အင်္ဂါဂြိုလ်

comegyiOctober 19, 20111min312

အောက်ဆီဂျင် မလွှတ်တော့တဲ့ သစ်ပင်ကို

အမြုံလို့ ခေါ်မလား

ကျွန်တော်ဟာ အသက်မရှူဘဲ နေလို့ရတဲ့ ကျင့်စဉ်ကို

အားထုတ်နေရသလိုမျိုး . . .။

 

ပရော်ဖက်ဆာကြီးများတွေ့ရင်

ရှောင်ချင် ကွင်းချင်တာ မွေးရာပါ ဗီဇလို့ဆိုရမယ်

ဒီကောင့်မှာ ယူရေနီယံရှိတယ်

သူတို့ တစ်ချက်မှတ်ချက်ချလိုက်တာနဲ့

ပြိုင်ဘက်ကင်း သိုင်းကျမ်းရသွားတဲ့ သိုင်းရူးတစ်ယောက်လို

သေပြေးရှင်ပြေး ပြေးရမှာ အသေအချာ . . ။

 

ကိုယ်ဘာကောင် ဆိုတာ သိဖို့

မောဟတစ်ပိုင်း ဒုက္ခတစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေတဲ့

ဂြိုလ်တစ်လုံးဟာ

လနှစ်စင်းနဲ့

သံယောဇဉ် သံလိုက်ဓာတ်လက်တံနဲ့ လည်နေတာပဲ . ..။

 

ကိုယ့်သဘာဝအရ ဒီရေ အတက်အကျရှိတာလည်း

သံသယ ဖြစ်ခံရဆုံး

သတိမပြတ်နဲ့

ကျွန်တော်ဟာ အန္တရာယ်ကောင်ဆိုလို့

တိုးတိုးလေး  ငြိမ်သက်မိပြန်တယ်

အားရဝမ်းသာ နှစ်သက်ကြပြန်ရော

စိတ်ပေါက်ပေါက်နဲ့

ကျွန်တော်ဟာ ပင်ဒိုရာကြုတ်ဖြစ်တယ်

လို့အော်လိုက်ပြန်ရင်

အချက်ပေးသံတွေ တခဲနက်ထမြည်ကြမှာပဲ . . .။

 

ကျွန်တော့်ဆီမှာ နတ်ဆိုးအတွက် နေရာမရှိဘူး

အီးတီတွေနဲ့ မပတ်သက်ဘူး

ကျွန်တော့်ဂြိုလ်မှာ ဗိုင်းရပ်စ်တွေလည်း မရှိဘူး

ကျွန်တော်ဟာ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လည်နေတာပါ

အမေ့အိမ်က ထွက်လာတယ်

အမေက ခြင်္သေ့လို့ ချစ်စနိုးခေါ်တယ်

အိမ်ကို တစ်ကြိမ်မှ ပြန်မပတ်ဖြစ်သေးတဲ့

ဂြိုလ်တစ်လုံးဟာ

နှစ်ဆယ့်ကိုးနှစ်ရှိပြီ . . .။

 

ကျွန်တော် စကြဝဋာအကြောင်းကောင်းကောင်းနားလည်ပြီ

နည်းပညာ ပေါက်ကွဲသွားတဲ့ ယိုယွင်းမှုဟာ

ကျွန်တော်နဲ့ ဆင်တဲ့ နတ်ဆိုးတွေကို ဖြန့်ချလိုက်တယ်

အမျိုးအစား မတူတဲ့ သံလိုက်ဓာတ်တွေ

အနုမြူပန်းလင်္ကာညတွေ

နဂါးငွေ့တန်း ဂလက်ဆီထဲမှာ အပြည့် . . .။

 

ကိုယ့်မြေသားထုမှာ တောင်ကုန်းများ

ကိုယ့်အရေအပြားက တွင်းပေါက်များလည်း

ဝတ်ကောင်းစားလှ ကြယ်တံခွန်နဲ့

ဥက္ကာပျံတွေ မိုးခါးရေ သောက်တဲ့မြို့မှာ

ဖြစ်ရတာပဲ . ..။

 

ကျွန်တော်တို့ဟာ

အချင်းချင်းစောင်ငဲ့ ကြည့်နေရ

ကိုယ့်ဘေးက ဂြိုလ်တွေကလည်း

ဘယ်တော့မဆို စိတ်ချမရနိုင်ဘူး . . .။

 

