အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၅၃) စစ်သားအိုကြီး

စစ်သားအိုကြီး

 

 ည ရှစ်နာရီခွဲပြီဆို လေကြောင်းတိုက်ခိုက်မှုအတွက် သတိပေး ဥဩသံက အချိန်မှန် ဆွဲ ပြီ။ ဥဩဆွဲသံကြားတာနဲ့

ကျွန်တော်တို့နေတဲ့ တန်းလျားမှာ ဝရုန်းသုန်းကားတွေဖြစ်တာလည်း အမြဲလိုလိုပေါ့။ လွန်ခဲ့တဲ့အပတ်အတွင်းကတည်းကပဲ..

စစ်ရေးအခြေအနေကြောင့် ဒီလိုမျိုးတွေကို ကြိုတင်မှန်းမျှော်ပြီး လူတွေကို အန္တရာယ်ကင်းအောင် လော်စပီကာကနေ ညွှန်

ကြားချက်တွေ ထုတ်ပြန်ခဲ့တာ။ မီးတွေ ရှိသမျှ ပိတ်၊ ငြှိမ်း။ ကိရိယာတန်ဆာပလာမှန်သမျှ ပိတ်ထား ၊ ဖြုတ်ထား။ဓာတ်ငွေ့

ပိုက်တွေလည်း ပိတ်ထား။ အိမ်ကို တံခါးပိတ်ပြီး ဗုံးခိုကျင်းထဲသွား။ အဲဒီညွှန်ကြားချက်တွေအတိုင်း အစီအစဉ်တကျ

လိုက်နာ။

ဗုံးခိုကျင်းက ကျောင်း အောက်မှာရှိတာ။တော်တော်တော့ ကြီးသား။ ထောင့်မှန်စတုဂံပုံ ခန်းမကြီးတစ်ခုပါပဲ။ အထဲမှာ

မီးရောင်ကတော့ ခပ်အုပ်အုပ်ပဲ ထွန်းထားတယ်။ အရောင်းအဆင်း လွင့်ပြီး ဖုန်တသောသောတက်နေတဲ့ အနီရောင် ကော

ဇောတစ်ချပ်က ကြမ်းပြင်မှာ ခင်းထားလေရဲ့။ပရိဘောဂ ဆိုလို့ ခနော်ခနဲ့ ကုလားထိုင်နှစ်လုံး သုံးလုံးလောက်ရယ်၊ အိုဟောင်း

နေတဲ့ သံစားပွဲတစ်လုံးရယ် လားပဲ ရှိတာ။အဲဒီ သံစားပွဲပေါ်မှာတော့ ဆယ့်လေးလက်မ တီဗီလေးတစ်လုံး တင်ထားတာ။

ဗုံးခိုကျင်းထဲမှာ တော်တော်လေးကို အိုက်စပ်ပြီး မွန်းကျပ် နေတာပဲ။ ဟုတ်ပါတယ်ဗျာ..ဒါကျွန်တော်တို့ အတွက် အကာ

အကွယ်တစ်ခုပါပဲ။ ဆင်ခြေပေးဖို့ရာ မရှိဘူးလေ။ အဲ..ဆင်ခြေမပေးဘူးဆိုပေမဲ့လို့ တစ်ခု ကြားမိတာ.. ပါဠိဟေးလ် ဘက်က

ဗုံးခိုကျင်းတစ်ခုမှာ သုံးဆယ့်နှစ်လက်မ တီဗီ နဲ့ ဒန်းလော့ ခုံတွေရယ် ရှိတာတဲ့။ အမယ်..အဲယားကွန်းတောင် ပါသေး ဆိုလား။

ကျွန်တော်တို့ တန်းလျားကလူတွေ ဗုံးခိုကျင်းထဲက တီဗီရှေ့မယ် စုံစုံညီညီနဲ့ သတင်းကြည့်လို့နေတာ။ဟုတ်ပ..။လှည့်

ပတ်ပြီး ကျွန်တော်ကြည့်မိတော့.. ကျွန်တော်တို့ တန်းလျားက လူတွေ အကုန်ပါပဲလားဗျ။ မစ္စတာ ဂိုခေးလ် တို့ ဇနီးမောင်နှံ၊

