“သည် အလှူ”

thit minOctober 20, 20114min25925

ဘဝတွင် အကြိမ်ကြိမ် လဲကျဘူးသူတယောက်ဖြစ်သော်လည်း
လဲတိုင်းပြန်ထခဲ့ပါသည်။

လွန်ခဲ့သော ၅ နှစ်ကျော် လောက် က လဲကျခြင်းကတော့
စိတ်ရော လူပါ တကယ်ကြီးလဲကျခဲ့ခြင်းပါ။

ကံကြမ္မာနှင့်လောကဓံ၏ အထုအထောင်းတွင်
သစ်မင်း တာရှည် လဲကျမနေဘဲ၊ ယင်းဒုက္ခများကမိမိကို

“သစ်” သွားစေခဲ့သည်။

ရှင်တော်မြတ်ဘုရားရှေ့မှောက်ရောက်ခဲ့ရသည်။

မိမိနေသောမြို့တွင် မြန်မာပြည်မှာလာရောက်ကျောင်းထိုင်နေသောဆရာတော်ထံ
ရောက်သည်။

ယခင်လည်း ရံဖန်ရံခါရောက်ပါသည်။ယခုတကြိမ်တွင်ယခင်သတိမထားမိသောအရာများသတိထားမိသည်။

ဆရာတော်၏ကျောင်းတွင် ခင်းထားသော ကော်ဇောများ
ဟောင်းနွမ်းလှပေပြီ။

ဆရာတော်၏တရားကိုနာရသည်။ တခြားတရားစကားများကို
မမှတ်သားမိ ဆရာတော်  ပြော၊ဟောသည့်အထဲက အရင်ကထက်ခုပိုလို့ ကမ္ပဌာန်းရှူလို့ရပြီ
ဒကာလေးရဲ့ ဂေါပက အဖွဲ့က တရက်စာ စရိတ်ပေးပြီး ဘုန်းဘုန်းက ကိုယ်ဟာကိုယ်ချက်စားရတာလေ။
အသားတွေ၊ငါးတွေ ဝယ်လာရော၊ ချက်ဘို့လုပ်တော့ အသေကောင်တွေပါလားဆိုပြီး တရားမှတ်လို့ရသွားတယ်။
ချက်တာတော့မချက်ဖြစ်တော့ဘူးပေါ့။ အခြောက်အချမ်းလေးနဲ့ ဒီလိုဘဲပြီးလိုက်တယ်၊ ဆိုတဲ့စကားက    ရင်ကိုလာမှန်သည်။

ဘုန်းကြီးပြောလိုတာကတရားသဘော၊ ကိုယ်မြင်လိုက်ရတာကဗုဒ္ဓဘာသာဝင်ဘုန်းကြီးတပါးရဲ့ဒုက္ခ။

ဒါနဲ့ တိုတိုပြောရရင် အဲဒီနေ့မှာဘဲ
ကော်ဇောသွားဝယ်ဘို့စီစဉ်သည်။

အဲဒီအချိန် သစ်မင်းအနီးတွင် မိမိနှင့်အလွန်ခင်သောသူငယ်ချင်း
၂ယောက်ရှိသည်။ဆင်၊မျောက်၊ခါဟု နစ်ခ်နိန်းပေးထားကြရာမိမိကအငယ်ဆုံးဖြစ်သည်။

ကော်ဇောဝယ်မည်ပြော၍လိုက်လာကြသည်။ အကောင်းစားကြိုက်တတ်သောမိမိက
တဆိုင်ပြီးတဆိုင်းရွေးရင်း နောက်ဆုံးရတော့ ည ၁၁ နာရီထိုးပြီးပြီ။

လိုက်ပို့ရင်းသဒ္ဓါတရား ပေါက်သွားသော
သူငယ်ချင်း ၂ ယောက်က အလှူကိုရှယ်မယ်ဟုဆိုလာ၍ ၃ယောက်ပေါင်းသောအလှူဖြစ်သွားတော့သည်။ ကောင်းလေစွ။

ဘုန်းကြီးကျောင်းကိုပြန်လာသည်။ ကော်ဇောအဟောင်းများကိုဖယ်၊သန့်ရှင်းရေးလုပ်၊အသစ်ခင်း၊ဘုန်းကြီးကိုရေစက်ချ

အားလုံးပြီးတော့ ညနာရီပြန် ၂ချက် ထိုးပြီးပြီ။
သန်းကောင်ကျော်ဒါန အမျှမျှပေါ့ဗျာ။

ဘုရားခန်းတွင်ဆက်ထိုင်နေကြရင်း ကော်ဇောအသစ်များ
မီးဖိုခန်းပါမကျန် တကျောင်းလုံး သစ်လွင်သွားသည်ကိုကြည့်၍ ပီတိဖြစ်နေသော ထိုသူငယ်ချင်းနှစ်ယောက်ကို
မိမိက နောက်တကွက် ထပ်ရွှေ့သည်။

ဆရာတော်ကို တပတ်မှာ သုံးရက် ကျနော်တာဝန်ယူပြီးဆွမ်းကပ်ပါမည်။
ကျန်လေးရက်ကို နှစ်ရက်စီ သူငယ်ချင်းတို့၂ ယောက်မှတာဝန်ယူနိုင်ပါမည်လားလို့ မေးသည်။

သူတို့ကလဲ နဂိုကမှသဒ္ဓါတရားရှိသူများဖြစ်ပြန်
ခုလောလောဆယ်ဆယ်လည်း ပီတိဖြာနေလေတော့ သဘောတူသည်ပေါ့နော်။

ဒီလိုနဲ့ မိမိက တပတ်လျှင်သုံးရက်စာ
မြတ်စွာဘုရားတပါးစာသီးသန့်၊ဆရာတော်တပါး အတွက်ဆိုတော့ ၃ ရက်ကပ်သော်လည်း ၆ ပါးစာ ဆွမ်း
ဟင်း တွေ၊ အချိုပွဲ၊ အသီးအနှံတွေ ကပ်သည်။

တခါတရံ ကြွလာတတ်သောအာဂန္တုရဟန်းများကိုပါကပ်ရသဖြင့်တလလျှင်
ဘုန်းကြီး ၂၅ ပါးနဲ့အထက် ကိုပုံမှန် ဆွမ်းကြွေးရသလိုဖြစ်ပြီ။ ၆ လ မပျက်မကွက် ကပ်လှူခဲ့သောကြောင့်
အပါး ၁၅ဝ မဟုတ်ပါလား။

