သီတင်းကျွတ်အမှတ်တရ

Moe ZOctober 18, 20111min1077

အခုတစ်လော အလုပ်တွေရှုပ်နေတာရယ် သီတင်းကျွတ်မှာ လူကြီးတွေကိုလှည့်ပတ်ကန်တော့နေတာရယ်ကြောင့် ရွာထဲတောင်မရောက်ဖြစ်ဘူး။ လူကြီးတွေဆိုပေမယ့် ဆရာ ဆရာမတွေနဲ့ အမျိုးတွေပါပဲ။ အလုပ်နဲ့မပတ်သတ်ပါဘူး။ မိုးစက်ရဲ့အထက်လူကြီးတွေက နိုင်ငံခြားသားတွေဆိုတော့ ကန်တော့စရာမလိုဘူး။ တစ်ချို့အကျင့်ပါနေတဲ့ မြန်မာတွေကတော့  မြန်မာ့ဓလေ့ဆိုပြီးလက်ဆောင်တွေ လာပေးကြတာတော့ရှိတယ်။  ဘာပဲပြောပြော မိုးစက်ကသီတင်းကျွတ်ကိုချစ်တယ် (ဗျောက်အိုးသံတွေကလွဲရင်)။ ဆရာ ဆရာမတွေသွားကန်တော့ရင်း မတွေ့တာကြာတဲ့သူငယ်ချင်းတွေပြန်တွေ့ရတယ်။ တစ်ချို့အမျိုးတွေဆို တစ်မြို့တည်းနေပြီး ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်ကာ မတွေ့ဖြစ်ကြဘူး။ သီတင်းကျွတ်သွားကန်တော့မှပဲ မတွေ့ဖြစ်တာတစ်နှစ်လောက် ကြာသွားတာသိကြတယ်။

