ဒီရက်ပိုင်း ရေအောက်က ဆက်ကြောင်းပျက်သည်ဆိုလားမသိ၊ ရွာထဲရောက်ဘို့ ကျော်နေခွနေရပါသည်။

သို့သော်လည်း ရွာထဲရောက်ရင်ဖြင့်  ရွာအလှက ဆီးကြိုနေတော့ ကျော်ရခွရ ကျိုးနပ်ပါသည်။

ဒီတစ်ပတ် ဖတ်ပြီး ပြောစရာရှိသည်များကို ပြန် ပြောပြချင်ပါသည်။

Water-melon ၏ စပွန်ဆာရဲ့ နောက်ကွယ်မှာ ကို ဖတ်ရသည်။ မြန်မာမော်ဒယ်မလေးများ၏

ရပ်တည်နိုင်ဘို့ စပွန်ဆာရှာနေရပုံကို မီးမောင်းထိုးပြထားခြင်း ဖြစ်ပါသည်။ ဒါကတော့ မအောင်မြင်ခင် ကြိုးစားနေရဆဲ

မိဘစီးပွားရေး မတောင့်တင်းသည့် မော်လ်ဒယ်မလေးများ ရှောင်လွှဲလို့ မရနိုင်သော ပြသနာဖြေရှင်းနည်းတစ်ခုဟု

မြင်မိပါသည်။ ကျွန်တော်တို့ကော ဘာများတတ်နိုင်ပါမည်နည်း။ ဒါက အနုပညာ နယ်ပယ်က ကိစ္စမို့ မေ့ချင်လည်း မေ့ထားလို့ရပါသည်။

မိတ်ဆွေတစ်ယောက်ပြောပြသော ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ပြောပြချင်ပါသည်။ နယ်တစ်ခု၏ ဆေးတက္ကသိုလ် တစ်ခုတွင် ကျောင်းတက်နေသော

တောမှကလေးမလေးတစ်ယောက် ကျောင်းတက်ဖို့ စပွန်ဆာရှာသော ကိစ္စကို ကျွန်တော်တို့ ဘယ်လို ဖြေရှင်းပါမည်နည်း။

နေစရာအိမ်အသင့်၊ စားစရာမပူရ၊ မုန့်ဘိုးဆိုတာ သိန်းဂဏန်းကိုင်သုံး၊ကျောင်းသွားရင် ကိုယ်ပိုင်ဆိုင်ကယ်လေးနှင့်

၎ – ၅ သိန်းတန် ဟန်းဆက်နှင့် ဖုန်းကိုင်ပြီး လူချမ်းသာ သားသမီးတစ်ယောက်ကျောင်း တက်သလိုနေနိုင်ဘို့အတွက်

တစ်ပတ်ကို နှစ်ရက်၊ တစ်ရက်ကို နှစ်နာရီခန့် စပွန်ဆာကြီးကို အချိန်ပေးရုံပါပဲတဲ့၊၊ အနုပညာနယ်က

ကလေးမလေးတွေ အတွက်ကတော့ ဒါမျိုးတွေက မဆန်းပေမယ့် ပညာရေးနယ်ပယ်က ပညာရှာနေတဲ့

ကလေးမလေးတွေ အတွက် ကျတော့ အင်း…. ရင်လေးစရာကြီးတွေပါ water-melon ရေ။

ကြောင်ကြီးရဲ့ သမတကြီးရဲ့ ရေစီးကမ်းပြို ဝေဒနာ Fake Gesture ကို လည်းဖတ်ဖြစ်ပါသည်။ ကိုညီညီဦး ပြောသည့် စာဥသီချင်းကိစ္စကြောင့်

စိတ်မကောင်းဖြစ်ရပါသည်။

Etone ရဲ့ ခေတ်အဆက်ဆက် မပျက်သုဉ်းတဲ့ လာဘ်ပေးလာဘ်ယူ စံနစ်ဆိုး ကိုလည်း ဖတ်ဖြစ်ပါသည်။

ဆွေမျိုးထဲမှ အစ်မတစ်ယောက်၏ ကိုယ်တွေ့လေးကို ဥပမာပေး၍ လာဘ်ပေးလာဘ်ယူ စံနစ်ဆိုးကို ရှုတ်ချထားခြင်း ဖြစ်ပါ၏။

