ရတနာပုံ နှင့် ဘိုးဘိုးလိပ်

ရေအောက်ကကြိုးပျက်တယ်လို့ ဆိုပါတယ်။ ရေအောက်မှာ ပျက်တာတောင်သိတယ်၊ ရေအောက်အထိ သွားပြင်ရတော့မှာပဲ ဆိုပြီး ပရိသတ်က ရတနာပုံကို အထင်ကြီး၊ သနားကြမယ် ထင်ပါတယ်။

အင်တာနက်က မြန်မာပြည်သားတွေသုံးမှပဲ အင်တာနှေး အင်တာပျက်ဘဝ မကြာခဏ ရောက်နေပါပြီ

ဆီးမီဝီ-၃ ဟု ခေါ်ဆိုသည့် ပင်လယ်ရေအောက်မှ ဖြတ်သန်းသွယ်တန်းထားသည့် အင်တာနက်ဆက်ကြောင်း ချွတ်ယွင်းမှုကြောင့် မြန်မာနိုင်ငံရှိ ရတနာပုံ အင်တာနက် ဝန်ဆောင်မှုမှ ဆက်သွယ် သုံးစွဲသူအားလုံး အင်တာနက် အဆက်အသွယ် ပြတ်တောက်လုနီးပါး အခြေအနေနှင့် ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက သုံးစွဲသူများအား ဝန်ဆောင်မှုပေးလျက်ရှိသည့် ရတနာပုုံ တယ်လီပို့တ် (ယခင် ပုဂံဆိုင်ဘာတက်ခ်) မှ ထုတ်ပြန်သည့် အသိပေး ကြေညာချက်အရ အောက်တိုဘာလ ၁ရ ရက် နံနက်ပိုင်းမှ စတင်ကာ ဆီမီဝီ-၃ အင်တာနက် ဆက်ကြောင်း ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များ ပြုပြင်လျက်ရှိကြောင်း ဖေါ်ပြထားသည်။
တနင်္လာနေ့ နေ့ခင်းမှစတင်ပြီး ရန်ကုန်မြို့ရှိ သုံးစွဲသူများ အီးမေးလ်များ ဖွင့်မရခြင်း၊ ဝက်ဆိုက်များ ဝင်ရောက်ဖတ်ရှု မရလောက်အောင် နှေးကွေးလျက်ရှိနေသည်ဟု ရန်ကုန်မြို့မှ အင်တာနက် သုံးစွဲသူများက ပြောသည်။
“ အင်တာနက်ဆိုင် အတော်များများက မရဘူးလို့ပြောကြတယ်။ တချို့ဆိုင်တော့ သုံးချင်ရင်သုံးကြည့်ပါဆိုတာနဲ့ မေးလ်ဖွင့်ဖို့ ကြိုးစားတာ ရ မိနစ်လောက်မှ ဂျီမေးလ် ပွင့်လာတယ်။ နောက် ဖတ်ဖို့က ၅ မိနစ်လောက်ကြာတယ်။ နောက် ပြန်လော့အောက် လုပ်တော့ ၁ဝ မိနစ်လောက်ကြာတယ်”  ဟု ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှ အင်တာနက် သုံးသူတဦးက ပြောသည်။
အင်တာနက် ဆက်သွယ်ရေးနှင့် ပတ်သက်၍ နှံ့စပ်ကျွမ်းကျင်သူ တဦးက ပြောဆိုရာမှာ ယခု ရေအောက် ဆက်ကြောင်း ချွတ်ယွင်းသည်နှင့် ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးများရှိ အင်တာနက် လိုင်းများ ပြတ်တောက်လုနီးပါး ဖြစ်နေရခြင်းမှာ ရတနာပုံ တယ်လီပို့မှာ ရေအောက်ဆက်ကြောင်းကိုသာ အဓိက အားကိုးနေရသည့် သဘောဖြစ်သည်ဟု ပြောသည်။
၎င်းက ဆက်လက်၍ အိမ်နီးချင်း ၃ နိုင်ငံမှ နယ်စပ်ဖြတ်ကျော် သည့် အော့ပတစ်ကယ် ဖိုင်ဘာ ဆက်ကြောင်းများ ၂၀၀၉ ခုနှစ်အကုန်ကတည်းက ဆက်သွယ် ထားသော်လည်း အဆိုပါ အင်တာနက် ဆက်ကြောင်းများကို အများပြည်သူသုံးစွဲသည့် ရတနာပုံတယ်လီပို့ ထက် နေပြည်တော်ရှိ အစိုးရ ဋ္ဌာနများအတွက်သာ ဦးစားပေး သုံးစွဲနေသည့် သဘော ဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။
ရန်ကုန်မြို့ အပါအဝင် အခြားမြို့ကြီးများတွင် ပုံမှန် အင်တာနက် အမြန်နှုန်းမှာ နှေးကွေးလျက်ရှိသော်လည်း နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် မယှဉ်နိုင်လောက်အောင် မြန်ဆန်သည်ဟု သုံးစွဲသူ အချို့က ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲလိုပါက ကနဦး တပ်ဆင်ခ အဖြစ် အနိမ့်ဆုံး ကျပ်ငါးသိန်း ၄ သောင်း မှ ၁၁ သိန်း ၅ သောင်းအထိ ကုန်ကျမည်ဖြစ်သည်။ လစဉ်ကြေး အဖြစ် အနိမ့်ဆုံး အက်ဖ်အီးစီ ၃ဝ (၁၂၈ ကေဘီ မြန်နှုန်း ) မှ ကျပ် ၄ သောင်းအထိ ကျသင့်သည်။
အင်တာနက်ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် ထိန်းချုပ်ထားသော်လည်း တဦးချင်း သုံးစွဲသူများအား ပြန်လည်ရောင်းချခွင့်ကို အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများက ရရှိကြသည်။ Wimax နည်းပညာဖြင့် အင်တာနက် ဝန်ဆောင်မှု ရောင်းချလျက်ရှိသော Redlink ကုမ္ပဏီသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ သားဖြစ်သူ တိုးနိုင်မန်းက ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည် ။