နန်နီ တို့ မိသားစု၊ မစ္စတာ ဘားပတ်တို့ လင်မယား၊မစ္စတာ ဝါဂဲလ်၊ မစ္စတာ ကူကာနီ၊ မစ္စ ဒမ်းမဲလ်၊ မစ္စတာ ရှိက်ခ်၊ မစ္စ ဘာဝဲ။

အဲ..အဆောင်မှူး မစ္စတာ ရာမခရစ်ရှနား ပဲ ပျောက်နေတာ။ သူကတော့အခန်းငှားတဲ့ သူတွေရဲ့ ကိစ္စတွေရယ်၊ အခန်းတွေမှာ

လိုအပ်တာ၊ ပြုပြင်သင့်တာတွေကို ဆောင်ရွက်ဖို့ အလုပ်ရှုပ်နေမှာပေါ့။ ငွေတွေ ရေတွက်နေတာတို့၊မီးလုံးတွေ လဲ နေတာတို့၊

ပိုက်တွေပြင်၊လက်ရမ်းတွေ ပြင်နေတာတို့ ဖြစ်မှာ။ထားပါတော့ သူ့အကြောင်း။ တီဗီကို ပဲ ကြည့်တော့မယ်။

ပထမဦးဆုံးက ထုံးစံအတိုင်း ကြော်ငြာတွေပေါ့။

  “ဒီစစ်ပွဲကို အမိမြေ အိန္ဒိယ သွားတိုက်ဆေး နဲ့ ဂျိုလီ လက်ဘက်ရည် တို့မှ စီစဉ်တင်ဆက်ပါတယ်”

(ဘာလဲဟ ..မသိရင်ဘဲ စစ်စရိတ်ကို သူတို့တွေက စပွန်ဆာ ပေးနေသလိုလို..)

နောက် ဝန်ကြီးချုပ်ရဲ့ ကြေညာချက် မိန့်ခွန်းကို လွှင့်တယ်။ ဝန်ကြီးချုပ်က –

“ကျွန်တော်တို့ အိနိ္ဒယတပ်မတော်ဟာ စစ်ပွဲကို အောင်မြင်စွာ ဆင်နွှဲလျက်ရှိပါတယ်။ စစ်ပွဲကာလဟာ ရန်သူ့ဘက်က

အလုံးစုံလက်နက်မချခင် ရက်အနည်းငယ်အတွင်းပြီးဆုံးသွားမှာဖြစ်တယ်ဆိုတာ အလေးအနက်ပြောကြားလိုတယ်။”

(ဝန်ကြီးချုပ် က အသံမြင့်မြင့်စူးစူး နဲ့ ကြေညာနေတာ..)

“ဒါ့အပြင်..အကြမ်းဖက်မှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှု တွေ မကြာမီချုပ်ငြိမ်းတော့ မှာ ဖြစ်တယ်။ နောက်ပြီးတော့

စစ်မှုထမ်းများအတွက် သက်သာချောင်ချိရေး ရန်ပုံငွေကို ကျွန်တော်တို့ ပြည်သူများက စေတနာ သဒ္ဓါတရား ရက်ရောစွာနဲ့

ပေးကမ်း ထူထောင်ဖို့ ကျွန်တော် တိုက်တွန်းနှိုးဆော်ပါတယ်..”

ဝန်ကြီးချုပ် မိန့်ခွန်းပြီးတော့ မင်းသမီးငယ်ငယ်တစ်ယောက်က စောစောက ဝန်ကြီးချုပ်ပြောခဲ့တဲ့ အကြောင်းအရာမျိုးပဲ ထပ်ပြော

တယ်။ဒါပေမဲ့..သိတယ်မို့လား မင်းသမီးပါဆိုမှ။ ရုပ်ရှင်ရိုက်နေတဲ့အတိုင်း ဟန်မူပါပါနဲ့ ပြောတော့ ကျွန်တော်တို့ လူစုထဲက အမျိုး

သမီးများ အချင်းချင်း တီးတီးတိုးတိုး သဖန်းပိုးလုပ်ကုန်ကြရော။ ပြောတာ စိတ်မဝင်စားတော့ဘူး။ ဟယ်..ကောင်မလေးက

