ကိုမင်းကိုနိုင်၏ ၄၉နှစ်ပြည့် မွေးနေ့အခမ်းအနားကို ရန်ကုန်မြို့ သမိုင်းမြို့မ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်

ဦးကောက်October 19, 20111min648

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉နှစ်ပြည့် မွေးနေ့ အခမ်းအနားကို အောက်တိုဘာလ ၁၈ရက်နေ့တွင် ရန်ကုန်မြို့ရှိ သမိုင်းမြို့မဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ မွေးနေ့ပွဲ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသူရ(ခေါ်) ဇာဂနာအပါအဝင် ဝါရင့်နိုင်ငံရေးသမားများ၊ တိုင်းရင်းသားကိုယ်စားလှယ်၊ ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၊ သတင်းစာဆရာများနှင့်အတူ ရဟန်းရှင်လူ ပြည်သူ အများအပြားတက်ရောက်ခဲ့ကြပါသည်။ မွေးနေ့ပွဲအခမ်းအနားကို သမိုင်းမြို့မဘုန်းတော်ကြီးကျောင်းရှိ အသောကဖောင်ဒေးရှင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ကာ အစီအစဉ်များကို အောက်တိုဘာလ ၁၈ရက်နေ့ နံနက်ကိုးနာရီ အချိန်ကပင် စတင်ခဲ့ခြင်းဖြစ်ပါသည်။

ကိုမင်းကိုနိုင်၏ မွေးနေ့ပွဲအခမ်းအနားသို့ တက်ရောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် သည် သမိုင်းမြို့မကျောင်းဆရာတော်ထံသို့ သွားရောက်ဖူးမျှော်ကာ ကထိန်သင်္ကန်း ဆပ်ကပ်လှူးဒါန်းခြင်း၊ အခမ်းအနားအဖွင့် မိုးပျံပူဖောင်းများ လွှတ်တင်ပေးခြင်း၊ ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက်များလွှတ်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကာ ကိုမင်းကိုနိုင်အတွက် အမှတ်တရ စကားကိုလည်း ပြောကြားပေးခဲ့ပါသည်။

ထို့နောက် ကိုမင်းကိုနိုင်၏ မွေးနေ့အတွက် ၈၈မျိုးဆက်ကျောင်းသားများ၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ချင်းအမျိုးသားပါတီမှ ဦးဇိုဇမ်က လည်းကောင်း၊ မကြာမီရက်ပိုင်းက မော်လမြိုင်ထောင်မှ လွတ်မြောက်လာသော မဖြိုးဖြိုးအောင်ကလည်းကောင်း အမှတ်တရ စကားများပြောကြားခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဦးသူရ(ခေါ်) ဇာဂနာကလည်း အမှတ်တရ စကားပြောကြားခဲ့ပါသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

 

“လရောင်အောက်မှာနေ၊ လကိုလေ မမြင်ရ၊ ငါ ဘယ်ရောက်နေတာလဲ၊ ပါဝင်ခွင့်မရတဲ့ လောကမှာ သတိရရုံလေးပါပဲ”။ မင်းကိုနိုင်ပါ။ အဲဒီလိုလေးတွေ သတိရနေတဲ့ အချိန်လေးပဲလား။  မဟုတ်သေးပါဘူး။ နောက်တစ်ပုဒ် သီချင်းလေးဆိုတယ်။ သီချင်းလေး ရေးတယ်။ မင်းကိုနိုင်ရဲ့  သီချင်းဟာ ကျွန်တော် အသံဝင်နေလို့၊ မဟုတ်ရင်တော့ ကျွန်တော်ဆိုပြလို့ရတယ်။ ဒါပေမဲ့  အဲဒီသီချင်းရဲ့ သံပြိုင်ပိုဒ်ကလေးက ဘာလဲ၊ မင်းကိုနိုင်ဘာလဲ သိစေချင်တယ်။ အဲတာ  ဘာလဲလို့ဆိုတော့ “အာဃာတ တရား၊ အငြိုးများ ပျောက်ကွယ်စေ၊ ချိုးဖြူငှက်ရဲ့ သီချင်းများ သာယာသည်၊ ခိုင်မာခြင်း၊  ညီညာခြင်း မြန်မာဆိုတဲ့ မူရင်း အဓိပ္ပါယ် အမြဲပေါ်လွင်သည်” အဲတာ မင်းကိုနိုင်ရဲ့ သံပြိုင်ပိုဒ်ပါ။ မင်းကိုနိုင်ရဲ့ သံပြိုင်ပိုဒ်ပါ။ ခိုင်မာခြင်းနဲ့ ညီညာခြင်းကို  အမြဲလိုချင်တဲ့ ကျွန်တော့် သူငယ်ချင်းကို သမ္မတကြီးခင်ဗျာ… ဒီကနေ့ မွေးနေ့လက်ဆောင် အဖြစ်နဲ့ ပြန်လွှတ်ပေးပါ”ဟု ဦးသူရ(ခေါ်) ဇာဂနာက အမှတ်တရစကား ပြောကြားခဲ့ပါသည်။

