ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း By Yangon Times Journal

ကထူးဆန္းOctober 17, 20111min1065

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း
By Yangon Times Journal

အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး ကိစ္စက အရင်ကထက်စာရင် တိုးတက်လာတယ်လို့ တစ်ချို့က သုံးသပ်နေကြပါတယ်။ အန်တီနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ပြီးတဲ့နောက် နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့တာလည်း ကျွန်တော်တို့ တွေ့ရတဲ့အတွက် လက်ရှိအစိုးရနဲ့ သွားနေတဲ့ Dialogue အခြေအနေအပေါ်ကို အန်တီ ဘယ်လို သုံးသပ်ပါလဲ။

အန်တီအားရပါတယ်။ ပြည်သူတွေကလည်း မျှော်လင့်သလို အန်တီတို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် အန်တီ အမြဲပြောသလို မျှော်လင့်ရုံနဲ့ မကဘူး။ အလုပ်လုပ်ရမယ်၊ ကြိုးစားရမယ်၊ ဆက်ပြီး ကြိုးစားရပါမယ်၊ ဒါအစပဲ ရှိသေးတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို အစကတော့ ကောင်းနေပြီ၊ အနှောင်းသေချာအောင် လုပ်ဖို့ပဲ လိုပါတယ်။

အန်တီလဲ အရင်က တပ်မတော်အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ အခု အစိုးရကျတော့ တပ်မတော် အစိုးရက လူတွေပါပေမယ့် ဒီမိုကရေစီပုံစံနဲ့ သွားမယ် ပြောထားတဲ့အတွက် အရင်လုပ်ထားတဲ့ ဆွေးနွေး မှုတွေနဲ့ အခု အန်တီတို့လုပ်တဲ့ ဆွေးနွေးမှုတွေ ဘာများကွာခြားမှု ရှိပါသလဲ။ ကျွန်တော်တို့ သတင်းသမားတွေ အမြင်ကတော့ အခုလုပ်တဲ့ ဆွေးနွေးမှုတွေက တိုးတက်မှု ပိုမြန်တယ်လို့ ယူဆပါတယ်။ အန်တီကော ဘယ်လို ယူဆပါသလဲ။

အန်တီကတော့ ပိုပြီးမြန်တယ်လို့ မြင်ပါတယ်။ ပိုပြီးတော့ အရေးကြီးတာက တွေ့ဆုံမှုထဲမှာ မယ်မယ်ရရ ကိစ္စတွေက ဆွေးနွေးမှု ဖြစ်တယ်ဆိုတယ် ဆိုတာ ကွာခြားပါတယ်။ အရင်တုန်းက တွေ့ဆုံမှုတွေမှာ မယ်မယ်ရရ တွေ့ဆုံ ဆွေးနွေးမှုတွေ မလုပ်ဖြစ်ခဲ့ပါဘူး။

အန်တီနဲ့ နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ခဲ့ပါတယ်။ သမ္မတကြီး မိသားစုကလည်း အန်တီ့ကို ရင်းရင်းနှီးနှီး တွေ့ဆုံတယ်လို့ ကြားပါတယ်။ အဲဒီတော့ သမ္မတကြီးပေါ်မှာ အန်တီရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ယူဆချက် ဘယ်လိုရှိပါသလဲ။

သမ္မတကြီးအနေနဲ့ တကယ်ပဲ တိုးတက်ပြောင်းလဲရေးကို လိုလားတယ်လို့ မြင်ပါတယ်။ ဒါက သမ္မတကြီး တစ်ယောက်တည်း အနေနဲ့ပေါ့လေ။ အစိုးရ တစ်ဖွဲ့လုံးနဲ့ မတွေ့သေးတော့ ပြောဖို့ခက်ပါတယ်။ သမ္မတကြီးကိုယ်တိုင်ကတော့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို လိုလားနေတယ်လို့ အန်တီယုံကြည်ပါတယ်။

အန်တီ သမ္မတကြီးနဲ့ တွေ့ပြီးတဲ့အချိန်မှာ ပြည်ထောင်စုဝန်ကြီး လေးငါးယောက်နဲ့ တွေ့ပါတယ်။ ဒီပြည်ထောင်စု ဝန်ကြီးတွေနဲ့ အန်တီ ပေါ့ပေါ့ပါးပါး စကားပြောတော့ သူတို့က ရင်းရင်းနှီးနှီး ခင်ခင်မင်မင် တွေ့တာလား။ ဒါမှမဟုတ် အလုပ်သဘောအရ ဆက်ဆံတယ်လို့ ထင်ပါသလား။ အန်တီ ဘယ်လိုမြင်ပါသလဲ။

အန်တီအနေနဲ့ကတော့ ပြောရဆိုရတာကို ကျေနပ်ပါတယ်။ အန်တီအနေနဲ့ ဟန်ဆောင်ပြီး လုပ်တဲ့ အလေ့အကျင့် မရှိဘူး။ ဘယ်လိုပဲပြောပြော တာဝန်အရ လုပ်ရတယ် ဆိုရင်လည်း တာဝန်အရ လုပ်ရတဲ့ပုံနဲ့ပဲ ပြောမှာပဲ။ ဒါပေမယ့် ဗိုလ်ချုပ်သိန်းဌေးနဲ့ တခြားဝန်ကြီး သုံးဦးနဲ့ တွေ့ရတာ အန်တီ ကျေနပ်ပါတယ်။ အားလုံးက တကယ်ပဲ စိတ်ပါလက်ပါနဲ့ ခင်ခင်မင်မင် ရှိတယ်လို့ အန်တီ ယုံပါတယ်။

ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဘ ဦးအောင်ဆန်းရဲ့ မွေးရပ် နတ်မောက်မှာ ရထားလမ်း ဖောက်ထားပါတယ်။ အဲဒီဖွင့်ပွဲကျရင် အန်တီကို ဖိတ်ချင်ပါတယ်။ အန်တီလည်း လာခဲ့ပါလို့ ပြောခဲ့တယ်ဆိုတာ ဟုတ်ပါသလား။

