ငယ်ငယ်တုန်းကစားတဲ့ဆန်… ဆန်ကွဲတွေပါတဲ့ ဝန်ထမ်းဆန်

စဆရ ႀကီးOctober 18, 20111min787

ငယ်စဉ်ကာလ ဖြတ်သန်းခဲ့ပုံများကား အတော်လေးပင် မချောမွေ့လှဟု မိမိကိုယ်မိမိ ထင်မိသည်။ ပြင်ပတွင်နေထိုင်သူများ စားလှသည့် ကြမ်းလှပါသည်၊ ညံ့လှပါသည်ဆိုသောဆန်မှာ ဝန်ထမ်းများအား ပေးဝေသောဆန်နှင့်ယှဉ်လိုက်လျင် အလတ်ကြီးရှိနေသေးသည်ကို ဝန်ထမ်းဆန် စားဖူးသူများသာ သိရှိနိုင်ကြမည်ဖြစ်သည်။ ငယ်စဉ်တောင်ကြေး ကလေးဘဝက စားခဲ့သောဆန်များအကြောင်းကို ယခုအချိန် ဆန်မစားတော့သောအခါမှ များစွာ အမှတ်ရခြင်းဖြစ်လေတော့သည်။ မြန်မာပြည်ပြန်ရောက်သောအခါ ဖိတ်ခေါ်ကျွေးမွေးသော ထမင်းဝိုင်းများတွင် စားရသည့် ဆန်ချော၊ ဆန်သန့်များကို စားသုံးရသည့်အခါတွင်မတော့ ကျင့်သားရနေသည့်လျှာက အရသာထူးလှသည်မရှိဘဲ ဝမ်းတင်းတိမ်ခြင်းငှာလည်း မဖြည့်စွမ်းနိုင်သည့်အတွက် ဆင်းရဲသားဇာတာပါသည်ဟု ပြောကြသည့်အတိုင်း ဆန်ကြမ်းများကို စားမှသာ တင်းတိမ်ခြင်းဖြစ်တော့သည်။ ယခုနောက်ပိုင်းတွင်တော့ ဝန်ထမ်းသက်သာဆန်များကို မပေးတော့သည်မှာ အတော်လေးကြာပြီဖြစ်သောကြောင့် မသိရှိသေးသူများ ဗဟုသုတအလို့ငှာလည်းကောင်း၊ အမှတ်တရ ဘဝအကြောင်း လွမ်းဆွတ်တမ်းတခြင်းအနေဖြင့်လည်းကောင်း ရေးသားခြင်းပြုလိုက်ရပါသည်။

အစိုးရဝန်ထမ်းသားသမီး တစ်ဦးဖြစ်သည့်အားလျော်စွာ မိဘများအား သားသမီးများကပါ ပါရမီဖြည့်ပေးနေရသကဲ့သို့ဖြစ်သည်။ တစ်ဆင့်မြင့်ရာထူးသို့ရောက်ရှိလာခဲ့သည့် ဖခင်ဖြစ်သူမှာ လစာဖြစ်လောက်အောင် မတိုးသော်လည်းတက်လိုက်ရသည့် သင်တန်းပေါင်းစုံမှာ တစ်နှစ်လုံးတွင်မှ အိမ်သို့ကပ်ရသည်မရှိတော့ပဲ သင်တန်းတွင် သွားရောက်တက်နေရခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်သာ များတော့သည်။ သင်တန်းစရိတ်ကို ထိုစဉ်က ထုတ်ပေးသည်မှာ တစ်ပါတ်စာ အသုံးစရိတ်ပင်မရှိသည့် ငွေကြေးပမာဏသာဖြစ်သည့်အတွက် ဖခင်မှာ လစာကိုယူသွားရလေသည်။ ယူသွားသည်ဆိုသည်မှာ လစာကို သင်တန်းတွင် ထုတ်ယူသုံးစွဲခြင်းဖြစ်သည်။ ရိက္ခာပါ အများအားဖြင့် တွဲသွားရသည့်အတွက် အိမ်တွင်ကျန်ရစ်ခဲ့သည့် မိသားစုဝင်များမှာ သက်သာဆိုင်မှ ခွဲတမ်းချဝေပေးသည့် လူကြီးရှစ်ပြည်၊ ကလေးခြောက်ပြည်သော ဆန်ကိုသာ အားထား စားရတော့သည်။ ဝန်ထမ်းအိမ်ယာတွင် နေထိုင်သည့်အတွက်သာ တော်သေးတော့သည်။ ပြင်ပတွင် အိမ်ငှားရမ်းနေထိုင်လျင်တော့မူကား မတွေးရဲစရာပင်ဖြစ်တော့မည်ဖြစ်သည်။