တော်တော်ငယ်သေးတာနော..၊ဟုတ်ပါရဲ့ လှတယ်နော်..သူ့ဆာရီလေးကပိုးသား စစ်စစ်လား မသိဘူးဟဲ့..၊ အေးအေး..အသား

အရည်လေးများ ကြည့်စမ်းပါအေ ..ဝင်းမွတ်နေလိုက်တာ ..ဘယ်လိုများ ထိန်းသိမ်းထားပါလိမ့်..၊အေးဟဲ့..သူတို့များ

ဖဲ အင် လဗ်လီး ခရင်မ် တောင် လိမ်းဖို့ ဘယ်လိုမှာတုန်း..၊ဪ..မင်းသမီးကိုးအေ့..။

အမျိုးသားများကတော့ ဒေါသတွေထွက်လို့။ ငါ့လခွီးဟေ့..ဒီအယုတ်တမာကောင်တွေ..တို့ကို စောက်ပြဿနာရှာတာ

များနေပြီ၊ အေး..တော်ရုံ တန်ရုံပေါ့ကွာ..၊ တော်တာ တန်တာ ထားလိုက်တော့..ဒီတစ်ခါတော့ ဒီ ပါကစ္စတန်ကို အမှုန့်ချေပစ်ဖို့

ကောင်းပြီ..။

ကျွန်တော်တို့ တန်းလျားမှာ နေသူထဲတော့ မစ္စတာ ဝါဂဲလ် က စစ်ပွဲအကြောင် အသိဆုံးပေါ့။ သူက တက္ကသိုလ်က ကထိက

တစ်ယောက်ဆိုတော့ ဒီအထဲမယ် ပညာအတတ်ဆုံးလူတစ်ယောက်ဆိုလည်း မမှားဘူး။ သူပြောတာ ပါကစ္စတန်မှာ ဒုံးကျည်တွေ၊

အက်တမ် ဗုံးတွေ ရှိလို့ ကျွန်တော်တို့ ဒီဗုံးခိုကျင်းထဲ ဝင်နေရတာတဲ့။ဒါပေမဲ့လို့ အက်တမ်ဗုံးရန်က တကယ်တမ်း ကာကွယ်နိုင်တဲ့

ဗုံးခိုကျင်းဆိုတာ မရှိဘူးလို့ ဆိုနိုင်သတဲ့။ အဲဒီအက်တမ်ဗုံးသာ ပေါက်လို့ကတော့ ရေတွေက အငွေ့ပျံသွားပြီး လေက မီးတွေလို

ပူပြင်း လာမတဲ့။ ပြီးတော့ ဧရာမ မှိုပွင့်တိမ်တိုက်ကြီးဖြစ်လာပြီးနေကိုတောင် ဖုံးသွားလို့ မှောင်မည်းသွားမှာတဲ့။ နောက်ဆုံး

ကျွန်တော်တို့ အကုန်လုံး သေသွားမှာတဲ့။ သူကတော့ အလေးအနက်ပြောတာပါ။

ဒါပေမဲ့ သေခြင်းတရားဆိုတာ ကျွန်တော့်လို ပူတူးလို ဆယ့်နှစ်နှစ်သားလေးတွေနဲ့ ဆလင်းတို့၊ ဒယာနက်ရှ် တို့လို့

ဆယ်နှစ်သားလောက်လေးတွေအတွက်ကျတော့ မှန်းဆဖို့ ခက်နေတာမျိုးလား။ စစ်ဆိုတာလည်း ဘဝမှာ ပထမဆုံးကြုံရ

တာ မဟုတ်လားဗျ။ ဘာမှသေချာ သိတတ်တဲ့ အရွယ်မဟုတ်တော့ တီဗီရှေ့မယ် ကျွန်တော်တို့ကလေးတွေ စုထိုင်လို့

စိတ်ဝင်တစားနဲ့ ထင်ရာမြင်ရာတွေပြောနေကြတော့တာပဲ။စစ်ပွဲရဲ့ ပုံရိပ်တွေက ကျွန်တော်တို့ကလေးတွေကို ညှို့ယူထား

ပါပကောလားဗျ..။

အက်တမ်ဗုံးတွေ၊ ဓာတ်ရောင်ခြည်တွေ ဘာတွေညာတွေ မသိဘူး။နားမလည်ဘူး။ ကျွန်တော်တို့ ပိုစိတ်ဝင်စားတဲ့

အကြောင်းတွေက..တစ်ချို့တစ်လေလောက် ပြောပြရရင် –

   အဲဒီ အက်တမ်ဗုံး ဆိုတာကြီးပေါက်ရင် အသံဘယ်လောက်မြည်မယ်ထင်လဲကွ..