ကျောင်းပြီးကတည်းက မန္တလေးရောက်နေတဲ့မိုးစက်ရဲ့သူငယ်ချင်းကလည်း တစ်နှစ်မှတစ်ခေါက်ပြန်လာပြီး ရန်ကုန်ကလည်း တစ်နှစ်ထက်တစ်နှစ်ပိုပြီး ဟောင်းနွမ်းညစ်ပတ်လာတယ်တဲ့။ ရေညှိရောင်နဲ့ညစ်ထေးနေတဲ့ တိုက်တွေ၊ ရှေ့ကဖာရင် နောက်ကပေါက်တဲ့ကတ္တရာလမ်းတွေ၊ အမှိုက်ပုံးမရှိပဲ ဖြစ်သလိုပစ်ထားပုံထားတဲ့အမှိုက်တွေ၊ ပလက်ဖောင်းပေါ်က ကျိုးပျက်နေတဲ့ မြောင်းဖုံးတွေနဲ့ စည်းကမ်းမဲ့ထွေးထားတဲ့ ကွမ်းတံတွေးကွက်တွေရယ်က မြို့ရဲ့ဂုဏ်ဆောင်နေတာပေါ့နော်။ မိုးစက်တို့ကတော့ တစ်နေ့တစ်နေ့ ရုံးနဲ့အိမ်နဲ့၊ မဆုံးနိုင်တဲ့စာမေးပွဲတွေ၊ စာအုပ်ပုံတွေနဲ့လုံးလည်ခြာလည်လိုက်ရင်း ရန်ကုန်မြို့ရဲ့မြင်ကွင်းကို ထူးပြီးမမြင်ခဲ့မိဘူး။ အရင်ကလည်းဒီအတိုင်း၊ အခုလည်းဒီအတိုင်းပဲလို့ပြောတော့ သူငယ်ချင်းက မြင်နေကြဆိုတော့မထူးဆန်းပေမယ့် သူအမြင်မှာတော့ တစ်နှစ်ထက်တစ်နှစ်ပိုဆိုးလာတယ်ဆိုပဲ။ ပြောမှာပေါ့ သူ့ကိုရွှေတိဂုံဘုရားလိုက်ပို့ပြီး ပြန်ဆင်းတော့ အရှေ့ဘက်မုခ်ကနေဆင်းပြီး ကန်တော်ကြီးထဲကိုဝင်ကြတယ်။ အလာတုန်းကမိုးစက်အစ်ကိုက သူ့ကားနဲ့လိုက်ပို့လို့ပြဿနာမရှိပေမယ့် ဟိုက်ဟီးလ်စီးလာတဲ့သူငယ်ချင်းကို မြေပဲယိုလမ်းကနေလျှောက်ခိုင်းလိုက်မိတာကိုး 🙂 ။ ကန်တော်ကြီးကို အပြင်ကသာပတ်သွားနေတာအထဲကို မိုးစက်တစ်ခါမှ ဝင်မကြည့်ဖူးဘူး။ အဲဒီနေ့ကမှပထမဆုံးရောက်ဖြစ်တာ။ အဝင်မှာ လက်မှတ်ဖြတ်တော့ တစ်ယောက် ၃၀ဝ ဆိုတော့မဆိုးဘူးပေါ့။ နောက်တံတားလေးတစ်ခုကိုဖြတ်တော့ ဝင်ကြေးပေးရမယ်ဆိုပြီးထပ်တောင်းပါတယ်။ အဝင်မှာပေးပြီးပြီဆိုတော့ မတူဘူးတဲ့။ အဲဒီအချိန်မှာပဲ မိသားစုတစ်စုထပ်ရောက်လာတယ်။ အားလုံးကလေးလူကြီး ၈ယောက်။ သူတို့ကတစ်ခါပေးပြီးပြီပဲ မပေးနိုင်ဘူးဆိုပြီး စကားများပြီးပြန်ထွက်သွားကြတယ်။ မိုးစက်တို့လည်း ဆက်လျှောက်လာရင်း ရေချိုငါးကန်ဆိုတဲ့ ဆိုင်းဘုတ်နဲ့ လက်မှတ်ဖြတ်ရမယ့်ရုံတစ်ခုထပ်တွေ့တယ်။ နောက်ထပ်ဘယ်နှစ်ခါလောက် လက်မှတ်ဖြတ်ရမလဲမပြောတတ်ဘူး။ မိုးစက်တို့လည်း ဆက်မသွားချင်တော့တာနဲ့ ခဏထိုင်ပြီးပြန်ထွက်လာကြတယ်။ သစ်ခွဥယျာဉ်ထဲကဖြတ်လျှောက်တော့ သူငယ်ချင်းကသတိပေးတယ် အောက်ကို သေချာကြည့် မြွေကိုက်မယ်တဲ့။ ရွက်ကြွေတွေ မြက်ပင်တွေကြားထဲက ပြန်ထွက်လာပြီး တော်ဝင်စင်တာကို ချီတက်ခဲ့ကြပါတယ်။ သီတင်းကျွတ်လပြည့်နေ့ဖြစ်လို့ တော်ဝင်စင်တာမိသားစုက ကော်ရည်ခေါက်ဆွဲ စတုဒီသာကျွေးနေတာ တွေ့ခဲ့ပါတယ်။ ဝင်တော့မစားခဲ့ပါဘူး 🙂

ညနေဘက်မှာ ဆယ်တန်းတုန်းကသင်ခဲ့တဲ့ ဆရာတစ်ယောက်ကိုသွားကန်တော့ကြတယ်။ မိုးစက်ရဲ့ဘဝတစ်လျှောက်မှာ ဆရာတွေအများကြီးရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတွေ့ဖြစ်တော့ပါ။ ဆရာကတော့ တစ်ရက်ကွက်ထဲလည်းဖြစ် အခုအချိန်ထိလည်း မိုးစက်တို့အုပ်စုကိုအမှတ်တရရှိစဲမို့  အသွားအလာမပြတ်ခြင်းပါ။ ဆရာ့ကိုသွားကန်တော့တိုင်း မိုးစက်တို့ကို လူကြီးတွေပေးနေကြ” ကျန်းမာပါစေ၊ ချမ်းသာပါစေ’’ဆိုတဲ့ဆုမျိုးမဟုတ်တဲ့ ဆရာတစ်ယောက်တည်းပဲ ပေးတတ်တဲ့ မရိုးနိုင်တဲ့ဆုပဲပေးပါတယ်။ “ ငါ့တပည့်တွေ လောကကိုကောင်းကျိုးပြုနိုင်တဲ့သူတွေဖြစ်ကြပါစေ။ လောကကြီးတစ်ခုလုံးကို အကျိုးမပြုနိုင်ရင်တောင် ကိုယ့်နိုင်ငံကိုအကျိုးပြုနိုင်တဲ့သူတွေဖြစ်ကြပါစေ။ တစ်နိုင်ငံလုံးကို အကျိုးမပြုနိုင်ရင်တာင် ကိုယ့်မြို့၊ ရပ်ကွက်၊ ကိုယ့်လမ်းကိုအကျိုးပြုနိုင်တဲ့သူတွေဖြစ်ကြပါစေ။ အနည်းဆုံးတော့ ကိုယ့်မိသားစုနဲ့ ကိုယ့်ကိုကိုယ်ကောင်းကျိုးပြုနိုင်တဲ့သူတွေဖြစ်ကြပါစေ”။ အပြန်လမ်းမှာ ဆရာမပေးတဲ့ဆုကို ပြန်စဉ်းစားရင်း အတွေးကိုယ်စီနဲ့ ဘာစကားမှမပြောဖြစ်ကြပါ။ အနည်းဆုံးထဲမှာတော့ ပါမယ်ထင်ပါတယ်။