တဖြေးဖြေးတော့ ဖြစ်လာပါလိမ့်မည်။ ချက်ခြင်းကြီး ပျောက်သွားဘို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး etone ရေ။

တရုတ်နိုင်ငံမှာ သေဒဏ်ပေးနေတာတောင် လာဘ်စားမှုတွေရှိနေသေးတာကိုး နော။

ဆရာမကြီး TTNU ၏ အတန်းပိုင်ဆရာမနှင့် ဒွေး ကိုဖတ်ဖြစ်ပါသည်။ သင်တန်းသားတွေကို အင်္ဂလိပ်စာ

အသံထွက် သင်ရာမှာ ဒွေးရဲ့ (ကြော်ငြာမှာပါသော)ခွေးကြီးလို အောက်မေးလှုပ်ပြီး အသံထွက်ရမယ်ပြောရမှာကို

ဒွေးရဲ့ဂွေးကြီး လှုပ်သလို   ဟု မှားပြောမိတဲ့ အကြောင်းလေးကို ဆရာမကြီးက သဘာဝကျကျ ဟာသလေးရေးပြ

သွားတာ ဖတ်လို့ကောင်းပါတယ်။

ကိုစိန်သော့ ရဲ့ ရွာသူရွာသားတို့ရဲ့ တစ်နေ့တာ ကို ဖတ်ဖြစ်ပါသည်။ ဓါတ်ပုံလေးတွေက ပြောစရာမရှိအောင်

လန်းသလို စိတ်ကူးလေးတွေကပါ လန်းသော ပို့စ် ဖြစ်ပါသည်။ မဖတ်ရသေးပါက ရှာဖတ်ကြည့်စေချင်ပါသည်။

ဓါတ်ပုံ ကင်မရာ ပိုင်းဆိုင်ရာတွေရေးနေပါသော အီတလီဘောလုံးသမားလေး အင်ဇာဂီရဲ့

Rule of Thirds and Photography Tips  ကိုလည်း ဖတ်ဖြစ်ပါသည်။

ကိုသစ်မင်း ရေးသော တစ်ခါတည်းပါနှင့် နောက်ဆက်တွဲများကို ဖတ်ဖြစ်ပါသည်။ ရွာသူရွာသားတွေလည်း

အားလုံးဖတ်ပြီးဖြစ်မည်ထင်ပါ၍ ၀င်မပွားတော့ပါ။ အင်မတန်လှပသော စကားပြေတစ်ပုဒ်ဟု တင်စားချင်ပါသည်။

ကိုချိုရဲ့ ရှုခင်းလေးများပုံ ကို ကြည့်ဖြစ်ပါသည်။ ချန်ကေရှိတ်အမှတ်တရ အဆောက်အဦမှာ ရိုက်ထားသော ပုံများ ဖြစ်ပါသည်။

သူကြီးက သာသည့်မြေသို့ ဆိုသည့်ကဗျာတစ်ပုဒ် နှင့် မန်းတာ အမှတ်တရပါ ကိုချိုရေ။

မမရဲ့ သူ့ဘက်ကိုယ့်ဘက် ကို ဖတ်ဖြစ်ပါသည်။ ဆရာမရှိတုန်း ဆရာ့ဆိုင်ကယ်ကို အစီးသင်တက်စီးမိ၍

အိမ်ရှင်၏ သံပန်းတံခါးပျက်သွား သည့်အကြောင်းဖြစ်ပါသည်။ မမက ရွာသူရွာသားတွေကို စဉ်းစားဘို့ အလုပ်ပေးသွားခဲ့ပါသည်။

မှားတာကတော့ အလုပ်သမားလေးက မှားတာပါပဲ။ ဒီနေရာမှာ ဘလက်ချော ရေးခဲ့ဘူးသော ယုံကြည်မှုမရှိရင် အလုပ်မဖြစ်ဘူး

ဆိုသည့် ပို့စ် လေးထဲမှ စာသားများကို ပြန်ရေးပြချင်ပါသည်။ အကြောင်းအရာနှင့်လည်း အံဝင်နေ၍ ဖြစ်ပါသည်။

