ပျော်ပျော်ပါးပါး ချက်ပြုတ်နေကြသော သူငယ်ချင်းများ၏ အသံကို အခန်းတွင်းမှနေ၍ အတိုင်းသားကြားနေရသည်။

အသံတိတ်စွာဖြင့် သူက နေနေရသော်လည်း တကယ်တမ်း လုပ်ကူပါ ကိုင်ကူပါခေါ်တော့ သူ မလုပ်ပေးချင်တော့။ သူ့စိတ်အတွင်းမှာ မျက်ရှရှလေးဖြစ်နေချိန် မဟုတ်လား။ အလုပ်ရှုပ်လွန်းမက ရှုပ်မှ “သူရရေ လာပါဦးဟ ..။ ကြက်သွန်နီလေး ကြက်သွန်ဖြူလေး လာနွှာကူးပါဦး….”ဆိုသည့် စကားကို သူ တုန့်ပြန်လိုက်ပုံက ပြတ်သားလွန်းနေသည်လား။

“အလှူငွေထည့်ထားပြီးပြီပဲ လာကူစရာလိုလို့လား ကိုယ့်ဟာကိုယ်လုပ်ကြ….ကွာ”

“မင်း တော်တော် ကုသိုလ်ရမယ့်ကောင်ပဲ….မကူချင်နေကွာ အများနဲ့ ပျော်ပျော်ပါးပါး ချက်ရ ပြုတ်ရအောင် ခေါ်တာကွ …။ဟေ့ကောင် နေသူ မင်းကသာ ဒီကောင့်ကို ခေါ်ခိုင်းနေ တွေ့လား..၊ ငါမပြောဘူးလား…အမြဲ ကန့်လန့်တိုက်နေတဲ့ကောင်ပါလို့”

ဆွေသန့်က သူ့ကို ပေစောင်းစောင်းကြည့်ပြီး နေသူ့အား ပြောနေသည်ကို သူကြည့်ရင်း ပျော်သလိုလိုရှိခဲ့သည်က အမှန်။

“ထားလိုက်စမ်းပါကွာ..မင်းမို့အမှတ်မရှိတယ်..။ သူရ ဆိုတဲ့ကောင်က ကြက်သွန်နီနံ ရရင်တောင် အော့ချင် အန်ချင်နေတာ…သူ့ အိမ်မှာ ခြေမွှေးလက်မွှေးက မီးအပူတောင် မဟပ်ခဲ့ဖူးဘူးတဲ့ကွ….မနေ့ကမှ သိလိုက်ရတာ..နောက်နေ့ကစပြီး ထမင်းချိုင့်ယူရင် သူရအတွက် ဟင်းဆိုရင် ဘာအဆာပလာမှ မထည့်ခိုင်းနဲ့…တော်တော်ကြာ အော့ချင်အန်ချင်ဖြစ်နေရင် မင်းတို့ငါတို့ပဲ ထမင်းစားပြတ်နေဦးမယ်…”

ဇင်မျိုးက သူပြောခဲ့ဖူးသော စကားလုံးများဖြင့် သူ့အားရိုက်ချလိုက်သည်။ သူသည် သူငယ်ချင်းအဖွဲ့အတွင်း၌ အားလုံးအတွက် စ စရာနောက်စရာအဖြစ်သာ ရပ်တည်ခဲ့ရသည်။ ဆပ်ဆပ်ထိမခံလိုသော သူက အများနှင့် တည့်အောင် မပေါင်းတတ်ခြင်းသည်ပင် သူငယ်ချင်းများ၏ ပရောဂမကင်း။ အများက တောင်ဆိုလျှင် သူက မြောက်ဘက်တွင် နေရမှ ကျေနပ်သည်။သူငယ်ချင်းများ တညီတညွှတ်တည်း မှတ်ချက်ချသည်က သူ့ကို အတ္တကြီးသည် ဟုပင်။

