ရန်ကုန်တက္ကသိုလ်အကြောင်း

လင်းဝေOctober 19, 20111min602

ဘလက်ချောရဲ့ ရန်ကုန်တက္ကသိုလ်ကို ကယ်တင်ပါမှာ ကွန်မန့်ပေးရုံပေးရမှာ အားမရလို့ သီးသန့်ရေးတင်လိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ် စစချင်းမှာ ယုဒသန်ကောလိပ်နဲ့ ရန်ကုန်ယူနီဗာစီတီကောလိပ်ဆိုပြီး စတည်ခဲ့တယ်။ နောက်တော့ ရန်ကင်းကောလိပ် ဆိုပြီး အခု ရန်ကင်း ပညာရေးကောလိပ်နေရာမှာ လုပ်လိုက်သေးတယ်။(ကျနော့်အဖေတို့လက်ထက်ပေါ့။ Inter A အထိကို ရန်ကင်းကောလိပ်မှာတက်ရတာပါ။) နောက်တော့ မဆလ မှာ ဒေသ-၁၊ဒေသ-၂၊ဒေသ-၃ ဆိုပြီး Regional College (RC) တွေနောက်ခံနဲ့ တည်ပါတယ်။ ပထမနှစ် ဒုတိယနှစ်တွေကို ဒေသကောလိပ်မှာတက်ပြီး အသက်မွေးဝမ်းကျောင်းကိုခွဲတာနဲ့ ရန်ကုန် ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ် ကိုဆက်တက်ကြတာဆိုပြီး ဖြစ်လိုက်ကြပါသေးတယ်။ အဲဒီခေတ်က ရန်ကုန် ဝ/သ တက္ကသိုလ် ဆိုပြီး နာမည် သုံးလိုက်ပါသေးတယ်။ နောက်တော့ တစ်ခါ ရန်ကုန်တက္ကသိုလ်ပြန်ဖြစ်လာပြီး ဒေသကောလိပ်တွေကို နယ်မြေ လို့လုပ်ပြန်ပါလေရော။ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ဆိုတာ ကျနော်တို့ခေတ်ပေါ့။ အချောအလှတွေ ထမိန်တိုတိုနဲ့ လေးဆယ်နှစ်နဲ့ လေးဆယ့်ငါးကားလေးတိုးစီ။ ငါးဆယ်ကားစီးကြရတဲ့အချိန်ပေါ့။ ငါးဆယ်ကားက လှိုင်နယ်မြေမှာ ဂိတ်ဆုံးတာပဲ။ ကိုယ်ပိုင်ကားဆိုတာလည်း လူနည်းနည်းလေက သာစီးနိုင်ကြတာပါ။ ကားစီးနိုင်ရင် တကယ် စော်ကြည် ဘဲငမ်းပါပဲ။ (အခု ဘလက်ချောပြောတဲ့ ပါရမီအိမ်ယာ ဆောက်ထားတဲ့နေရာက သမိုင်းဝင်း အဆောင်တွေကြားက ကွပ်လပ်ကြီးပါ။ မောင်ဝိတ်အုပ်စုကနေပြီး ဘယ်လို အပေးအယူနဲ့ အိမ်ယာ ဆောက်လိုက်ကြတယ်မသိဘူး။ အစပိုင်းတုန်းက ဆရာ၊ဆရာမတွေအတွက် အိမ်ယာ ဆောက်ပေးမှာလိုလိုဘာလိုလိုနဲ့။ )