“ထောင့်စေ့အောင် စီမံထားသော system တစ်ခုရှိလျှင် ၀န်ထမ်း အလွဲသုံးစား လုပ်၍ မရပါ။

စီမံမှုအားနည်း၍ ၀န်ထမ်းအလွဲသုံးလျှင် ၀န်ထမ်းတွင် အပြစ်မရှိ။ စီမံသူမှာသာ အပြစ်ရှိပါသည်။”

မတူတဲ့အတွေးတစ်ခုကို တင်ပြရသော်အလုပ်သမားလေး ဆိုင်ကယ်တက်စီးခွင့်ရ အောင် စီမံမှု ညံ့ဖျင်းခဲ့သော

ဆိုင်ကယ်ပိုင်ရှင် ဆရာ့မှာ အပြည့်အ၀တာဝန်ရှိ သည်ဟု ဆိုချင်ပါသည် မမခင်ဗျား။

Burma ရေးသော စကားဝိုင်းတစ်ခုက ကြားခဲ့ဘူးသော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ကို ဖတ်ဖြစ်ပါသည်။

လုပ်ငန်း ဌာနတစ်ခုမှာ နားလည်တဲ့ လူတွေကိုပဲ ခေါင်းဆောင်ခန့်သင့်တယ် ဟု သူတို့အဖေတွေ ပြောသော စကားဝိုင်း မှ

ကြားမိတာလေးကို စိတ်ဝင်စားပြီး ရေးထားတာပါ။ လုပ်ငန်းနားလည်ပေမယ့်  management ကလိုသေးတယ်လို့

ထင်ပါတယ် burma ရေ။ လုပ်ငန်းနားလည်တာက တစ်ပိုင်း management က တစ်ပိုင်းလို့ ထင်မြင်မိပါတယ် burma ရေ။

တောင်ကြီး၊ အောင်ပန်း၊ ကလော မြို့များသို့ လမ်းသလားနေသည့် ကိုပေါက်၏ ခရီးသွား ဓါတ်ပုံနှင့် ခရီးသွားဆောင်းပါး လေးများက

ကိုပေါက်၏ ရွာအပေါ်ထားသည့် စေတနာကို ထင်ထင်ရှားရှား မြင်နေရပါကြောင်း ကိုပေါက်ကို အားပေးစကား ပြောချင်မိပါသည်။

တောင်ကြီးနားက ရေတံခွန် ဆိုရင် တကူးတက သွားရိုက်ထားကြောင်း သိသာပါသည်။ ကျေးဇူးပါ ကိုပေါက်ရေ။

Snow lay ၏ သိစေချင်ပါသည် ပို့စ် ကို ဖတ်ဖြစ်ပါသည်။ သူကြီးကိုယ်တိုင် ၀င် ရှင်းပေးနေရသော ပြသနာတစ်ခု ဟု ခေါင်းစဉ်တတ်ချင်ပါသည်။

အပြင်မှာ ဖြစ်ခဲ့သော ဇာတ်လမ်းတွဲတစ်ခု၏ အဆက်ဖြစ်သည်ဟု ဆိုပါသည်။ အားလုံးငြိမ်း ချမ်းစေချင်ပါသည်။

snow lay ကလည်း သူကြီးပြောသလို မတူသောအတွေးနဲ့ ကိုယ်ပိုင်စာတွေ ချရေးပြီး ရွာသူ တစ်ယောက် ဖြစ်အောင်အရင်ကြိုးစားဘို့ ဘလက်ချော တိုက်တွန်းလိုပါသည်။

“မန်းလေးဂဇက်တီက စီနီယာတွေအုပ်စုဖွဲ့ အက်မင်နဲ့ပေါင်းပြီး ၀င်လာသမျှ ဂျူနီယာတွေကို

ကောင်းကောင်းကြိုဆိုပါတယ်လို့ ကျန်တဲ့ဆိုဒ်တွေသိအောင်ကျွန်တော်ကြော်ငြာပေးပါ့မယ် “

ဟု ၀င်မန်းသူတစ်ယောက်ကို တွေ့ရပါသည်။ ပြောချင်ရာ ပြောတိုင်းသာ ယုံရမယ်ဆိုရင် ဧရာဝတီမြစ်ကြီး တောင်

ကျွန်တော်တို့ ပြန်ရမှာ မဟုတ်ပါဘူးခင်ဗျာ။ ဟစ်ဟော့ခေတ်ဆိုတော့ အက်ဆစ် သီချင်းလေးကို စာသား လေးထည့်ပြီး ဒီလိုဆိုပြချင်ပါတယ်ဗျာ။