 တို့ အိမ်တွေပေါ် ဂျက်လေယာဉ်တွေ ဖြတ်ပျံတာ မြင်ရမှာလားဟင်..

 စစ်ဖြစ်ရင် ဒေပါဝလီ ပွဲမှာ မီးတွေထွန်းသလို လင်းထိန်နေမှာနဲ့ တူတယ်..

တို့နေတဲ့ တန်းလျား ဟိုဘက်ကို ဒုံးကျည် တစ်စင်းလောက် ကျရင် ကောင်းမယ်နော်..ဘယ့်နှယ်လဲ..

အဲဒါမျိုးတွေ။ မပြုံးပါနဲ့ဗျာ..ရှေ့မှာ ကျွန်တော်ပြောခဲ့ပါပကောလား ..ကလေးအတွေးပါ ဆိုတာ။

 

  ***************************

 

 စစ်ပွဲစလို့ သုံးညမြောက်တဲ့အခါ ကျွန်တော်တို့တွေလည်း ဗုံးခိုကျင်းထဲမှာ အသားကျသလိုဖြစ်လာပြီ။ အမျိုးသားတွေ၊

အမျိုးသမီးတွေ၊ ကလေးတွေ သူ့အစုနဲ့သူ အဖွဲ့ကျလို့ပေါ့။ အမျိုးသမီးတွေဆို အသီးအရွက်ကလေးတွေ လှီးကြ ချွတ်ကြ၊

ပဲနီလေးတွေ ရွေးကြ၊ အဝတ်အစားကလေးတွေ ဖာတဲ့သူဖာ၊ချုပ်တဲ့သူချုပ်၊သိုးမွှေးထိုးတဲ့သူထိုး။ နောက် သတင်းပလင်း

လေးတွေ အတင်းအဖျင်းလေးတွေ ဖလှယ်ကြ ၊ပြောကြ။ ဒါမျိုးတွေ ကြားရမှာပေါ့။

ဟဲ့..မစ္စစ် ဂိုဆွာမိကြီး အိမ်မှာ နှစ်ဆယ့်ငါးလက်မ တီဗီအသစ်ကြီးတစ်လုံး ဝယ်ထားသတဲ့..။ဟယ်..ဒင်း လင်ကြီး အဲဒါဝယ်ဖို့ငွေ

ဘယ်ကရတာလဲမသိဘူးနော်..။ အိုအေ..ဘုရား ပဲ သိတော့မပေါ့..။ ဟဲ့ဟဲ့..တမြန်ညတုန်းက မစ္စတာ ဘာပတ်တို့ လင်းမယား

အကြီးအကျယ် ရန်ဖြစ်ထားပုံပဲနော်..ဟီဟိ။ဆလင်းရဲ့ အသဲစွဲမင်းသားအာမန်းအလီ က ဂေး ဖြစ်နေတယ်ဆိုတာတောင်

ပါသေးတာ။

အမျိုးသားတွေကြတော့ သတင်းတွေ သေချာ နားထောင်ပြီး နောက်ဆုံးပေါ် ကောလဟလ တွေကို ဆွေးနွေးကြ၊

ငြင်းခုံကြ။ တို့ နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာတော့မယ်ဆို..တို့။ ပသန်ကော့တော့ ဗုံးတွေအကြဲခံရလို့ ပြားပြား

ဝပ်သွားပြီတဲ့ ကိုယ့်လူရ..တို့။ ဟုတ်တယ်ဗျို့..လူတွေအတော် သေသွားကြတယ်ဆိုလားပဲ..တို့။ တို့ အသိ မတ်တာ ရဲ့ သတင်း

က တော်တော်ခိုင်လုံတာ..ဝန်ကြီးရုံးက တိုက်ရိုက်လာတာ..အင်း..ဓာတ်ဆီဆိုရာရှင်နဲ့ပဲ ပေးတော့မှာတဲ့..။ ဓာတ်ဆီ ဘာက