ယခုပြုလုပ်ခဲ့သော ကိုမင်းကိုနိုင်မွေးနေ့ပွဲ အခမ်းအနားကို ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၊ အကျဉ်းကျခံရသည့် ပုဂ္ဂိုလ်များများကို သတိတရရှိပြီး ၎င်းတို့နှင့် တစ်သားတည်း ရှိကြောင်းကို ပြသလိုသည့် ရည်ရွယ်ချက်၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုအတွက် ကျောင်းသားထု၏ ဒီမိုကရေစီရေး ကြိုးပမ်းမှု အဆက်ဆက်ကို ဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအား ချွင်းခြက်မရှိ အမြန်ဆုံးပြန်လည် လွတ်မြောက်လာစေချင်သော ရည်ရွယ်ချက် အစရှိသော ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

“လူငယ်တွေလည်း လူကြီးဘဝသို့ ရောက်ခဲ့ကြပါပြီ။ ပြည်ထောင်စုကြီးလည်း ချမ်းသာအေးချမ်းရန် အချိန် ရောက်ရှိနေပါပြီ။ ပြည်သူပြည်သား အားလုံး ညီညီညွတ်ညွတ်နှင့် ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံသားအကျဉ်းကျ အားလုံးကို သတိတရနှင့် တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်ကြပါစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ကိုမင်းကိုနိုင်မွေးနေ့ အမှတ်တရစာအုပ်၌ ရေးသားထားခဲ့ပါသည်။

ကိုမင်းကိုနိုင်သည် ၁၉၆၂ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး အမည်ရင်းမှာ ပေါ်ဦးထွန်းဖြစ်ပါသည်။ ဘဝတစ်လျှောက် ထောင်ဒဏ် နှစ် ၂ဝ ကျော် ကျခံခဲ့ရပြီး ၂၀၀ရခုနှစ် ဩဂုတ်လအတွင်းက ထပ်မံ အဖမ်းခံခဲ့ရပြီးနောက် ထောင်ဒဏ် ၆၅နှစ်ကျခံခဲ့ရကာ လက်ရှိအချိန်တွင် ကျိုင်းတုံအကျဉ်းထောင်သို့ ရောက်ရှိနေခဲ့ပါသည်။

ကိုမင်းကိုနိုင်၏ ၄၉နှစ်ပြည့် မွေးနေ့အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော အမှတ်တရစကား။

“ကိုမင်းကိုနိုင်ရဲ့ မွေးနေ့မှာ ကိုမင်းကိုနိုင်ရဲ့ မိသားစုကို ဂုဏ်ပြုချင်ပါတယ်။ ဒီလိုသားတစ်ယောက်ကို ဒီလောက် နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့တာ၊ ထောက်ခံခဲ့တာ ပြုစုပျိုးထောင် ပေးတာတွေအတွက် မိသားစုကို ပထမဆုံး ကျေးဇူးတင်တယ်လို့ ပြောပါရစေ။