လစဉ်ခွဲတမ်းအရ မိသားစုဝင် ၄ဦး (လူကြီးတစ်ဦး၊ ကလေး သုံးဦး) ဖြစ်သည့်အတွက် လစဉ် ဆန်တစ်အိတ်နှင့် ၂ပြည် ပုံမှန်ထုတ်ယူခြင်းပြုရသည်။ မထုတ်ယူခင် သက်သာဆိုင်စာအုပ်တင်၊ အလှည့်ကျသည်ကို စောင့်နေရသည်မှာ ဆူညံပွက်လောရိုက်လျက်ဖြစ်သည်။ ဆန်ပွဲစား ရဲမေများမှာလည်း ထိုရက်ပိုင်းတွင် သက်သာဆိုင်ရှေ့တွင် ဆန်အိတ်များ ပုံကာ လာထုတ်ကြသူများထံမှလည်းကောင်း၊ ဆန်ကြိုရောင်းထားသူများ၏ ဆန်များကို ထုတ်ယူရန်အတွက်လည်းကောင်း၊ အကြွေးတောင်းရန်ရှိသူများကို စောင့်စားနေခြင်းဖြင့်လည်းကောင်း ပွဲတော်ကြီးပမာဖြစ်တော့သည်။ ဆန်ထုတ်ပေးသည်မှာ စာအုပ်ထပ်ထားသည့်အစဉ်အတို်င်းခေါ်သည်ကို တစ်ယောက်ခြင်းစီ ထုတ်ယူရခြင်းဖြစ်သည်။ ဆန်များကို စည်ပိုင်းပြတ်ကြီးတွင်ထည့်ထားပြီး သက်မှတ်ခွဲတမ်းအလိုက် အိတ်များအတွင်း ရေတွက်ထည့်ပေးခြင်းဖြစ်သည်။ မိမိအလှည့်တွင် ဖောက်ထည့်သည့်ဆန် ကောင်းပါစေကြောင်း တိုးတိုးတိတ်တိတ် ဆုတောင်းနေရတော့သည်။ တစ်လလုံး ဒီဆန်လေးကိုသာ အဓိက အားပြုစားရမည်မဟုတ်ပါလား။ အလှည့်ကျ ထုတ်ယူပြီးသည့်နောက် စက်ဘီးပေါ်တွင် ဆန်အိတ်ကိုတင်ကာ သက်သာဆိုင်မှ အိမ်သို့ပြန်ရာလမ်းတစ်လျှောက်တွင်မတော့ သူလို၊ ကိုယ်လို ဆန်ထုတ်ပြန်လာကြသူများနှင့် ဆန်ကောင်းမကောင်း စပ်စုကြသူများ၊ ဆန်ရောင်းချင်လျင် ဘယ်လောက်ဈေးပေးမည်ဟူသော ဆန်အရောင်းအဝယ် ရဲမေများဖြင့် စည်ကားလျက်ရှိတော့သည်။

