တမုတ်မြို့ဟောင်း တစ်နေရာ (ရှင်ပင်ရွှေဂူကြီး မြတ်စွာဘုရား)

Diamond KeyOctober 17, 20115min15315

ဒီတနင်္ဂနွေမှာ စိန်သော့ သွားဖြစ်ခဲ့တဲ့ နေရာလေးကတော့ ပထမမြန်မာနိုင်ငံတော်ကြီး ကို စတင်တည်ထောင်ခဲ့သူ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြုမင်းကြီး မင်းမြတ်အနော်ရထာရဲ့ ပုဂံနေပြည်တော်ကြီး စပါးကျီ ဒေသ ဖြစ်တဲ့ လယ်တွင်း ၁၁ ခရိုင် ခံမြို့များထဲမှာ တစ်မြို့ အပါအဝင် ဖြစ်တဲ့ “တမုတ်မြို့ဟောင်း”က တစ်နေရာလေး တစ်ခုဆီကိုပါ။


တမုတ်မြို့ဟောင်း တစ်နေရာ
မြန်မာ့အနုပညာ၊ မြန်မာမှု လက်ရာတွေဆိုရင် နှစ်သက်တဲ့ စိန်သော့၊ မြန်မာ့ သမိုင်းဝင်နေရာတွေ ဆိုရင် မက်မက်မောမော သွားချင်တဲ့ စိန်သော့ အတွက် မန္တလေးနဲ့ မနီးမဝေး တစ်နေရာမှာ သွားရမဲ့ နေရာတစ်ခုရဲ့ သတင်းကို ကြားလာရပါတယ်။ ပုဂံမြို့နဲ့ မိုင် ၁၂ဝ ဝေးတဲ့ ကျောက်ဆည်ဒေသမှာ ပုဂံခေတ် လက်ရာ အပြည့်နဲ့ ဂူဘုရားတစ်ဆူ ပေါ်ထွက်လာတာပါ။
အဲဒါကတော့ နှစ်ပေါင်းများစွာ အုတ်ကုန်းကြီး အဖြစ်ရှိနေရာမှ ပြိုကျပျက်စီးတဲ့ အုတ်ကျိုးတွေကို ရှင်းလင်းရာမှာ ပုဂံခေတ် အေဒီ ၁၁ ရာစုမှ အေဒီ ၁၄ ရာစုအတွင်း (လွန်ခဲ့တဲ့ နှစ် ၁၀၀ဝ ခန့်ကအထိ) က အနုပညာ လက်ရာတွေ ကို ရှေးမူလ လက်ရာ အတိုင်း တစ်နေရာတည်းမှာ အပြည့်စုံဆုံး စုဝေးတည်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော နေရာ ပေါ်ထွက်လာတယ်ဆိုတဲ့ တမုတ်မြို့ဟောင်း တစ်နေရာက မြန်မာ့ ဂုဏ်ဆောင် ရှင်ပင်ရွှေဂူကြီး မြတ်စွာဘုရား အကြောင်းကိုပါ။