မှာလဲ..ကြက်သွန်တွေ ခရမ်းချဉ်တွေတောင် ဈေးထဲ တွေ့တော့မယ် မထင်တော့ဘူး..မောင်..။ မှန်တာပေါ့..နို့တွေ ဘာတွေ

တောင် ခုကတည်းက စုထားဖို့ ကောင်းပြီ..။ အဲဒါမျိုးတွေလေ။

ကျွန်တော်ကလေးတွေလည်း တစ်ဂိုဏ်းပေါ့။ ဗုံးခိုကျင်းထဲမှာ ဆူညံပွက် လောရိုက်အောင် အော်ဟစ်ပြီး ပြေးလွှား

ဆော့ကစားကြတာပဲ။အတင်းတုတ်နေတဲ့ မိန်းမတွေတောင် လန့်ဖျပ် ကုန်တဲ့အထိ။ သူလျှိုလုပ်တန်း ကစားကြတာ မမော

မပန်းနိုင်အောင်ပဲ။ နောက်တော့ ပူတူးက ကစားနည်းအသစ်တစ်ခုထွင်တယ်။ အမယ်..သူ့ကစားနည်းကို နာမည်တောင်

ပေးထားလိုက်သေးတယ်။ စစ်နှင့် ငြိမ်းချမ်းရေး တဲ့။ ကစားနည်းက ရှင်းပါတယ်။အဖွဲ့ နှစ်ဖွဲ့ခွဲပြီး တစ်ဘက်က အိန္ဒိယ

ဗိုလ်ချုပ်ကြီး ဦးဆောင်ပြီး နောက်တစ်ဘက်ကတော့ ပါကစ္စတန် ဗိုလ်ချုပ်ကြီးက ဦးဆောင်ပေါ့။ ကစားလို့ဖမ်းမိရင်

အကျဉ်းသား ဖြစ်သွားရမယ်။ အကျဉ်းသား အချင်းချင်း လဲလှယ်ခွင့်ရှိတယ်။ ကိုယ့်ဘက်က မိခဲ့တဲ့ အကျဉ်းသားအရေ

အတွက်ကို မှတ်ထားပေါ့။အကျဉ်းသား အများဆုံးဖမ်းနိုင်တဲ့ဘက်က နိုင်မယ်။ ဒါပဲ။ အဲ..ပြဿနာတစ်ခုက ဘယ်သူမှ

ပါကစ္စတန်ဘက်က မနေချင်တာဘဲ။နောက်တော့ သူတို့က ဆလင်းကို ဆွဲပြီး –

 “ဟေ့..ဆလင်း..မင်းက မွတ်ဆလင်မို့လားကွ..အဲဒီတော့ မင်း..ပါကစ္စတန် လုပ်ပေါ့..”

ဆိုတော့ ဆလင်းက သိပ်သဘောမတူချင်ဘူး။ ပီကေ နှစ်ခုကျွေးမယ်ဆိုတော့မှ သဘောတူတော့တယ်။ ကျွန်တော်က

ဆလင်းဘက်ကနေပြီး အိန္ဒိယတွေ ဆော် ပေးရတာပေါ့။

ကစားလို့မောတော့ အခန်းထောင့်လေးမှာ စုထိုင်ပြီး စစ်ပွဲအကြောင်း ထင်ရာမြင်ရာ လျှောက်ပြောကြတယ်။ ခေါင်းစဉ်

ကတော့ ခပ်ကြီးကြီးပဲဗျ။ လူကြီးတွေကို အားကျလို့လေ။ ယနေ့စစ်ပွဲအကြောင်း ဆွေးနွေးခြင်း ပေါ့။ ကျွန်တော်က စပြီးပြောတယ်။

“ငါတော့ စစ်ပွဲကို သဘောကျသဟေ့..စိတ်လှုပ်ရှားဖို့ အရမ်းကောင်းတာပဲ..အခု ငါ့အလုပ်ရှင် နီးလိမာ ကုမ္မာရီ ဆို

ကာဖြူးထုတ်ထားလို့ ငါ့ကို ခွင့်တစ်ပတ်ပေးထားတယ်ကွ..”