ဟုတ်ပါတယ်။ အန်တီကလည်း ဖိတ်ရင်တော့ လာပါမယ်လို့ ပြောထားပါတယ်။

လက်ရှိနိုင်ငံရေးမှာ အဓိကပြသနာမှာ နံပါတ်တစ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးမှုက ချောမွေ့နေပါတယ်။ ဒါပေမယ့် အတားအဆီးတစ်ခုက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးလို့ ပြောနေပါတယ်။ အဲဒီကိစ္စကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးနေတာလည်း တွေ့ရပါတယ်။ အန်တီနဲ့ ယခုအစိုးရ ဆွေးနွေးတဲ့အခါမှာ အရင်အစိုးရနဲ့ မတူဘဲ အထူးပြုကိစ္စရပ်တွေကို ဆွေးနွေးနိုင်တယ်လို့ အန်တီ အရင်မေးခွန်းတွေမှာ ဖြေထားပါတယ်။ ဒါကြောင့် အန်တီတို့ ဆွေးနွေးတဲ့ အချိန်မှာ အစိုးရဘက်က နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးကို အာမခံခဲ့တာများ ရှိပါသလား။ ဒါမှမဟုတ် သမ္မတကြီး ကိုယ်တိုင်က နှုတ်အားဖြင့် အန်တီကို ပြောခဲ့တာများ ရှိပါသလား။

အန်တီအနေနဲ့ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ အခုထိ မပြောသေးဘူးလေ။ အခုလဲ ပြောမှာမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဆိုတာ တခြား နိုင်ငံရေးကိစ္စတွေနဲ့ ခွဲခြားမြင်လို့ မရဘူး။ အားလုံးက တစ်ခုကို တစ်ခု ဖေးမသွားမယ်လို့ မြင်တယ်။ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ခြင်း ဆိုတာ ပူးပေါင်း ဆောင်ရွက်မှုကို အထောက် အကူပြုသလို ပူးပေါင်းဆောင်ရွက်မှုကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို အထာက်အကူ ဖြစ်မယ်လို့ အန်တီ မြင်တယ်။ ဒါတွေက ခွဲခြားမြင်လို့ မရဘူး။ အားလုံး ဆက်နွယ်နေတယ်။ အန်တီတို့ ဦးတည်တာက အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးနဲ့ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ အဆောက်အအုံတွေကို အမြစ်တွယ်အောင် လုပ်ရေးလေ။ အဲဒါနဲ့ ပက်သက်ရင် လိုတာတွေက အများကြီးပဲ။ အားလုံးက ဆက်နွယ်နေတယ်။ ဒီတစ်ခု၊ ဒီတစ်ခုဆိုပြီးတော့ တစ်ခုနဲ့တစ်ခုကို မတူသလို ကိုင်တွယ်လို့ မရပါဘူး။

အန်တီရဲ့ ကိုယ်ပိုင်ယူဆချက်ပေါ့။ မကြာမီ အချိန်တွင်းမှာ အများပြည်သူတွေက လိုလားနေတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာရေးဟာ မဝေးတော့တဲ့ အနာဂတ်မှာ လွတ်မြောက်လာမယ့် အလား အလာကောင်းတွေ ရှိတယ်လို့ အန်တီမြင်ပါသလား။ လွတ်မြောက်လာမယ်လို့ကော အန်တီထင်ပါသလား။

နိုင်ငံရေး အကျဉ်းသားတွေက တစ်ချိန်တစ်ခါမှာ လွတ်မြောက်ရမှာပါ။ အရေးကြီးတာက အမြန်ဆုံး လွတ်မြောက်ဖို့ပေါ့။ အဲဒီကိစ္စနဲ့ ပက်သက်ရင် အားလုံးက ဖြစ်မြောက်ဖို့ ကြိုးစားရမယ်။ ကြိုးစားရသလောက် “ကံ ကံ၏အကျိုး” ကို ဖြစ်လာမှာပါ။ ဘယ်တော့ လွတ်မယ်၊ ဘယ်တော့မလွတ်ဘူး ဆိုတာကို အန်တီက ဗေဒင်တွက်သလိုမျိုးတွေ အန်တီ မလုပ်ချင်ဘူး။ ဒါက ခန့်မှန်းချေပဲ။ ခန့်မှန်းတယ် ဆိုတာထက် ဖြစ်မြောက်အောင်လို့ ကိုယ်က ဝီရိယစိုက်ဖို့ လိုပါတယ်။


ငြိမ်းချမ်းရေး ကိစ္စကို တော်တော်များများ ပြောနေကြပါတယ်။ လွှတ်တော်မှာ ဆွေးနွေးနေကြတာ ရှိသလို၊ ငြိမ်းချမ်းရေး ကော်မတီဖွဲ့ဖို့လည်း စီစဉ်နေပါတယ်။ လက်ရှိဖြစ်နေတဲ့ တိုင်းရင်းသားရေးရာ ကိစ္စနဲ့ တိုင်းရင်းသားများ အားလုံး တကယ်ကို ငြိမ်းချမ်းဖို့ကိစ္စမှာ အန်တီအနေနဲ့ ဘယ်လို ထင်မြင်ယူဆချက်များ ရှိပါသလဲ။