ကျွန်မတို့ နောက်ပြောချင်တာကတော့ ဒီကနေ့ဟာ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးကို ဦးတည်ပြီးတော့ ကျင်းပတဲ့နေ့တစ်ခု ဖြစ်ပါတယ်။ လွတ်မြောက်ရေးကို ဦးတည်ပြီးတော့ ကျင်းပတဲ့နေ့တစ်နေ့ပေါ့။ စဉ်းစားကြည့်ပါ တယ်။ လွတ်မြောက်ရေးဆိုတာ ဘာလဲပေါ့။ အားလုံးအတွက် အရေးကြီးဆုံးလို့ ကျွန်မထင်တာကတော့ အဂတိတရားလေးပါးမှ လွတ်မြောက်ရမယ်။ အားလုံးဟာ အဂတိတရား လေးပါးကနေ လွတ်မြောက်သွားပြီ ဆိုလို့ရှိရင် လူတိုင်း လူတိုင်းဟာ တကယ်ကို လွတ်မြောက်နေတာပဲ။ ထောင်ထဲမှာ ရှိသည်ဖြစ်စေ၊ ထောင် ပြင်မှာ ရှိသည်ဖြစ်စေ ဘယ်မှာပဲရှိရှိ တိုင်းပြည်တစ်ပြည်လုံးဟာ အဂတိတရားလေးပါးကနေ ကင်းလွတ်ပြီဆိုလို့ရှိရင် ဒီနိုင်ငံဟာ တကယ်လွတ်လပ်တဲ့ နိုင်ငံဖြစ်သွားပြီ။ ဒီလိုအခြေအနေမျိုး ရောက်အောင်လို့ အားလုံးဝိုင်းပြီးတော့ ကြိုးစားရမယ်။ တစ်ဦးချင်း တစ်ဦးချင်းက ကြိုးစားရမယ်။ တစ်ဦးချင်း တစ်ဦးချင်းက အဂတိတရားလေးပါးကနေ ကင်းလွတ်ရမယ်။

တစ်ချို့က အဂတိတရားလေးပါးလို့ ဆိုလို့ရှိရင် အလုပ်နဲ့သက်ဆိုင်တယ်လို့ပဲ ထင်ကြတယ်။ ဥပမာအားဖြင့်ဆိုရင် လာဘ်ပေးလာဘ်ယူပေါ့လေ။ ဒီလို လွယ်လွယ်တွေးကြတယ်။ တကယ်စဉ်းစားကြည့်လို့ရှိရင် ဒါထက် အများကြီးကျယ်ပြန့်ပါတယ်။ ဆန္ဒာဂတိပေါ့နော်။ ကိုယ့်ဆန္ဒအရ မလုပ်ရဘူးပေါ့။ ကိုယ့်ဆန္ဒစွဲအရ မလုပ်ရဘူး။ ကြာကြာစဉ်းစားရမယ်။ အလုပ်တစ်ခုကို ကိုယ်လုပ်လို့ရှိရင် တကယ်မှန်တယ်ထင်လို့ လုပ်တာလား။ ကိုယ်လုပ်ချင်လို့ လုပ်တာလား။ ဒီလိုဟာကို သုံးသပ်တဲ့နေရာမှာ အင်မတန်မှ ဖြောင့်မတ်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ် မလှည့်ဖျားဖို့လိုတယ်။ လူများကို လှည့်ဖျားတာက ဒုတိယလာတာ။ ပထမဦးဆုံးက ကိုယ့်ကိုကိုယ် မလှည့်ဖျားရဘူး။ ဒီကိစ္စတစ်ခုကို ကိုယ်လုပ်ချင်တာ ကိုယ့်အတွက်လား။ အများအတွက်လား။ အမှန်တရားအတွက်လား။ ဒါကိုသေသေချာချာ သုံးသပ်မှ ဆန္ဒာဂတိကနေ ကင်းမှာဖြစ်တယ်။ လောဘဂတိကတော့ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုပါဘူး။ အားလုံးနားလည်ပါတယ်။ လောဘဆိုတာ လူတိုင်းရှိတာပဲ။
ကျွန်မတို့လည်း ရှိတာပဲ။ ဒါပေမဲ့ ဒါဟာ အထိန်းအကွပ်ရှိရမယ်။ သူ့စည်းနဲ့သူ ရှိရမယ်။