“ မန်းဂဇက် တစ်ခုသာဖြစ် ငါတို့ရမှာက အပြစ် “။ ဟားဟား ကျွန်တော်တို့ ရွာသားများကလည်း စိတ်လျှော့ ကြပါလို့ ငြိမ်းချမ်းရေးစကား

ဝင်ပြောချင်ပါသည်။ ဇာဂနာ့ စကားငှားသုံးရရင် ဦးသိန်းစိန်နဲ့ ကျွန်တော်တို့ အမေစုတောင် လက်စွဲနှုတ်ဆက်နေကြတဲ့ အချိန်မျိုးမှာ

ဘာမဟုတ်တာလေးနဲ့ ရန်စကားတွေ ဆက်မပြောကြဘို့ သောက်မြင်ကတ်ရင် လည်းကတ် ၀င်ပြောပါရစေဗျာ။

Htoosan ၏ ၀န်ကြီးချုပ်နှင့် ရန်ကုန်မြို့တော်ဝန်သို့ ကို ဖတ်ရသည်။ ပြုပြင်စေချင်သည်များကို ပြုပြင်ပေးပါရန် တောင်းဆိုသော စာ ဖြစ်ပါသည်။

နည်ရဲဇော် ၏ ဟင့်အင်း ပြောတတ်အောင် သင်ယူရဦးမယ် ကို ဖတ်ဖြစ်ပါသည်။ အားနာတတ်သူတစ်ယောက်၏ ငြင်းသင့်တာကို

ငြင်းဘို့ ကြိုးစားမည် ဟု ဆိုထားသော စာတစ်ပုဒ်ဖြစ်ပါသည်။ ဘလက်ချောကလည်း အားနာတတ်သူ တစ်ယောက်လို့ ကိုယ့်ကိုယ်ကို

ရဲရဲတင်းတင်း တံဆိပ်ကပ်ပြီး ထောက်ခံဖြစ်ပါသည်။

Windtalker ၏ သူများအကြောင်းလည်း မပြောတတ်ပါ ဆိုသော ပို့စ် ကိုလည်း ဖတ်ဖြစ်ပါသည်။ မန္တလေးတွင် ဖြစ် ပွားသော အလှူ တစ်ခုမှ

အဆိပ်သင့်မှုတစ်ခု အပေါ်တွင် ကိုပေ ၏ သုံးသပ်ချက်ကို ရေးထားခြင်းဖြစ်ပါသည်။ ဖတ်ဖြစ် အောင် ဖတ်ကြည့်ကြစေလိုပါသည်။

ကိုရှုံး ၏ ဘယ်တော့လက်ထပ်ဖြစ်မှာလဲ ဆိုသော ပို့စ် ကိုလည်း ဖတ်ဖြစ်ပါသည်။ အိမ်ထောင်ပြုရမှာ မ၀ံ့မရဲဖြစ်နေ သောလူတစ်ယောက်၏

ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ထားသော ပို့စ်ဖြစ်ပါသည်။ ၀င်မန်းကြသူ အများအပြားအနက် FR ဟု ကျွန်တော်တို့ ချစ်စနိုးခေါ်သော

Foreign Resident ၏ ကွန်းမန့် နှင့် MaMa တို့၏ ကွန်းမန့်များမှသည် FR ကြီး မနေ့က ပို့စ်တစ်ခု ရေးဖြစ်သည် အထိဖြစ်သွားပါသည်။

ထိုပို့စ် ကြောင်းကို တော့ နောက်မှ ဆက်ရေးပါမည်။

အသက် ၈၀ ပြည့်မည်ဖြစ်သော ဆရာကြီးမောင်သာရ အတွက် မွေးနေ့ဆုတောင်းများကို သူကြီးမှ ဆရာကြီးထံ

ယူသွားပေးမည် ဆိုသဖြင့် ရွာသူရွာသားများ တက်ညီလက်ညီ ၀ိုင်းဆုတောင်းနေကြတာကိုလည်း တွေ့ရပါသည်။

ကိုချို၏ အိုးထဲကသစ်ပင်လေးများ ကတော့ ချစ်စရာဘွန်းဇိုင်းအပင်ငယ်လေးများ ၏ ဓါတ်ပုံများဖြစ်ပါသည်။