အုတ်ကုန်းကြီး အတွင်းက ထွက်ပေါ်လာတဲ့ ရှင်ပင်ရွှေဂူကြီး မြတ်စွာဘုရား
အထက်မှာ ပြောခဲ့သလို မင်းမြတ်အနော်ရထာ လက်ထက်မှာ ပုဂံနေပြည်တော်ကြီး စပါးကျီ ဒေသ ဖြစ်တဲ့ စမုံ၊ စမာ၊ ဇော်ဂျီ၊ ပန်းလောင် နှင့် ဒုဠဝတီမြစ်တို့ ဖြတ်သန်းစီးဆင်းရာ ကျောက်ဆည်လွင်ပြင်မှာ လယ်တွင်း ၁၁ ခရိုင် ခံမြို့များ အဖြစ် ပင်လယ် (ယခု မြို့တွင်းရွာ၊ မြစ်သားမြို့နယ်)၊ ပြည်မနား (ယခု ကူမဲအနီး၊ မြစ်သားမြို့နယ်)၊ မြစ်သာ (ယခု လက်ရှိ မြစ်သားမြို့)၊ ရမုန်း (ယခု စပါးတောရွာအနီး၊ ကျောက်ဆည်မြို့နယ်)၊ မြင်းခုံတိုင် (ယခု မြင်းချည်တိုင်ရွာ၊ ကျောက်ဆည်မြို့နယ်)၊ ပနန် (ယခု ပန်းခွာရွာအနီး၊ ကျောက်ဆည်မြို့နယ်)၊ တမုတ် (ယခု ညောင်ပင်စောက်ရွာအနီး၊ ကျောက်ဆည်မြို့နယ်)၊ သင်တောင်း (ယခု သင်ကြီးတောင်းရွာ၏ အရှေ့ဖက်၊ ကျောက်ဆည်မြို့နယ်)၊ မက္ခရာ (ယခု ဧည့်ပြရွာအနီး၊ စဉ့်ကိုင်မြို့နယ်)၊ တပြက်သာ (ယခု ရွာဟောင်းကုန်းရွာအနီး၊ စဉ့်ကိုင်မြို့နယ်)၊ ခံလူး (ယခု လက်ပန်ချိုင့်ရွာအနီး၊ စဉ့်ကိုင်မြို့နယ်) တို့ကို အခိုင်အမာ တည်ခဲ့တယ်လို့ဆိုပါတယ်။
အခု စိန်သော့သွားချင်တဲ့ ရှင်ပင်ရွှေဂူကြီး ရှိတဲ့နေရာလေးက ဒီ လယ်တွင်း ၁၁ ခရိုင် ခံမြို့များထဲမှာ တစ်မြို့ အပါအဝင် ဖြစ်တဲ့ တမုတ်မြို့ဟောင်း ရဲ့ တစ်နေရာမှာပါ။ မန္တလေး ကနေ ထွက်လာပြီး ကျောက်ဆည်မြို့ဝင် ရောက်တော့ ရန်ကုန် – မန္တလေး ကားလမ်းမကြီးကနေ တံတားဦး ကားလမ်းဆီ အနောက်ဖက်ချိုးဝင်ပြီး ညောင်ရွှေတို့၊ ညောင်းဝန်းတို့ဆိုတဲ့ ရွာလေးတွေကို ဖြတ်လာကာ ၆ မိုင်လောက်အရောက်၊ ကြောင်ပန်းကုန်း၊ ညောင်ပင်ဇောက်၊ ငယ်တိုးကျေးရွာတွေရဲ့ အလယ်မှာ တမုတ်မြို့ဟောင်းကုန်းဆီ ရောက်လာပါတယ်။

ရှင်ပင်ရွှေဂူကြီး ဘုရားက မြို့ဟောင်းကုန်းရဲ့ အတွင်းဖက်၊ အရှေ့တောင်ထောင့်မှာ ရှိနေပြီး တံတားဦးကားလမ်းလေးကနေ တောင်ဖက်ကို ကွေ့လိုက်ရင်ပဲ မြေလမ်းလေးက ရှင်ပင်ရွှေဂူကြီး ဘုရားဆီ ဦးတည် ခေါ်သွားခဲ့ပါတယ်။ နဲနဲလေး ဝင်သွားရင်ပဲ စိမ်းစိုနေတဲ့ သစ်ပင်အုပ်အုပ်လေး အတွင်းမှာ ဘွားခနဲ့ အံ့မခန်းလက်ရာတွေနဲ့ တမုတ်ရွှေဂူကြီး ကိုတွေ့လိုက်ရပါတယ်။

အစဉ်အလာ ပြောစကားမှာတော့ အနော်ရထာမင်းကြီးက ပန်းလောင်မြစ်ရိုးတလျှောက်က ခံမြို့ ၉မြို့ အနီးမှာ ရွှေဂူစေတီ ကိုးဆူ တည်ခဲ့တယ်လို့ သိမှတ်ရပါတယ်။ ခံလူးရွှေဂူကြီး (စော်ရဲရွာအနီး)၊ တမုတ်ရွှေဂူကြီး (ကြောင်ပန်းကုန်းရွာအနီး)၊ ပနန်ရွှေဂူကြီး (ပနန်ရွာအနီး)၊ မြင်းခုန်တိုင်ရွှေဂူကြီး (မကျီးတောရွာ အနီး)၊ ရွာငုန်းရွှေဂူကြီး (မရှက်ရွာအနီး) စတဲ့ ရွှေဂူကြီး ကိုးဆူမှာ ဒီ တမုတ်ရွှေဂူကြီးလည်း တစ်ဆူအပါအဝင်ပါ။
တမုတ်ရွှေဂူကြီး ရောက်သွားတော့ စိတ်ထဲမှာ ပုဂံမြို့ဟောင်းကိုများ ရောက်သွားလေသလားထင်မိပါတယ်။ လက်ရာတွေက ပုဂံခေတ် အေဒီ ၁၁ ရာစု ကနေ အေဒီ ၁၄ ရာစုအတွင်း (လွန်ခဲ့တဲ့ နှစ် ၁၀၀ဝ ခန့်ကအထိ) အနုပညာ လက်ရာတွေ ကို ရှေးမူလ လက်ရာ အတိုင်းတွေ့နေရတာပါ။ တမုတ်ရွှေဂူကြီး တဝိုက်မှာ ကုန်းကို ဆက်တူးနေတာတွေလည်း တွေ့ရပါတယ်။
တမုတ်ရွှေဂူကြီးမှာ တွေရတဲ့ လက်ရာတွေကတော့ အံ့မခန်းပါပဲ။