7 comments

  • Moe Z

    October 18, 2011 at 2:40 pm

    သဂျီးရေ အောက်ဆုံးကရေရင် ဒုတိယမြောက်စာကြောင်းမှာ ‘မ’ ကိုဖျက်ပေးပါ။
    ဆရာမြင်ရင်မလွယ်ဘူး။ မိုးစက်ကဘဝပြောင်းပေးလိုက်သလိုဖြစ်သွားတယ် 🙂

  • blackchaw

    October 18, 2011 at 2:52 pm

    သူကြီးမဖျက်ပေးလည်း ကျွန်တော်တို့ ပြင်ဖတ်ပေးပါမယ်။
    ရွာသူ ရွာသားတွေလည်း အိမ်ထောင်မကျသေးတဲ့လူဆိုရင်
    အနည်းဆုံးတော့
    ကိုယ့်မိသားစုအတွက် မဟုတ်ရင်တောင်
    ကိုယ့်ချစ်သူအတွက် ကောင်းကျိုးပြုနိုင်သောသူ
    ဖြစ်အောင်ကြိုးစားကြပါလို့
    ဘဘ ဘလက်ချောက ထူးဆန်းသောဆုကို ပေးလိုက်ပါသည် ခင်ဗျား။ ဟားဟား။

    • Moe Z

      October 19, 2011 at 8:34 am

      ဘဘ ဘလက်ချောပေးတဲ့ဆုနဲ့ အမျိုးသားအားလုံးပြည့်ပါစေ….

  • windtalker

    October 18, 2011 at 6:18 pm

    သီတင်းကျွတ်ပြီ ဆိုတော့
    မင်္ဂလာဆောင်လို ့ရပြီ လို ့ပဲ
    မိုးဇက် ကို ပြောချင်ပါ၏
    ဟီဟိ

  • youngcat

    October 18, 2011 at 7:14 pm

    ကိုယ်တင်ထားတဲ့ post နဲ့ comment တွေက အမှားတွေ၊စာလုံးအပို အလိုတွေကို
    ကိုယ်ကိုတိုင် edit လုပ်၍ ရ/မရနဲ့ ရရင် နည်းလမ်းလေးသိချင်ပါတယ်။

    • Moe Z

      October 19, 2011 at 8:37 am

      မိုးစက်သိသလောက်တော့ ရွာသက်ကြာရင် ကိုယ်တိုင်ပြင်လို့ရတယ်တဲ့..
      ရွာထဲမှာကြာကြာနေပေါ့…

      • etone

        October 19, 2011 at 9:41 am

        မဟုတ်ဘူး မိုးစက်ရဲ့ .. ရွာသက်ကြာမကြာနဲ့ မဆိုင်ဘူး …….ဘယ်သူမဆို ကိုယ်တင်တဲ့စာကို ကိုယ်ပြန်ပြင်ခွင့်ရှိပါတယ် … ပို့စ်ရဲ့အောက်ဆုံးမှာ edit လုပ်လို့ရတဲ့ဟာပါတယ် .. ပြန်စမ်းကြည့်ပါဦးနော် … ။

Leave a Reply