အဲဒီအချိန်တုန်းက ရန်ကုန်တက္ကသိုလ်ကြီးကို ရန်ကုန်တက္ကသိုလ် (ပင်မ) လို့ခေါ်ကြတယ်။ မိန်းထဲသွားမယ် ဘာညာလို့ သုံးကြတာပေါ့။
၁၉၉၆ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားဆောင်တွေ ကျောင်းသူဆောင်တွေ ထားသေးတယ်။ ဗဟိုဆောင် ငါးဆောင်လို့ခေါ်တဲ့ အင်းဝဆောင်(မြတ်စောညီနောင်ဘုရားကို ဘုရားခန်းမှာထားလို့ ဘုရားဖူးတွေအလာများတယ်)၊ စစ်ကိုင်းဆောင်(ကိုခင်ညွန့်နေခဲ့တယ်ဆိုပဲ)၊ ပင်းယဆောင်၊ ပဲခူးဆောင်(ဗိုလ်ချုပ်အောင်ဆန်းနေခဲ့တဲ့အဆောင်)၊ သထုံဆောင်(အီဖေကိုယ်နေခဲ့တဲ့အဆောင်၊ ဦးဖေမောင်တင် အဆောင်မှုးလုပ်ခဲ့ပြီး ဦးကျော်ငြိမ်းလည်းနေခဲ့တဲ့အဆောင်ပါပဲ။ ဦးနုနဲ့ ဗိုလ်ချုပ်အောင်ဆန်း စတင်ဆုံတွေ့ခဲ့တာလည်း ဒီသထုံဆောင်မှာပါလို့ ဦးနုရဲ့တာတေ စနေသားထဲမှာ လည်းပါတယ်။) အဲဒီဗဟိုဆောင် ငါးဆောင်နဲ့ ယုဒသန် နှစ်ဆောင် ဖြစ်တဲ့ ရွှေဘိုဆောင်(ခင်ဝမ်းနေခဲ့တဲ့အဆောင်ပေါ့) နဲ့ ဒဂုံဆောင် (ဘူမိကျောင်းသားတွေထားလို့ ဂျော်ဆောင်လို့ နောက်ပြီးခေါ်တယ် ) က ယောကျာင်္းလေးတွေထားပါတယ်။ မိန်းကလေးဆောင်တွေကတော့ ရတနာ၊အင်းလျား နှစ်ဆောင်က အင်းလျားလမ်းပေါ်မှာ။ သီရိဆောင်က ရေတမာပင်တန်းတွေနဲ့ ဂျပ်ဆင်ဘေးမှာ။ သူ့နောက်မှာတော့ စီးပွားရေးက ကျောင်းသူတွေကိုထားတဲ့ မာလာဆောင်။( ရတနာဆောင်နဲ့ အင်းလျားဆောင်တွေကို အဆောင်သူတွေအပြည့်နဲ့ ကျောင်းဖွင့်နေတုန်းမှာ ညဘက်ကြီး အထဲကို ရောက်သွားဖူးတယ်။ ကောင်မလေးတွေ ဝိုင်းဆွဲမှာ စိုးလို့ တထိတ်ထိတ်နဲ့ သွားခဲ့ရတာ။ ရတနာဆောင်နဲ့ သထုံဆောင်က မောင်နှမ ဆောင် ဆိုတော့ ဘာကိစ္စမှန်း မမှတ်မိတော့ဘူး အဆောင်က လက်ထောက်အဆောင်မှုး ဆရာနဲ့လိုက်သွားရင်း ညဘက်ကြီးရောက်သွားတာ။ ကော်ရစ်ဒါမှာ ကောင်မလေးတွေကတော့ လှမ်းနောက်ကြတယ်။ ဟိတ်…ဘာလာလုပ်တာလည်းတဲ့။ အင်းလျားဆောင်ကို သွားတုန်းကတော့ အသိ ကောင်မလေးတွေ ရှိတော့ သူတို့က ကိုယ့်ကိုလည်းတွေ့ရော ပြန်လန့်နေသေးတယ်။ သူတို့ဆီတက်လာတယ်ထင်လို့တဲ့။)