ပူတူး က –

“အေးကွ..ငါ့တို့ကျောင်းလဲ ပိတ်ထားတာ”

ဒယာနက်ရှ်က –

“အင်း..ငါတော့ တစ်လတစ်ခါလောက် စစ်ပွဲဖြစ်နေရင်ကောင်းမှာပဲလို့ ဆုတောင်းမိတယ်..”

အဲဒီလိုတွေပြောနေတုန်း ကျွန်တော်တို့နောက်ကနေပြီး မိုးခြိမ်းသလို ဟိန်းဟောက်လိုက်တဲ့ အသံကြောင့် အကုန်လုံးလန့်ဖျပ်ပြီး

လှည့်ကြည့်မိကြတယ်။

“ ဟေ့..ကလေးတွေ..ပေါက်ကရတွေ ပြောမနေနဲ့..တော်ကြစမ်း..”

ဆစ်ခ် လူမျိုး အဘိုးကြီးတစ်ယောက် ချိုင်းထောက်ကြီးနဲ့ ရပ်နေတာ။ လူကတော့ ပိန်ပိန်ပါးပါး ၊ခပ်ပျပ်ပျပ်။ နှုတ်ခမ်းမွှေး၊

ပါးသိုင်းမွှေးတွေနဲ့။မျက်နှာကရာသီဥတုဒဏ်ကို အပြင်းအထန်ခံစားခဲ့တဲ့ပုံမျိုး။ ဝတ်ထားတဲ့ စစ်ဝတ်စုံနဲ့ လိုက်ဖက်တဲ့

သံလွင်စိမ်းရောင် ဗောင်းထုပ်ကြီးနဲ့။ စစ်ဝတ်စုံက တော်တော်တော့ ဟောင်းနေပါပြီ။ အိတ်တွေအများကြီးနဲ့လေ..

ခါးပတ်အကြီးကြီးကလည်း ပါသေးတယ်။ ကျွန်တော်တို့ကို တင်းမာခက်ထန်တဲ့ အကြည့်နဲ့ကြည့်ပြီး လက်ညှိုး

ငေါက်ငေါက်ထိုးလို့ ဆူပူငေါက်ငမ်းပါတော့တယ်။

            “ မင်းတို့ကောင်တွေ ဘာမှမသိဘဲနဲ့ စစ်ပွဲအကြောင်းကို ကရော်ကမည် ပြောဝံ့ကြပါလားကွ..ဟေ..စစ်တိုက်နေတာကွ..

            ဘာမှတ်နေသလဲ..အသက်တွေ ရင်း ပြီးလုပ်နေရတဲ့ တကယ့်ကိစ္စကြီးကွ..နားလည်လား..”

သူပြောနေတာ သေချာတော့ မသိဘူး။ ချိုင်းထောက်ကြီးနဲ့ ဆိုတော့ သေချာကြည့်မိတဲ့အခါ သူ့မှာ ခြေထောက်တစ်ဖက် မရှိတာ

သတိထားမိလိုက်တယ်။သူက အငြိမ်းစား ဒုတပ်ကြပ် ဘယ်လ်ဝမ် ဆင်းဂ် တဲ့ဗျ။ သူ ကျွန်တော်တို့ တန်းလျားကို ပြောင်းလာတာ

မကြာသေးဘူး။ မိသားစုတော့ ရှိပုံမရဘူး။ သူတစ်ယောက်တည်းရယ်။ ခြေတစ်ဖက်က စစ်ပွဲမှာ စွန့်လွှတ်လိုက်ရတာတဲ့ဗျ။

ကျွန်တော်တို့ကို ဆူပြီးတော့ ချိုင်းထောက်ကြီးနဲ့ ထော့နင်းထော့နင်း သွားပြီး တီဗီရှေ့တည့်တည့်က ကုလားထိုင်မှာ

ထိုင်ချလိုက်တယ်။

2 comments

  • windtalker

    October 19, 2011 at 7:10 pm

    ဖတ်လို ့ကောင်းသဗျာ
    အက်တမ်ဗုံးအကြောင်းလဲ သိရသဗျို ့
    မြန်မြန်လေး ဆက်ရေးတင်ပေးပါဗျို ့

Leave a Reply