အန်တီတို့နိုင်ငံ လွတ်လပ်ကတည်းက တိုင်းရင်းသားတွေ အကြားမှာ စစ်မှန်တဲ့ ညီညွတ်မှုဆိုတာ မတည်ဆောက်နိုင်ခဲ့ဘူး။ ဒီကိစ္စက အန်တီတို့ တည်ဆောက်ရမယ့် ကိစ္စပဲ။ လွယ်လွယ်နဲ့တော့ ဖြစ်မှာမဟုတ်ဘူး။ အဓိက အရေး ကြီးတာက ယုံကြည်မှုပဲ။ တစ်ယောက်ပေါ် တစ်ယောက် ယုံကြည်မှုပဲ။ ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ပထမ လိုအပ်တာက ရိုးစင်းမှုပဲ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံတဲ့ နေရာမှာ ရိုးရိုးစင်းစင်း ဆက်ဆံရမယ်။ လုပ်ပေးနိုင်ရင် လုပ်ပေးနိုင်မယ်။ မလုပ်ပေးနိုင်ရင် မလုပ်ပေးနိုင်ဘူး ဆိုပြီး အမြင်ချင်း ဖလှယ်ရမယ်။ ဒီလို မလုပ်ပေးနိုင်ရင် ဟိုလိုကော လုပ်ပေးနိုင်မလား ဆိုတာ ဖြစ်လာမယ်။ တွေ့ဆုံ ဆွေးနွေးတယ်ဆိုတဲ့ နေရာမှာလည်း နှစ်ဖက်တည်း ဖြစ်ဖြစ်၊ သုံးလေးဖွဲ့ဆိုလည်း သုံးလေးဖွဲ့ဖြစ်ဖြစ် ကိုယ်လိုချင်တာကိုပဲ အရမ်းဆုပ်ကိုင်ပြီး မလျော့တမ်းဆိုတာ ဖြစ်လို့မရဘူး။ သို့ပေမယ့် တရားမျှတမှုတွေကို အခြေခံတဲ့ တောင်းဆိုချက်တွေကို ဖြစ်မြောက်အောင် လုပ်ပေးဖို့က အားလုံးမှာ တာဝန်ရှိတယ်။ ဒီလိုတရားမျှတတဲ့ တကယ်လိုအပ်တဲ့ အချက်တွေကို ဖြည့်ဆည်းပေးဖို့ အားလုံးက စိတ်စေတနာ ရှိတယ်ဆိုရင်တော့ အဲဒီအပေါ်မှာ အခြေခံပြီး တိုးတက်မှာပဲ။ လူမျိုးစုတွေ၊ တိုင်းရင်းသားတွေ၊ လူအစုအဖွဲ့တွေ မပြောနဲ့ လူတစ်ယောက်ချင်း နှစ်ယောက်ချင်း ကြားမှာတောင် တကယ့် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရဖို့ ခင်မင်မှုရဖို့ အချိန်လိုတယ်။ အချိန်လည်း ကြာတယ်။ နောက်တစ်ခုက မပြောဖြစ်လို့ ပြောရမယ်။ အန်တီတို့နိုင်ငံက အချိန်သိပ်ဆွဲလို့ မရဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အချိန်ဆွဲလို့ရှိရင် အန်တီတို့နိုင်ငံရဲ့ ဒဏ်ရာတွေက ပိုကြီးလာမယ်။

အန်တီကိုယ်တိုင် နိုင်ငံတော် သမ္မတကြီး အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေကို အိတ်ဖွင့် ပေးစာ ပေးတာကို ကျွန်တော်တို့ ဖတ်ရပါတယ်။ အန်တီကိုယ်တိုင်က ဒီကိစ္စမှာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။ အန်တီကိုယ်တိုင်က ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်မယ်လို့ ထင်ပါသလဲ။ အဲဒီလို ပါဝင်ဆောင်ရွက်ဖို့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာရော နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာရော အဲဒီကိစ္စက ပြောဆိုဆွေးနွေးတဲ့ အချက်တွေထဲမှာ ပါပါသလား။

ဘာတွေ ပြောဆိုဆွေးနွေးတယ် ဆိုတာ လုံးဝပြောလို့မရပါဘူး။ ဒါပေမယ့် အန်တီပြောနိုင်တာက ဘယ်လို အခန်းကဏ္ဍတွေကနေ ပါဝင်နိုင်တယ်။ ဘယ်လို ပါဝင်စေချင်တယ် ဆိုတာက ကာယကံရှင်ဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့အစည်း တွေကရော နိုင်ငံတော် အစိုးရက ဆုံးဖြတ်ရမှာပါ။ အန်တီကနေပြီး ဒီလိုလုပ်မယ် ဟိုလိုလုပ်မယ်ဆိုပြီး သွားပြောလို့ မရဘူးလေ။ ကူညီနိုင်မယ်ဆိုရင် ကူညီပါမယ်။ ဘယ်လို အခန်းကဏ္ဍကနေ ကူညီနိုင်စေချင်လဲဆိုတာ အန်တီ ကမ်းလှမ်းထားပြီးပါပြီ။ ဒီကိစ္စကို ကာယကံရှင်တွေက ဆုံးဖြတ်ရမှာပါ။

ကျွန်တော်တို့ ပြည်သူတွေအားလုံး စိတ်ဝင်စားနေတဲ့ ကိစ္စတစ်ခုက နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြချက်တစ်ခုမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ မေးခွန်းတွေ ပြန်လည် ဖြေကြားတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ တရားဝင်ပါတီတို့သည် အနာဂတ် မြန်မာ နိုင်ငံရေးမှာ ပူးပေါင်း ဆောင်ရွက်မည်ဆိုတာ ပါပါတယ်။ တစ်ဖက်မှာလည်း အစိုးရက အယ်ဒီဟာ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအရ ပယ်ဖျက်ပြီး ဖြစ်တယ်လို့ ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ တရားဝင်ပါတီဆိုတာကို သုံးနှုန်းထားတာတဲ့ အတွက် အဲဒါကို ကျွန်တော်တို့ သတင်းသမားတွေက အန်တီတို့ တွေ့ဆုံဆွေးနွေးမှုရဲ့ ရလဒ်တစ်ခုလို့ မြင်ပါတယ်။ ဒါဟာ အဓိပ္ပါယ်ရှိရှိ သုံးနှုန်းထားတဲ့ အသုံးအနှုန်းပါလား။ အဲဒီ နောက်ကွက်က အဓိပ္ပါယ်တွေကို အန်တီ့အနေနဲ့ ကျွန်တော်တို့ကို ဘယ်လောက်များ ပြောကြားနိုင်ပါမလဲ။

အန်တီတို့က ဒီမိုကရက်တစ် အင်အားစုဆိုတော့ ဒီမိုကရေစီရဲ့ လုပ်ထုံးလုပ်နည်းအရ တစ်ဖက်ရဲ့ သဘောထားကို လေးစားရပါမယ်။ ကိုယ်လိုချင်တဲ့ ထင်မြင်ချက်နဲ့ သူကတော့ ဒီလိုဆိုလိုတယ်။ ဟိုလိုဆိုလိုတယ်ဆိုတာကို ပြောပိုင်ခွင့် မရှိဘူး။ ကောင်းတာကတော့ ဦးအောင်ကြည်ကို သွားမေးတာ အကောင်းဆုံးပါ။