တမုတ်ရွှေဂူကြီး တဝိုက်မှာ ဆက်လက်ဖေါ်ထုတ်နေတဲ့ ရှေးသမိုင်းဝင် အဆောက်အဦးတွေ
တမုတ်ရွှေဂူကြီး တဝိုက်မှာ အေဒီ ၁၁ ရာစု ကနေ အေဒီ ၁၄ ရာစုအတွင်း (လွန်ခဲ့တဲ့ နှစ် ၁၀၀ဝ ခန့်ကအထိ) အနုပညာ လက်ရာတွေကို တစ်စုတည်း တွေ့ရတာက ဒီလိုပါ။ အေဒီ ၁၁ ရာစုမှာ အနော်ရထာမင်းကြီးက တမုတ်ရွှေဂူကြီး တစ်ထပ်ဂူဘုရားကို တည်ခဲ့တယ်။


မူလ တမုတ်ရွှေဂူကြီး
၁၂ ရာစုမှာ မြစ်တော် နရပတေ့စည်သူက နှစ်ထပ်ဂူဘုရား အဖြစ် ဆက်လက်ပြုပြင်ပါတယ်။ နောင်ပျက်စီးလာတာတွေကို ၁၃ ရာစုမှာ နောင်မင်းတွေက ဆက်ပြုပြင် ပြန်ပါတယ်။ ၁၄ ရာစု (သက္ကရာဇ် ၆၈၄) မှာ ဥစ္စနာမင်းကြီးက ရွှေစည်းခုံပုံ စေတီတော်ကြီး အဖြစ် အပေါ်က စုပေါင်းလွမ်းငုံ တည်ဆောက်ခဲ့တယ်။ လွှမ်းငုံ စေတီတော်က ဖိနပ်တော်အလျှား ၆၁ တောင်ရှိတဲ့ အပြင်စေတီတော်ကြီးအတွက် လိုတဲ့ အုတ်တွေကို တမုတ်မြို့ရိုးဟောင်းဆီကနေ တူးဖေါ်ရယူခဲ့တယ်လို့ သိခဲ့ရပါတယ်။ ပင်းယခေတ်နောက်ပိုင်းမှာတော့ ဆက်ပြုပြင်မဲ့သူမရှိတော့ပဲ အုတ်ကုန်းကြီး ဘဝရောက်သွားရတာပါ။

(ဘုရားမှတ်တမ်းမှ ရိုက်ယူခဲ့တာပါ)
အုတ်ကုန်းကြီး ထိပ်မှာတောင် သက္ကရာဇ် ၁၂၇ရ အရောက်မှာ ၉တောင်ပြည့် စေတီငယ်တစ်ဆူ တည်ထားခဲ့ပါတယ်။ ဒီလိုနဲ့ အေဒီ ၁၁ ရာစု ကနေ အေဒီ ၁၄ ရာစုအတွင်း ပုဂံလက်ရာတွေ တစ်စုတစ်ဝေးတည်း ရှိနေတာပါ။
ရှင်ပင်ရွှေဂူကြီး မြတ်စွာဘုရား တဝိုက်မြင်ကွင်းများ