အတ္တကို သူမမွှေးမြုူခဲ့။ သို့သော် ထိုအတ္တသည်ပင် သူငယ်ချင်းများ သူ့အတွက်မွေးထုတ်ပေးလိုက်သော သူ၏ မသိစိတ်နောက်ကွယ်က ငုတ်ကောင်ကလေးမဟုတ်ပါလား။ သို့ပေမယ့် သူ့အတ္တသည့် သူ့အတွက်ပင် ပိုကြည့်ခဲ့သလား မသေချာခဲ့ပေ။ ဘယ်သို့သော အကြောင်းပဲ ရှိရှိ သူ့ကို အဦးဆုံးသော အသိပေးမှု၊ အရေးတယူဆက်ဆံမှုမျိုးလိုချင်သည်။ သူငယ်ချင်းများ၏ အရေးပေးဆက်ဆံမှုသည် သူ့အတွက် အရေးပါသည်။ သူက ကိုယ့်အတွက်သာလျှင် ဦးစားပေး စဉ်းစားခဲ့သည်။

တွန်းလှန်တိုက်ခိုက်လာသော သူငယ်ချင်းများ၏စကားများကို သူ မတုန့်ပြန်နိုင်။ အမှန်တရားသည် သူ့ဘက်တွင် ရှိမနေ။ အများနှင့် မသက်ဆိုင်တော့သည့် သူတစ်ယောက်ပမာ စည်းဝိုင်းအပြင်ဘက်သို့ သူရောက်နေပြီလား။ စည်းဝိုင်းအပြင်ဘက်သို့ သူ အမှန်တကယ်ရောက်နေသည် မှန်လျှင် သူ့အတ္တသည် ကြီးထွားလွန်းနေပြီ။

×××××××××××××××××××××××

ထိုလပြည့်နေ့က ငြင်းပယ်မှုတစ်ခုသည် ကြီးကျယ်သွားလိမ့်မည်ဟု သူမထင်မှတ်ခဲ့။ သူကိုယ်တိုင်တောင် အပြစ်တစ်ခုကိုလုပ်လိုက်ပြီးမှ စိတ်တွင်းခံစားချက်အပူများနှင့် တစ်နေကုန်နီးပါး လူးလိမ့်ခံစားခဲ့ရသေးသည်။ သူ၏ သူငယ်ချင်းများ ဘယ်သို့ရှိမည်နည်းဟု အဘယ့်ကြောင့် မတွေးမိခဲ့ပါလိမ့်။

ဇင်မျိုးက သူ့အတွက် ထိုနေ့က လုံချည်၊ အကျႍများယူလာပေးသည်။ ထို့အတွက် သူ ဝမ်းသာကြည်နူးရမည့်အစား အဝတ်အစားသစ်များနှင့်တောက်ပြောင်နေကြသော သူ၏ သူငယ်ချင်းများကိုကြည့်ပြီး ဘာကြောင့်မှန်းမသိ သူတစ်ယောက်တည်း အပယ်ခံလို့ ထင်လာရသည်။ တကယ်ဆို လုံချည်၊ အင်္ကျံတွေကိုကောက်ဝတ်ပြီး ကုသိုလ်လိုက်ယူလိုက်လျှင်….ရပါသည်။ သို့သော်……နောက်ဆုံးဆိုသည့် အဖြစ်ကို သူလက်မခံနိုင်ဖြစ်နေသည်။ သူဟာ နောက်ဆုံးဆိုသည်ကို မုန်းမိသည်။

“ငါမလိုက်တော့ဘူး ဒီနေ့ ဘုန်းကြီးကျောင်းမတတ်တော့ဘူး။ မင်းတို့ပဲသွားကြ”