အိမ်ပြန်ရောက်သည်နှင့် ဆန်အိတ်ကိုချ၊ နို့ဆီခွက်ဖြင့် ဆန်ဗန်းများတွင်ထည့်၊ ကျွန်တော်တို့ မောင်နှမနှစ်ယောက်မှာ စပါးလုံးကောက်ခြင်း၊ ခဲ(ဂဲ)၊ ကြွက်ချေး၊ ပိုးတွဲများ ရွေးချယ် ထုတ်နှုတ်ခြင်းအမှုကို ပြုရတော့သည်။ ဒီနေရာတွင် ပိုးတွဲဆိုသည်ကို ပြင်ပမှလူများ မြင်ဖူး၊ ကြားဖူးမည်မထင်ပါ။ ဆန်အိတ်များမှာ သိုလှောင်ထားသည်မှာ ကြာလှပြီဖြစ်သောကြောင့် ဆန်ပိုးများမှာ မိသားစုအသိုက်အမြုံများဖြင့် နေထိုင်ကြသဖြင့် ပင့်ကူမျှင်များအလား ဆန်စေ့များကို တွဲကပ်ထားခြင်းဖြစ်သည်။ ၂၆ ပြည်သောဆန်ကို ထိုအရာများ ဖယ်ရှားလိုက်လျင် တစ်ပြည်လျော့လျော့လေး အသာကလေးပင် လျှောကနဲ ပျောက်သွားမြဲပင်ဖြစ်သည်။ ထို့နောက်တွင်မတော့ မိခင်ဖြစ်သူမှ ဖွဲပြာခြင်း၊ ဆန်ကွဲခုတ်ခြင်းများကို မနားမနေလုပ်ရတော့သည်။ ဆန်နှင့်ဆန်ကွဲမှာ ခွဲခြားမရစကောင်းအောင်ပင်ဖြစ်သည်။ ၂၅ ပြည်ခန့်ကျန်သောဆန်ကို ဆန်ကွဲခုတ်ခြင်း၊ ဖွဲထုတ်ခြင်းများ ပြုလုပ်ပြီးလျင်တော့ ဆန်ကွဲ ၄ ပြည်ခန့် အသာလေးထွက်လာပြီဖြစ်သည့်အတွက် တစ်လစာကျန်ရှိသော ၂၁ ပြည်သောဆန်ကို ပီပါခွံအတွင်းထည့်၊ အဖုံးဖုံးပြီးသည့်နောက် တစ်လစာအရေး စိတ်အေးသွားရပြီဖြစ်သည်။ မရှိတန်ဆာ၊ ရှိဝမ်းစာဆိုသည်မှာ ရွှေထည်၊ လက်ဝတ်လက်စားများကိုသာ ပုံခိုင်းနှိုင်းသည်ထင်ကြပေမည်။ ဝန်ထမ်းများအတွက်မှာမူကား ဆန်သည်လည်း ဟင်းချက်စရာမရှိလျင် ထုတ်ရောင်းစရာ၊ ရှိနေလျင် ထမင်းချက်စားစရာ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာသာ ဖြစ်တော့သည်။ ပုံမှန်အားဖြင့် မိသားစုလေးယောက်စာ ဆန်၆လုံးခန့် ချက်ရသဖြင့် လောက်ငှသည်ဟုပင်ဆိုရမည်ဖြစ်သည်။ အဆာပြေအတွက်မူကား ထမင်းရေကို ဆားခတ်သောက်ရခြင်းဖြစ်သည်။ ဆန်ကွဲများကိုမူကား ကြိတ်ပြီး မုန့်လုပ်စားခြင်းဖြင့်လည်းကောင်း၊ ရောင်းချခြင်းဖြင့်လည်းကောင်း ဖန်တီးယူရသဖြင့် အလေအလွင့်တော့မရှိပေ။ အလကားထုတ်ပေးသည့်ဆန်ဖြစ်သောကြောင့် အရိုးများသည်၊ ချေးခါးသည်လည်း လုပ်လို့မရပေ။ ချက်သည့်အခါတွင်မတော့ အနံ့အသက်များပျောက်ရန်အလို့ငှာ ရေဖြင့် အကြိမ်ကြိမ်အဖန်ဖန်ဆေးသော်လည်း ဖြူဖွေးသန့်စင်သည့်ထမင်းတော့ ဖြစ်မလာပါ။ မတတ်နိုင်ပေ… ရွေးစရာလမ်းမရှိသည့်အတွက် ထိုဆန်များကိုသာအနှစ်နှစ်ဆယ်ခန့်စားသုံးရင်း ကျွန်တော်တို့မှာ လူလားမြောက်ခြင်း ဖြစ်ခဲ့ရတော့သည်။

