မဂ္ဂင်အဖော်ရှာပေးကြစို့…

who whoOctober 19, 20111min922

စိတ်ကလေးကို မဂ္ဂင်အဖော်ရှာပေးဖို့က ကျနော့်မှာ တာဝန်တစ်ခုဖြစ်လို့လာပါပြီ။
ဒီမဂ္ဂင်တပ်သား ငါးယောက် စုဆောင်းမိပါမှ အာသဝ ရန်သူတွေလက်က လွတ်ဖို့ တိုက်နိုင်မှာမို့ အရေးကြီးဆုံးဖြစ်တဲ့ မဂ္ဂင်အဖော်တွေ အရင်စုဆောင်းရပါတော့မယ်။ ဒီတော့ စိတ်ကလေးကို သင်တန်းစပေးမှဖြစ်တော့မယ်။ ဒီတိုင်းထားလို့ကတော့ ကိလေသာစေတသိတ်တွေလက်ချက်နဲ့ပဲ ဒုက္ခပရချာ ဖြစ်နေပြီမို့ အမြန်ဆုံးကယ်တင်ကြဖို့ ခုပဲစလို့ သင်တန်းပေးရပါပြီ။ ဆင်းရဲသော စိတ်ကလေးဘဝမှသည် ချမ်းသာသော စိတ်သူဋ္ဌေးဖြစ်ဖို့ ချမ်းသာနည်းလေးတွေနဲ့သူ့ကို အလုပ်ပေးအပ်ရပါတော့မယ်။
ဒါကြောင့်ပဲ စိတ်ကလေးကို ခုလို ဆုံးမလို့ သင်တန်းစပေးနေရပါပြီ။ ကျနော်ကိုယ်တိုင် ဆရာလုပ်လို့ စိတ်ကလေးကို ခိုင်းရပေတော့မည်။