ရှင်ပင်ရွှေဂူကြီးမှာ ရာပေါင်းများစွာ ဆန်းကြယ်တဲ့ ၁၂ ရာစုခေတ် ပန်းတော့လက်ရာ အနုစိတ် အင်္ဂတေဒီဇိုင်းတွေကို လေ့လာနိုင်ပါတယ်။ မူလ ရှေးနှစ်ပေါင်း ၈၀ဝ ခန့်က လက်ရာတွေ အတိုင်းကျန်ရှိအောင် ကံအထူးကောင်းတာက သက္ကရာဇ် ၆၈၄ မှာ ဥစ္စနာမင်းကြီးက ရွှေစည်းခုံပုံ စေတီတော်ကြီး အဖြစ် အပေါ်က စုပေါင်းလွမ်းငုံ တည်ဆောက်ခဲ့လေတော့ ရာသီဥတု၊ သဘာဝဒဏ် မခံရပဲ ပျက်စီးမှု နည်းပါးစွာနဲ့ ရှိနေခဲ့တာပါပဲ။



ပန်းတော့လက်ရာ အနုစိတ် အင်္ဂတေဒီဇိုင်းတွေ
မူလ အုတ်ကုန်းကြီးက ပင်းယခေတ် ထပ်ဆင့်ငုံ စေတီတော်ရဲ့ အတိုင်းအတာ ပန္နက်ပုံနဲ့ ဖြတ်ပိုင်းပုံတွေကို နောင်လာနောက်သားတွေ လေ့လာနိုင်စေဖို့ မူလ အခြေအနေအတိုင်း ချန်ထားတဲ့ နေရာလေးတစ်ခုကိုလည်း နှစ်သက်စရာ တွေ့ခဲ့ရပါတယ်။

ရှင်ပင်ရွှေဂူကြီးမှာ အလွန်ထူးခြားတဲ့ သုံးထပ်ဆင်းတုတော်များကို လည်းဖူးတွေ့ရပါတယ်။ အတွင်းဆုံးမှာ အနော်ရထာမင်းလက်ထက်ဂုတ္တခေတ်ဟန် ၁၁ ရာစု လက်ရာ ဆင်းတုတော်ဖြစ်ပြီး အလယ်မှာ ပါလခေတ်ဟန် ၁၂ ရာစုနှောင်းပိုင်းလက်ရာ ဖြစ်ကာ အပေါ်ဆုံး ဆင်းတုတော်က ၁၂ ရာစုလက်ရာများပါတဲ့ ၁၃ ရာစု လက်ရာပါ။ ဆင်းတုတော်များအားလုံးမှာ မြေမီးဖုတ် ခရုခွေ ဆံတော်တွေ စိုက်ထားတာ ဖူးတွေ့ရပါတယ်။


ရှင်ပင်ရွှေဂူကြီးမှာ မြန်မာနိုင်ငံမှာ ၈ ဆူလောက်သာဖူးတွေ့ခွင်ရှိတော့တဲ့ အန္တဂူ ရုပ်ပွားဆင်းတုတော်ကို ဖူးတွေ့နိုင်ပါတယ်။ အန္တဂူ ရုပ်ပွားဆင်းတုတော်ဆိုတာက သေးငယ်တဲ့ အန္တဂူကျောက် (Dolomite Stone) ကို ဗုဒ္ဒဝင် ရှစ်ခန်း အပါအဝင် အနုစိတ်သေးငယ်လှတဲ့ ပုဂံခေတ် ၁၂ ရာစု ရှားပါး ကျောက်ဆစ် ပန်းတမော့ လက်ရာပါ။

