အဖျားအနာ

comegyiOctober 16, 20111min973

အပျော်ကို တစ်ဝက်တိတိ

ရပ်ဆိုင်းလိုက်ရ

မင်းထွက်ခွာခြင်း မှတ်တိုင်မှာ . .။

 

စိတ်ကူးရဲ့ သားနားမှုမှာ

နစ်မြုပ်နေတဲ့ ပန်းပွင့်လှေ

အဝေးကြီး အထိ လွမ်းလို့ .. .။

 

ဆုံတွေ့မှုတစ်ခုဟာ မီးပြတိုက်လို

သတိရခြင်းကျောက်ဆောင်ကို မိုးပြီး

အရိပ်ထိုးထားတဲ့ ကြေကွဲဇာတ်ပဲ . . .။

 

အဲဒီခဏလေးမှာပဲ

ငါဟာ  . . .အရှည်ကိုတွေးပြီး ချစ်မိလိုက်ရ . . .။

 

အဲဒီတော့ . ..

လိပ်တင်ထားတဲ့

တကိုယ်ရေ တကာယ ကောင်းကင်ကြီး

ဆွဲဖွင့်လိုက်

ကောင်းဘွိုင်တို့ အရပ်ဒေသက ပြန်လာတော့

ရော့ခ် ဂီတကိုနားဆင်လော့

အတိတ်က ပိုဝေးသလား

အနာဂတ်က ပိုဝေးသလား

ငါကိုယ်တိုင်လည်း မသိတော့ပါ . . .။

 

အဲဒါတွေက

အဲဒီတုန်းက ပဲတွေးခွင့်ရှိတာပါ

အခု စိမ်းစိုနေတဲ့ ကမ္ဘာကြီးက

မင်းအတွက်ပါ

အခု ခြောက်သွေ့နေတဲ့ ကမ္ဘာကြီးကတော့

ငါပေါ့ . .။

 

ဒီလိုပဲ တွေးတွေးဆဆ ယူဆရတာပေါ့

ငါ့ မျက်ရည်ခံထိုးစရာလေး ဘယ်မှာလဲ . . .။

 

အရင်ကလို လူမဖြစ်တော့တာ ငါရင်နာတယ် . .. ။

 

ဘဝဆိုတာ

တစ်ခါတစ်ခါ

ကြုံလိုက်ရတဲ့

တောအုပ်စိမ်းတွေကြောင့်

တစ်ခါ တစ်ခါ

အရေခွံလဲသွားရတဲ့ ပယောဂပဲ . . .။

 

မင်းမို့လည်း ငါ့လမ်းကြောင်း ပြောင်းလိုက်ရတာပါ

ငါလည်နေတဲ့ လမ်းကြောင်းဟာ

မင်း ….မင်း ….မင်း ….

သူမ

မျက်ဝန်းစံပါယ်ရောင်

ဘဝက လေပါပြီ

မင်းအပြုံးလေးဟာ ယုတ္တိလွန်လွန်းတဲ့ အလင်္ကာ . ..။

 

ငါ့မှာ သွေးကြောထဲ အမောဖြေဖို့

ထိုင်ခုံတစ်လုံး လိုပါမယ်

မိုးကောင်းကင်တစ်ချပ်နဲ့

ကြယ်တွေစုံတဲ့ ညကိုပေးပါ

အနာရောဂါ မထူပြောတဲ့

ကျန်းမာရေးကိုပေးပါ

လိုအင်ဆန္ဒပြည့်ဝတဲ့ လိုအပ်ခြင်းကိုပေးပါ .. .။

 

ငါချောင်းနေတဲ့ တိမ်ကလေးဟာ မီးခိုးလို

အဓိပါယ်ကျယ်ပြန့်တဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့

အနုပညာကို ခိုးပြေးသွား . ..။

 

အာရုံကြောထဲ ထိုးသွင်းလိုက်တဲ့ဆေးရည်ဟာ

သူမကို ချစ်တယ်

မနေ့က ကြားနာခဲ့တဲ့ ဒိုင်ယာရီဟာ

အရိုးစုတစ်ပုံအဖြစ် ငါ့ကိုနားချ

င့ါရဲ့ ဂုဏ်သိက္ခာဟာ

သွေးရိုးသားရိုးယဉ်ကျေးလွန်းတဲ့

၂၁ ရာစုရဲ့ နတ်ဘုရားမလေးပေါ်မှာ

အဖျားအနာ ….။      ။

 

3 comments

  • ပေါက်ဖော်

    October 17, 2011 at 10:25 am

    ဖျားနာဆို..ဖလူဇာ..
    ယားနာဆို..မွေနှစ်ကောင်
    ချောင်းဆိုးရင် ရွှေတောင်ကြီး..
    အသဲကွဲနေတာ..ကိုကန်းကြီး..

  • windtalker

    October 17, 2011 at 1:36 pm

    ပေါက်ဖော်ရေ နီးစပ်လာပြီ
    ကိုကန်းကြီး နဲ ့ကိုသန်းကြီး
    ရဲဘော်ကမ်းကြီး ကို
    အခုမှ သေချာ သိတော့တယ်
    အဆိုတော်ရင်ဂိုက ဆံပင်ချစ်သူ တဲ့
    စာရေးဆရာကမ်းကြီးကတော့ စံပါယ်ချစ်သူ ပဲ

  • comegyi

    October 18, 2011 at 3:47 am

    ခီဗြားဒို့ပြောဒါ အကုံ မှန်ဒယ် ကျုပ်က နှစ်ခုစလုံး ကျိုက်ဒယ် သုံးခုမျောက်တောင်ကျိုက်ချင်နေဒယ်ဗြာ………

Leave a Reply