တွံတေးတူးမြောင်း ကမ်းပါးပြိုခြင်းမှ ကာကွယ်ရန် ကမ်းထိန်းနံရံများ တည်ဆောက်သွားမည်

klnMay 19, 20101min420

တွံတေးတူးမြောင်း ကမ်းပါးပြိုခြင်းမှ ကာကွယ်ရန် ကမ်းထိန်းနံရံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ တွံတေးတူးမြောင်းတွင် တည်ဆောက်ရန် လိုအပ်သည့် ကမ်းထိန်းနံရံ ပေ ၈၀ဝအနက် ပေ ၆၀ဝ ကို ယခုနှစ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။ “ အခုတည်ဆောက်မဲ့ ကမ်းထိန်းနံရံက အရင်က တူးမြောင်းတိုးချဲ့ခဲ့တဲ့ နေရာမှာ တည်ဆောက်သွားမှာပါ။ ဒီလိုကမ်းထိန်းနံရံ တည်ဆောက်တဲ့အတွက် တူးမြောင်းအတွင်း ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေ အခက်အခဲမရှိ သွားလာနို်င်မှာပါ ” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းတွံတေးတူးမြောင်းသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ဖောက်လုပ်ထားသောတူးမြောင်းဖြစ်ပြီး ယခင်နှစ်က မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ အဆောက်အအုံများ ပျက်စီးခဲ့ဖူးကြောင်း သိရသည်။ “ အရင် ဒီတူးမြောင်းက ရေစီးအရမ်းသန်တယ်။ ဖြတ်သန်းမယ့် သင်္ဘောတွေကိုတောင် အချိန်နဲ့ ဖြတ်သန်းခွင့်ပြုထားရတာပါ။ ဒါပေမဲ့ ခုတူးမြောင်းချဲ့ထွင်လိုက်တဲ့အတွက် သင်္ဘောတွေအနေနဲ့ အချိန်ပြည့်နီးပါး ဖြတ်သန်းနိုင်ပါပြီ။ အခုကမ်းထိန်းနံရံတွေ တည်ဆောက်ဖို့ စီစဉ်တာပါ ” ဟု ယင်းကပြောသည်။ အဆိုပါ ယခုနှစ်တည်ဆောက်မည့် ကမ်းထိန်းနံရံ ပေ ၆၀ဝ တည်ပြီးပါက နောက်နှစ်များတည်ဆောက်ရန် လိုအပ်သည့် ကမ်းထိန်းနံရံများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။