နောက်ထပ်ဖတ်ဖြစ်တာက etone ၏ အလှူခံလိမ် ဆိုသော ပို့စ် ဖြစ်ပါသည်။

သဒ္ဒါထက်သန်မှုဟာ သူတပါးလိမ်ညာလှည့်ဖြားခြင်း ဖြစ်နိုင်တယ်လို့ သတိပေးထားတာပါ။ ဒါလည်း ၀ိုင်းဆွေးနွေး ရမယ့် ကိစ္စ မျိုးမို့ ကိုယ်တိုင်သာ ဖတ်ကြည့်ကြပါခင်ဗျာ။

သူကြီး၏ တောင်အာဖရိကစေ့ဆပ်ဆွေးနွေးရေး ဖြစ်စဉ် (အပိုင်း-၅) (နိဂုံးပိုင်း) ကိုဖတ်ရပါသည်။ ကိုယ်တိုင်ဖတ်ကြည့်ဘို့ တိုက်တွန်းပါသည်ခင်ဗျား။

ကိုသစ်မင်း၏ လူ/မြစ်/သစ်ပင် ဆိုသော ကဗျာလေးကိုလည်း ထည့်ပြောချင်ပါသည်။ ကဗျာဆရာတစ်ယောက်၏ အတွေးအရေးလေးကိုကိုယ်တိုင်ဖတ်ပြီး

အရသာခံပါလို့ ပြောချင်ပါသည်။

ဘီလူးကြီး၏ ကျိုက်မှော်ဝန်း ရေလယ်ကျောက်တန်းဘုရား ဘရားဖူးဓါတ်ပုံများကိုလည်းကြည့်ရသည်။ ကျေးဇူးပါ ဘီလူးကြီးရေ။

နောက်ထပ်ရွှေလက်ရာရှင် ကိုစိန်သော့ရဲ့ အင်းဝရွှေမြို့တော်ဟောင်းဆီသို့ ၁+၂၊ တမုတ်မြို့ဟောင်းတစ်နေရာ

ပို့စ်တွေ ကလည်း လန်းနေတာပါပဲ ကိုစိန်သော့ရေ။

Moonpoem ၏ သိမ်ဖြူငွေလဲစင်တာတွင် မြန်မာလူမျိုးတိုင်းဒေါ်လာလဲလှယ်ခွင့်ရှိသည်ဆိုတာ မမှန်ကန်ပါ

ဆိုသော သတင်းလေးကလည်း မသိသေးသူများအတွက် တန်ဘိုးရှိပါသည်။

ချဉ်ပေါင်ပန်းကို လှအောင်ရိုက်နိုင်သော Weiwei ၏ ရုပ်ရှင်အညွှန်းလေးကိုလည်း ဖတ်ရပါသည်။

နောက်ထပ်ကားကောင်းလေးတွေရှိရင်လည်းညွှန်းနိုင်ပါ စေသားပေါ့ဗျာ။

မနေ့က ကိုသစ်မင်း၏ midlife crisis ကို အကြံပေးကြည့်ခြင်း ကို ဖတ်ရပါသည်။ အခုတလော ကိုသစ်မင်းရေး တိုင်း ဘလက်ချော အကြိုက်တွေ့မိနေပါသည်။

ဆရာလုပ်နေခြင်းမျိုးမဟုတ်ပဲ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို နွေးနွေးထွေးထွေး ဆက်ဆံပြောဆိုနေခြင်းမျိုးနှင့်တူသည် ဟု

တင်စားချင်ပါသည်။ ဟုတ်မဟုတ် ဖတ်ကြည့်ကြပါဗျာ။

ဝန်ကြီးများရုံးကိုပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည် ဆိုသော ဦးကောက်၏ ပို့စ်ကို ဖတ်ပြီး စိတ်မကောင်းဖြစ် မိပါသည်။

ညစ်နေသော စိတ်တွေအတွက် ဘီလူးကြီးက ကြည့်ပြီးပြုံးနိုင်စေဘို့ ရယ်စရာပုံလေးတွေ တင်ဆက်ပေးထား ပါသည်။ စိတ်လက်ပေါ့ပါးသွားတာပေါ့ခင်ဗျာ။