လွန်ပြီးတော့ ကိုယ်ရသင့်ရထိုက်တာထက် ပိုပြီးတော့ လိုချင်တဲ့ လောဘဆိုလို့ရှိရင်တော့ ဒါအများကို ထိတဲ့ လောဘမျိုးဖြစ်သွားနိုင်တယ်။ အဲတာကို အားလုံးကနေပြီးတော့ ဆင်ခြင်ရမယ်ဆိုတာ ကျွန်မထူးထူးထွေထွေ ပြောဖို့ မလိုပါဘူး။ ဘယာဂတိအကြောင်း အမြဲပဲ ပြောလေ့ရှိပါတယ်။ ကြောက်ခြင်းတရားပေါ့နော်။ ကြောက်တဲ့စိတ်ဟာ ကိုယ့်ကိုလွှမ်းမိုးနေလို့ ရှိလို့ရှိရင် အမှန်ကိုမလုပ်နိုင်ဘူးဆိုတာ။ ဒါကြောင့်မို့ ကျွန်မတို့ကနေပြီးတော့ စိုးရိမ်ကြောင့်ကြမှု ကနေ လွတ်ကင်းအောင် ကိုယ့်ကိုကိုယ်လုပ်ရမယ်လို့ ပြောတာပါ။ ဒီတော့ စိုးရိမ်ကြောင့်ကြမှုကနေ လွတ်ကင်းအောင်လုပ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါဟာ ထပ်တလဲလဲ ကျင့်ပြီးတော့ ယူရပါတယ်။ အဲဒီလိုပြောခြင်းအားဖြင့် မွေးကတည်းက မကြောက်တတ်တဲ့စိတ် ပါတာကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ကိုယ်ကြောက်လို့ရှိရင် တောင် ကြောက်တာကြောင့်မလို့ မမှန်တဲ့ကိစ္စကို မလုပ်ဖို့ ဒါပါပဲ။ ကျွန်မ အမြဲပဲ ပြောတယ်။ကြောက်ကြောက်နဲ့ ငြင်းပါ။ မလုပ်သင့်တဲ့ ကိစ္စကို ကြောက်ကြောက်နဲ့ပဲ မလုပ်ဘူးဆိုပြီးတော့ ငြင်းပါ။ လုပ်သင့်တဲ့ ကိစ္စကိုလည်း ကြောက်ကြောက်နဲ့ပဲ လုပ်ပါ။ လုပ်လို့ရှိရင် ဒါဟာ အရေးကြီးတာပဲ။ အမှန်ကို လုပ်ရမယ်။ မမှန်တဲ့ ကိစ္စကို ရှောင်ရမယ်။ ဒါဟာ ကြောက်လို့ မလုပ်ဖြစ်ပါဘူး၊ ကြောက်လို့ လုပ်လိုက်တာပါ။ ဒါဟာ လူတိုင်းမှာ ဖြစ်တတ်ပါတယ်။

ဖြစ်ပြီးရင် ပျက်ပေမယ့်လည်း ထပ်တလဲလဲကြုံရပါတယ်။ တစ်ခါလုပ်လို့ မအောင်မြင်ရင်လည်း နောက်နှစ်ခါ ထပ်ကြိုးစားပါ။ နှစ်ခါလုပ်လို့ မအောင်မြင်လည်း ထပ်တလဲလဲ ကြိုးစားပါ။
ကြိုးစားသင့်တဲ့ ကိစ္စဆိုတာဟာ ဘယ်လောက် ဘယ်နှစ်ခါပဲ ကြိုးစားရ ကြိုးစားရ ကြိုးစာရနပ်ပါတယ်။ နောက်ပြီးတော့ ဒေါသဂတိပေါ့နော်။ ကိုယ်မကြိုက်လို့ ကိုယ်မုန်းလို့
အဲဒီလိုကြောင့်မို့ လုပ်တဲ့ကိစ္စတွေဟာလည်း ဒါဟာ အမှန်တရားနဲ့ မကိုက်ညီပါဘူး။ လူတစ်ယောက်ကို မုန်းလို့လုပ်တာပဲ ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကို မုန်းလို့ပဲ လုပ်တာပဲဖြစ်စေ၊ ဒေါသဆိုတာ မကျေနပ်ချက်ကြောင့်ပဲ ဖြစ်စေ၊ အဲတာတွေကလည်း ကျွန်မတို့ ရှောင်ဖို့လိုပါတယ်။ ဘာပဲပြောပြော အဂတိတရားလေးပါးကို ကင်းတယ်ဆိုလို့ရှိရင် မမှန်တဲ့လမ်းကို မရောက်သွားဘူးပေါ့။ မှန်ကန်တဲ့လမ်းပေါ်မှာ လျှောက်သွားနိုင်တယ်။