သင်ခန်းစာ-၁ -ချမ်းသာစေဖို့ အလုပ်ကြိုးစားလုပ်ကြပါစို့။
ဟေ့ စိတ်ကလေး…မင်းတို့ ချမ်းသာချင်တယ်ဆိုရင် အလုပ်ကြိုးစားမှဖြစ်မယ်နော်။ အဲဒီ မှာ ကြိုးစားရမယ့် အလုပ်ရယ်လို့ မယ်မယ်ရရ မရှိလို့ပဲ မင်းတို့(စိတ်) တွေဟာ တောင်ရောက် မြောက်ရောက် ဖြစ်နေရတာပေါ့။ လူချမ်းသာချင်ရင် ပိုက်ဆံရမယ့် သမာအာဇီဝ ဖြစ်မယ့် အလုပ်မျိုးကို ရှာပြီး ကြိုးစားလုပ်ရပါမယ်။ စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာမှု ဖြစ်စေမယ့် အလုပ်ကိုရှာလုပ်နေရမယ်။ ဒီနေ့တော့ ဆရာ့အနေနဲ့ မင်းတို့ (စိတ်)တွေကို အလုပ်ရှာပေးပါ့မယ်။
လုပ်ရမယ့်အလုပ်ကတော့ ဂိတ်စောင့် တာဝန်ပါပဲ။ ဘယ်ဂိတ်ကို စောင့်ရ မှာလည်းဆိုရင်တော့ မင်းတို့ နေထိုင်ရာ ခန္ဓာအိမ်နန်းတော်ကြီးရဲ့ အရေးအကြီး ဆုံး အသက်ရှုရာ မိန်းဂိတ်ပေါက်ကြီးဖြစ်တဲ့ နှာခေါင်းပေါက်မှာ တာဝန် ထမ်းဆောင် ရပါမယ်နော်။ အင်း …လုပ်ရမယ့် လုပ်ငန်းစဉ်ကို သေချာ လေး လိုက်မှတ်ထားကြပါ။
မင်းတို့ တာဝန်က နှာခေါင်းအဝင်ဂိတ်ဝမှာပဲ ထိုင်နေပြီး ဝင်လာတဲ့ လေဧည့်သည်တွေရဲ့ အဝင်အထွက်ကို သေချာလေး မှတ်သားဖို့ပါပဲ။ ဒါကို ဆရာက လက်တွေ့ သင်ကြားပေးသွားမှာမို့ ခုပဲ မင်းတို့ အားလုံး ကိုယ့်ရဲ့ သက်ဆိုင်ရာ ခန္ဓာအိမ် တံခါးဝမှာ သွားပြီးနေရာယူထားကြပါ။
ဆရာ့ အနေနဲ့ကတော့ ကိုယ့်ခန္ဓာအိမ်မှာ စောင့်မယ့် စိတ်ကလေးကို ခေါ်သွားပါ့မယ်။ ထိုသို့ ပြောအပြီးမှာပဲ စိတ်ကလေးက အားတက်သရော ဆရာ ခေါ်ရာနောက် လိုက်လာပါတယ်။ နှာခေါင်းထိပ် ဂိတ်ပေါက်ဝလည်း ရောက်ရော …… “ကဲ မင်း ဒီ နှာခေါင်းဝထိပ်မှာ ထိုင်လိုက်ပါ။ ” စိတ်ကလေးက လိုက်ထိုင်လိုက်တယ်။ “ဟုတ်ပြီ”။ မင်း ဒီနေရာကနေ ဘယ်မှ သွားလို့မရဘူးနော်။ သေချာလေးမှတ်ထား။ စိတ်ကလေးက ခေါင်း ညိတ် လိုက်တယ်။ အခု မင်းလုပ်ရမယ့်တာဝန်ကို ငါမင်းကို အရင်ဆုံး လုပ်ပြ မယ်။ ကြည့်ထား။ အဲဒီအချိန် ဝင်လေလေး ဝင်လာသည်။ ဝင်လာတဲ့ လေဧည့် သည်လေးက နှာခေါင်းဝကို ဦးတိုက်ထိပြီး ဝင်သွားသည်။ တွေ့လား။ အေး အဲလို ထိသွားတဲ့ အခိုက်ကို မင်းက “သိ”လို့ တစ်ချက် မှတ်ထားလိုက်ရမယ်။ ဟော ထွက်လေလေးလည်း ကြည့်လိုက်ဦး။ သူကလည်း နှာခေါင်းဝကို ထိပြီး နုတ်ဆက်ပြီးမှ ထွက်သွားတယ်မလား။ အဲလို ထိတဲ့ အခိုက် မင်းက “သိ”လို့ ထပ်မှတ် လိုက်ရမယ်။ နားလည်ရဲ့လား။
ဒီနေရာမှာ ချောင်ခိုလို့တော့မရဘူးနော်။ ဝင်လေဧည့်သည်လေး ဝင်တုန်းကတော့ သိလို့ မှတ်လိုက်ရပြီး ထွက်သွားတာကျ မသိလိုက်ပါဘူး ဆိုရင်တော့ မင်းအလုပ်ဖြုတ်ခံရဖို့သာပြင်ထား။ အဲလိုများ အလုပ်ပြုတ်သွားလို့ ကတော့ မင်း အရင်လို လမ်းဘေးမှာ ဂျလေဗီဖြစ်ပြီး တွေ့သမျှ အာရုံတွေ နောက်ပဲ ထပ်လိုက်နေရရင် ခုထက်ပိုပြီး ဆင်းရဲဒုက္ခ ရောက်သွားမယ်မှတ်။ ခုက မင်းကို ငါက အလုပ်ရှာစရာမလိုအောင် အဆင်သင့် ရှာပေးထားတာမို့ မင်းအနေနဲ့ လေးလေးစားစား လုပ်မှဖြစ်မှာနော်။ နောက်ပြီးတစ်ခု သတိပေး ထားဦးမယ် ။ အဲဒါက ဘာလဲဆိုတော့ မင်းတို့က အလုပ်လုပ်ရင်း တောင်လစ် ထွက်၊ မြောက်လစ်ထွက် လုပ်ချင်တဲ့အခါ ဝင်လေမလာသေးပဲလဲ သိလို့ ကြို မှတ်တာမျိုး၊ နောက်ထွက်လေလေး ထွက်ပြီး အကြာကြီးနေမှ မင်းက အပြင် ခိုးထွက်ရာက ပြန်ရောက်ပြီး သိ လို့ ရမ်းမှတ်လိုက်တာမျိုးတွေ ဖြစ်တတ်တယ် နော်။ အဲဒါလေးသတိအထူးထားလိုက်။ ကြားလား။ ငါက မင်းအရည်အချင်းကို ယုံကြည်လို့ ဒီလို ရခဲလှတဲ့ ဂိတ်စောင့် တံခါးမှုးရာထူး တန်းခန့်တယ်မှတ်ပါ။
အဲ..အလုပ်ချိန်ကတော့ အနည်းဆုံး ငါးမိနစ်က စရမယ်။ ငါးမိနစ် စလုပ်ကြည့်လို့ ငါးမိနစ် အပြည့် မခိုမကပ်ပဲ တာဝန်ကျေတယ်ဆိုရင်ဆယ် မိနစ် တိုးပြီး အိုဗာတိုင်ဆင်းနိုင်တယ်။ မင်း အလုပ်ကြိုးစားလုပ်နိုင်ရင် လုပ်နိုင် သလို အကျိုးအမြတ်ပိုရမယ်လေ။ မင်းနည်းနည်း အလုပ်လုပ်ရင် နည်းနည်းပဲ ချမ်းသာမယ်။ များများ အလုပ်လုပ်ရင် များများ ချမ်းသာမယ်ကွာ။ ဒါတွေက တော့ အလုပ်သဘောအရ သိပြီးသားတွေပါကွာ။ ငါက အလုပ်ပေးတာချင်း တူတူ သူများတွေက အလုပ်ကြိုးစားကြလို့ ကိုယ့်ရှေ့မှာ ချမ်းသာသွားပြီး ကိုယ်ပဲ ကျန်ခဲ့မယ်ဆိုရင်တော့ ရှက်စရာပဲနော်။
အဲ တစ်ခုတော့ရှိတယ်နော်။ ခုက မင်းကို အောက်ခြေသိမ်း အစမ်း ခန့် သဘောမျိုးစပြီး အလုပ်ပေးကြည့်တာ။ အကယ်လို့ မင်းဖက်က ကြိုးစား တယ်ဆိုရင် ဒီ့ထက်ကောင်းတဲ့ နေရာကို အခြွေအရံ ကိုယ်ရံတော်တွေပါထား လို့ ရာထူးတိုးပေးသွားမှာနော်။ အဲလိုနည်းနဲ့ သူများတွေလည်း နေ့ချင်းညချင်း ချမ်းသာသွားကြတာ မင်းလည်း တွေ့မှာပေါ့ကွာ။ ကဲ..ဒီနေ့တော့ ဒီလောက်ပဲ တော်ကြစို့ ။ မင်း ဒီနေ့ကစပြီး ပေးအပ်တဲ့ အလုပ်ကို သေသေချာချာလေး ကြိုးစားလုပ်ဖို့ကတော့ မင်းတာဝန် ဖြစ်သွားပြီ။
အော်..ကျနော ့ ရဲ့ ဒီနေ့ စတင် ပေးအပ်သော အလုပ်ရာထူးနဲ့ ပတ်သက်လို့ မရှင်းလင်းခဲ့ပါက မေးမြန်းနိုင်ပါကြောင်းနှင့် အကယ်လို့ အလုပ်ကြောင့်ရသော အကျိုးကျေးဇူးများ ရှိခဲ့ပါက ပြန်လည် ဝေမျှကြပါဦးလို့….