တဆက်တည်းမှာပင် မြန်မာပြည်တွင်ရှိသော
အဖွားနှင့်အဖေတို့ကို ငွေပို့ပေးပြီး တလလျှင်တကြိမ် မြတ်စွာဘုရားကိုတပါးစာနှင့် ဘုန်းကြီး
၂ ပါးအနည်းဆုံး ဆွမ်းကပ်စေသည်။ ဆွမ်းကပ်တိုင်း ဆယ်ပါးသီလယူပါ၊တရားထိုင်ပါ ဟုလည်းမှာထားသည်။

ဒါန၊သီလ၊ဘာဝနာစုံအောင်ပေါ့။

တလ တကြိမ်နှင့် ၃ နှစ် ဆက်တိုက်လုပ်ပေးခဲ့သည်။

ဒုဋ္ဌဂါမဏိမင်းကြီးသည် မိမိပြုခဲ့သောကုသိုလ်အမှုတို့ကို
မှတ်တမ်းထားစေသည်…သေခါနီးတွင်ဤမှတ်တမ်းကိုဖတ်စေပြီး..နားထောင်ရင်း နတ်ရွာစံကံကုန်သည်။

အဖွားအသက်ကြီးလှပြီ၊ လှူတိုင်းမှတ်တမ်းရေးခိုင်းထားသည်။
အလှူအတန်းဝါသနာပါ၍နှစ်စဉ်ကထိန်ညှတ်ဒကာခံသောအဖွား၊လှူပြီးတိုင်းတဖွဖွပြောနေတတ်သောဤအဖွားနှင့်ဤမှတ်တမ်း၊
ပရ စေတနာ၊သီလ၊ဘာဝနာနှင့်စိတ်ချရအောင်လုပ်ပေးလိုက်ခြင်းဖြစ်သည်။

အင်း ဒါလဲ ရဟန်းအပါး ၁၀၈ ပါး အနည်းဆုံးဆိုတော့၊
အလှူ ၂ခုပေါင်းတော့ မိမိ ရဟန်းအပါး ၂၅ဝ ကျော်ဆွမ်းကပ်ပြီးပေပြီ။

တကယ်တမ်း ရဟန်းအပါး ၂၅ဝ ကိုဆွမ်းကပ်နိုင်ဘို့
ဆိုတာ စုပြီးပင့်လို့ရအုန်းမှ၊လူအင်အား၊ငွေအင်အား၊များစွာလိုသည်ပေါ့။

တံစက်မြိတ်ကကျသော ရေကို ခံသကဲ့သို့
ရသလောက်လုပ်ခဲ့ခြင်းဖြင့် ဤအလှူကိုပြီးမြောက်စေခဲ့ပြီမဟုတ်ပါလော။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါနနှင့်ပတ်သတ်သောကိုယ်ပိုင်အတွေး တခုရှိပါသည်။

အကျိုးကိုမျှော်ကိုးသည်ဆိုသည်ထက် လိုနေသော
သူ ကို လိုနေသောအခါတွင် ဖြည့်ဆည်းပေးခြင်း ဟုဖြစ်ပါသည်။

ကိုယ်လုပ်ပေးနိုင်သည်ကိုသူလိုသောအချိန်ပေးလှူလိုက်ရခြင်းဖြင့်၊ရရှိသွားသော
အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံမှုက အဓိကဟုမိမိယူဆသည်။အမှန်အတိုင်းပြောရလျှင် နောက်အကျိုးဆိုတာစဉ်းစားပြီးမလှူခဲ့မိပါ။

(မစဉ်းစားဟုသာဆိုပါသည်၊ မယုံကြည်ဟုမဆိုလိုပါ ဤကား စကားချပ်)

ဤနေရာတွင် လိမ်လည်၍အလှူခံသောသူများကတော့
အလိုလို စာရင်းမပါကြောင်းပြောစရာမလိုပါ။

အထက်တွင်ဖော်ပြခဲ့သော အချိန်၊ငွေကြေးအကုန်အကျခံ
လှူတန်းခဲ့သော အလှူတို့ထက် မိမိအနေဖြင့် ပီတိဖြစ်ရသော၊ပို၍စိတ်ချမ်းသာဘွယ်ဟုထင်သောအလှူတခုအကြောင်းပြောလို၍
နိဒါန်းသွယ်နေခြင်းဖြစ်ပါသည်။

ဟာ…….. ဒီအထိက နိဒါန်းလားကွာ ဟု
အပြစ်တင်မစောပါနှင့်ဆက်ဖတ်ကြည့်ကြပါဟူ၍သာ….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပထမနှစ်စာမေးပွဲပြီးလို့ အိမ်ပြန်ရောက်နေတဲ့
ကာလလေး။အေးအေးဆေးဆေးစာဖတ်နေတုန်းတရက်မှာ အဲဒီအချိန်ကနာမည်ကြီးနေတဲ့အဆိုတော်ကိုလွှမ်းမိုးရဲ့လေတံခွန်သီချင်းကိုလူတယောက်ကအကျယ်ကြီးအော်ဆိုသံကို
ကြားရလိုက်တာပါဘဲ။အမြဲတိတ်နေတတ်တဲ့ နေရာမလို့တော်တော်ကျယ်ကျယ်ကြားရတာနဲ့ ခြံဝကိုထွက်ကြည့်လိုက်တော့
တွေ့ပါပြီ။

ခပ်လှမ်းလှမ်းမှာ သီချင်းဆိုရင်း ဒုတ်တချောင်းကို
တဒေါက်ဒေါက် ထောက်ရင်းလမ်းလျှောက်ရင်းသီချင်းဆိုလာတဲ့ လူလတ်ပိုင်းအရွယ် ယောက်ျားတယောက်ကိုတွေ့လိုက်ရပါတယ်။
ကြည့်နေရင်းဘဲ သူက သီချင်းဆိုတာရပ်လိုက်ပြီး

“ကျနော် ကို ကြည့်ကြပါခင်ဗျာ၊ကျနော်
ဝတ်ထားတဲ့ ပုဆိုးကတော်တော် ကိုစုတ်ပြီးမြင်မကောင်းအောင်ဖြစ်နေပါတယ်၊

တခြားဘာကိုမှ မတောင်းပါဘူးခင်ဗျာ၊ အရှက်လုံ
ဘို့ အရေးကြီးလို့ပါခင်ဗျာ” ဟု ပြောဆိုသံကိုကြားလိုက်ရပါတယ်။

