မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လူကုန်ကူးမှုဖြစ်ရပ်များ နှစ်စဉ်တိုးနေပြီး ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များတွင် အဓမ္မထိန်းမြားလက်ထပ်ရန်အလို့ဌာ လူကုန်ကူးခံရမှု အများဆုံးဖြစ်နေကြောင်း ၂၀၀၉ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာတွင် ဖော်ပြထားချက်များအရ သိရသည်။ ထို့ပြင် ရန်ကုန်၊ မန္တလေးကဲ့သို့သော လူနေထူထပ်သည့် ဒေသများတွင် နေထိုင်သူအများစု လူကုန်ကူးခံနေကြရသည်ဟုလည်း သိရှိရသည်။ “ အဓမ္မထိမ်းမြားဖို့အတွက် လူကုန်ကူးမှုဖြစ်စဉ်တွေက ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုတို့လို နိုင်ငံတွေမှာလည်း ဖြစ်ပွားနေတာကို တွေ့ရတယ်။ သတို့သမီးဈေးကွက်လို့ ပြောရင်လည်းရမယ်ထင်တယ်။ ဘယ်အထိ လူကုန်ကူးခံရသူတွေ ရောက်ရှိသွားသလဲဆိုရင် တရုတ်၊ ကိုရီးယား၊ ဂျပန်အထိ ရောက်သွားတာတွေ့ရတယ်။ တရုတ်နိုင်ငံ အနေနဲ့ကျတော့ ဒါသူတို့ရဲ့ ယဉ်ကျေးမှုအရကို ပွဲစားနဲ့ဖူးစာရှင်ရှာတာဟာ တရားဝင်လိုဖြစ်နေတယ်။ ဒီအပေါ်မှာ လူကုန်ကူးမှုဖြစ်စဉ်တွေက တည်မီနေတာ လေ့လာတွေ့ရှိရပါတယ်။ ဒီနေရာမှာ အမှန်တကယ်ပဲ ဖူးစာရှင်နဲ့ တွေ့ရှိသွားတာလည်း ရှိပါတယ်။ လက်ဆင့်ကမ်းရောင်းစားခံရတာမျိုး၊ အိမ်အကူအပျော်ထားတဲ့အဆင့်မျိုးတွေ ဖြစ်သွားတာတွေလည်းတွေ့ရပါတယ်။ ဒီကနေ့အခြေအနေမှာတော့ စောစောက ပြောခဲ့တဲ့ နိုင်ငံတွေမှာ ဖူးစာရှင်ရှာတဲ့ ကုမ္ပဏီတွေကို တော်တော်လေးစိစစ်မှုတွေ လုပ်နေသလို ချောင်းကိုပစ်လို့ မြစ်ကိုရှာချင်နေကြသူအတွက်လည်း သူတို့ရဲ့ဖူးစာရှင်နိုင်ငံတွေရဲ့ ဘာသာစကား၊ ဓလေ့စရိုက်တွေနဲ့ သူတို့ရဲ့အိမ်သူသက်ထားတစ်ယောက်လို ဆောင်ရွက်နိုင်အောင်သင်ကြားပေးတဲ့ အစီအမံတွေနဲ့ ဆောင်ရွက်နေတာလည်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံကြီးမှာ သတို့သမီးလိုအပ်ချက်က ကြီးမားလွန်းနေတဲ့အတွက် ဒီအပေါ်မှာ တည်မီလာမယ့် ကိစ္စတွေကို ချိန်ချိန်ဆဆနဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ် ” ဟု လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြည်ပလုပ်သားရေးရာများကို လေ့လာနေသူ စာရေးဆရာ ဝင်းနိုင်ထွန်းက မှတ်ချက်ပြုပြောကြားသည်။ လူကုန်ကူးမှုအများဆုံး ဖြစ်ပွားလေ့ရှိသည့် တိုင်းဒေသကြီးများတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများကို ရာခိုင်နှုန်းဖြင့် လေ့လာကြည့်ပါက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၈၀)%၊ မန္တလေးတိုင်းတွင် (၂၅)%၊ ကချင်ပြည်နယ်တွင် (၁၁)%၊ ရန်ကုန်တိုင်းတွင် (၁၂)% နှင့် ပဲခူးတိုင်းတို့တွင် (၈)% တို့ အသီးသီးရှိကြောင်း သိရသည်။

About kln

k ln has written 409 post in this Website..