ဒီရက်ပိုင်းမှာ စိန်သော့သွားဖြစ်နေတဲ့ နေရာတွေက မြန်မာ့သမိုင်းဝင် မြို့ဟောင်းများဆီကိုပါ။ ခရီးကလည်းသွားချင်၊ အချိန်ဆိုတဲ့ အခွင့်အရေးကလည်းမရတော့ နေ့ချင်းပြန်သွားလို့ရတဲ့ နေရာတွေဆီပဲ ရှာဖွေသွားနေမိပါတယ်။ ဒီတစ်ခေါက် ရောက်ခဲ့တဲ့ နေရာလေးက မက္ခရာ။

မက္ခရာ ဆိုတာက သိသူ၊ ရောက်ဖူးသူ နည်းသေးတဲ့ ဘုရင်ထီးနန်းစိုက်ခဲ့သော သမိုင်းဝင် မြို့တစ်မြို့၊ အနော်ရထာမင်းကြီးလက်ထက် သက္ကရာဇ် ၃၉၅ ခုနှစ် တပေါင်းလဆန်း ၁၂ ရက် သောကြာနေ့တွင် တည်တဲ့ “ကင်း ၄၃ မြို့” မှာ တစ်မြို့ အပါအဝင်ဖြစ်တဲ့မြို့၊ မြှောက်စည်၊ ဝင်စည်၊ ထွက်စည်တို့ မြိုင်ဆိုင်ခဲ့တဲ့မြို့၊ ရဲမက်ဗိုလ်ပါတို့ ဆင်များ၊မြင်းများစီးကာ ဓါးရေး၊လှံရေးဝင့်ခဲ့တဲ့မြို့၊ အောင်လံတွေ ရောင်ပြန်မြူးခဲ့တဲ့မြို့၊ တစ်ချိန်က ထီးဖြူဆောင်းခဲ့မြို့တစ်မြို့၊ ဘာသာ သာသနာ ထွန်းကားခဲ့လို့ စေတီတော်တွေ၊ ဂူဘုရားတွေ အများအပြား ဖူးတွေ့နိုင်တဲ့ ရှေးမြို့ဟောင်း တစ်မြို့ပါ။
နိုင်ငံတော် စီးပွားရေး တည်ဆောက်ရာမှာ၊ နိုင်ငံတော် ကာကွယ်ရေး တည်ဆောက်ရာမှာအဓိက နေရာမှ ပါဝင်ခဲ့တဲ့ မက္ခရာဟာ တရာပြုမြို့ စာရင်းဝင်ဖြစ်ပြီး ရှေးဘုရင်များက တိုက်ပွဲများမှာ သက်စွန့်ဆံဖျား ကြိုးပန်းအားထုတ်တဲ့ ပုဂ္ဂိုလ်များနဲ့ မင်းမျိုးမင်းနွယ်တွေကိုသာ သမိုင်းမှာ မြို့စားတွေ ခန့်ခဲ့တာတွေ့ရကာ ရာဇသင်္ကြန်၊ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲမှာ မြန်မာတွေ စစ်ရှူံးရတာ ခေတ်မမှီတာကြောင့်ဆိုတာ သတိထားမိပြီး မြဝတီမင်းကြီးဦးစနှင့် အတူ ခေတ်ပညာတွေကို အနောက်နိုင်ငံသားတွေဆီမှာ ဆည်းပူးကာ အင်္ဂလိပ်မြန်မာ အဘိဓာန် (၁၀ x ၈ လက္မ အရွယ်၊ စာမျက်နှာ ၄၆၈ ရှိ ) ကို ထုတ်ဝေခဲ့သူ၊ အာရှမှာထိပ်ထိပ်ကြဲ ပညာရှင် သုတေသီတွေကိုသာ အသင်းဝင်ခွင့်ပြုတဲ့ ဘင်္ဂလားအာရှဆိုင်ရာ ဝိဇ္ဇာသိပ္ပံအသင်းကြီးရဲ့ ဂုဏိထူးဆောင် ပုဂ္ဂိုလ်ကြီး ဖြစ်တဲ့ ဘိုးတော်ဘုရား (ဗဒုံမင်းကြီး) ရဲ့ သားတော် မက္ခရာမင်းသားကြီးနဲ့ စက်မှုတော်လှန်ရေးကို ဦးဆောင်သူ ကနောင်မင်းသားကြီး ကိုလုပ်ကြံတဲ့ မြင်ကွန်း၊မြင်းခုံတိုင် အရေးမှာ ခမည်တော်မင်းကြီးရဲ့အသက်ကို ရွပ်ရွပ်ချွံချွှံ ကယ်တင်ခဲ့လေသူ မင်းတုန်းမင်းကြီးရဲ့သားတော် မက္ခရာမင်းသားကြီး တို့ဖြစ်ကာ မက္ခရာမင်းသားကြီးတို့မှာ အမရပူရနဲ့ ရတနာပုံနေပြည်တော်တွေမှာ စိုးစံသွားပြီး ရာဇသင်္ကြန်သာ မက္ခရာမှာ သက္ကရာဇ် ၆၆၆ မှာ နန်းတက်ကာ နန်းသက်၅နှစ်ကြာခဲ့တာ တွေ့ရပါတယ်။
မက္ခရာမြို့က ယခု မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဧည့်ပြ (အဲ့ဗျ) ကျေးရွာအုပ်စု၊ ဇော်ဂျီမြစ်ခေါ် မက္ခရာမြစ်နှင့် ဒုဋ္ဌဝတီမြစ်ခေါ်မြစ်ငယ်မြစ်တို့ဆုံရာ မြစ်နှစ်ခု၏ အရှေ့ဖက်ကမ်းမှာ တည်ရှိခဲ့တာပါ။