မှန်ကန်တဲ့လမ်းဆိုတာ အမြဲပဲ ဖြူးဖြူးဖြောင့်ဖြောင့် မဟုတ်ပါဘူး။ အင်မတန်မှလည်း အန္တရာယ်များနိုင်တယ်။ အင်မတန်မှလည်း ပင်ပန်းနိုင်တယ်။ ဒါပေမဲ့ လျှောက်ရကြိုးနပ်တယ်လို့ ကျွန်မ ပြောပါရစေ။ အဂတိတရားလေးပါးကနေ လွတ်ကင်းပြီဆိုလို့ရှိရင် ထောင်ထဲမှာလည်း သူဟာ လွတ်လပ်နေတာပဲ။ ထောင်ပြင်မှာလည်း လွတ်လပ်နေတာပဲ။ အဂတိတရားလေးပါး မကင်းဘူးဆိုလို့ရှိရင် အပြင်မှာလည်း မလွတ်လပ်ဘူး။ အတွင်းမှာလည်း မလွတ်လပ်ဘူး။

ဘယ်တော့မှ လွတ်လပ်မှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းတဲ့ ဒီလိုနေ့မျိုးမှာ ဆိုလို့ရှိရင်
ကိုယ့်ကိုယ်ကိုလည်း ပြန်ပြီးတော့ သုံးသပ်ဖို့လည်း လိုပါတယ်။ ကိုယ်ကိုယ်တိုင်ကရော လွတ်မြောက်နေရဲ့လား။ ကိုယ်ကိုယ်တိုင်က လွတ်မြောက်နေရဲ့လားဆိုတာ အပြင်အနှောင်အဖွဲ့တွေကို ကျွန်မပြောတာ မဟုတ်ပါဘူး။ ပထမဆုံး အဂတိတရားလေးပါးဆိုတဲ့ ကိုယ့်ရဲ့ ကိုယ်တွင်းအနှောင်အဖွဲ့တွေကနေ လွတ်မြောက်နေရဲ့လားဆိုတာ ပထမသုံးသပ်ဖို့ လိုပါတယ်။ အဲတာတွေကနေ လွတ်မြောက်နေဖို့ ပထမဦးဆုံး ကြိုးစားပါ။ ကြိုးစားမှ ပြင်ပ အနှောင်အဖွဲ့တွေက နေပြီးတော့ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ အခါမှာ အမှားမပါမှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေတော်တော်များများဟာ အခုထိ အကျဉ်းသားဘဝကနေ မလွတ်မြောက်သေးပါဘူး။ ဒါ လွတ်မြောက်ဖို့အတွက်လည်း ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။ နိုင်ငံရေးအကျဉ်းသားများ ဘာဖြစ်လို့ လွတ်မြောက်စေချင်လဲဆိုရင် ကျွန်မတို့နိုင်ငံဟာ တကယ်ကိုလွတ်မြောက်တဲ့ တိုင်းပြည်ဖြစ်စေချင်လို့၊ ကျွန်မတို့နိုင်ငံဟာ တကယ်ကို အဂတိတရားလေးပါးကနေ ကင်းလွတ်တဲ့ တိုင်းပြည်ဖြစ်စေချင်လို့၊ ဒါကြောင့်မို့ အကျဉ်းမချသင့်တဲ့သူတွေကို မချတာကလည်း အဂတိတရားကနေ ကင်းလွတ်တဲ့အထဲ ပါပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ကနေ လွှတ်သင့်တဲ့သူတွေကို လွှတ်ရမယ်။ လုပ်သင့်တဲ့ ကိစ္စကို လုပ်ရမယ်ဆိုပြီးတော့ ဒါကို ကျွန်မတို့က ဦးတည်ပြီးတော့ ပြောနေတာ ဖြစ်ပါတယ်။