စားရမှာတောင်ကြောက်တယ် ဆိုသော nozomi ၏ ပို့စ်ကတော့ အနံ့ပျော့ ဆပ်ပြာမှုန့်များရောနှောသော ပဲဆီများနဲ့ အန္တရယ်များလာနေပြီဖြစ်တဲ့

အစားအသောက်အတုအယောင်အရောအနှောတွေ အကြောင်းရေးထားတဲ့ ပို့စ် ကောင်းလေးတစ်ခုပါ။ ဒါဖတ်ပြီးမှ စားပါလို့တောင် ရေးလို့ရပါတယ်။ဟားဟား။

အဖြည့်ခံဘ၀၏ တကိုယ်ရေ ညည်းဆိုခြင်း ပို့စ်တွင်မူ etone ၏ အပြောင်းအလဲကို မြင်ရပါသည်။ ဆက်လုပ် etone ဆက်လုပ်။

ပြီးတော့ ကိုဖက်တီးကြီးက လူဝင်စား အခန်းဆက် ဇာတ်လမ်း ရိုက်ပါသည်ပေါ့။ ဒီနေ့တော့ ပြီးမယ်ဆိုလား။

Moe Z ရဲ့ သတင်းကျွတ် အမှတ်တရဆိုတဲ့ ပို့စ်ကတော့ အချိန်နည်းနည်း နောက်ကျပြီးမှ ရောက်လာပါသည်။

ကောင်းပါသည်ခင်ဗျား။

နောက်ဆုံးဟော့ ဖြစ်နေသော Foreign Resident ၏ အဆဲခံချင်လို့ ကို ရေးတာ ဆိုသော ပို့စ်အကြောင်းနှင့် အဆုံးသတ်ချင်ပါသည်။

တရုတ်မုန်းသူများက ဆဲမယ်လို့လည်း မျှော်လင့်ပြီးသားပါ ဆိုတဲ့စကားမှာ တရုတ်မုန်းသူများဆိုတာကြီးကတော့ လက်မခံချင်ပါဘူးဗျာ။

ကျွန်တော်တို့က စာကိုဖတ်တာပါ။ လူကိုဖတ်နေတာ မဟုတ်ပါဘူး။ ဒါလေးတစ်ခုတော့ ဇောဒကတက်ခွင့်ပြုပါ။ တရုတ်တွေ ကုလားတွေက ကျွန်တော်တို့အတွက်

အရေးမကြီးပါဘူး။ ရေးတဲ့စာကသာ ကျွန်တော်တို့အတွက် အရေး ကြီးပါတယ်။ ရေးလိုက်တဲ့စာကသာ ရေးသူရဲ့ စိတ်ဓါတ်အဆင့်အတန်းကို ဆုံးဖြတ်ပေးပါတယ်။

တရုတ်တွေကုလားတွေ က မဆုံးဖြတ်ဘူးလို့ ထင်မိပါကြောင်း ရင်းရင်းနှီးနှီး ဆိုချင်ပါတယ်  FR ကြီး ခင်ဗျား။

ဝဲဆေးတောင်းသော ကြောင်လေးတို့ ၀ဲဆေးရသွားပါပြီလား။ သန်းကြွယ်သူဌေးကြီး မောင်ဘလှိုင် ကိုလည်း ဖတ်ဖြစ်ပါကြောင်း၊ ထားရစ်ခဲ့တာလား ကျန်နေခဲ့တာလား

ဆိုသော နေ၀န်းနီ၏ ကဗျာ စသည်ဖြင့် တော်တော်များများ ဖတ်ဖြစ်ပါသည်။

ဒီတပတ် ဖတ်ဖြစ်သည်များကို အကုန်လုံးရေးနိုင်ရန် ကြံစည်ထားပါသော်လည်း အချိန်အခက်အခဲကြောင့် ချန်ခဲ့ရသော

ပို့စ် ပိုင်ရှင်များကို တောင်းပန်ပါသည်။

တတ်နိုင်သလောက်ကို လိုအပ်သည်ထင်ပါ၍ မည်သူကမှ တာဝန်မပေးပါပဲ လုပ်ကြည့်ခြင်းဖြစ်ပါသည်။ အမှားအယွင်းများ ပါခဲ့သော် ခွင့်လွှတ်ကြပါ။

black chaw

About black chaw

black chaw has written 332 post in this Website..