မက္ခရာမြို့ဟောင်းနားက ဇော်ဂျီ နဲ့ ဒုဋ္ဌဝတီဆုံရာ လွမ်းမောသာယာစရာကောင်းတဲ့ နေရာလေး


ယခင်ကာလတွေမှာတော့ ခက်ခဲလှတဲ့ လမ်းခရီးကြောင့် ဘုရင်ထီးနန်းစိုက်ခဲ့သော သမိုင်းဝင် မြို့တစ်မြို့ ဖြစ်လင့်ကစား ဧည့်သည်၊ လေ့လာသူတွေ အရောက်အပေါက်နည်းကာ အခြား သမိုင်းဝင်မြို့များ ကဲ့သို့ ထင်ပေါ်မှု မရှိခဲ့တာပါ။ ဒီနေ့အချိန်မှာတော့ မန္တလေးကနေလာရင် မန္တလေး ရန်ကုန်ကားလမ်းအတိုင်း စဉ့်ကိုင်မြို့ မရာက်ခင် ညောင်ပင်ကြီးလမ်းခွဲကနေ တအုံ ကွန်ပျူတာတက္ကသိုလ်ဆီ သွားတဲ့လမ်းအတိုင်း ဝင်လာရင် ၁၅မိနစ်ခန့်မောင်းရမယ့် ခရီးနဲ့ ရောက်နိုင်ပြီ ဖြစ်ပါတယ်။ စိန်သော့သွားတုန်းကတော့ လမ်းခရီး တစ်လျှောက်မှာ လယ်ကွင်းတွေ၊ ယာခင်းတွေ၊ ဥယျာဉ်ခြံမြေတွေ၊ အထက်အညာဒေသ လှပတဲ့ ကျေးရွာ ပတ်ဝန်းကျင်တွေနဲ့ စိမ်းစိမ်းစိုစို သာယာလှပါတယ်။

မက္ခရာဆီ အဝင်လမ်းကလေး


စိမ်းစိုနေတဲ့ မက္ခရာ ဒေသ



ဒီတစ်ချိန်က ထီးဖြူဆောင်း ထီးနန်းစိုက်ခဲ့တဲ့ မြို့မက္ခရာကား ကာလ အတော်ကြာ ကွယ်ပျောက်နေခဲ့ပြီး မြို့ဟောင်းမှာ မြို့ရိုးပျက် အနည်းငယ်၊ အလွန်တိမ်ကောနေတဲ့ ကျုံး၊ တစ်ချိန်က ရွှေရောင်တွေ လွှမ်းနေခဲ့မယ့် စေတီတော်များ၊ ဂူဘုရားတွေက နှစ်ပေါင်းများစွာ ချုံနွယ်ပိတ်ပေါင်းတွေအောက်မှာ ညှိုးငယ်စွာရှိခဲ့ရာမှ ကျောက်ဆည်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ကုသလာဘိဝံသ ဦးဆောင်ကာ ပြန်လည်ပြုပြင်မှုများကြောင့် အခုတော့ သမိုင်းဝင်နေရာလေးတစ်ခု အဖြစ် ဝင့်ကြွားလာရပါပြီ။
မက္ခရာမြို့ဟောင်း တစ်ဝိုက်မှာတွေရတဲ့ သမိုင်းဝင်တွေ