လူတိုင်း လူတိုင်းရဲ့ လွတ်လပ်ပိုင်ခွင့် လူတိုင်း လူတိုင်းရဲ့ မိမိဘဝကို ထူထောင်ပိုင်ခွင့်အတွက် ကျွန်မတို့ဟာ ဒီမိုကရေစီ လှုပ်ရှားမှုထဲကို ဝင်လာတာပါ။ ဒီတော့ အခွင့်အရေး အကြောင်းကြီးပဲ ကျွန်မ အမြဲပြောတာ မဟုတ်ပါဘူး။ အခွင့်အရေးအကြောင်းပြောရင် အမြဲပဲ တာဝန်အကြောင်းကို တစ်ခါတည်းဆက်ပြီး ပြောပါတယ်။ အခွင့်အရေးရှိသလို တာဝန်ဆိုတာလည်း ရှိရမယ်။ ကိုယ့်တာဝန်ကို ကိုယ်အလေးမထားနိုင်လို့ရှိလို့ရှိရင် တကယ်တော့ လူများရဲ့ လွတ်လပ်မှုကို အလေးမထားတာနဲ့ အတူတူပဲ။ လူများရဲ့ လွတ်လပ် မှုကို အလေးမထားတဲ့သူတွေဟာ ဘာဖြစ်လို့ ကိုယ့်လွတ်လပ်မှုကို တောင်းဆိုပိုင်ခွင့်ရှိလဲ။ မရှိဘူး။ ဒါဟာ မတရားဘူး။ တာဝန်ယူနိုင်တဲ့ စိတ်၊ တာဝန် ထိန်းသိမ်းရဲတဲ့ စိတ်ဓာတ်ရှိမှ လွတ်လပ်ခြင်းကို တောင်းနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ကျွန်မဒီလိုပဲ ယူဆပါတယ်။ အဲတာကြောင့်မို့လို့ ကျွန်မတို့ရဲ့ လူငယ်တွေ၊ လူလတ်တွေ၊ လူကြီးတွေ၊ လူငယ်တွေလို့ အခုပြောပေမယ့် ကျွန်မတို့လူငယ်တွေကလည်း လူကြီးတွေဖြစ်လာပြီ။ ကျွန်မတို့ လူကြီးတွေက လည်း အကြီးကြီးတွေ ဖြစ်လာပြီ။ အဲလို တစ်ဆင့် တစ်ဆင့် ပြောင်းလာတဲ့ အခြေအနေမှာ ကျွန်မတို့ အားလုံးဟာ အဂတိတရားနဲ့ကင်းဖို့ဆိုတာ ဘယ်အရွယ်နဲ့မှ မဆိုင်သူမရှိဘူး။ အရွယ်တိုင်းနဲ့ ဆိုင်တယ်။ အဲတာကြောင့်မို့လို့ ဒီဟာအတွက် ဒီလွတ်မြောက်ရေး အတွက် ဝိုင်းပြီးတော့ ကြိုးစားသွားကြပါ။ လွတ်မြောက်ရေးဆိုတာ အမျိုးမျိုးရှိပါတယ်။ လွတ်လပ်ရေး လွတ်မြောက်ရေး အကြောင်းပြောမယ် ဆိုလို့ရှိရင် တစ်နေကုန်လည်း ပြောလို့ပြီးမှာ မဟုတ်ပါဘူး။ နိဂုံးချုပ်အနေနဲ့ပြောချင်တာက ကိုမင်းကိုနိုင်နဲ့တစ်ကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ။ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံး ပြည်သူ ပြည်သားအားလုံး ညီညီညွတ်ညွတ်နဲ့ အဂတိတရား လေးပါးကနေပြီးတော့ လွတ်မြောက်တဲ့ဘဝကို ရောက်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းလိုက်ပါတယ်”

8 comments

  • etone

    October 19, 2011 at 9:31 am

    အဲ့ဒီဘုန်းကြီးကျောင်းရှေ့က ဖြတ်တော့ … လူငယ်တွေ ရုပ်စိရုပ်စိနဲ့ … ဝင်လိုက်ထွက်လိုက် ဘာလုပ်နေကြသလဲ စပ်စုပြန်တော့… ဗီနိုင်း ဆိုင်းဘုတ်ထောင်ထားမှ သိတော့တယ် ကိုမင်းကိုနိုင်မွေးနေ့ အလှူတဲ့ … လူတွေ အများကြီးပဲ … အကျီ င်္ အဖြူလေးတွေနဲ့ … ဘုန်ကြီးကျောင်းမှာ လုပ်အားပေးနေတာ …ဖြတ်သွားရင်းတွေ့ခဲ့တယ် ။ 🙂