ဇင်မျိုးက သူ့ကို မယုံနိုင်သလိုကြည့်သည်။ ဇင်မျိုးလက်ထဲမှာ အဝတ်အစားများက သူ့ကိုလှောင်ပြောင်နေသလို ခံစားနေရသည်။ မကြည့်ချင်..။ ထိုအဝတ်အစားများကိုမကြည့်ချင်….။

“မင်း ဘယ်လိုဖြစ်တာလဲ ဟိုမှာ အားလုံးက ဘုန်းကြီးကျောင်းတက် သီလယူကြမှာ။ မင်းတစ်ယောက်တည်း မတက်တော့ ဘယ်ကောင်းမလဲကွ..။ ရော့ပါကွာ ..တစ်နေရာမှာလဲ ဝတ်လိုက်….။ နေသူက သေသေချာချာ ယူခိုင်းလိုက်တာကွ….။ ဒီကောင့် စိတ်တိုနေလိမ့်မယ်..”

စိတ်တိုနေလိမ့်မယ်..။ သူရယ်ချင်ပါသည်။ သို့ပေမယ့် သူမရယ်လိုက်ရ…။

“ငါ သွားလေ့သွားထ ရှိတာမှ မဟုတ်တာ… မလိုက်ဘူးကွာ…..”

ထိုငြင်းချက်တစ်ခုလေးနှင့်တင် သူ၏ သူငယ်ချင်းများ၏ မျက်နှာများ အရောင်ပြောင်းလဲသွားကြသည်ကို တဒင်္ဂ သာယာလိုက်မိတာတော့ သူမှားသွားပါသည်…။ မျက်နှာပေါ်က အရောင်များ၏ အဓိပ္ပါယ်ကို မဖတ်တတ်ခဲ့လောက်အောင် သူညံ့ပါသည်။ တစ်စည်း တစ်လုံးသည်ရှိသည်ကို ခွဲထွက်ခဲ့သူက သူဆိုလျှင် သက်ဆိုင်သူအားလုံးဘက်မှ ဆန့်ကျင်ဘက် အရပ်သို့ ဦးတည် ပြေးထွက်နေသူမှာ အခြားတစ်ယောက်မဟုတ်တော့။ ရင်အတွင်းမှ ပေါက်ဖွားလွင့်စင်လာသော အပိုင်းအစတစ်ခုသည် အတ္တမှုန်များဖြစ်နေလျှင် ထိုအမှုန်အစများသည် ဖြူစင်နေပါတော့မည်လား။ နေသူပြောလိုက်သော စကားလုံးများက သူ့ရင်ကို ဓါးထက်ထက်နှင့်ပိုင်းသလို ခံစားလိုက်ရသည်။ အထီးကျန်ခြင်းဆုလာဘ်သည် နောက်ဆုံး သူ့အတွက်သေချာနေပြန်သည်။

 

ထိုနေ့က သူငယ်ချင်းတစ်စု ပြန်ရောက်သောအခါတွင်ပင် အချိန်မဆိုင်းပဲ…သူဘာကြောင့် မလိုက်ခဲ့သလဲဆိုသည် မေးခွန်းကို ထပ်သလဲလဲမေးကြသည်။

တိကျသေချာသည် အဖြေတစ်ခုကိုမပေးနိုင်သည့်အတွက် ခိုင်မာမှုမရှိသော အဖြေများကိုသာ  ဘူးတစ်လုံးခံပြီး ဖြေပေးနေခဲ့သည်။