မြို့ပမာဏမှာ တာပေါင်း ၄၇၀၊ နန်းမြို့ရိုးမှာ အရှေ့အနောက် ၁၂၀၀ပေ၊ တောင်မြောက် ၁၄၅၀ပေ၊ နန်းတော်ဝင်းမှာ တောင်မြောက် ၆၀၀ပေ၊ အရှေ့အနောက် ၄၅၀ပေ ရှိတာတွေ့ရပါတယ်။
မက္ခရာမြို့ဟောင်းတစ်ဝိုက်မှာ စေတီတော်များ၊ ဂူဘုရားများ ဘုရားပြို၊ဘုရားပျက်၊ ဘုရားကောင်းများ အဆူ ၇၀ခန့် ကျော်ရှိတာ တွေ့ရပါတယ်။ သမိုင်း လေ့လာချက်တစ်ခုမှာ ၁၂၆ ဆူရှိတယ်လို့ ဖတ်ရပါတယ်။ ဥစ္စနာ (သဇနာ) မင်းကြီးသည်လည်းကောင်း၊ လူမျိုးဘာသာသာသနာမှာ မကောင်းတဲ့ အင်းဝဘုရင် သိုဟန်ဘွားကို ရှင်းလင်းနိုင်ခဲ့တဲ့ မင်းကြီးရန်နောင်သည်လည်းကောင်း တောထွက်ခဲ့ရာဒေသ၊
ရှင်ဘုရင်များ၊ ဒေသခံသူဌေးသူကြွယ်များ၊ ပြည်သူများက စေတီတော်များ၊ ဂူဘုရားများ အမြောက်အများ တည်ထားခဲ့တာကြောင့် သာသနာတော်ထွန်းပြောင်ခဲ့ရာဒေသ ဖြစ်ခဲ့ပါတယ်။
ဘုရားပြို၊ဘုရားပျက်၊ ပြုပြင်ပြီး ဘုရားများ







မက္ခရာမြို့ဟောင်းရဲ့ မြောက်ဖက်မှာတော့ အိမ်ခြေ ၈၀ လောက်ရှိတဲ့ မက္ခရာရွာငယ်လေးရှိနေပါတယ်။ အဲဒီ မက္ခရာရွာရဲ့ အနောက်ဖက် မလှမ်းမကမ်းမှာတော့ စည်ကားတဲ့ အဲ့ဗျရွာကြီးရှိပါတယ်။
မက္ခရာမြို့ဟောင်းရောက်ရင်လေ့လာစရာ ရှေးဟောင်း သာသနိက အဆောက်အဦးတွေ၊ ရှေးလက်ရာ ပန်းတမော့တွေ၊ နံရံဆေးရေးပန်းချီတွေ ရှိနေပါတယ်။ တစ်ချိန်က အဲဒီဒေသခံတွေက လှေသူကြီးဘုရားဆိုတဲ့ ရွှေရောင်တော်စေတီ (ရှေးစေတီကို ပြန်လည်ရှင်းလင်းပြုပြင်မှ ရွှေရောင်တော်စေတီဆိုတဲ့ ဘွဲ့တော်ကို ပြန်တွေ့)၊ အဲဒီ ရွှေရောင်တော်ဘုရားက မြန်မာ့နိုင်ငံမှာ မင်းကွန်းခြင်္သေ့ကြီး နှစ်ကောင်ပြီးလျှင် ဒုတိယ အကြီးဆုံး ဖြစ်နိုင်ခြေရှိတဲ့ ခြင်္သေ့ကြီး နှစ်ကောင် (ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် လက်ရာ)၊ ငါးဆူဘုရား (ရွှေရောင်တော်ဘုရားဝင်း အတွင်းလက်ျာဘက်တွင်ရှိ)၊ အရှေ့ဖက် ရပ်တော်မူ ဘုရား၊ ရပ်တော်မူ ဘုရားနဘေး တစ်ဖက်တစ်ချက်စီမှ ဖောင်းကြွနဂါးကြီးများ (တစ်ကောင်နဲ့တစ်ကောင် မုတ်ဆိတ်၊ အမောက်၊ပါးစပ် ပုံသဏ္ဍန်မတူတဲ့ နဂါးကြီး လေးကောင်) စတဲ့ လေ့လာစရာတွေက များမှများပါပဲ။
မက္ခရာမြို့ဟောင်းရဲ့ အပြင်ဖက် အနောက်တောင်ထောင့် နှစ်ဖာလုံခန့်ဝေးတဲ့နေရာမှာ ပုဂံရွှေစည်းခုံခန့် အထုအမြင့်ရှိတဲ့ ရွှေစည်းခုံ စေတီတော် နဲ့ ရွှေဇာတိရုပ် စေတီ၊ အရပ်အခေါ် ရွှေစာတီစေတီ၊ စေတီကြီးနှစ်ဆူ ရှိပါတယ်။
ရွှေစည်းခုံ စေတီတော် ဥစ္စနာ (ဥဇနာ) မင်းကြီး ကုသိုလ်၊ ပင်းယခေတ် ၁၄ ရာစု