    • pan pan

      October 19, 2011 at 10:05 am

      အင်း….မသွားဖြစ်လိုက်ဘူး
      ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ အကြို ဂုဏ်ပြုပွဲကို BG သွေးကူညီရေးအဖွဲ့က ဦးဆောင်ပြီး ဒဂုံမြို့သစ် တောင်ပိုင်း၊ မြင်းခြံ ပိဋကတ်သုံးပုံ နိကာယ် ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပခဲ့တယ်တဲ့
      အဲဒီပွဲလည်း မသွားလိုက်ရဘူး

      • ကြောင်ကြီး

        October 19, 2011 at 10:58 am

        စတိတ်ရှိုး၊ ဖက်ရှင်ရှိုးဆို ရောက်ပြီးသား မဟုတ်လား။ 🙁

        • pan pan

          October 19, 2011 at 12:00 pm

          ကိုကြောင်ကြီးကတော့ တကယ်ပါပဲ
          အကောင်းကိုမမြင်တတ်ဘူး
          လူပျိုကြီးပီသပါပေ့ 😛
          စတိတ်ရှိုးလည်း ဝါသနာမပါ၊ ဖက်ရှင်ရှိုးလည်း ဝါသနာမပါ
          ဂိမ်းဆော့တာတော့ ဝါသနာပါတယ် အဟီး :mrgreen:

  • forever

    October 19, 2011 at 10:51 am

    လေးစားပါတယ် ဂုဏ်လဲယူပါတယ်
    နောင်တော်ကြီးရဲ. ရဲရဲတောက်စိတ်ဓါတ်ကို
    ဂါရဝပြုမိပါတယ်
    ကိုမင်းကိုနိင် အမြန်ဆုံးလွတ်မြောက်ပါစေလို.ဆန္တပြုပါတယ်

  • blackchaw

    October 19, 2011 at 11:35 am

    “အဆိုပါ မွေးနေ့ပွဲ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသူရ(ခေါ်) ဇာဂနာအပါအဝင် ဝါရင့်နိုင်ငံရေးသမားများ၊ တိုင်းရင်းသားကိုယ်စားလှယ်၊ ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၊ သတင်းစာဆရာများနှင့်အတူ ရဟန်းရှင်လူ ပြည်သူ အများအပြားတက်ရောက်ခဲ့ကြပါသည်။”
    ကိုမင်းကိုနိုင် ရဲ့ အရှိန်အဝါ ကို ဖေါ်ပြနေသော စာသားများဖြစ်ပါတယ်။

  • pooch

    October 19, 2011 at 1:54 pm

    “ကိုမင်းကိုနိုင်နဲ့တစ်ကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ။ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံး ပြည်သူ ပြည်သားအားလုံး ညီညီညွတ်ညွတ်နဲ့ အဂတိတရား လေးပါးကနေပြီးတော့ လွတ်မြောက်တဲ့ဘဝကို ရောက်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းလိုက်ပါတယ်” ……..
    ……
    ………ဆိုတဲ့ အမေစုရဲ့ သဘောနဲ့ ထပ်တူထပ်မျှပါပဲ…..

  • aye.kk

    October 19, 2011 at 4:45 pm

    လူကိုလူလိုမြင်ပြီးလူပီသစွာနေထိုင်ကျင့်ကြံတဲ့အသိတရားနဲ ့တိုင်းပြည်အကျိုးကိုထာဝရအသက်ထက်ဆုံး
    တိုင်သယ်ပိုးဆောင်ရွက်နိုင်မည့်ကိုမင်းကိုနိုင်အားအစဉ်လေးစားဂုဏ်ပြ ုလျက်မွေးနေ ့မှသည်နှစ်တစ်ရာ
    ကျော်တိုင်စိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနဲ ့ပြည့်စုံနိုင်ပါစေလို ့ဆုမွန်ကောင်းတောင်းချွှေလိုက်ပါ
    တယ်

Leave a Reply