ကြီးမားသောအချစ်များဖြင့်

ကြောင်လေးOctober 18, 20111min1557

ရွာထဲရှိ အပျိုများ အားလုံးကိုရည်ရွယ်ထားသောရည်းစားစာ

 

{အချစ်ရယ်  ဆင်မယဉ်သာလျှောက်သလို   လျှောက်လှမ်းလာတဲ့မင်းကို တွေ့လိုက်ရတဲ့အချိန်မှာ

ကိုယ့်ရင်တွေ အရမ်းခုန်နေပါပြီ။

ရင်ခုန်သံတွေနဲ့အတူ  ဆင်ခေါင်းခွေးမချီနိုင်  တဲ့ ကိုယ့်ဘဝကိုလည်းတွေးပြီးအားငယ်မိပါတယ်။

ကိုယ်တို့နှစ်ယောက်ရဲ့ဟိုတချိန် သူငယ်ချင်းဘဝတုန်းက ဆင်ပြောင်ကြီးသွားရာဆင်မယဉ်သာနောက်ကပါ

သလိုအမြဲပဲတတွဲတွဲသွားခဲ့ကြတာလေ။

လူတွေကတော့ ပြောကြတာပေါ့ အမြင်မတော် ဆင်တော်နဲ့ခလောက်  တဲ့။မနာလိုလို့ပြောတဲ့စကားတွေကို

ကိုယ်ဂရုမစိုက်ပါဘူး။ ကိုယ်ဂရုစိုက်တာမင်းတစ်ယောက်ထဲပါ။

ကိုယ့်ရဲ့ဖြည့်စီးပေးနိုင်မှုဟာမင်းအတွက်တော့ ဆင်ပါးစပ်နှမ်းပက်သလို  ဖြစ်ရင်လည်းဖြစ်နေမှာပေါ့။

ဒါပေမဲ့လေ  ဆင်လဲဆင်အထွာနဲ့ဆိတ်လဲဆိတ်အထွာနဲ့  ဆိုသလိုကိုယ်လဲဒီလောက်ပဲတတ်နိုင်အချစ်ရယ်။

မင်းအချစ်တွေကိုရဖို့မျှော်လင့်ရတဲ့ ကိုယ့်ရဲ့အဖြစ်ဟာ ဆင်အမြီးခွေးမျှော်  နေရသလိုပါပဲ။

မင်းကိုယ့်ကိုအဖြေတိတိကျကျမပေးပဲ ဆင်ဝေ့ရန်ရှောင် လုပ်နေတာတော်တော်ကြာပြီနော်။

ကိုယ့်ကိုချစ်သလိုမချစ်သလိုနဲ့ လုပ်မနေပါနဲ့ကွာ ဆင်ကျီစားရာ ဆိတ်မခံသာ ပါဘူး။

မင်းအတွက်တော့ ဘာမှမဖြစ်ပေမဲ့ ကိုယ့်အတွက်ကတော့ ဆင်မှာတော့ ကျင်ငယ်၊ယင်မှာတော့ပင်လယ်

လိုခံစားရပါတယ်။

ကိုယ်တို့နှစ်ယောက်ရဲ့အခြေအနေကို  ဆင်သေကိုဆိတ်ရေနဲ့ ဖုံး   လို့မရသလို မင်းတို့အသိုင်းအဝိုင်းက

သိသွားကြတယ်လေ။

မင်းတို့မိသားစုရဲ့ ကြွယ်ဝမှု နဲ့ ကိုယ့်အခြေအနေဟာ ဆင်နဲ့ဆိတ်လို ကွာတယ်  ဆိုတာကို ကိုယ်သိပါတယ်။

အဆင့်အတန်းခြင်းကွာတာသိပေမဲ့ ကိုယ်ကတော့ ဆင်ကန်းတောတိုး  အချစ်နဲ့  မင်းကိုချစ်မိနေခဲ့ပြီလေ။

အခုချိန်မှာမင်းတို့စီးပွားကျတယ်ဆိုပေမဲ့  ဆင်ပိန်ရင် ကျွဲလောက်  ပါကွာ။

မင်းမိဘတွေကတော့ မင်းကို  ဆင်စီးပြီးမြင်းရံ  တာမြင်ချင်ကြတယ်ဆိုတာ ကိုယ်သိပါတယ်။

မင်းရဲ့ အကိုအမတွေဟာ  အခြေအနေကောင်းတဲ့သူတွေနဲ့ပဲအိမ်ထောင်ကျသွားပြီးအဆင်ပြေနေကြတော့

မင်းအတွက်ကြမှ ဆင်ဆယ်စီးစားပြီး မြင်းတစ်စီးလွတ်ရုံနဲ့ ဒေါသထွက် ရတဲ့ကိန်းမျိုးမရောက်ချင်ကြဘူးပေါ့။

သူတို့ရဲ့အတွေးထဲမှာ ကိုယ့်ကို  ဆင်ဖြူတော်မှီပြီး ကြံစုပ်   ချင်တဲ့အကောင်လို့ထင်နေတာကို

ကိုယ်ရိပ်မိပါတယ်။

ဒါကြောင့်မင်းမိဘတွေရှေ့ရောက်ရင် ကိုယ့်မှာ  ဆင်မြူမျက်နှာဆင်မဲ မကြည့်ဝံ့ သလိုဖြစ်နေရတာပေါ့။

မင်းရဲ့အကိုတွေ မောင်တွေဟာကိုယ့်ကိုအလစ်ဆော်ဖို့ အတွက် ဆင်ကြည့် ကြည့်     ပြီး    ဆင်ကြံ ကြံ 