ပင်းယဘုရင် ဆင်ဖြူရှင် ကျော်စွာမင်းရဲ့ ဘုရားမြေနဲ့ ကျွန်လှုကျောက်စာ


ကျောက်စာမြန်မာပြန်
လေ့လာစရာတွေကို တဝကြီးလေ့လာပြီး အပြန်လမ်းမှာတော့ ပုဂံတစ်မြို့လုံးမှာ မြင်းကပါရွာရဲ့ အရှေ့က ကုသိနာရုံ ဘုရားမှာသာ ဖူးတွေ့နိုင်တဲ့ ထိပ်မှာဂဠုန်မင်း၊ အလယ်မှာနဂါး၃ကောင်နဲ့ အောက်ဆုံးမှာ ဘီလူးခေါင်းပါတဲ့ စိုင်ပေါင်ဘေးက ပန်းတမော့လက်ရာကို တွေ့ခဲ့ရတာ၊ ပုဂံတစ်မြို့လုံးမှာ မင်္ဂလာစေတီ အနီးက ဘုရားအမှတ် ၁၄၁ဝ မှာသာတွေ့ရတဲ့ ကိုယ်နှစ်ခွ ရုပ်ကြွခြင်္သေ့မင်းပုံ( ပုဂံမှာ ခေါင်းမရှိတော့) ကို ဒီမှာ အကောင်းပကတိ တွေ့ရတာ အပါအဝင် တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးလက်ရာတွေကို အကောင်းပကတိ အခြေအနေနဲ့ လေ့လာခွင့်ရခဲ့တဲ့ တမုတ်မြို့ဟောင်း မြန်မာ့ ဂုဏ်ဆောင် ရှင်ပင်ရွှေဂူကြီး မြတ်စွာဘုရား အကြောင်းတွေက ပီတိတွေ တစ်ဝေဝေနဲ့ပဲ မန္တလေးပြန်ခဲ့ပါတယ်။
(ရွာသူရွာသားတွေ အခွင့်ကြုံရင် အရောက်လှမ်းနိုင်ဖို့ ရောက်တုန်းရိုက်ထားတဲ့ ပုံလေးတွေသုံးပြီ ဗဟုသုတ ဝေငှလိုက်ပါတယ်ဗျာ။ အချက်အလက်တွေကို စေတီတော်သမိုင်းပြုစုသူ ဦးဝင်းမောင် (တမ္ပဝတီ) ရဲ့ ရှင်ပင် ရွှေဂူကြီး မြတ်စွာဘုရား စာအုပ်ကနေ ရယူထားပါတယ်။ ပုံတွေတင်ရခက်နေတာကြောင့် ပုံအချို့ ချန်ထားခဲ့ရပါတယ်။)

15 comments

  • manawphyulay

    October 17, 2011 at 2:11 pm

    ပုံဆိုက်လေးတွေကို နည်းနည်းသေးပေးရင် ပိုကောင်းပြီး ဖူးမြော်ရတာ အဆင်ပြေမယ်ထင်ပါတယ်။ ကွန်မကောင်းတော့ ပုံက ကျတာနှေးနေတာနဲ့ ဆိုက်ကြီးနေတာနဲ့ဆိုတော့ ဖူးမြော်ရတာ စာနဲ့ပုံနဲ့ မတွဲမိဘူးဖြစ်နေပါတယ်။

    • Diamond Key

      October 18, 2011 at 9:28 am

      manawphyulay ရေ၊ သူကြီးကောင်းမှု အကြောင်းပြု၊ ကြည့်လို့ ကောင်းသွားပြီဗျ။

  • etone

    October 17, 2011 at 4:54 pm

    ကိုစိန်သော့ရဲ့ ရိုက်ချက်တွေက အပင်ပန်းခံပြီးရိုက်ထားမို့ .. တဆင့်မြင်တွေ့ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် … ။ မိုးရွာပြီးစဆိုတော့ မြေပြင်တွေ စိုစွပ်နေတဲ့ အချိန် … အုတ်ကြားထဲထိ သွားရိုက်ပြတဲ့ စေတနာကိုလည်း လေးစားမိပါတယ် … ။

    သုံးထပ်ရုပ်ပွားတော်ကြီးပုံ ဟိုးတစ်လောက လေးပေါက်တင်တာမြင်ဖူးခဲ့တယ် .. အဲ့ဒီအချိန်ကတည်းက အရမ်းစိတ်ဝင်စားနေတာ ..ဘယ်လို အဓိပါ္ပယ်နဲ့ သုံးထပ်တည်ထားခဲ့သလိုဆိုတာကိုပေါ့ … ။ 🙂

  • kocho

    October 17, 2011 at 5:07 pm

    ရိုက်ချက်က လိုက်ဖက်လှပါ၏ (အစဉ်လေးစားလျှက်)

  • ကိုစိန်သော့ရေ
    ဒီတမုတ်ရှင်ပင်ဘုရား က ခင်ဗျားထပ်တင်တော့ ပိုပြည့်စုံသွားတယ်ဗျ။
    ကျနော်လဲဒီပုံတွေကို ထူးပေးဆန်းပေသည်ဆိုပြီးတစ်ခါတင်ဘူးတယ်။
    ဒါပေမယ့် ကျနော်က ပုံကိုဘဲတင်လိုက်တာ။
    ခင်ဗျားကသမိုင်းကြောင်းကိုပါ ရှာပြီးတင်တော့ခင်ဗျားတင်တာပိုပြည့်စုံသွားသလို
    ကျနော်အပျင်းထူတာကိုလဲ ကျနော်ကိုကျနော်သိသွားပါသဗျာ။
    ကျနော်က မှတ်တမ်းတင်တဲ့အဆင့်လောက်နဲ့ကျေနပ်သူကိုးဗျ။
    ခင်ဗျားကတော့ သုတေသန သမား လေးစားပါတယ် ကိုစိန်သော့ရေ။