မကြာခင်က မြန်မာနိုင်ငံကို လာသွားတဲ့ ဥရောပသမဂ္ဂရဲ့ သံတမန်ရော အမေရိကန်ရဲ့ အထူးကိုယ်စားလှယ်ကော မြန်မာအစိုးရက ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီး တကယ်ကို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ တွေ့တယ်လို့ ပြောပါတယ်။ ဒီကိစ္စတွေကို အရင်အစိုးရက ကိုင်တွယ်ခဲ့ပေမယ့် အောင်မြင်ခဲ့တာ မတွေ့ရဘူး။ အခုဖြစ်တဲ့ “ဝ” ကိစ္စတွေဆိုရင် အရင်တောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ်ကိစ္စကို လျော့ပြီး ဆောင်ရွက်နေတာ တွေ့ရတဲ့အတွက် လက်ရှိအစိုးရရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာဟာ ပြောင်းလဲလာတယ်လို့ အန်တီမြင်ပါသလား။ အောင်မြင်လာမယ်လို့ အန်တီ မျှော်လင့်ပါသလား။

အန်တီအနေနဲ့ကတော့ ပြောင်းလဲရမယ်လို့ မြင်ပါတယ်။ အရင်တုန်းက လုပ်ပုံလုပ်နည်းဟာ အောင်မြင် ခဲ့မယ်ဆိုရင် ဒီအခြေအနေမှာ ဆက်လုပ်နေဖို့ မလိုဘူး။ အရင်တုန်းက လုပ်ပုံလုပ်နည်း မအောင်မြင်ခဲ့လို့ အခု ဆက်လုပ် နေရတာပေါ့။ အရင်တုန်းက လုပ်ပုံလုပ်နည်းက မအောင်မြင်ဘူးဆိုရင် နည်းလမ်းပြောင်းတာ သဘာဝကျပါတယ်။ နည်းလမ်း ပြောင်းသုံးတဲ့အခါ အောင်မြင်လား မအောင်မြင်လား ဆိုတာ အဖြေက ချက်ချင်းပေါ်မှာ မဟုတ်ဘူး။ စောင့်ကြည့်ရမှာပေ့ါ။ အန်တီအမြင်ကတော့ ဒီတစ်နည်းနဲ့ မအောင်မြင်ရင် နောက်တစ်နည်း ပြောင်းသုံးရမှာပေါ့။ အဘက်ဘက်ကတော့ အပေးအယူ စိတ်ဓာတ် ရှိရမှာပေါ့။ အပေးအယူ စိတ်ဓာတ်ဆိုတာ ကိုယ်လိုချင်တာ ၁၀ဝ ရာခိုင်နှုန်း ဆိုတာ ရမှဆိုတဲ့ စိတ်နဲ့မရဘူး။ အဘက်ဘက်က ညှိယူရမယ်။ တစ်ခါတစ်လေကျတော့ တစ်ဖက်က အဝါလိုချင်တယ်။ တစ်ဖက်က အပြာလိုချင်တယ်။ နောက်ဆုံး ကျတော့ နှစ်ဖက်စလုံးက ခရမ်းရောင်ပဲ ကြိုက်ပါတယ် ဆိုတာလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါမျိုးဆိုတာ ညှိနှိုုင်းယူမှ ဖြစ်မှာ။ ညှိနှိုုင်းတယ်ဆိုတဲ့ နေရာမှာ အရေးကြီးဆုံးက ယုံကြည်မှုပဲ။ တစ်ဖက်ကို တစ်ဖက် မယုံကြည်ဘူးဆိုရင် ညှိနှိုင်းတယ်ဆိုတာ အင်မတန် ခက်ခဲပါတယ်။ နှစ်ဖက်စလုံးက ယုံကြည်နိုင်တဲ့ ပုံစံနဲ့ ဆွေးနွေး ညှိနှိုုင်းတယ်ဆိုရင် အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်။

ဒီမေးခွန်းကလည်း အားလုံးသိချင်တဲ့ မေးခွန်းပါပဲ။ မကြာခင်မှာ ကြားဖြတ် ရွေးကောက်ပွဲလည်း ရှိပါတယ်။ နောက်ငါးနှစ်မှာလည်း ရွေးကောက်ပွဲ ရှိတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာထက် တရားဝင် ပါတီအဖြစ်နဲ့ အနာဂတ်မှာ ရပ်တည်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်ထားတာ စဉ်းစားထားတာရှိလား သိချင်ပါတယ်။

အန်တီတို့ပါတီကို စပြီး ထူထောင်ကတည်းက တရားဝင် နိုင်ငံရေး ပါတီတစ်ခုအနေနဲ့ လှုပ်ရှားချင်လို့ ထူထောင်ထားတာပါ။ ဒါက ဒီမိုကရေစီရဲ့ လိုအပ်ချက်တစ်ခုပါ။ အခုခေတ် ဒီမိုကရေစီမှာ နိုင်ငံရေးပါတီ မရှိလို့မဖြစ်ဘူး။ တချို့က ပါတီနိုင်ငံရေးကို ရှုံ့ချတာတွေ ရှိတယ်။ အခုခေတ်မှာ ပါတီနိုင်ငံရေးပဲ ရှိတယ်။ ခေါမခေတ်ကလို အားလုံး တစ်နေရာမှာစုဆိုပြီး ဒီမိုကရေစီ အစိုးရပုံစံနဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ အခုခေတ် ဒီမိုကရေစီဆိုတာ ပါတီပေါ်မှာ အခြေခံတယ်။ ဒါကြောင့် အန်တီတို့ပါတီကို တရားဝင်ပါတီ ထူထောင်ခဲ့တယ်။ အန်တီတို့လည်း ၁၉၉ဝ ခုနှစ်တုန်းက ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ ဒီမိုကရေစီ ဆိုတာ ရွေးကောက်ပွဲ ရှိတိုင်းလည်း ဒီမိုကရေစီ မဟုတ်ဘူး။ ရွေးကောက်ပွဲရှိမှ ဒီမိုကရေစီ မဟုတ်ဘူး။ သို့သော်ငြားလည်း ဒီမိုကရေစီရဲ့ လိုအပ်ချက်တစ်ခုက ဒီမိုကရေစီဆန်တဲ့ ရွေးကောက်ပွဲ တစ်ခုကို ဦးတည်တယ်။ အန်တီတို့ အနေနဲ့ တရားဝင်နိုင်ငံရေး အဖွဲ့အစည်းအဖြစ်နဲ့ ရပ်တည်ရေးဆိုတာလည်း အယုံအကြည် ရှိတယ်။ ဒီလို တရားဝင် နိုင်ငံရေး အဖွဲ့အစည်းတစ်ခု အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရေးဆိုတာလည်း အယုံအကြည် ရှိတယ်။ ဒါပေမယ့်လည်း အခြေအနေတွေအရ စည်းမျဉ်းစည်းကမ်းတွေအရ ဘယ်အချိန်မှာ လုပ်သင့် မလုပ်သင့်ဆိုတာ ချင့်ချိန်ရပါမယ်။ ဒါကြောင့် ၂၀၁ဝ တုန်းက ပါတီကို အန်တီတို့ မှတ်ပုံမတင်ခဲ့တာပါ။