ကြည့်လိုက်တော့ သူ့ပုဆိုးကတော်တော်ကို
စုတ်နေပြီး ရှေ့ပိုင်းကိုလက်နဲပုဆိုးကိုစုပြီးအုပ်မိအောင်ကြိုးစားပမ်းစားလုပ်ထားရရှာပါတယ်။
လက်တဖက်ကတော့ ဒုတ်ကိုကိုင်ထားရတာပေါ့နော်။ သူ့မျက်စိကတကယ်မမြင်ရှာဘူးလေ။

ဘာလုပ်ရမလဲဆိုတာ ချက်ခြင်းသဘောပေါက်လို့
အိမ်ထဲပြန်ဝင်ပြေး၊ အဖွားနားကိုသွားတယ်၊။

အဖွားရေ သား အခုလာနေတဲ့ သူ ကို သားပုဆိုးတထည်လှူ
ချင်တယ်လို့ပြောလိုက်တယ်။

အဖွားက မင်းထက်ချမ်းသာသူတွေ ဒီအရပ်ထဲပုံလို့၊
အသာနေစမ်းပါလို့၊ပြန်ပြောတယ်။

ဒါနဲ့ ပြန်မပြောတတ်တဲ့ မောင်သစ်မင်းလဲ
အသာငြိမ်သွားရတယ်။ စိတ်ကတော့မကျေနပ်ဘူးပေါ့။

အပြင်ပြန်ထွက်ခြံဝကနေ ကြည့်လိုက်တော့၊
ဟို လူကြီးက တော်တော်နီးလာနေပြီ။

စိတ်ထဲမှာ ဘယ်လိုဖြစ်မှန်းမသိအောင်
ပူလာတယ်။မရတော့ဘူး။

အဖွားနားပြန်ပြေး၊ အဖွား လာကြည့်ပါအုန်းသနားပါတယ်။
တကယ် ဘယ်သူမှလဲ ထွက် မပေးကြဘူး။

အဖွားကတချက်ကြည့်တယ်.။ဘာမှမပြောသေးဘူး။

အပြင်ပြန်ထွက်ခြံဝကနေ ပြန်ကြည့်လိုက်တော့၊
ပိုပိုနီးလာပြီ။

အဖွားနားပြန်ပြေး ထပ်ပြောတယ်။

ဒီတခါတော့ သေသေချာချာ အဖွားကကြည့်လိုက်ပြီး
ခပ်ပါးပါးလေး ခေါင်းငြိမ့်ပြတယ်။

ဟား   အားတက်သွားတယ်။ သားပုဆိုးတထည် ပေးမယ်နော်၊လို့ထပ်ပြောတယ်။

သိပ်ပေးချင်ရင်ပေးလဲပေးလေ၊ဘယ်ပုဆိုးလဲ
ဟု မေးသည်။

(အမှန်ကအဖွားကအလှူသိပ်ဝါသနာပါတာပါ၊ စိတ်ကိုစမ်းတာမှန်းနောက်မှသဘောပေါက်တယ်)

အင်း ခွင့်ပြုတယ်လို့ ပြောပေမဲ့ သိပ်ကဲလို့တော့မရသေးဘူး။
အဝတ်ဘီရိုပြေးဖွင့် နဲနဲစဉ်းစားပြီးချည်ပုဆိုး

အဟောင်းတထည်ကို ယူလိုက်တယ်(အဖွားစိတ်မပြောင်းအောင်
အသစ် တော့မယူရဲဘူးလေ)

အဖွားကိုပြတယ်။ အေး ပြီးရော။ သွားပေးလို့ပြောလို့ဝမ်းသာအားရ
ခြံဝကိုပြေး၊ ခြံဝလဲ ရောက်ရော၊

အဲဒီလူကြီးကလဲ ရောက်လာတာနဲ့ ကွက်တိ။
သူက ဖြေးဖြေးလေးလျှောက်လာတာ ဆိုတော့ သစ်မင်းရဲ့ အိမ်တွင်းတိုက်ပွဲဝင်နေချိန်နဲ့အချိန်ကိုက်ပေါ့။

အကိုကြီးခဏလို့ ခေါ်လဲခေါ် အနားသွားပြီး
သူ့လတ်မောင်းကိုလဲ လှမ်းကိုင်လိုက်တယ်။

ဟုတ်ကဲ့ လို့ အဲဒီ အကိုကြီးကပြန်ပြောရင်း
မျက်နှာလဲလှဲ့လာတယ်။ သူ့မျက်စိက အဖြူသားတွေက

သူတကယ်မျက်စိမမြင်မှန်းသိသာတယ်လေ။

သူ့လက်က တောင်ဝှေး ကို ယူပြီး သူ့လက်ထဲ
ပုဆိုးလေးထဲ့ပေးလိုက်ရင်း၊ အကိုကြီးအတွက်ပုဆိုးလေး

လှူပါတယ်။ အဟောင်းလေးပါခင်ဗျာလို့ပြောလိုက်တယ်။

မျက်နာတခုလုံးပြုံးရွှင်သွားတဲ့ အဲဒီ
အကိုကြီးရဲ့ မျက်နှာ က ပီတိမျိုးခုချိန်ထိဘယ်မှာမှမတွေ့ဖူးတော့ဘူး။

