စင်္ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားခံယူခွင့် လျှောက်ထားသူများ ရရန် ပိုမို ခက်ခဲလာ

BayoteMay 19, 20101min710

စင်္ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (PR) နှင့် နိုင်ငံသား ခံယူခွင့် လျှောက်ထားခြင်းများမှာ ယခင်ထက် အချိန် ပိုမို ကြာမြင့်သလို ခွင့်ပြုချက်လည်း လွယ်လွယ်နှင့် မရစေရန် တင်းကျပ်သည့် စည်းမျဉ်းများဖြင့် ယမန်နှစ် စတုတ္ထ လေးလပတ်အတွင်းမှ စ၍ ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု ဥပဒေနှင့် ပြည်ထဲရေးဝန်ကြီး ဖြစ်သူ မစ္စတာ Ho Peng Kee က ပြောဆိုလိုက်သည်။
ဆမ်ဘာဝမ် စုပေါင်းမဲဆန္ဒနယ် (Sembawang GRC) မှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ Ellen Lee က အဆိုပါ အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားခံယူခွင့် လျှောက်ထားသူများ စာရင်းနှင့် စင်္ကာပူတွင် နိုင်ငံခြားသားများ အဆမတန် များပြားလာသည်ဟု စင်္ကာပူနိုင်ငံသားတို့ ခံစားနေရသည့် အပေါ် အလေးထား၍ လျှောက်ထားသူများအား ပယ်ချခြင်း ရှိမရှိကို လွှတ်တော်အတွင်း မေးမြန်းခဲ့ရာ ၎င်းက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ် ဧပြီလမှ ယခုနှစ် မတ်လအထိ ၁၂လတာ ကာလအတွင်း အမြဲတမ်းနေထိုင်ခွင့် ရရှိသူ ၄၆,၃၀ဝ ရှိပြီး နိုင်ငံသား ခံယူခွင့် ရရှိသူ ၁၉,၃၀ဝ ရှိကြောင်း သိရသည်။

၂၀၀၈ ခုနှစ် အတွင်းကမူ အမြဲတမ်းနေထိုင်ခွင့် ရရှိသူ ၇၉,၂၀ဝ ရှိပြီး နိုင်ငံသား ခံယူခွင့် ရရှိသူ ၂၀,၄၀ဝ ရှိခဲ့သည်။

၎င်းက ဆက်လက်၍ တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းချက်များ အောက်ဝယ် အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားခံယူခွင့် ရရှိရန် လိုအပ်ချက် စံနှုန်းသစ်များကို မပြည့်မီသူများ ရှိလာမည် ဖြစ်သလို အချိန်ယူကာ စဉ်းစားဆုံးဖြတ်ရမည့်သူများလည်း ရှိလာမည်ဟု ပြောဆိုလိုက်သည်။

ဆက်လက်ပြီး စင်္ကာပူနိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့် ရထားသူများ၏ မှီခိုသူများအနေဖြင့် နိုင်ငံသား (သို့မဟုတ်) ပီအာ လျှောက်ထား၍ မရပါက စင်္ကာပူတွင် နေထိုင်ရန်အတွက် Long-term Visit Pass ဖြင့် နေထိုင်နိုင်ကြောင်း ၎င်းက ဆိုသည်။ ပြည်ပတွင် နေထိုင်သည့် မိဘများ၊ ခင်ပွန်း (သို့မဟုတ်) ဇနီးနှင့် သားသမီးများသည် long-term stay ရရန် လျှောက်ထားနိုင်ပြီး အခြား ဆွေမျိုးများ အနေဖြင့် လျှောက်ထားခြင်း မပြုနိုင်ပေ။

ယမန်နှစ် ဧပြီလမှ ယခုနှစ် မတ်လအထိ long-term Visit Pass အား လျှောက်ထားသူ ၇၀,၃၀ဝ ရှိခဲ့ပြီး ၅၆,၃၀ဝ အား ခွင့်ပြုပေးခဲ့သည်။

စင်္ကာပူနိုင်ငံသားများ၏ နိုင်ငံခြားသား ခင်ပွန်း (သို့မဟုတ်) ဇနီးများက လျှောက်ထားခဲ့မှုများတွင် ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်  အတွင်း နှစ်စဉ် ပျမ်းမျှ long-term Visit Pass လျှောက်လွှာ ၁၅,၄၀ဝ နှင့် ပီအာ လျှောက်လွှာ ၉,၉၀ဝ လက်ခံ ရရှိခဲ့ပြီး long-term Visit Pass ၂,၂၀ဝ နှင့် ပီအာ ၄,၅၀ဝ ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဓိက စဉ်းစားသည့်အချက်မှာ လျှောက်ထားလာသူ စင်္ကာပူနိုင်ငံသား အနေဖြင့် ၎င်း၏ ခင်ပွန်း (သို့မဟုတ်) ဇနီးအား ငွေကြေး လုံလုံလောက်လောက် ထောက်ပံ့နိုင်ခြင်း ရှိမရှိ အပေါ်တွင် မူတည်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

Source :http://www.thanlwin.com/