    • Diamond Key

      October 18, 2011 at 9:08 am

      သုတေသနသမားတော့ ဟုတ်ရပါဘူး ကိုပေါက်ရာ။
      ကျွန်တော်က ခရီးသွားနေကြဆိုတော့ နောက်တစ်ခေါက်တိုင်းမှာ ခရီးထွက်ဖြစ်ရင် အလကားမတ်တင်း ဘယ်သူမှ မခန့်ပဲ ခရီးစဉ် ဂိုက်လုပ်လိုက်တာ ဆိုတော့ ကိုယ်အတွက်လဲကျန်၊ သူမျာ.တွေလဲ ပြန်ပြောနိုင်အောင် တွေ့တာကူး၊ မေး၊ မှတ်၊ ရိုက်လာတာမို့ပါ။

  • blackchaw

    October 17, 2011 at 5:44 pm

    တကယ့်ကို တန်ဘိုးကြီးတဲ့ တင်ဆက်မှုတစ်ခုပါ ကိုစိန်သော့ကြီးရေ။
    သမိုင်းကိုပါ ပြောပြတဲ့ အတွက် ကျေးဇူးပါ။
    ဒီနေ့ ကော်နက်ရှင် က တော်တော်ကြီးကို ခက်နေတာကြောင့်
    စက်ဘီးလေးစီးလာတဲ့ ပုံအထိပဲ ကြည့်ရပါသေးတယ်။ ကျန်ပုံတွေ မပေါ်သေးပါ။
    နောက်နေ့မှ အေးအေးဆေးဆေး ဆက်ကြည့်တော့မယ်ဗျာ။

  • koyinmaung

    October 17, 2011 at 6:36 pm

    အံဩစရာပါဘဲ ဒါလောက်ရှေးလက်ရာတွေအကောင်းအတိုင်းကျန်ခဲ့တာ
    အတော်ကံကောင်းတာပါ..
    ခုလိုဓါတ်ပုံတွေကိုသမိုင်းနဲ့တွဲရှင်းပြသွားတာ
    ကျေးဇူးအထူးတင်ပါတယ်…..
    ဆက်လက်တင်ပါအုံးအားပေးနေပါတယ်….

  • windtalker

    October 17, 2011 at 7:27 pm

    ကိုစိန်သော့ ပို ့စ်က ပုံတွေ လည်း ပိုစုံ
    အကြောင်းအရာ လည်း ပြည့်ပြည့်စုံစုံ နဲ ့မို ့
    ဖူးမျှော်သွားပါတယ် ခင်ဗျာ

  • kai

    October 18, 2011 at 5:34 am

    ပုံတွေ ဆိုဒ် ချိန်လိုက်ပါတယ်နော..
    . html code သွားပြီး.. width=”500″ လဲထည့်လိုက်တာပါ..

    • Diamond Key

      October 18, 2011 at 9:18 am

      ကျေးဇူးကြီးလှပါ၊ သူကြီး ခင်ဗျာ။
      ပုံတွေ သိပ်ငယ်နေမှာစိုးလို့ စေတနာပိုမိတာနဲ့ connection မကောင်းချိန်သွားတိုက်ဆိုင်နေပါတယ်။
      နောင်များမှာလဲ အမြင်မတော်တာလေးများ တွေ့ရင်………..

  • ကိုစိန်သော့ရေ
    တမုတ်ရှင်ပင်ကိုမရောက်ခင် နှစ်မိုင်လောက်အလိုမှာရှင်ပင်ဆပ်သွားဆိုတာရှိသေးတယ်။
    ဒီဘုရားအတိုင်းဘဲတဲ့။
    သွားလိုက်ကြရအောင်။

    • Diamond Key

      October 18, 2011 at 9:40 am

      ကျေးဇူး ကိုပေါက်၊ လုပ်လိုက်လေ ကြာသလားလို့။

  • kyeemite

    October 18, 2011 at 11:47 am

    ကျေးဇူးတင်တယ်ဗျာ..
    ပုံတင်မဟုတ်ဘဲ..သမိုင်းလေးပါကရုတစိုက် တင်ပေးလိုက်တဲ့စေတနာကိုလေးစားပါတယ်..
    ဆက်လျှောက်ပါဆရာ..အားပေးနေပါတယ်။

Leave a Reply