2 comments

  • thit min

    October 31, 2011 at 6:51 pm

    သေသေခြာခြာညွန်ပြထားတဲ့ စာတပုဒ်ပါဘဲ။ မအားလို့စာတိုင်းမဖတ်ဖြစ်တာ။
    ခုမှပြန်ကြည့်မိလို့ပါ။
    တင်ပြသင်ကြားမှုအတွက်ကျေးဇူးပါ။

    • whowho

      November 1, 2011 at 9:16 am

      ဟုတ်ကဲ့။ ကိုယ့်စိတ်ကို ဆရာပြန်လုပ်ပြီး သင်တန်းပေးကြည့်နေတာပါ။ ခုမှ သင်ခန်းစာက အစပဲ ရှိပါသေးတယ်။ မဂ္ဂင်စေတသိတ်ငါးပါးစုံအောင်ထိ သူ့ကို အဖော်ရှာပေးမှာပါ။ ခုတော့ဖြင့် သမ္မာသတိမဂ္ဂင်လေးနဲ့ အရင်ဆုံးမိတ်ဆက်ပေးနေတာမို့ နောက်ထပ်မဂ္ဂင်တွေနဲ့ တွေ့ဖို့ ဆက်လက်ဝေမျှသွားပါဦးမယ်။

Leave a Reply