အန်တီအဖြေနဲ့ ဆက်စပ်ပြီး ကျွန်တော် မေးချင်တာက အဲဒီအတွက် အလားအလာကောင်းတွေ ရှိပါသလား။

အလားအလာကောင်းတွေ ဖြစ်အောင် လုပ်ယူရပါမယ်။ ရှိတယ်မရှိဘူးဆိုတာ ပြောဖို့ အချိန် စောပါ သေးတယ်။ အစကတည်းက ဒီလို ရည်ရွယ်ချက် ရှိတဲ့အတွက် အဖွဲ့ချုပ်ကို မပျက်မစီး မပြိုကွဲအောင် ထိန်းသိမ်းခဲ့တာပါ။ ပြည်သူလူထု ထောက်ခံတဲ့ အဖွဲ့အစည်းတစ်ခုဟာ တစ်ချိန်မဟုတ်တစ်ချိန် တရားဝင် အဖွဲ့အစည်း ဖြစ်ကိုဖြစ်သင့်တယ်လို့ အန်တီတို့ ယုံကြည်ပါတယ်။

အန်တီတို့ အခုသွားနေတဲ့ တွေ့ဆုံ ဆွေးနွေးမှုသည် တိုင်မ်းဖရိန် တစ်ခုနဲ့ သွားနေတယ်လို့ ကြားရပါတယ်။ ဒါကြောင့် အန်တီတို့ သွားနေတဲ့ လုပ်ငန်းစဉ်သည် အချိန် သတ်မှတ်ချက် တစ်ခု ဆိုတာမျိုးနဲ့ သွားနေတာ ဟုတ်ပါသလား။ အချိန် သတ်မှတ် ထားတာများ ရှိလားဆိုတာ သိချင်ပါတယ်။ အနည်းဆုံးတော့ လူကြီးလူကောင်း သဘော တူညီချက်များ ရှိထားပါသလား။

ဒီကိစ္စတွေဟာ ရေရှည်အချိန်ဆွဲလို့ ရတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ နှစ်ဖက်စလုံးက နားလည်ပါတယ်။ (အခု) ဆိုတဲ့အဖြေကို ကျေနပ်ပါတော့လို့ ပြောချင်ပါတယ်။

ယနေ့လူငယ်တွေက စံပြမိုဒယ်လ် ပျောက်နေပါတယ်။ ဒါပေမယ့် အန်တီအပေါ်မှာ လေးစား ကြည်ညိုတဲ့စိတ် ရှိတယ်ဆိုတာ တွေ့ရပါတယ်။ မကြာမီ ကျင်းပမယ့် ဒီမိုကရေစီနေ့ရဲ့ အနှစ်သာရ တစ်ခုက လူငယ်တွေကို နိုင်ငံရေးမှာ စိတ်ဝင်စားဖို့ ပါဝင်ဆောင်ရွက်ဖို့ ဆိုတာ ကျွန်တော် သိရပါတယ်။ ယနေ့ လူငယ်တွေ အပေါ်မှာ နိုင်ငံရေးနဲ့ ပက်သက်ပြီး အန်တီရဲ့ ခံယူချက်၊ အမြင်၊ တိုက်တွန်း ပြောချင်တာလေးကို ပြောပေး စေချင်ပါတယ်။