ယခုအချိန်အခါများတွင်မတော့ ပြင်ပတွင် လိုသလို ဆန်မျိုးစုံကိုဝယ်စားနိုင်ပြီဖြစ်သော်လည်း ကျွန်တော်သည်ကား ထမင်းဝိုင်းတွင် ရနံ့သင်းသင်းဖြင့် ဖြူဖွေးသန့်စင်လှသော၊ နူးညံ့ရှည်လျားသော ဆန်များကို စားသုံးရသည့်အခါတိုင်း၊ ငယ်စဉ်က စားသုံးခဲ့ဖူးသည့် ဝန်ထမ်းဆန်များကို ပြန်အမှတ်ရ ပြောဆိုပြလျင်တော့မူ မည်သူကမျှ နားလည်ခြင်းမရှိကြတော့ပေ။ ထိုဆန်များကို ယခုခေတ်လူငယ်၊ လူရွယ်များ မှီရုံမျှပင် မမှီလိုက်ကြတော့ပြီ မဟုတ်ပါလား…။

ထို့ကြောင့် တစ်ချိန်က၊ ငယ်စဉ်က အပြောင်အပျက်အနေဖြင့် ရေရွတ်ခဲ့ဖူးသည့် သီချင်းလေးကိုသာ ခပ်တိုးတိုးရေရွတ်ရင်း ကြိတ်ပြုံး ပြုံးမိတော့သည်…

“ငယ်ငယ်တုန်းက စားတဲ့ဆန်~~ ဆန်ကွဲတွေပါတဲ့ ပိုးထိုးဆန်~~ ကျွန်တော်သတိရမိတာ ဝန်ထမ်းဆန်~”

(ဘဝတူများ ပြန်ပြောင်းအမှတ်ရစေလိုကြောင်း…)

7 comments

  • small cat

    October 18, 2011 at 5:46 am

    အဲဒီ တုန်းကထုတ်ပေးတဲ့ စပါးတွေ ကတော်တော်ကောင်းပါတယ်။ ဒါကိုမသမာတဲ့သူတွေက
    ဆန်စေ့တွေ ရောလွှတ်လိုက်တာပါ၊ တော်တော် အကျင့်မကောင်းတဲ့သူတွေ။

    ဝန်ထမ်းတွေ ဒန်ပေါက် စားစေချင်လို့ ထမင်းမဖြစ်ခင် ဆန်ဘဝကတည်းက အရောင်ဆိုးပေးထား
    တာကိုတော့ကျေးှဇူးတင်ရမှာပါ။

    အသက်ကြီးတဲ့သူနဲ့ ကလေးငယ်တွေကို ဦးစားပေးတဲ့အနေနဲ့ များများဝါးစရာမလိုအောင် ဆန်ကွဲတွေ
    ထုတ်ပေးတာလည်းစေတနာနဲ့ပါ။
    အကောင်းဘက် ကလှည့်တွေးတော့လည်းစိတ်ချမ်းသာစရာပါပဲဗျာ။

  • kyeemite

    October 18, 2011 at 9:31 am

    ကိုရှုံး ရေ..ဘဝတူဖြတ်သန်းခဲ့သူတွေပါဗျာ…
    မမေ့နိုင်စရာ..ခါးသီးမှု့တွေပေါ့..
    အခုကအရင်ထက်ပိုဆိုးတယ်ဗျ…
    အရင်တုံးက ဆန်မကောင်းပေမဲ့ ထမင်းနပ်မှန်သေးတယ်..ခုများတော့…