5 comments

  • koyinmaung

    October 20, 2011 at 11:12 pm

    လုပ်စားလို့ကို မဝနိုင်ကြပါလားနော်…

  • etone

    October 21, 2011 at 9:25 am

    ရယ်တော့ရယ်ရတယ် .. .ပညာရှင်တွေပြင်နေတာ အခုထိမပြီးကို မပြီးနိုင်တော့ဘူး ….အဲ့ဒီစာကြီးမြင်လျှင် ထထအော်ရယ်ချင်စိတ်ပေါက်မိတယ် 😆

  • whitestar

    October 21, 2011 at 9:45 am

    ဖြစ်မှ ဖြစ်ရလေ တယ် ….
    အော် အသည်းနာ လွန်းလို့ :'(

  • နီလေး

    October 21, 2011 at 9:54 am

    ရုံးမှာလဲ လိုင်းမရလို့ ဂျီတော့ဖွင့်မရတာ ကြာပါပကော ဂျီတော့ထဲက ကိုကိုမောင်မောင်တွေနဲ့တောင်မတွေ့ရတာကြာပါ့ ဟိဟိ ဇာတ်လမ်းကကောင်းခန်းဆိုသူကနှောင့်ယှက်ပြီ signing in ဖြစ်နေလို့ restartပေးပြီးပြန်ပြန်ဖွင့်ရတာကလဲ အကြိမ်ကြိမ် သူ့ကိုလဲ အပြစ်တင်မနေတော့ပါဘူးလေ ကိုယ်ကဂျီတော့ဖူးစာမပါလို့ပဲနေမှာပါ တော်သေးရဲ့ ရွာထဲတော့ ဝင်လို့ရနေလို့ အော် သူတို့လဲ ကုန်းပေါ်မှာပြင်တာတောင် ခနခနကျနေတာ ရေအောက်မှာပြင်ရတာဆိုတော့ ဟုတ်ပေမပေါ့ ချမ်းကချမ်းနဲ့ ခုဆို မုန်တိုင်းကလဲပြန်လာဆိုတော့ အင်းတွေးကြည့်ရင် သနားဖို့ကောင်းပါတယ်

  • windtalker

    October 21, 2011 at 12:33 pm

    စိတ်ရှည်သည်းခံ ခဲ့ပေါင်းများလို ့
    နေတတ်နေပါပြီ လို ့ပဲ ပြောချင်ပါတယ်
    ကိုကိုလူဆိုး ရယ်
    နို ့
    ဘူ ့ကို သွားပြောလို ့
    ဘူ က လာပြင်ပေးမှာလဲ လို ့နော

Leave a Reply