ဝမ်းသာအားရနဲ့ ပုဆိုးလေးကိုဝတ်ပြီးသွားတဲ့
အဲဒီအကိုကြီး က

ညီလေးရယ် အကိုတောင်းလာတာတပတ်ကျော်ခဲ့ပြီ။
မရခဲ့ပါဘူးကွာ။

အကို့မှာ မျက်မမြင်ကျောင်းသွားဘို့
အစီအစဉ်ရှိပါတယ်။စရိတ်လေးတော့ရှိတယ်ပေါ့ကွာ။

ပုဆိုးဝယ်လောက်အောင်ပိုက်ဆံကမရှိလို့
ဒီပုံစံကြီးနဲ့ လူစည်ကားရာလဲမသွားရဲလို့ပါကွာ။

အကိုကအက်စီးဒင့်တခုနဲ့ မျက်စိကွယ်ခဲ့ရတာပါ၊
အကိုဆယ်တန်းထိကျောင်းနေဘူးတယ်။

အခုလိုပုဆိုးလေးရှိသွားပြီဆိုတော့အကို
ဆက်ပြီး လိုရာခရီးသွားနိုင်ပြီပေါ့ကွာ။

အကို့ဘဝအတွက် ဒီအချိန်မှာတော့ သိပ်အရေးကြီးတဲ့
ပစ္စည်းလေးကိုငါညီပေးလိုက်တာပါ။

ငါ့ညီကို အကိုအရမ်းကျေးဇူးတင်လိုက်တာကွာဟု
အရှည်ကြီးပြောပါတယ်။

ရပါတယ်အကိုကြီးရယ်။လို့ပြန်ပြောလိုက်တုန်းမှာသူကဆက်ပြီး

ငါ့ညီလေးအသံကြားရတာ တော်တော်ငယ်အုန်းမယ်လို့ထင်ပါတယ်။

ဒါပေမဲ့ကျေးဇူးတင်လွန်းလို့ အကို ကန်တော့ပါရစေလို့

ပြောပြောဆိုဆိုနဲ့ အောက်ထိုင်ချပြီးကန်တော့ဘို့လုပ်ပါတော့တယ်။

မထင်မှတ်ထားတဲ့အပြုအမူကြောင့် လန့်သွားပြီး၊ဟာ  မလုပ်ပါနဲ့အကိုရာ၊ကျနော်အသက်ကခုမှ

၁ရ နှစ်ဘဲရှိပါသေးတယ်လို့ပြောရပါတယ်။

အကိုမှန်းလို့ရပါတယ်၊ဒါပေမဲ့ ကျေးဇူးရှင်မို့ပါလို့ပြောပြီးထပ်ကြိုးစားနေလို့
မနဲဆွဲထားရပါတယ်။

နောက်ဆုံးတော့ လက်လျှော့သွားပါတယ်။

သူကဆက်ပြီး ဆုတွေပေးပါတယ်။ကျောင်းတက်နေလားလို့မေးပြီးပေးတဲ့ဆုမလို့၊
ပညာကိုထူးထူးချွန်ချွန်ဖြစ်ပါစေဆိုတဲ့ဆုမျိုးပါ။

ပြီးတော့ကျေးဇူးတင်ကြောင်းထပ်ပြော၊
တောင်ဝှေးကိုယူပြီး တလှမ်းချင်းထွက်သွားပါတော့တယ်။

ပီတိနဲ့ ကျန်ခဲ့တဲ့ ကျနော့မှာတော့ ဒီနေ့ပြန်စဉ်းစား
ဒီနေ့ပီတိဖြစ်ရတုန်းပါ။

ကိုယ့်ရဲ့ မဖြစ်လောက်တဲ့ ရေလဲပုဆိုးလေးတထည်ဟာလူတယောက်အတွက်
သေရေးရှင်ရေးလို အရေးကြီးလှပါလားလို့။

တခုခုကိုဖျတ်ကနဲတွေးမိလို့၊ အိမ်ထဲကအဖွားဆီပြေးသွားပြီး
ပြောမိတယ်။

အဖွား  ပိုသစ်တဲ့ ကောင်းတဲ့ ပုဆိုးလေး  သား လှူလိုက်ရရင်ကောင်းမယ်နော် လို့။

အဖွားက မင်း အဲဒီလိုလှူလိုက်ရင် မျက်စိမမြင်တဲ့
သူကို သတ်သလိုဖြစ်မှာပေါ့သားရဲ့။

အဲဒီပုဆိုးကအသစ်ဆိုရင် တခြားသူတောင်းစားတယောက်ယောက်ကသူ့ကိုတခုခုလုပ်ပြီး
ယူသွားနိုင်တာပေါ့တဲ့။

အဲဒီလိုကြားလိုက်ရမှ ဟင်း က နဲ သက်ပြင်းချ၊ပိုကျေနပ်၊
ပီတိဖြာပေါ့ခင်ဗျာ။

သူတပါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်နိုင်တဲ့
ဒီအလှူရဲ့ ကုန်ကျစရိတ်က ရေလဲပုဆိုးတထည်ထဲပါ။

အချိန်ကအဖြစ်အပျက်အားလုံးပေါင်းမှ ၅
မိနစ်ဆိုတာအလွန်ဆုံးပါ။

ဘာမဟုတ်တဲ့အချိန်လေးအတွင်းမှာ ဘာမဟုတ်တဲ့
ရေလဲပုဆိုးတထည်ကရတဲ့ လူနှစ်ဦးရဲ့ ပီတိကတော့ဘာနဲ့မှ ချိန်စက်လို့မရပါဘူး။ မေ့လို့မရစကောင်းတဲ့ပီတိလေးပါဘဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုဘလက်ချောရဲ့ပို့စ်မှာသူကြီးရေးထားတာတွေ့လို့
ဒီစာကိုရေးဖြစ်ပါတယ်။

သူကြီးရဲ့ ဆာဗာအတွက် မဲန်မိုရီထပ်သွင်းရမယ်ဆိုတဲ့
စကားလေးရယ်၊ အမြဲလှူနေကျအလှူတွေကိုလျှော့ပြီးမန်းဂေဇက်ကိုအားထဲ့ထားတာကိုသိလိုက်ရလို့ပါ။

ကျနော်တို့အားလုံးက စာရေးတာဝါသနာပါကြတယ်။

ကျနော်တို့ရဲ့အတွေ့အကြုံတွေ ဖလှယ်ချင်ကြတယ်။

ဆွေးနွေးချင်ကြတယ်။

ခံစားရတာတွေပြောပြချင်ကြတယ်။

အသိ၊ဗဟုသုတတွေရချင်ကြတယ်။

အဲဒီကျနော်တို့တမ်းတမ်းတတရှိလှတဲ့ ပြောချင်၊ရချင်၊ဖန်တီးနိုင်တဲ့”နေရာ”
တခု။

အဲဒီကျနော်တို့တမ်းတမ်းတတရှိလှတဲ့ဘာတည်းဖြတ်မှုမှမရှိတဲ့
“လွတ်လပ်ခွင့်”

အဲဒီ “လိုအပ်ချက်”ကိုသူကြီးကဘာအကျိုးမှ
မမျှော်ကိုးဘဲ ဖြည့်ဆည်းပေးထားတယ်။

သူ့အလှူပေါ်မှာ သူ စိတ်ရှင်းတယ်။သူ့စေတနာက
ကျနော့တို့အားလုံးအတွက်တော့ အရမ်းကြီးလှပါတယ်။

ကိုယ်တိုင် ဂေဇက်ကိုမလာရမနေနိုင်သူတွေ
သိကြပါတယ်လို့သာ ပြောပါရစေတော့။

အထူးကျေးဇူးကို ဂုဏ်ပြုပါသည် သူကြီးခင်ဗျား။

ဆတက်တန်ဖိုးတိုးပြီးပြည့်စုံပါစေခင်ဗျား။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အကောင်းစားတွေ အကုန်လုံးစားခဲ့သူ