လူငယ်တွေဟာ နိုင်ငံရေးဟာ သူတို့အနာဂတ်နဲ့ ဆိုင်တယ်ဆိုတာကို ပထမဆုံး မြင်ဖို့လိုတယ်။ နိုင်ငံရေးဆိုတာ စတိုင်မဟုတ်ဘူး။ နိုင်ငံရေးလုပ်တာ ခေတ်အောက်တယ်လို့ မြင်နေတယ်။ ဒါတွေဟာ အင်မတန်မှ မှားတယ်။ ဒီနိုင်ငံရေးဟာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လူတိုင်း၊ လူတိုင်းရဲ့ အနာဂတ်နဲ့ ဆိုင်တယ်။ အနာဂတ် အရှည်ကြီးရှိတာ လူငယ်တွေ၊ လူကြီးတွေက သိပ်ကြာကြာ နေရမှာ မဟုတ်တော့ဘူး။ ရှေ့အနာဂတ်ဟာ သိပ်မများတော့ဘူး။ လူငယ်တွေဟာ သူတို့ရဲ့ အနာဂတ်ကို ကိုယ်လိုချင်တဲ့ပုံစံနဲ့ ကိုယ့်ဘဝကို မတည်ဆောက်ချင်ဘူးလား။ အန်တီကတော့ လူငယ်တွေ နိုင်ငံရေးကို စိတ်မပါဘူးဆိုရင် ဒီလိုပဲ မေးချင်တယ်။ ကိုယ့်အနာဂတ်ကို မဆုံးဖြတ်ချင်ဘူးလား။ ကိုယ့်ဘဝက ဘယ်လိုပုံစံ ဖြစ်မယ်ဆိုတာကို ကိုယ့်ဘာသာကိုယ် မလုပ်ယူချင်ဘူးလား။ အဲဒါတွေ လုပ်ယူချင်တယ်ဆိုရင် နိုင်ငံရေးမှာ စိတ်ပါရမယ်။ အထူးသဖြင့် ဒီလိုအချိန်မှာ စိတ်ပါရမယ်။ အန်တီတို့ မိတ်ဆွေတစ်ယောက် ပြောသလိုပေါ့။ မိသားစုတစ်စုက ဆင်းရဲနေရင် အားလုံး ရုံးကန်ရမယ်။ အလုပ် လုပ်ရမယ်။ ချမ်းသာတဲ့ မိသားစုဆိုရင် အဖေ အမေက လုံလုံလောက်လောက် ဖြစ်အောင် ပိုက်ဆံရှာပေးထားတော့ သားတွေ သမီးတွေက ကျောင်းသွားမယ်။ အေးအေးဆေးဆေး သူတို့လုပ်ချင်တာ လုပ်မယ်။ ချို့တဲ သူ မိသားစုဆိုရင် ကျောင်းက ပြန်လာတာနဲ့ ကပျာကယာ ဟိုဟာလေး ဒီဟာလေး လုပ်ရမယ် ပိုက်ဆံရမယ့် အလုပ်လေးတွေ ဝိုင်းလုပ်ရမယ်။ အဲလိုပဲ အန်တီတို့ နိုင်ငံက ဆင်းရဲတဲ့ မိသားစုတစ်ခုရဲ့ အခြေအနေမှာ ရှိတယ်။ ဒီအခြေအနေမှာ အားလုံးဝိုင်းလုပ်မှ ချမ်းသာတဲ့ အခြေအနေ ရောက်သွားရင် လူငယ်တွေလည်း နည်းနည်းပိုပြီး အေးအေးဆေးဆေး နေနိုင်မယ်။ အားကစားတို့၊ အနုပညာတို့ လိုက်စားနိုင်မယ်။ ဒါပေမယ့် အဲလို အခြေအနေ ရောက်ရင်လည်း နိုင်ငံရေးကို စိတ်ဝင်စားတဲ့စိတ် ရှိရမယ်။ အသိစိတ်လည်း ရှိရမယ်။ ပြည်သူတွေ နိုင်ငံရေးအသိစိတ် ရှိသလောက်ပဲ တိုင်းပြည်တစ်ပြည်ဟာ တိုးတက်မယ်။

ဆင်းရဲတဲ့ နိုင်ငံကနေ ချမ်းသာတဲ့ နိုင်ငံအဖြစ် ပြောင်းမယ်ဆိုရင် ပညာက အရေးကြီးတာ၊ အခြေခံကျတာ တွေ့ရပါတယ်။ လူငယ်အချို့ဟာ ပညာရေးအပေါ် အမြင်ပျောက်နေတဲ့အပြင် စမ်းတဝါးဝါးနဲ့ သွားနေတာလေး ရှိပါတယ်။ အဲဒီအတွက် လူငယ်တွေ ပညာအပေါ် ထားသင့်တဲ့ အန်တီရဲ့ သဘောထားအမြင်ကို ပြောပေးပါ။

အန်တီအမြင်အရ ပညာဆိုတာ တရားအရဆိုရင် ယောနိသောမနသိကာရပေါ့။ အခြေအနေ တစ်ခုခုကို မှန်မှန်ကန်ကန် သုံးသပ်ခြင်း လောကီစကား၊ ခေတ်စကားအရ ပြောရမယ်ဆိုရင် ပညာအရာဟာ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ့် အရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးတာ။ ဒါတကယ့်ပညာ။ အဲဒီအထဲမှာ ကျောင်းပညာ ပါတယ်။ ကျောင်းပညာကို ဖယ်ထားလို့ မရဘူး။ အရေးကြီးတယ်။ ကျောင်းပညာတွေက ဘဝမှာ ပေါ်လာမယ့် အခက်အခဲတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်တဲ့ နေရာမှာ အထောက်အကူ ပြုတယ်။ ဒါဘယ်လိုမှ ငြင်းလို့မရဘူး။ ဒါပေမယ့် ကျောင်းပြင် ပညာဆိုတာ ရှိတယ်။ ပညာဆိုတာ နှစ်မျိုး ရှာသွားရမှာ။ ကျောင်းက သင်ပေးလိုက်တဲ့ ပညာနဲ့ ကိုယ့်ဘာသာကိုယ် ဆည်းပူးရှာဖွေလိုက်တဲ့ ဗဟုသုတ။ အန်တီတို့နိုင်ငံမှာ ကျောင်းကပေးတဲ့ ပညာက နိမ့်တယ်။ ဒါက အမှန်အတိုင်း ရိုးရိုးပြောတာ။ မလုံလောက်ဘူး။ ဒါကြောင့် လူငယ်တွေက စောစောကပြောတဲ့ ဆင်းရဲတဲ့ မိသားစုအတိုင်း ကိုယ့်ကိုကိုယ် ဖြည့်ဆည်းဖို့ ပိုရုန်းကန်ရမယ်။ အခုခေတ် လူငယ်တွေက အန်တီတို့ ပညာရေးစနစ်ကို ပိုပြီးတော့ ခိုင်မာအောင် မလုပ်ပေးနိုင်သေးသမျှ လူငယ်တွေက ကျောင်းပြင်ပမှာ ပညာရှာရမယ်။ နည်းအမျိုးမျိုးနဲ့ ကိုယ့်ကိုကိုယ် အရည်အချင်း ပြည့်အောင်လုပ်ရမယ်။ ဒီအရည်အချင်းက ဘာလဲဆိုတော့ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့။

ဒီအခြေအနေက အရေးကြီးတဲ့ အချိန်လို့ အန်တီ ပြောတဲ့အတွက် အန်တီကို ချစ်တဲ့ ပြည်သူတွေကို ဘယ်လိုနေရမလဲ။ ဘာလုပ်ရမလဲဆိုတာကို စကားလက်ဆောင်လေး ပါးပေးစေချင်ပါတယ်။