နေကြတယ်ဆိုတာလည်းကိုယ်သိပါတယ်။

မင်းတို့အသိုင်းအဝိုင်းရဲ့ဓနအင်အားနဲ့ ဒုက္ခပေးရင် ကိုယ်ဘယ်လိုမှကာကွယ်နိုင်မှာမဟုတ်ပါဘူး၊

ဆင်သွားတော့လမ်းဖြစ်  တယ်မဟုတ်လား။

ကိုယ်ကတော့ ဆင်လိုက်ရာဝါကြီးဝါငယ်မရွေးသာ ဆိုတဲ့ကိန်းနဲ့ရှောင်ပြေးရမဲ့သူပါ။

ဒါပေမဲ့ မင်းကိုယ်ချစ်တဲ့ကိုယ့်ရဲ့အချစ်တွေဟာ ထွက်ပြီးသားဆင်စွယ်ပြန်ဝင်တယ်မရှိ  ဆိုသလို

ဘယ်တော့မှ ပြန်ရုပ်သိမ်းမှာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ကြိုးစားထားသမျှတွေဟာ  ဆင်ပြောင်ကြီးအမြီးကျမှတစ်  နေရတော့မှာလား။

မင်းကိုချစ်တဲ့သူတစ်ယောက်ပေါ်လာလို့ကတော့ အဲဒီကောင်နဲ့ ကိုယ်နဲ့  ကျားနဲ့ဆင် လယ်ပြင်မှာတွေ့သလို

တွေ့ကြတော့မှာပေါ့။

ကိုယ်ဆိုတဲ့ကောင်က မင်းကို တခြားကောင်တွေက ကြည့်ရင်တောင် ကိုယ့်မှာ မုန်ယိုနေတဲ့ဆင်လို

မြင်မြင်ရာလျှောက်ရမ်းနေတဲ့ကောင်ပါ။

အခုအချိန်မှာတော့အခြေအနေတခုအရ  ထိုးမယ့်ဆင်နောက်တလှမ်းဆုတ်   နေရတော့မှာပေါ့။

တနေ့ကျရင် ကိုယ့်ရဲ့မင်းအပေါ်ချစ်တဲ့အချစ်တွေဟာ  လယ်ပြင်မှာ ဆင်သွားသလို   

ထင်ရှားလာမှာပါအချစ်ရာ။     ။

 

ဆင်လောက်ကြီးတဲ့အချစ်ကြီးဖြင့်

ကြောင်လေး။ }

 

 

 

မဟုတ်ပါ။

7 comments

  • ပေါက်ဖော်

    October 18, 2011 at 2:22 pm

    ရွာသူတွေ..လူလို ့ထင်တာ..
    ခုမှ အကုန်ဆင်တွေဖြစ်ကုန်ပါရောလား.
    ဒါနဲ ့..
    အနော်..
    ဘယ်မှာလဲ မသိဘူး..ဖတ်ဖူးတယ်ဂျ

    • small cat

      October 18, 2011 at 9:52 pm

      ရွာထဲမှာပဲ ဖတ်ဖူးတာပါ။ စကားပုံတွေသုံးထားပေမဲ့
      ဆင်စကားပုံတွေမဟုတ်ပါဘူး။

      အပေါ်ဆုံးနဲ့ အောက်ဆုံးက bold တင်ထားတဲ့စာကိုဆက်ဖတ်ကြည့်ပါ။

  • aungnng87

    October 18, 2011 at 2:53 pm

    ဟီးဟီး….နာလွတ်သွားပြီ…နာလွတ်သွားပြီ…..ငါတကယ်ကံကောင်းပေစွ…..

  • manawphyulay

    October 18, 2011 at 3:08 pm

    ခုမှသိတော့တယ် ကြောင်ပေါက်မဟုတ်ပဲ ဆင်ပေါက်ဖြစ်နေပါရောလား… ရွာသူတွေကို ဘာထင်လို့တုန်း မောင်ဆင်ပြောင်ရဲ့ နာသွားမယ်မှတ်။ ဒူးနေရာ ဒူး တော်နေရာတော် ဆင်နေရာဆင် နေပါဟာ…

  • etone

    October 18, 2011 at 3:24 pm

    ရွာကကြောင်လေး စွံဖို့အရေး
    လိုရာဖွဲ့ရေး ဆင်အကြောင်းရေး
    အထနကောက် ဘုဘောက်ဘောက်
    အပျိုကြီးက ဆင်ဆိုကြောက်
    ကြောင်ကလေးစာ လိုက်လို့ပေး
    အပျိုကြီးမှာ ထွက်လို့ပြေး :mrgreen: 😛

    (ကြောင်လေး ကြိတ်ပိုးနေတာ … ဘယ်အပျိုကြီးလဲတော့မသိဘူး … ) 🙄

    • windtalker

      October 18, 2011 at 8:29 pm

      ကြောင်လေး စာထက်
      အတုန် ရဲ ့ ပဟေဋ္ဌိ ကို ပို စိတ်ဝင်စားသွားပြီ
      ဘူလဲ…အဲဒါ ဘူလေးလဲ
      ကြောင်လေး ဖြစ်ဖြစ်
      အတုန်ဖြစ်ဖြစ်
      အမြန်ဆုံး ဖြေပေးပါ

  • youngcat

    October 18, 2011 at 5:13 pm

    ကြောင်လေးဆိုတဲ့ကောင်ကလေး
    ကြောင်တောင်တောင်တွေတကယ်တွေး
    အူကြောင်ကြောင်တွေတကယ်ရေး
    ကြောင်ဈေးပျက်တယ်ကွာ။ ။

Leave a Reply