မင်းပေးတဲ့ရေ တခွက် သူ့ အတွက်လေ

ငုံခါပြန်ထွေး  ဆေးကြောမယ်

ဒီထက်ပိုမလား~~~~~~~~

ပြင်းလွန်းတဲ့ နေရောင်အောက်

ခရီးကြမ်းကို ရှောက်ခဲ့

မောပမ်းလာသူတယောက်

ပေးလိုက် ရေ အေး တ ခွက်

လိုသူကိုပေးရတာ စိတ်ချမ်းမြေ့စရာ

စဉ်းစားကြည့် သူငယ်ချင်း~~~~~~

(Credit to ဦးကျော်ဟိန်းရဲ့ မင်းပေးတဲ့ ရေတခွက် သီချင်း)

==============================

အားလုံးကိုလေးစားပါတယ်

မောင်သစ်မင်း

25 comments

  • blackchaw

    October 20, 2011 at 4:44 pm

    သူကြီး ရဲ့ အလှူ အတွက် အရင်သာဓုခေါ်ပါတယ်။
    သာဓု၊ သာဓု၊ သာဓု ပါ သူကြီးရေ။
    ကျွန်တော်တို့က သူကြီးအလှူကို လက်ခံတဲ့လူတွေ ဖြစ်တဲ့အတွက်
    သူကြီးအလှူက ဘယ်လောက်တန်ဘိုးရှိတဲ့ အလှူဆိုတာ
    သိပါတယ်။
    နောက် ကိုသစ်မင်း ကို လည်း သာဓု ခေါ်ပါတယ်။
    သာဓု၊ သာဓု၊ သာဓု ပါ ကိုသစ်မင်းရေ။
    ကိုသစ်မင်း လှူခဲ့ဘူးတဲ့ အလှူတွေအတွက်ပါဗျာ။
    ဒီပို့်စ် ကို ဖတ်ပြီးတော့ ပြောချင်တာကတော့
    ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ ။

  • nozomi

    October 20, 2011 at 5:18 pm

    ကိုသစ်မင်းရေ အမျှ အမျှ အဲ ယောင်လို့ သာဓု သာဓု သာဓု ပါဗျာ

    တစ်ခုခု မျှော်လင့်ပြီး လုပ်တာဆိုရင် အဲဒါ အလှူမဟုတ်ဘူး
    ကိုယ့်စိတ်ထဲ သဒ္ဒါစိတ်တွေ တဖွားဖွားပေါ်လာလို့ ဘာမှ မျှော်လင့်ချက်မထားဘဲ လှူလိုက် အဲဒါဆို သူနဲ့ ထိုက်တန်တာ ရလာလိမ့်မယ် ကြိုပြီတော့ ဘာရမယ် ဘယ်လောက်ရမယ် မတွေးနဲ့ ..
    ကျွန်တော့အတွေးကို ရေးပြတာပါ

    ကိုသစ်မင်း စာဖတ်ပြီးမှ သူကြီးကိုလှူချင်စိတ်တွေ တဖွားဖွား ဖြစ်လာတယ်
    သဘောင်္ကက်ပီတန်ကြီးလိုလဲ မတတ်နိုင်တော့ အစိမ်း ၁၀၊၂ဝ မျိုးရော မြန်မာပြည်ကနေ လှူလို့ရရင် လှူချင်ပါတယ်ဗျာ ကိုယ်ပြောချင်တာလေး လွတ်လွတ်လပ်လပ် ပြောရ ကိုယ်နဲ့ စိတ်တူကိုယ်တူ မိတ်ဆွေတွေ တွေ့ရ နဲ့ မို့ ဒီရွာလေးကို အရှည်သဖြင့် တည်တံ့စေချင်ပါတယ်

  • youngcat

    October 20, 2011 at 5:24 pm

    သန်းကောင်ကျော်ဒါန အမျှမျှပေါ့ဗျာ။

    ဦးသစ်မင်းပေးဝေတဲ့အမျှအား ဝမ်းသာအားရ
    လက်ခံရင်း သာဓုသုံးကြိမ်ခေါ်ပါတယ်ဗျာ။

  • parlayar46

    October 20, 2011 at 7:36 pm

    အရင်ကလဲ စိတ်ထဲ ဖြစ်ဘူးတယ်။
    အခု ကိုသစ်မင်းနဲ့ nozomi ပြောတုန်း ဝင်ပြီးအကြံပေးချင်သေးတယ်။

    MG က ပြည်တွင်းနေ ကျုပ်တို့တွေအတွက် အလွန်ပဲ အကျိုးရှိပါတယ်။
    အကယ်၍များ တတ်နိုင်သလောက် သို့မဟုတ် စိတ်ပါသလောက် ၅/ ၁၀/ ၂၀/ ၅၀/ ၁၀ဝ စသည်ဖြင့်
    သူကြီးရဲ့အလှူမှာ ဝင်ထည့်နိုင်မယ့် စံနစ်လေးရှိရင် သိပ်ကောင်းမှာပဲ။ ပြည်တွင်းက တယောက်ယောက်က လုပ်ပေးနိုင်ရင်ကောင်းမှာ။

    ဥပမာ တယောက်ယောက်ကတဆင့် ပို့ပေး။ သူကြီးက အီးမေးနဲ့ ရရှိကြောင်း အလှူရှင်ဆီ confirm လုပ်။ MG စာမျက်နှာပေါ်မှာတော့ နာမည်မဖေါ်နဲ့ ……….ဆိုတာမျိုးပေါ့။

  • ပေါက်ဖော်

    October 20, 2011 at 7:40 pm

    လိုအပ်နေလို ့..ကူညီ(လှူ) ရတာပိုအရသာရှိတယ်….ပိုကြည်နူးရတယ်..ဆရာသစ်ရေ.

