ပြည်ပသို့ ဆန်တင်ပို့မှု ပိတ်ပင်ဆိုသည့် သတင်းမမှန်၊ ဆန်တန်ချိန်ရှစ်သောင်းတင်ပို့ရန် ခွင့်ပြုထားဟုဆို

klnMay 19, 20101min440

ပြည်ပသို့ ဆန်တင်ပို့မှုပိတ်ပင်ဆိုသည့် သတင်းမဟုတ်မှန်ကြောင်းနှင့် ဆန်တန်ချိန်ရှစ်သောင်းတင်ပို့ရန်ခွင့်ပြုထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၂၀၁ဝပြည့်နှစ် ဇန်နဝါရီလအတွင်းက ဆန်တင်ပို့သည့် ကုမ္ပဏီများမှ ပြည်ပသို့ တင်ပို့ရန်ကြိုတင်ဝယ်ယူစုဆောင်းထားသည့် ဆန်များကိုတင်ပို့ရန် ကြိုတင်ဝယ်ယူစုဆောင်းထားသည့် ဆန်များကို တင်ပို့ခွင့်ရပ်ဆိုင်းခြင်းရှိခဲ့သော်လည်းလက်ရှိအချိန်တွင် ပြည်ပသို့ မိုးစပါးမှ ဆန်တင်ပို့ခွင့်ကို မတ်လအတွက် ဆန်တန်ချိန် လေးသောင်း၊ ဧပြီလအတွက် ဆန်တန်ချိန်လေးသောင်း၊ စုစုပေါင်း ဆန်တန်ချိန်ရှစ်သောင်းတင်ပို့ရန် ခွင့်ပြုထားကြောင်း၊ ဆန်တင်ပို့ခွင့်လိုင်စင် သက်တမ်းသုံးလရရှိသည့်အတွက် မတ်လအတွင်းတင်ပို့ခွင့်ရထားသည့် ဆန်တန်ချိန်လေးသောင်းကို မတ်လမှ ဇွန်လအတွင်းနှင့် ဧပြီလအတွက် တင်ပို့ခွင့်ရထားသည့် ဆန်တန်ချိန်လေးသောင်းကို ဧပြီလမှ ဇူလိုင်လအတွင်း တင်ပို့သွားရမည်ဖြစ်ကြောင်း၊ ဆန်တင်ပို့မှုကို အုပ်စုငါးစုခွဲ၍ တင်ပို့လျက်ရှိကြောင်း၎င်းကရှင်းပြသည်။ လက်ရှိတွင် ဆန်တန်ချိန်နှစ်သောင်းခန့်တင်ပို့ရန် ပြင်ဆင်လျက်ရှိပြီး ဆန်တင်ပို့မည့် သက်ဆိုင်ရာ ကုမ္ပဏီများ၏ ကုန်လက်ဝယ်ထားရှိမှုအခြေအနေများကို မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးက မေလ ၆ရက်နေ့တွင် အပြီးသတ်စစ်ဆေးပြီးဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။ ယခုလက်ရှိကမာ္ဘ့ဆန်ဈေးကွက်၌ မြန်မာနိုင်ငံမှ တင်ပို့သည့် ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၁၅ပေါက်ဈေးရှိကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဖြစ်ပေါ်ခဲ့သည့် ကမာ္ဘ့ဆန်ဈေးကွက်ပေါက်ဈေးများနှင့်နှိုင်းယှဉ်လျှင် လက်ရှိမြန်မာ့ ၂၅မှတ်ဆန်၏ ပေါက်ဈေးမှာ၁ဝ ရာခိုင်နှုန်းမှ ၂ဝရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားကြောင်းပြည်ပသို့ ဆန်တင်ပို့လျက်ရှိသည့် ဆန်ကုန်သည်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။