အမှတ်ရစရာတွေကတော့ အများကြီးပါပဲ။ အဆောင် ဒင်နာတွေ ဆိုတာ ချိမ့်ချိမ့်သဲပေါ့။ ကိုယ်က ကိုယ့်အဆောင်ဒင်နာကို ကောင်မလေးတွေကို ဖိတ်။ သူတို့က သူတို့အဆောင်လုပ်ရင် ပြန်ဖိတ်။ ပျော်စရာကြီး။ မဖိတ်လို့ စိတ်ဆိုးတဲ့ကောင်မလေး တွေတောင်ရှိသေးတယ်။ ယောကျာင်္းလေးဆောင် ဒင်နာဆိုရင် ခွက်ပုန်းတွေ မူးနေကြတယ်။ မိန်းကလေးဆောင်ဒင်နာသွားတက်ရင်တော့ မခုတ်တတ်တဲ့ကြောင် လိုလေး အကုန်လိုက်ငမ်းရတာပေါ့။ ဒေးတက်တဲ့ ကျောင်းသူ ကျောင်းသားတွေလည်း လက်မှတ်ဝယ်ပြီး အဆောင်ဒင်နာလာတက်ကြတာလည်း ရှိတာပဲ။ နာမည်ကြီး အဆိုတော်တွေလည်း လာပြီး သီချင်းဆိုကြတာကိုး၊ အဆောင်က ဝါသနာအိုးများလည်း ဆိုကြပေါ့။ မေဂျာကန်တော့ပွဲမှာဆိုရင်လည်း အဆိုတော်အစုံပဲ တက်သစ်စတွေလည်းရှိတာပဲ။ တင်ဇာမော်တို့ဆို အဲဒီတုန်းက အခွေထွက်ခါစ၊ ထူးအိမ်သင် လည်းလာဆိုပေးတတ်တယ်။ ပိုက်ဆံမယူကြတာများပါတယ်။ တီးဝိုင်းခလောက်ပဲ။ တီးဝိုင်းတီးတဲ့သူတွေက အခုဆိုရင် နာမည်ကြီးတွေဖြစ်နေကြပြီ။ နိုင်ဇော်ဆိုရင် အဲဒီတုန်းက ဥပဒေ မှာတက်နေတာ။ သူတို့ဝိုင်းက လိုက်တီးတာများတယ်။

ပညာရေးဘက်ပြောရရင်တော့ သိပ်အားရစရာမရှိပါဘူး။ အတန်းထဲ မှာ စာသင်ရင် လိုက်ကူးပြီး ပြန်ကျက်တာလောက်ပဲ လုပ်ကြတယ်။ တစ်ချို့က ကျူရှင်တက်ကြသေးတယ်။ ကိုယ်လည်း ဂုဏ်ထူးတန်း တက်တော့ ကျူရှင်ယူဖြစ်ပါတယ်။ စာကြည့်တိုက်မှာ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေဘာတွေ သွားဖတ်ပြီး လေ့လာကြိုးစားကြတာတော့ ကိုယ်လည်း မလုပ်ခဲ့ဘူး၊ လုပ်တဲ့သူတွေလည်း မတွေ့မိပါဘူး။ စာကြည့်တိုက်ကတော့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကြီးအပြင် တက္ကသိုလ်များစာကြည့်တိုက်ဆိုပြီး နှစ်ခုရှိသလို ဘာသာရပ်ဆိုင်ရာ စာအုပ်တွေကိုလည်း ဌာနတိုင်းမှာ စာကြည်တိုက်အဖြစ် ထားပေးပါသေးတယ်။ ဘယ်သူမှ တော့ မဖတ်ပါဘူး။ အပြင်စာတွေ ဖတ်ဖို့ စာကြည့်တိုက်မှာတော့ ကဒ်သွားလုပ်ပြီး ငှားဖြစ်ပါတယ်။ စာအုပ်ကြွေးကျန်ရင်လည်း အောင်စာရင်းမှာ နာမည်မပါတတ်ပါဘူး။
ကျောင်းလခ ကြွေးကျန်ရင် ပိုဆိုးတာပေါ့။