    သဂျီးကောင်းမှုနဲ ့..ဖတ်၊ရေး ခွင့်ရှိတဲ့အတွက်လဲ ဝမ်းတာပါဒယ်..
    ဂေဇက်အတွက် တခြားဘက်မှာ အလှူငွေလျှော့လိုက်ရတာတော့..အလျှော့ခံလိုက်ရတဲ့ဘက်အတွက်.
    စိတ်မကောင်းရှာပါဘူး…ဗျာ…ဟီး.ဟီး…
    ပွိုင့်တစ်သိန်းလဲ နောက်ဘတော့မှ ချီးတော့ပါဝူး သဂျီးရာ..ဟီး.ဟီး.. 😀

  • padonmar

    October 20, 2011 at 7:44 pm

    ကိုသစ်မင်းအလှူ ၂မျိုးလုံး ဖတ်ရင်းနဲ့ ကြက်သီးထမျှ ပီတိဖြစ်ရပါတယ်။
    လှိုက်လှိုက်လဲလဲ သာဓုသာဓုသာဓု ခေါ်ပါတယ်။
    စာလိုပြောရင်တော့ တိဟိတ်ဥက္ကဌကုသိုလ်ဆိုတာ ဒါမျိုးပါလို့ပြောချင်ပါတယ်။
    နောက်ပြီး ကိုသစ်မင်းရေးပြမှ သဂျီးရဲ့အလှူကိုလည်း နားလည်ရပါတယ်။
    Nozomi လိုဘဲ အခါအခွင့်သင့်ရင် မန်းဂေဇက်ကို လှူချင်ပါတယ်။

  • blackchaw

    October 20, 2011 at 8:09 pm

    ကိုသစ်မင်းရေ။
    ညနေက ခင်ဗျား ပို့စ်ထဲမှာ ကွန်းမန့်ရေးပြီး တင်လို့မရတာနဲ့
    ကျွန်တော့်ပို့စ် ထဲထည့်ရေးလိုက်ရတာပါ။
    ဒါပေမယ့် သူ့ပိုင်ရှင်အမှန်ထံကို ပြန်ပို့ပေးလိုက်ပါတယ်ဗျာ။
    ကိုသစ်မင်းရေးတဲ့ သည်အလှူ ပို့စ်မှာ မန်းထားတဲ့
    nozomi ပြောတာလေးကို ကျွန်တော် သဘောကျတယ်။
    ၁၀$ မျိုး၊ ၂၀$ မျိုး ဆို သိတ်အပန်းကြီးလှမှာ မဟုတ်ဘူးလေ။
    ပြီးတော့ မန်းဂဇက် က ကျွန်တော့်အတွက်တော့ ကျွန်လေးတစ်ကျွန်းပါဗျာ။
    နေ့တစ်ဓူဝ ရင်ဆိုင်နေရတဲ့ ဘဝအမောတွေက ပင်လယ်ကြီးလို
    မဆုံးနိုင်ဘူးဗျာ။ ရုန်းကန်ကူးခတ်နေမှ အသက်ဆက်ခွင့်ရမယ့်
    ကျွန်တော်တို့ရဲ့ အမောတွေကို မန်းဂဇက်ကျွန်းလေးမှာ
    အမောဖြေလို့ ရနေတယ်ဗျာ။ ကြုံတွေ့လာရတဲ့ မကျေနပ်ချက်တွေကို
    မန်းဂဇက်မှာ ရင်ဖွင့်လိုက်ရင် ရင်ထဲပေါ့သွားမယ်ဗျာ။ သူ့အတွေ့အကြုံ
    ကိုယ့်အတွေ့အကြုံ၊ သူ့အမြင်၊ ကိုယ့်အမြင် ဖလှယ်နိုင်ကြမယ်ဗျာ။
    အဲဒါကြောင့် မန်းဂဇက် ဟာ ကျွန်တော်တို့အတွက် ကျွန်းလေးတစ်ကျွန်းပါ။
    ရေရှည်တည်တံ့အောင် ထိန်းသိမ်းဘို့ ကျွန်းသူကျွန်းသားတွေမှာ
    ဝတ္တရား ရှိပါတယ်ဗျာ။
    ကိုသစ်မင်းရေ။
    တာဝန်နဲ့ ဝတ္တရား မတူဘူးဆိုတာ ကိုသစ်မင်း သိမှာပါ။`
    တာဝန်ဆိုတာ မလုပ်မဖြစ် လုပ်ကိုလုပ်ရမယ့်အလုပ်ပါ။ မလုပ်လို့ကို မဖြစ်ပါ။
    ဝတ္တရားဆိုတာကတော့ လုပ်သင့်လုပ်ထိုက်လို့ လုပ်ရမယ့်အလုပ်မျိုးပါ။
    မလုပ်ရင်လည်း ဘာမှ မဖြစ်တာမျိုးကို ခေါ်တာပါ။
    မန်းဂဇက် ရည်ရှည် ရပ်တည်နိုင်ဘို့ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး။
    ဒါပေမယ့် နိုင်တဲ့ လူတွေမှာ ဝတ္တရား ရှိပါတယ်။
    ကျွန်တော်တို့ အဲဒီ ဝတ္တရားကို ထမ်းဆောင်ချင်ပါတယ်ဗျာ။
    nozomi ပြောတာလေးက သူ ထမ်းဆောင်ချင်တဲ့ ဝတ္တရားလေးမို့ ကျွန်တော်က လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း
    ပြောချင်ပါတယ်ဗျာ။

  • weiwei

    October 20, 2011 at 8:20 pm

    သိပ်ကောင်းတဲ့အလှူတွေပါပဲ … သာဓု သာဓု သာဓု ပါ …
    ဂေဇက်က သူကြီးရဲ့ စေတနာကိုလဲ ပေါ်လွင်စေပါတယ် …
    စာရေးနေတာလဲ အလှူတစ်ခုပြုလုပ်နေတာပါပဲ … ကိုယ်သိတာလေးတွေကို သူများတွေ သိပါစေတော့ဆိုတဲ့ စေတနာနဲ့ ရေးနေကြတာပဲ မဟုတ်လား …
    ကျွန်မစာရေးနေတာက အဲဒီရည်ရွယ်ချက်နဲ့ပါ … စစချင်းတုန်းကတော့ ရည်ရွယ်ချက်ပိုကြီးခဲ့ပါတယ် … အခုဆို တစ်နှစ်အတိရှိသွားပြီ … နောင်လဲ ဆက်ပြီး မျှဝေပေးနေအုန်းမှာပါ …

  • pooch

    October 20, 2011 at 9:19 pm

    အားရပါးရကို သာဓုခေါ်သွားပါတယ်….
    တစက်ချင်းစုရင်း တအိုးကြီး ပြည့်သွားမှာပါ.. အခုရော ၊ နောင်ရော၊ သံသရာရောကောင်းမှာပါ..
    ကိုယ်တိုင်လည်း ပိုပြီး ကြိုးစားကြည့်ပါအုန်းမယ်….
    သူကြီးအလှူကိုလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ပါတယ်..