မက္ခရာမြို့ဟောင်းက ရွှေစည်းခုံဘုရား


မက္ခရာမြို့ဟောင်းက ရွှေစည်းခုံဘုရား


မက္ခရာမြို့ဟောင်းက ရွှေစည်းခုံဘုရား


ရွှေရောင်တော် စေတီ (မူလ ပုဂံခေတ် ၁၁ရာစုလက်ရာ) ညောင်ရမ်းခေတ် ၁၄ ရာစုပြုပြင်မှု

ရွှေရောင်တော်ဘုရား


မက္ခရာမြို့ဟောင်းက ရွှေဘုန်းပွင့်


ရွှေရောင်တော်ဘုရားဝင်းအတွင်းက ငါးဆူဘုရား


ရွှေရောင်တော်ဘုရားဝင်းအတွင်းက ငါးဆူဘုရား


ရွှေရောင်တော်ဘုရားဝင်းအတွင်းက ငါးဆူဘုရား


မြတ်လေးဆူ ဘုရား


ရွှေဇာတိရုပ် စေတီ၊ အရပ်အခေါ် ရွှေစာတီစေတီ (ငါးစီးရှင်ကျော်စွာ ကုသိုလ်) ပင်းယခေတ် ၁၄ ရာစု

ရွှေစာတိ ဘုရား


ရွှေစာတီ ဘုရား


ရာဇာကြီးစေတီ (ပင်းယခေတ် ၁၄ ရာစု)

ရာဇာကြီးဘုရား


ဒီတော့ မရောက်ရသေးသူတွေ အရောက်သွားနိုင်ဖို့ နဲ့ မရောက်နိုင်သေးသူတွေ ကစိန်သော့ရဲ့ ပုံလေးတွေနဲ့ ကြိုတင်ရောက်နေစေဖို့ပါ။
(သမိုင်းကြောင်းအချက်အလက်များကို ကျောက်ဆည်မဟာဂန္ဓာရုံဆရာတော် အရှင်ကုသလာဘိဝံသ ရဲ့ မက္ခရာဝံသ နဲ့ ဆရာမကြီး ညွှန့်ညွှန့်(ကျောက်ဆည်) ပြုစုခဲ့တဲ့ မက္ခရာသမိုင်း စာအုပ်များမှ ရယူထားပါတယ်။)

(အနော်တို့ ရွာထဲကို ပုံကြီးတွေ ထမ်းဝင်လာတဲ့ စိန်သော့ကို ရွာအဝင်လမ်းမတန်းမှာ SEA-ME-WE3 ဆိုတာကြီး ရေအောက်မှာ ပြတ်နေတာ ပြင်နေရလို့ဆိုပြီး ရွာတံခါးဆီကနေ တယ်လီပို့ဆိုတာကြီးက ဆီးဆီးပြီပြောနေတာမို့ သူကြီးကူအရပ်ဝိုင်း မဖြစ်ရလေအောင် ပုံဆိုဒ်တွေ နဲနဲလျှော့လိုက်ရတယ်ဗျို့)

About Diamond Key

Sein Thort has written 64 post in this Website..

ပွင့်လင်းလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရခြင်း၊ ဖတ်ရှုခွင့် ရခြင်းများကို အလွန် နှစ်သက်သဘောကျသည်။ သို့သော် ထိုအခွင့်အရေးကို သုံးကာ သူတပါးအား နစ်နာရန် မမှန်မကန် ပြုမူခြင်းမျိုးကို မနှစ်သက်။ မိမိစာတစ်လုံးသည် အများသူငါ အတွက် တစ်စုံတရာ အကျိုးပြုနိုင်ပါစေ။