“မင်းဖြေခဲ့သလိုပဲ သူရ…။ ဟုတ်တယ် မင်းသွားလေ့ သွားထမရှိတဲ့နေရာကို မင်းမလိုက်တတ်ဘူးဆိုရင် နောက် ဘယ်သာရေး၊ နာရေးမှ ဘယ် ပျော်ပွဲရွှင်ပွဲမှ ငါတို့က မင်းကို ခေါ်လိမ့်မယ်တော့ မထင်နဲ့..။ ဘယ်တော့မှ မခေါ်တော့ဘူးကွာ…အဲဒါဟာ မင်းနဲ့ ထိုက်တန်တဲ့ အဖြေတစ်ခုပဲ…..စည်းဝိုင်းအတွင်းမှာ နေပြီး စည်းဝိုင်းအတွင်းမှာရှိနေကြတဲ့ လူတွေရဲ့ အတွင်းစိတ်ကိုမှ  မင်းက နားလည်မှုမပေးနိုင်ဘူးဆိုရင် …စည်းအပြင်ဘက်ကို မင်းရောက်နေရတာ မဆန်းဘူး သူရ…..တကယ်ဆို မင်းဟာ အတ္တကြီးလွန်းနေတယ်…ငါတို့မှာလည်း အတ္တရှိတယ်….ဒါပေမယ့် ခံယူချက်ခြင်းမတူဘူး…။ ဘာလို့လဲဆိုရင် မင်းခံယူထားတဲ့ အတ္တဟာ အမည်းရောင်ဖြစ်နေလို့ပဲ ….။”

ထိုစကားလုံးက သူ့ရင်ကို စိုက်သော မြားတစ်စင်းပါ..။ သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး တစ်လုံးချင်းပြောသွားသော နေသူ့ စကားများ။ယုံကြည်မှုကင်းမဲ့ကုန်သော သူငယ်ချင်းများ၏ မျက်နှာများကို မြင်နေရသည်။ မျဉ်းပြိုင်နှစ်ကြောင်းပမာ ဘယ်တော့မှ ဆုံမှတ်ရှိတော့မည်မဟုတ်။ သူငယ်ချင်းများက သူ့ကို စည်းခြားလိုက်ကြပြီ။ မခေါ်မပြောတော့သည်မဟုတ်ပဲ စည်းဝိုင်းပြင်ပသို့ ပထုတ်လိုက်ခြင်းသာ…။ လွဲချော်နေသော သူ၏ နားလည်မှုသည် တကယ်တော့ နယ်ပယ်ကျဉ်းကျဉ်းကလေးသာ.။ ထိုနယ်ပင်ကျဉ်းကျဉ်းကလေးတွင် သူမနေတတ်မထိုင်တတ်ခဲ့လေသည်လား။ အမည်းရောင် အတ္တပိုင်ရှင်တဲ့…။ ဟုတ်နိုင်ပါသည်…။ သွေဖယ်မှုရပ်ဝန်းကနေ သူ၏ အမည်းရောင်အတ္တသည် ဖြူစင်ခြင်းအဖြစ်သို့ တစ်နေ့ရောက်လာနိုင်မည်လား…..။

အခန်းကျဉ်းလေးအတွင်းမှ အတ္တကြီးသူတစ်ယောက်၏ ညည်းချင်းတစ်ပုဒ်ကို သူငယ်ချင်းတွေမကြားနိုင်။ သီတင်းကျွတ်လပြည့်ကျော်ညများက သူ့ကို တိတ်ဆိတ်မှုတွေကိုပေးသည်။ အပြင်ဘက်ဆီမှာတော့ မီးကျည်၊ မီးပန်းများ ပစ်ဖောက် လွတ်တင်နေကြသော သူငယ်ချင်းများရှိသည်။ ကောင်းကင်ပြင်မှ လပြည်ဝန်းသည် သီတင်းကျွတ် လပြည့်နေ့ကလို မဟုတ်တော့ပဲ အလင်းရောင် မေးမှိန်စပြုနေပြီ…….။ အထီးကျန်ခြင်းနှင့်အတူ သူသည်လည်း မေးမှိန်စ လ ပမာ…….တဖြည်းဖြည်း အမည်းရောင် အမှောင်ညဘက်ဆီသို့ ဦးတည်သွားနေသည်လား……။

သော်ဇင်(လွိုင်ကော်)

16th-Oct-2011

Time-7:06PM

 http://thawzinloikaw.blogspot.com