  • windtalker

    October 20, 2011 at 9:25 pm

    သာဓုသာဓုသာဓု ပါခင်ဗျား
    ကိုသစ်မင်းရဲ ့ကောင်းမွန်မြင့်မြတ်တဲ့ လုပ်ရပ်အတွက်
    ဝမ်းမြောက်ဝမ်းသာ သာဓု၃ကြိမ် ခေါ်ပါရစေ

  • unclegyi1974

    October 20, 2011 at 11:20 pm

    ကိုသစ်မင်းအလှူ ၂ ခုမှာပထမအလှူမျုိုးကလှူမဲ့သူများမယ်
    တနည်းရှိကြမယ်
    ဒုတိယအလှူကယနေ့မြန်မာမှာအတော်နည်းမယ်
    ဒါတချိန်ကတနည်းဟိုးတုန်းကမြန်မာတွေလက်ဆင့်ကမ်းခဲ့တဲ့မြန်မာ့စိတ်
    ယနေ့ခေတ်လူငယ်တွေဒီစိတ်တွေလက်ဆင့်ကမ်းမရကြဖူးလို့ထင်ပါတယ်ဗျာ
    သူတို့ကိုလည်းအပြစ်မမြင်
    နေထွက်ကနေဝင်စာ ပြီး စာနဲ့
    လူကြီးမိဘဖိုးဖွားများဆုံးမသွန်သင်ခြင်းနဲ့ဝေးခဲ့ကြသူတွေကိုး

  • MaMa

    October 21, 2011 at 8:00 am

    တန်ဖိုးနည်းသည် များသည် ပဓာနမဟုတ်ပဲ ကိုယ်နှစ်သက်အားရတဲ့ ဒါနတစ်ခုကို အဖန်ဖန်ပြန်လည်စဉ်းစားပြီး စဉ်းစားမိတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်တာကြောင့် ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက် အကျိုးရတာ ဖြစ်ပါတယ်။ အဲဒါကုသိုလ်ပွားနည်းပါပဲ။ အလှူခံပုဂ္ဂိုလ်ရဲ့ အကျိုးကိုသာ ရည်ရွယ်ပြီးလှူတဲ့ အပြစ်ကင်းတဲ့အလှူမို့ ဝမ်းသာအားရ ဝိုင်းဝန်း သာဓုခေါ်လိုက်ပါတယ် နော်။

  • padonmar

    October 21, 2011 at 8:04 am

    သဂျီးရေ
    ကျွန်မတို့အတန်းဆရာကန်တော့ပွဲအတွက် US ကသူငယ်ချင်းတွေ ကျွန်မဆီ ငွေလွှဲပေးနေကြတယ်။
    ထပ်လွှဲဖို့လည်းရှိသေးတယ်။အဲဒီငွေထဲက ကျွန်မလှူချင်တာ(တတ်နိုင်သလောက်ကလေးပေါ့)ကို သဂျီး(သို့)အရေးပိုင်မင်းနာမည်Dr.Mg Mg Kyi နဲ့ cheque ပို့ခိုင်းရင်ရမလား။ အကြောင်းပြန်ပေးပါ။

  • Shwe Ei

    October 21, 2011 at 10:58 am

    ဂေဇက်ဖွံဖြိုးရေး စုပေါင်းလှူဒါန်းပွဲ လုပ်ကျမယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာ လှူချင်ပါတယ်ဗျာ။

  • ကြောင်ကြီး

    October 21, 2011 at 11:35 am

    သာဓုပါခင်ဗျာ
    လှူတတ်ရင်မြတ်
    ယူတတ်ရင်နတ်
    ဖြစ်တာမို့
    သဒ္ဓါအစစ်
    တဏှာမရစ်
    တကာဖြစ်တဲ့
    ဆရာသစ်…။

  • kai

    October 21, 2011 at 3:54 pm

    ရွာအတွက်အလှူထည့်မယ့်သူတွေအတွက်.. တကယ်ကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်..။
    မြန်မာပြည်တွင်းက လှူမယ့်သူတွေအတွက်.. ပြည်တွင်းမှာပဲ လှူလို့ရအောင် စီစဉ်ထားလိုက်ပါတယ်.။

    သီးသန့် pm ပို့လိုက်ပါမယ်နော..။
    တကယ်တော့.. ဒီမှာစာရေး..စာတင်..ဓါတ်ပုံတင်လုပ်နေရင်ပဲ..အသိသညာ ပေးလှူနေပြီးဖြစ်တာမို့.. အင်မတန် မွန်မြတ်တဲ့အလှူဖြစ်နေပါပြီ..။
    ဆိုတော့…
    ရတဲ့ ငွေကို.. အကျိုးရှိအောင် ပြန်သုံးပါ့မယ်..။ အစီအစဉ်လေးတွေ စဉ်းစားထားတာရှိပါတယ်..။
    ဆာဗာနည်းနည်း ပိုလုပ်နိုင်လာတာနဲ့..Newsletter အပါတ်စဉ် ပုံမှန် ထုတ်နိုင်အောင် ကြိုးစားပါ့မယ်..။
    အဲဒီလိုနဲ့.. ပြည်ပနေ မြန်မာတွေနဲ့.. ပြည်တွင်း.. ပေါင်းကူး ဆက်စပ်မှုပိုလာလိမ့်မယ်.. ယူဆမိပါတယ်..။

    ကျေးဇူးကမ္ဘာပါခင်ဗျား…။

    • thit min

      October 21, 2011 at 4:13 pm

      မြန်မာပြည်မှာလှူလို့ရမဲ့ နေရာကို ပီအမ် နောက်လဆန်းအမှီအမြန်ဆုံးပို့ပေးပါသူကြီးခင်ဗျာ။
      သိတဲ့အတိုင်းဒီကနေထက် မြန်မာကပိုလွယ်တာရယ်၊ ပြန်မဲ့သူရှိနေလို့ပါ။

    • thit min

      October 31, 2011 at 6:39 pm

      ကြည့်ရတာဘယ်သူ့ကိုမှ ပို့ဖြစ်ပုံမပေါက်ဘူးနော်။
      သူကြီးလဲ သူကြီး
      ခိုင်လဲခိုင်ပြီးသားအနေအထားဆိုတော့
      ဪ သူကြီးဦးခိုင်ရယ်လို့ဖြစ်လာတယ်ထင်ပါရဲ့ဗျာ။