ဘဝဆိုတာ တစ်ခါတရံ

ကိုယ့်လမ်းကြောင်း နဲ့ ကိုယ်သွားပေမဲ့

ယာဉ်ကြောမှားလာမယ့်

ကားပျံတွေကို ရှောင်ကွင်းရမယ့် တာဝန်လား . . .။

 

စကြဝဋာဟာ

ဂြိုလ်တစ်လုံးရဲ့ ဂုဏ်သိက္ခာကို ထည့်မတွက်ဘူး

အလွမ်းအဆွေး ပြသနာနဲ့

နည်မည်ကြီး မင်းသမီးတွေ ဖြတ်သန်းသွားတဲ့မြို့အကြောင်း

အုတ်သော်အုတ်နင်း ပိုက်စိပ်တိုက်သိသူတွေ

ဒီကို မလွှတ်လိုက်ပါနဲ့ . . .။

 

ကြက်မတစ်ဝပ်စာ အချိန်ကြောင့် စစ်ပွဲကြီးရှုံးသွားတဲ့

ရထားတစ်ဖြတ်စာ အချိန်ကြောင့် တေ့လွဲကလေးလွဲသွားတဲ့

ကမ္ဘာကျော် နာမည်နဲ့ အဖြစ်အပျက်တွေ

ကျွန်တော့်ကို မရွတ်ပြပါနဲ့

ကျွန်တော့်အချိန်ဟာ

ကိုယ်ရေး ကိုယ်တာ လမ်းမမှာ

လည်ချင်သလို လည်ပါတယ်  . . ။

 

သက်သောာင့်သက်သာ ရိုးသားဖြူစင်မှု တွေလည်း

အရေပြားရဲ့ မြေဆီလွှာမှာ

မနူးမနပ်အရွယ်ကတည်းက ခြစ်ချခံခဲ့ရ

ဒီလိုဆို ကျွန်တော်ဟာ

ဘုရားသခင်ရဲ့ စပိုင်တစ်ယောက်လည်း မဟုတ်ဘူးဆိုတာ

သိလောက်ကြပါရဲ့ . . ။

 

စိမ်ပြေနပြေ ပေတေနေတဲ့

လူပေါ်လူဇော် ဂြိုလ်ကလေးမှာ

ဘာအပြစ်မှ မရှိပါဘူး

ခိုးမကြည့်ဘဲ သိနေရတဲ့ အတွင်းရေးကို ဖွင့်မပြောဖို့

အာမ မခံနိုင်ပါ

ကျွန်တော့်မှာ ခေါ်ခေါ် ပြောပြော တွေးတွေး ဆဆ

စကားလုံး သုံးလုံးရှိပါတယ် .

ရိုး ………သား………မှု ………ဖြစ်ပါတယ် . . .။

 

ကျွန်တော့်ဂြိုလ်မှာ နာမည်ကိုသတ်လိုက်ရုံနဲ့

ဘဝပါ သေသွားတဲ့ ပညာ မထွန်းကားသေးဘူး

အရိပ်ကိုပစ်လိုက်ရုံနဲ့ ပျံနေတဲ့ ငှက်ကို ထိခတ်စေတဲ့

တန်ခိုးတွေ မရှိသေးဘူး

ကိုယ်လက်လှုပ်ရှားရုံနဲ့ စာသားပါမြင်တွေ့ရမယ့်

ခန္ဒာဗေဒ ကဗျာ မရေးတတ်သေးဘူး

မျိုးဆက်တုန်းစေမယ့် ဓာတု လက်နက်ဆန်းမရှိဘူး

ကလေးလို စိတ်ကောက်တတ်တဲ့ ပတ်ဝန်းကျင်ဟာ

တစ်ခုပြီး တစ်ခုပူဆာတယ်

ဒီကောင့်မှာ ရေရှိတယ်

တစ်ချိန်တုန်းက ဂြိုလ်ဟာ

ပတ်လမ်းတစ်လျှောက်

ပွက်ပွက်ညံ စည်ကားဖူးတယ်

တကယ်တော့ ရေဆိုတာ လောဂျစ် တစ်ခုပါပဲ

ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စမှာ

ကိုယ်ချင်းစာစိတ်မွေးလိုက်မိတယ်

ရိုးသားမှုဟာ သောင်ထွန်းလို့သွား

ဒီကောင့်မှာ ရေခမ်းသွားပြီ

ရေ လေ မရှိတော့တဲ့ လေလွင့်နေတဲ့

သတ္တုတုံးဟာ သမိုင်းအနည်းအကျဉ်းနဲ့

အနာဂတ်လမ်းကြောင်း တုံးနေတဲ့ဂြိုလ်ကလေးဟာ

ဗုဒ္ဒဟူးနံ ဂြိုလ်မလေးနဲ့ အပေးအယူဆွဲအားပျက်ပြီး

လည်ထွက်သွားတဲ့ ဂြိုလ်တစ်လုံးကနေ

ပတ်ဝန်းကျင်ဟာ

ရေကြည်ရာ မြက်နုရာ အရပ်ကို ထွက်သွားကြပြန်တာပေါ့. . .။

 