ရန်ကုန်တက္ကသိုလ်ကို ပြန်ပြီး အသက်သွင်းစေချင်ပါတယ်။ မြန်မာပြည်ရဲ့ သက်တမ်းအကြာဆုံး ဂုဏ်သိကာ္ခအရှိဆိုး အမြင့်ဆုံး ပညာသင်ကြားရာ ဌာနကြီးဖြစ်အောင် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ပူးပေါင်းသင့်တာ ပူးပေါင်းပြီး အပြင်က ငှားသင့်တဲ့ ပါမောက္ခတွေ ငှားလို့ အသက်ပြန်သွင်းသင့်ပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်လို့ ပါမောက္ခချုပ်လုပ်သွားတဲ့ ဆရာကြီး ဒေါက်တာထွန်းမောင် ပြောသလို “တက္ကသိုလ် ဆိုတာ ပြည်ထောင်စုငယ်ပါပဲ” ဆိုတဲ့ စကားက သိပ်မှန်ပါတယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ကို စစ်တွေ၊ပုသိမ်၊ဟင်္သာတ၊ပြည် ကောလိပ်တွေက ဂုဏ်ထူးတန်းဝင်သူတွေလာကြသလို အချို့မေဂျာတွေအတွက်လည်း တပြည်လုံးက လာတက်ကြရလို့ တကယ် လူစုံပြီး အမြင်ချင်းဖလှယ်လို့ နားလည်မှုတွေကြွယ်နိုင်တဲ့နေရာပါပဲ။

တကယ်တော့ ရန်ကုန်တက္ကသိုလ် ဆိုတာ ခုထိ နိုင်ငံခြားသားတွေ စိတ်ထဲမှာ အရမ်းကောင်းတဲ့ တက္ကသိုလ်အဖြစ်မှတ်ယူဆဲပါ။ ကိုယ့်ကို ဘယ်က ကျောင်းပြီးတာလည်း မေးရင် ရန်ကုန်တက္ကသိုလ်ကလို့ ဖြေပြီး ခပ်တင်းတင်းနေဖြစ်တယ်။ အထူးသဖြင့် ဂျပန်တွေက ရန်ကုန်တက္ကသိုလ်ကို သူတို့ဆီက တိုကျိုတက္ကသိုလ် လိုမျိုး မြန်မာပြည်မှာ အတော်ဆုံးတွေမှ တက်လို့ရတဲ့ ကျောင်းလို့ထင်မှတ်နေကြတာ။ အဲဒီလို တကယ်ဖြစ်အောင်လုပ်သင့်ပါတယ်။

2 comments

  • manawphyulay

    October 19, 2011 at 5:28 pm

    လွမ်းမိပါတယ် ရန်ကုန်တက္ကသိုလ်ရယ်လို့ ပြောစမှတ်ပြုရလောက်အောင်ကို ၄ နှစ် အပျော်ဆုံး အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။ ခုထိလည်းလွမ်းတုန်း လွမ်းဆဲ တမ်းတဆဲပါပဲလေ….

  • blackchaw

    October 19, 2011 at 7:57 pm

    လင်းဝေကျော်ရေ။
    သထုံဆောင်မှာ နေခဲ့တယ် ဆိုတဲ့ အတွက် ဂုဏ်ယူပါတယ်ဗျာ။
    ဦးနုနဲ့ ကိုအောင်ဆန်း စတင်ဆုံတွေ့ခဲ့တဲ့ အဆောင်ဆိုတာ ကိုလင်းဝေကျော်
    ပြောပြမှ သိရပါတယ်။ အစဉ်အလာကြီးမားလှချည်လားဗျာ။
    ဒီကျောင်းကြီးအတွက်
    ကိုလင်းဝေကျော် အရှိန်နည်းနည်းမြှင့်ပေးပါလို့ တောင်းဆိုပါတယ်။

Leave a Reply