  • thit min

    October 22, 2011 at 11:47 am

    ကျနော်ကြည်နူးတဲ့ အလှူ တခုကို highlight လုပ်ရင်း သူကြီးရဲ့ အလှူကိုပါမီးမောင်းထိုးပြပေးလိုက်တာပါ။
    ဆက်လက်ပြီး သူကြီးကို ဂေဇက်ဖွံဖြိုးရေးကူညီလှူကြဘို့ဖြစ်လာတာဆိုတော့ အားလုံးကို အရမ်းကျေးဇူးပါ။
    သူကြီးကတော့ ငွေပိုရှိရင်ပိုကောင်းတဲအစီအစဉ်လုပ်ပေးမယ်ဆိုတော့
    ကဲ……………
    သဘောစေတနာကြွယ်သူများကတော့ …………ပြောနေကြာတယ် လို့ ဆိုလေမလား……. လို့နော်။

    (^^)

  • GreeNSheeP

    October 31, 2011 at 8:14 pm

    သာဓု သုံးကြိမ် ခေါ်ဆိုခွင့်ပြုပါခင်ဗျာ

  • blackchaw

    October 31, 2011 at 10:05 pm

    ကိုသစ်မင်းရေ။
    ကျွန်တော့် ပီအမ်မှာ ဘာမှ မပါဘူးနော်။
    သိရင်ပြန်ပြောပါဦး။

  • parlayar46

    November 1, 2011 at 12:39 pm

    ကျုပ်နှယ်
    တုံးချက်က …
    ပီအမ်ဆိုတာ ဘာမှန်းတောင်မသိဘူး။
    အခုတော့ တွေ့ပါပြီ။
    ဒါပေမယ့် တယောက်ယောက်ဆီပီအမ်ပို့မယ်ဆို ဘယ်လိုလုပ်ရမလဲမသိသေးပြန်ဘူး။
    တယောက်ယောက်ကများ လမ်းညွှန်ပေးရင် ကျေးဇူးပါဗျာ။

    • thit min

      November 1, 2011 at 1:01 pm

      Forum ဖိုရမ်ဆိုတာကို ဟိုးအပေါ်က အပြာရောင်လိုင်းပေါ်မှာတွေ့ပါလိမ့်မယ်။
      အဲဒီ Forum ကိုကလစ်ပြီး၊ နောက်ပေါ်လာတဲ့ Page မှာစာအိပ်ပုံလေး (အဲဒါ ကPM Inbox) ပေါ့နော်။
      တွေ့လိမ့်မယ် log out ရဲ့ အောက်မှာ။
      အဲဒီ အောက်မှာCompose PM ရှာပါ။ကလစ်ပါ။
      Box တခုကျလာပါလိမ့်မယ်။အဲဒီမှာ Select from members ဆိုတဲ့နေရာမှာကိုယ် PM ပို့ချင်သူရဲ့
      Nick name ကိုရိုက်ထဲ့ပြီး Enter ခေါက်ပါ။
      အဲဒီ အောက်ဘက်မှာ စာရေးရမဲ့နေရာတွေ့လိမ့်မယ် Title နေရာမှာtitle ရေးပေါ့။ Test box မှာတော့ ကိုယ်ရေးလိုတာရေး။
      ရေးပြီးရင် Send Message ကိုကလစ်။ပြီးပါပြီ။ ပြန်စစ်ချင်ရင်တော့ Go to send box ကိုကလစ်လိုက်ပေါ့။

      အဆင်ပြေပါစေ။

  • nature

    November 1, 2011 at 12:51 pm

    ကိုthitmin ရဲ့ စေတနာအပြည့်နဲ့အလှုကို သာဓု၊ သာဓု ၊ သာဓု ၊ခေါ်ပါတယ်။ ကျွန်တော်လည်း တလတခါတော့ ကိုတတ်နိုင်သလောက်လှုဖြစ်ပါတယ်။ တရားသဘောက ပေးတဲ့သူကရတယ်၊ ယူတဲ့သူက ပေးရတယ်တဲ့။ အင်မတန် နားလည်ဖို့ ခက်ခဲပါတယ်။

    • thit min

      November 1, 2011 at 1:11 pm

      ကိုနေးချား မှာ အဲဒီ လိုမျိုးစိတ်တခုရှိနေမယ်ဆိုတာ သိ သာပါတယ်။
      လုပ်ပါ အားပေးပါတယ်။
      ပိုက်ဆံရှိမှ လှူလို့ရတာမဟုတ်ပါဘူးဗျာ။
      အဲ ပိုက်ပိုက်ရှိရင်တော့ အေးဆေးနွေးထွေးပေါ့ဗျာ။

      ~~~~~~~~~~~~~~~~~~~~~~~~
      ကျနော်ယုံကြည်မှုတခုဘဲရှိတယ်ဗျ။
      ကျနော်တတ်နိုင်တာကို “ကူ”တာလို့ပါ။ “လှူ”တယ်ဆိုတာအများလက်ခံတဲ့စကားမလို့သုံးပါတယ်ပေါ့ဗျာ။
      အဲဒီလိုကူလိုက်လို့(လှူလိုက်လို့)ရလိုက်တဲ့ပီတိကိုကျနော်တော်တော်သဘောကျတာဗျ။
      လှူစရာရှိရင်၊အားရှိသလောက်လှူတယ်ဗျာ။
      ပြီးပြန်စဉ်းစားမိတိုင်းကြည်နူးတယ်။
      မြန်မာပြည်မှာနေတုန်းတရက်၊ မြို့ထဲကအပြန်ကားခဘဲချန်ပြီးသုံးလိုက်ရော။
      ကားစီးမယ်လဲလုပ်ရော သူတောင်းစားအဖိုးကြီး ၇၀၊၈ဝအရွယ်ကြီးဗျ။
      တွေ့ရောဗျို့။ရှိသမျှကားခချန်ထားတာအကုန်ပေးပြီး၊မြို့ထဲကနေသမိုင်းထိလမ်းရှောက်ပြန်ခဲ့တာ။
      ကြည်နူးလိုက်ပုံ။အဲဒီလိုမျိုး။
      ကျွဲကူးရေပါထင်ပါရဲ့ အခက်အခဲဖြစ်ပြီဆို ကူညီမဲ့သူကသူ့စရိတ်နဲ့သူ
      သူထမင်းသူစားပြီးရောက်လာတတ်တယ်။
      လက်တွေ့တွေအများကြီးဗျ။(^^)

Leave a Reply