နောက်တော့

စကားလုံးတွေဟာ

ဓါးပြ ဝင်လို့ တုံးမောင်းခေါက်တဲ့စနစ်နဲ့

ဂျစ်ပစီဂြိုလ်တစ်လုံးအကြောင်း ကောင်းကောင်း

နာမည်ကြီးတယ်

သိပ်ပံပညာ ရှင်တွေ သဘောကျ နေထိုင်ခဲ့တဲ့ဂြိုလ်ဟာ

စိတ်ပျော်ရင် ပျော်သလို ဆံပင်ရှည်ပြီး

လိုအပ်ရင် လိုအပ်သလို တိတ်ဆိတ်ဖို့ဆိုတာ

ပေါ့ပေါ့ပါးပါးတောက်ထုတ်လိုက်တဲ့ စီးကရက်တစ်တိုလောက်ပါပဲ . .။

 

ဒီအရွယ်ရောက်မှတော့

ကျေးဇူးပြုပြီး လူကြီးမင်းတို့

အပိုလို(၁၃)အာကာသ ယာဉ်တွေ

ကျွန်တော့်ဂြိုလ်ပေါ်က ပြန်ယူသွားကြပါ

ကျွန်တော်ဟာ အင်္ဂါဂြိုလ်ပဲလေ

အမှန်တရားနဲ့ တိုင်းတဲ့ဓာတ်သတ္တိစက်ကွင်းနဲ့

အမေဓာတ်နဲ့ လနှစ်စင်း ဝန်းရံထားတာနဲ့

ကလန်ကလား လက်တံခြေတံနဲ့ ကျွန်တော့်ကိုယ်မှာ

လိုကြီးမင်းတို့ ခက်ခက်ခဲခဲယာဉ်တွေ မလိုအပ်ရှာဘူး . . .။

 

စကြဝဋာကြီးခင်ဗျား . . ..

ကျွန်တော်ဟာ လေထုမရှိလို့

အသက်ရှူခြင်း ကိစ္စဒုက္ခရောက်နေတဲ့

အင်္ဂါနေ့ဖွား အင်္ဂါဂြိုလ်စစ်စစ်တစ်လုံးဆိုတာ

ယုံပါ. . .။        ။

၁-၁-၂၀၀၉ ရေးဖြစ်။

Pandora’s Box(ပင်ဒိုရာကြုတ်)

ဆရာတက္ကသိုလ်ဘုန်းနိုင်၏ အင်္ဂါဂြိုလ်မှ ရန်သူ  ဝတ္ထုကိုဖတ်ရာမှ

ရေးဖြစ်ပါသည်။

အထက်တွင် ကျွန်တော်ရေးခဲ့သည့်( ခန္ဒာ )၊ (ဗုဒ္ဒဟူး)၊ (သိပ်ပံ) စသည့်စာလုံးများကို

အမှန်အတိုင်း ဖြည့်စွက်ဖတ်ပေးကြပါခင်ဗျာ………။

ကျေးဇူးတင်ပါသည်………..။ လေးစားလျက် . ..။

2 comments

  • small cat

    October 19, 2011 at 5:31 am

    ရေးထားတာကြာလှပေါ့၊
    မဂ္ဂဇင်းတိုက်တွေကိုမပို့လိုက်ဖူးလား။
    ဖတ်ရတာစိတ်ဝင်စားစရာကောင်းပါတယ်။

  • windtalker

    October 19, 2011 at 12:03 pm

    ရဲဘော်
    ရဲဘော်မှာသာ ပန်ဒိုရာဘောက်စ် ရှိရင်
    နောက်ဆုံးမှာ ထွက်လာမယ့်
    မျှော်လင့်ခြင်းကို တင်ကြို တံခါးပိတ်စေချင် သဗျာ

Leave a Reply