  • ကြောင်ကြီး

    October 18, 2011 at 9:33 am

    တရုတ်ဆူပါ မားကတ်မှာ ဗီယက်နမ် ဆန်ကွဲငါးပေါင်ထုပ်ကို လေး..ငါးဒေါ်လာလောက် ပေးဝယ်ရတယ်။ ဆန်ပြုတ် ပြုတ်သောက်တဲ့အခါ သုံးတယ်ပြောတယ်။

  • Diamond Key

    October 18, 2011 at 10:21 am

    ရှူံး….လူ ပြောလို့ သတိရမိတာ တစ်ခု ပြောရအုံးမယ်။
    စိန်သော့ ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အိမ်ဘေးအိမ်က အကိုကြီးက မန္တလေးမှာ ဝန်ထမ်းဆန်တွေ ကိုင်တဲ့ မြို့ဟောင်းဆန်ဂိုတောင်မှာ လုပ်တယ်။
    သူက အဲဒီက ဝင်ငွေနဲ့ အခြေအနေ တော်တော် ကောင်းတယ်။
    သူပြောပြဖူးတာက ဂိုတောင် ရောက်လာတဲ့ ဆန်အိတ်တွေကို ကောင်းမကောင်းတွေရွှေးထားပြီး အဆင့်တွေ ခွဲခြား သတ်မှတ်ပြီး ဖယ်ထားတယ် ဆိုပါတယ်။ အထူး ဦးစားပေး ဌာနကြီးတွေနဲ့ သူတို့နဲ့ ပါတနာ ကျရင်၊ ဂါရင် ဆန်ကောင်းရတယ်ဆိုပဲ။

  • etone

    October 18, 2011 at 1:57 pm

    အခုလေ … လူချမ်းသာတွေ ဆန်ကြမ်းစားကြတယ် … အဆီမတတ်အောင်တဲ့လေ … ။
    ဥစ္စာဓနပေါကြွယ်ဝတော့လည်း သေမှာ စိုးလို့ အစားသောက်ရှောင်ရတာနဲ့ …ပင်ပန်းလွန်းပါတယ် … ။

  • mihninlay

    October 18, 2011 at 4:21 pm

    ရှုံး…လူပြောသလိုပဲ…ဆန်ဝါဝါလေးတွေပိုးတွဲလေးတွေကိုအခုတောင်မျက်စိထဲပြန်မြင်ယောင်မိတယ်….ကျွန်တော်တို ့ငယ်တုန်းကလဲဝန်ထမ်းဆန်တွေစားခဲ့ရတယ်…၊၊ရေများနည်းနည်းလောက်စိုမိရင်ကပ်နေတတ်တယ်နော်

  • စုံ စုံ

    October 18, 2011 at 4:38 pm

    မိဘတွေကဝန်ထမ်းမဟုတ်လို့ငယ်ငယ်ကဝန်ထမ်းဆန်မစားခဲ့ရပေမယ့်
    ဆန်ကြမ်းတော့စားခဲ့ရဖူးတယ်
    ဆန်ဝယ်လာပြီဆို စပါးလုံးကောက်ရတယ် မပြာတတ်ပြာတတ်နဲ့ဆန်ကွဲပြာရတယ်
    နောက်ပိုင်းနဲနဲကြာလာတော့အဖေကဆန်ချောဝယ်ကျွေးရော
    အဲ့ဒိအခါကျတော့ပါးစပ်ကအကျင့်မရှိလို့မစားတတ်ဘူးလေ
    အခုကျတော့လဲဆန်ချောစားလာတာကြာတော့ဆန်ကြမ်းမစားတတ်တော့ပြန်ဘူး
    အဖေ့ကိုတောင်ပြောရတယ် အဖေရေဟင်းကောင်းကောင်းချက်မကျွေးရင်နေပါ
    ဆန်ကောင်းကောင်းလေးတော့ဝယ်ချက်ကျွေးပါဆိုပြီး
    မျက်စိအချင့် ဝမ်းအကျင့်ဆိုတာဒါကိုပြောတာဖြစ်မယ်
    အကျင့်လုပ်ထားရင်မရတော့ဘူး

Leave a Reply