ဘာမဆို စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်နဲ့ ချဉ်းကပ်ပါ။ နိုင်ငံရေး ဖြစ်ပေါ်မှုတွေကို ခပ်ပေါ့ပေါ့ မမြင်ပါနဲ့။ အပေါ်ယံကိုပဲ မကြည့်ပါနဲ့။ သေသေချာချာ စဉ်းစားပါ။ ဆန္ဒစွဲတွေ ပုဂ္ဂိုလ်စွဲတွေ ဝါဒစွဲတွေ မထားပါနဲ့။ နောက်တစ်ခုက မြန်မာတွေကလေ ညီကိုမညီညွတ်ချင်ဘူး။ တစ်ပြောင်းတစ်လွဲတော့ ညီညီညွတ်ညွတ်နဲ့ အားလုံးက စုစုဝေးဝေးနဲ့ ငါတို့နိုင်ငံ အောင်မြင်အောင် လုပ်မယ်ဆိုတဲ့စိတ်၊ သဘောထားကြီးတဲ့စိတ်ကို ထားစေချင်ပါတယ်။ သဘောထားကြီးကြီး၊ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်သွားမယ်ဆိုရင် မုချအောင်မြင်မှာပါ။ အန်တီကတော့ အစကတည်းက အောင်မြင်ရမယ်လို့ ယုံကြည်မှုရှိတယ်။ အန်တီတို့ လုပ်နေတဲ့ကိစ္စမှာ တိုင်းပြည်တစ်ခုလုံး ကောင်းဖို့အတွက်ဆိုတော့ အောင်မြင်မှု ရကိုရမယ်။ အားလုံးကဝိုင်းပြီး တက်ညီလက်ညီ လုပ်မယ်ဆိုရင်တော့ ပိုပြီးတော့ မြန်မှာပေ့ါ။ တက်ညီလက်ညီ ဆိုတဲ့အတိုင်း လှေထဲမှာ အားလုံးလှော်နေရင် မြန်မြန် ရောက်တာပေါ့။ နှစ်ယောက်၊ သုံးယောက်လောက်ပဲ လှော်ပြီး ကျန်တဲ့သူတွေက ရေသာခိုနေရင်တော့ ပင်ပန်းတာပေါ့။ တော်တော်နဲ့လည်း ရောက်မှာမဟုတ်ဘူး။ အခန့်မသင့်ရင်တော့ လှေမှောက်ပြီး ပြဿနာဖြစ်မှာပေါ့။

တနင်္ဂနွေနေ့က သီးလေးသီးအဖွဲ့ ပြန်လာတော့ သူတို့ဆီက ထိုင်းနိုင်ငံမှာရော မဲဆောက် ဘက်မှာရော ပြန်လာမယ့် မြန်မာတွေ ပြင်နေကြပါတယ်လို့ ကြားရ ပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း ဖိတ်ခေါ် ထားတယ်ဆိုတော့ အဲဒီအပေါ်မှာ အန်တီ ဘယ်လို မြင်ပါသလဲ။

ဒါကတော့ သူတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ။ ဆုံးဖြတ် ပိုင်ခွင့်လည်း ရှိပါတယ်။ ကမ်းလှမ်းချက်ကို ယုံကြည်လို့ လက်ခံတယ်ဆိုရင် သူတို့အနေနဲ့ ပြန်လာလို့ရပါတယ်။ အန်တီအနေနဲ့ ဘယ်သူ့ကို ပြန်လာရမယ်။ ဘယ်သူ့ကို ပြန်လာရမယ်လို့ မပြောပါဘူး။ လူတိုင်း လူတိုင်းမှာ ကိုယ့်ဆုံးဖြတ်ချက်အတွက် တာဝန်ယူချင်စိတ် ရှိရပါမယ်။ ကိုယ့်ဘဝအတွက် တာဝန်ယူစိတ် ရှိရပါမယ်။ တာဝန်သိစိတ်လည်း ရှိရပါမယ်။ ဟိုလူက ပြောလို့ပါ။ ဒီလူက ပြောလို့ပါဆိုရင် ဒါ အန်တီလက်မခံဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်တယ်ဆိုရင် ရလာတဲ့ အကျိုးဆက်ကို ကိုယ်ပဲ ရင်ဆိုင်ရမယ်။ ခံရမယ်။ တာဝန်ယူရမယ်။


အခုလို ဖြေကြားပေးတဲ့ အန်တီစုကို ရန်ကုန်မီဒီယာဂရု(ပ်)က ကျေးဇူးတင်ပါတယ်။

http://www.yatanarpon.com.mm/news/interview-36711

ဘယ်နေ့က interview လဲတော့ မသိပါဘူး။ yatanarpon site မှာ ဒီနေ့တွေ့လို့ မဖတ်ရသေးသူများရှိလျှင်ဖတ်ချင်မလား လို့တင်လိုက်တာပါ။ စည်းကမ်းနှင့်မညီလျှင်သော်လည်း ၊ ရှိပြီးသားဆိုလျှင်သော်၎င်း သူကြီး စည်းကမ်းအရ အရေးယူနိုင်ပါသည်။ စည်းကမ်းတွင် “ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။” သာတွေ့ရှိပြီး Yatanarpon မှာ ပြည်တွင်းဖြစ်သောကြောင့် စည်းကမ်းနှင့် မညိဟူထင်မြင်ယူဆမိကြောင်းပါ။

5 comments

  • small cat

    October 18, 2011 at 6:37 am

    အကြိုက်ဆုံးစကားလုံးတွေကတော့

    အဓိက အရေး ကြီးတာက ယုံကြည်မှုပဲ။ တစ်ယောက်ပေါ် တစ်ယောက် ယုံကြည်မှုပဲ။ ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ပထမ လိုအပ်တာက ရိုးစင်းမှုပဲ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံတဲ့ နေရာမှာ ရိုးရိုးစင်းစင်း ဆက်ဆံရမယ်။ လုပ်ပေးနိုင်ရင် လုပ်ပေးနိုင်မယ်။ မလုပ်ပေးနိုင်ရင် မလုပ်ပေးနိုင်ဘူး ဆိုပြီး အမြင်ချင်း ဖလှယ်ရမယ်။ ဒီလို မလုပ်ပေးနိုင်ရင် ဟိုလိုကော လုပ်ပေးနိုင်မလား ဆိုတာ ဖြစ်လာမယ်။

    နောက်တစ်ခုက မပြောဖြစ်လို့ ပြောရမယ်။ အန်တီတို့နိုင်ငံက အချိန်သိပ်ဆွဲလို့ မရဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အချိန်ဆွဲလို့ရှိရင် အန်တီတို့နိုင်ငံရဲ့ ဒဏ်ရာတွေက ပိုကြီးလာမယ်။

    လူငယ်တွေဟာ နိုင်ငံရေးဟာ သူတို့အနာဂတ်နဲ့ ဆိုင်တယ်ဆိုတာကို ပထမဆုံး မြင်ဖို့လိုတယ်။
    လူငယ်တွေဟာ သူတို့ရဲ့ အနာဂတ်ကို ကိုယ်လိုချင်တဲ့ပုံစံနဲ့ ကိုယ့်ဘဝကို မတည်ဆောက်ချင်ဘူးလား။ အန်တီကတော့ လူငယ်တွေ နိုင်ငံရေးကို စိတ်မပါဘူးဆိုရင် ဒီလိုပဲ မေးချင်တယ်။ ကိုယ့်အနာဂတ်ကို မဆုံးဖြတ်ချင်ဘူးလား။ ကိုယ့်ဘဝက ဘယ်လိုပုံစံ ဖြစ်မယ်ဆိုတာကို ကိုယ့်ဘာသာကိုယ် မလုပ်ယူချင်ဘူးလား။

    အန်တီတို့နိုင်ငံမှာ ကျောင်းကပေးတဲ့ ပညာက နိမ့်တယ်။ ဒါက အမှန်အတိုင်း ရိုးရိုးပြောတာ။ မလုံလောက်ဘူး။ ဒါကြောင့် လူငယ်တွေက စောစောကပြောတဲ့ ဆင်းရဲတဲ့ မိသားစုအတိုင်း ကိုယ့်ကိုကိုယ် ဖြည့်ဆည်းဖို့ ပိုရုန်းကန်ရမယ်။ အခုခေတ် လူငယ်တွေက အန်တီတို့ ပညာရေးစနစ်ကို ပိုပြီးတော့ ခိုင်မာအောင် မလုပ်ပေးနိုင်သေးသမျှ လူငယ်တွေက ကျောင်းပြင်ပမှာ ပညာရှာရမယ်။ နည်းအမျိုးမျိုးနဲ့ ကိုယ့်ကိုကိုယ် အရည်အချင်း ပြည့်အောင်လုပ်ရမယ်။ ဒီအရည်အချင်းက ဘာလဲဆိုတော့ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့။

  • yuki

    October 18, 2011 at 7:01 am

    ဘာလို ့အင်တာဗျုးတဲ့လူက
    “အဘ ဦးအောင်ဆန်းရဲ့ မွေးရပ် နတ်မောက်မှာ ”
    လို ့ ဗိုလ်ချုပ်အောင်ဆန်းကို အဘဦးအောင်ဆန်းလို ့
    သုံးသွားတာလဲ။

  • ကြောင်ကြီး

    October 18, 2011 at 7:38 am

    ဧရာဝတီအွန်လိုင်းမဂ္ဂဇင်း ဆောင်းပါးကဏ္ဍမှာ ဝါရှင်တန်သံမှူးကြီးဟောင်း စစ်ထောက်လှမ်းရေးဗိုလ်မှူး အောင်လင်းထဋ်ရေးတဲ့ မြန်မာတပ်မတော်အတွင်း နောက်ဆုံးအခြေအနေများ ဆောင်းပါးမှ ကောက်နုတ်ချက်ပါ။ အားလုံး စဉ်းစားဖို့နဲ့ သိရှိဖို့ ဝေငှပါတယ်။ ရူးချင်ယောင် ဆောင်မနေနဲ့လို့ ပြောပါရစေ…။ 🙄

    အတည်ပြုဆဲသတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တပ်မတော်မှ တရားဝင် အနားယူသေးခြင်း မရှိသေးပါ။ လက်ရှိအဆင့် ဗိုလ်ချုပ်မှူးကြီး ရာထူးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးရန် အစီစဉ်မရှိသေးကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်း၏ နေအိမ်ဝန်းအတွင်း ရုံးခန်းဖွင့်လှစ်ထားဆဲဖြစ်သည်။ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် နေဝင်း၊ အမျိုးသားထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ် စိုးရှိန်နှင့် ရုံးအဖွဲ့ ယခင်အတိုင်း ရှိနေပါသည်။ ပုံမှန် တနင်္လာမှ သောကြာနေ့ နံနက်တိုင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒု ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်းတို့သည် ပုံမှန် သတင်းပို့ လမ်းညွှန်ချက် ခံယူရဆဲဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ ဦးတင်အောင်မြင်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကို သီးခြားခေါ်တွေ့လေ့ရှိပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ ဆင့်ခေါ်ပေးရသည်ဟု သိရပါသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကြံ့ဖွံ့ပါတီမှ ဦးအောင်သောင်းတို့သည် ယခင်အတိုင်း ဒေါ်ကြိုင်ကြိုင် လမ်းကြောင်းမှတဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဝင်ထွက်ခွင့်ရှိနေဆဲဟု ဆိုပါသည်။

  • htoosan

    October 18, 2011 at 11:29 am

    အတည်ပြုဆဲ သတင်း ၊ ယုံကြည် ရသော ရပ်ကွက်မှလာသော သတင်း၊ အတည် မပြုနိုင်သေးသော သတင်း စသည်တို့ဖြင့် လည်း ရှုပ်ထွေးအောင် မလုပ်သင့် ဟုထင် ပါသည်။:roll:

    • vedamaungmaung

      October 18, 2011 at 3:40 pm

      သတင်းပေးတာမှန်ကန်ရင် လူသားအားလုံးအတွက်ငြိမ်းချမ်းမှုဖြစ်စေသလို မမှန်ရင်လူသား အကျိုးပြုလုပ်ငန်းပျက်
      စီးစေပါတယ် ဒါကိုအထူးအလေးပေးဆောင်ရွက်တာဟာငြိမ်းချမ်းရေးလုပ်တာပါပဲ

Leave a Reply